အခန်း (၁၁၁)
Vol. 12 Ch. 111
🌹Chapter 111
ယန်ရုန်ရုန်က ကျင့်ကြံခြင်းလောကထဲတွင် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသူဖြစ်သည်။ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များစွာကြောင့် တစ်ခါတစ်ရံ ဂုဏ်သိက္ခာက ထင်သလောက်အရေးမကြီးမှန်း နားလည်ခဲ့ရသည်။ အခြေအနေကို နားလည်ပြီး ဘယ်အချိန်မှာ အရှုံးပေးရကောင်းမှန်း သိဖို့က ပိုအရေးကြီးပါသည်။
ယခု သူမက အကူအညီလိုအပ်နေသူဖြစ်သဖြင့် ယခင်တုန်းကလို ခေါင်းမာနေ၍ မဖြစ်ပါ။
ထို ‘အချစ်ရေ’ ဟူသော ခေါ်သံလေးတစ်သံကြောင့် လင်းယွမ် စိတ်ရောကိုယ်ပါ ချက်ချင်း လန်းဆန်းသွားခဲ့သည်။ စိတ်ထဲကပါ၍ ခေါ်ဆိုခြင်းမဟုတ်မှန်း လင်းယွမ်သိသော်လည်း လောလောဆယ်တော့ နားလည်ပေးနိုင်ပါသည်။
ယင်ကွမ်း ကိုယ်ထင်ပြခဲ့ခြင်းက တစ်ဖက်လူကို ထိတ်လန့်သွားပြီး နောက်ဆုတ်သွားစေချင်ခြင်းကြောင့်ပင်။ အချိန်အတော်ကြာအောင် စောင့်နေခဲ့သော်လည်း အဖြေမရခဲ့ပါ။ မျက်နှာချင်းဆိုင် အခန်းက တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲပင်။
ပြိုင်ဘက် နောက်ဆုတ်သွားပြီအထင်နှင့် ယင်ကွမ်း စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီး လေလံစင်ပေါ်ရှိ နတ်ဆိုးမကို လေလံပွဲအဆုံးသတ်ဖို့ အချက်ပြလိုက်သည်။
သို့သော် တစ်ဖက်အခန်းထဲမှ ဧည့်သည်တော်က ရုတ်တရက် ပြောလိုက်လေသည်။
“စိတ်မရှိပါနဲ့၊ ခင်ဗျားမျက်နှာကို ထောက်ချင်ပေမယ့် ကျွန်တော့် အချစ်လေးက အဲ့ဒီ သားရဲလေးကို တကယ် လိုချင်နေတာ၊ ကျွန်တော့် အချစ်လေးကို စိတ်ညစ်သွားအောင် မလုပ်ချင်ဘူး၊ အဲ့တာကြောင့် ဝိညာဉ်ကျောက်တုံး ၄ သန်းပေးတယ်”
ထိုစကားလုံးများထွက်လာသည်နှင့်တစ်ပြိုင်တည်း ယင်ကွမ်းမျက်နှာ မှောင်မိုက်သွားခဲ့သည်။ ပြိုင်ဘက်ဖြစ်သူက နည်းနည်းလေးမှ နောက်ဆုတ်မပေးခဲ့ပါ။ သူ့ကိုလည်း ကြောက်ရွံ့လေးစားမှု စိုးစင်းမျှမရှိပေ။
ယင်ကွမ်း ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး မျက်နှာချင်း ဆိုင်တွင်ရှိနေသည့် အခန်းကို စိုက်ကြည့်လိုက်သည်။ အကြည့်ဖြင့်သာ လူသတ်နိုင်လျှင် တစ်ဖက်လူ ချက်ချင်း သေသွားလောက်ပါသည်။
နီရဲခက်ထန်နေသော မျက်လုံးများဖြင့် ယင်ကွမ်း သတိပေးလိုက်ပါသည်။
“မင်းသေချာ ပြန်စဉ်းစားတာ ပိုကောင်းမယ်နော် မိတ်ဆွေ၊ ငါက မင်းစော်ကားချင်တိုင်း စော်ကားလို့ရတဲ့လူမဟုတ်ဘူး”
ဒီလို ခြိမ်းခြောက်မှုမျိုး မခံခဲ့ရသည်မှာ အချိန်အတော် ကြာပြီဖြစ်သဖြင့် လင်းယွမ် ရယ်မောမိသွားသည်။
“ဟား… တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ကျုပ်မှာ ဝါသနာ များများစားစား မရှိဘူး၊ ဒါပေမယ့် သူများတွေကို စော်ကားရတာတော့ ဝါသနာပါတယ်၊ သူများကို စော်ကားနိုင်လေလေ ပိုပျော်လေလေပဲ”
ယန်ရုန်ရုန် သက်ပြင်းချလိုက်သည်။
'ဒီကောင့်ရဲ့ အရွဲ့တိုက်နိုင်စွမ်းက တကယ့် ထိပ်တန်းပဲ!'
ယင်ကွမ်းလည်း ဒေါသထွက်လွန်းသဖြင့် ရယ်မောပစ်လိုက်ပါသည်။
“ကောင်းပြီလေ! သိပ်ကောင်းတာပေါ့! မင်းအဲ့လောက် သေချင်နေမှတော့ ဆန္ဒဖြည့်ဆည်းပေးရသေးတာပေါ့!”
ထိုသို့ ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်အတွင်းမှ နတ်ဆိုးစွမ်းအင်များ ဖြာထွက်လာခဲ့ပြီး ဧရာမနတ်ဆိုးလက် ဖဝါးကြီးတစ်ဖက်အသွင်ပြောင်းကာ မျက်နှာချင်းဆိုင်တွင် ရှိနေသည့် အခန်းတည့်တည့်သို့ ပစ်လွှတ်လိုက်လေသည်။
အောက်တွင် ရှိနေသည့် နတ်ဆိုးကျင့်ကြံသူများ ကြောက် လန့်လွန်းသဖြင့် ထွက်ပြေးသူကပြေး၊ အကာအကွယ်ယူသူကယူနှင့် လေလံရုံထဲ ဗရုတ်သုက္ခ ဖြစ်သွားခဲ့သည်။ လေလံစင်ပေါ်မှ နတ်ဆိုးမလည်း အောက်သို့ ခုန်ချကာ မဟာကာကွယ်ရေးစည်းများ ဖွင့်ဖို့ အော်သတိပေးလိုက်သည်။
ဝမ်ပေါင်မျှော်စင်တိုင်းတွင် ဧည့်သည်တော်များနှင့် ဝန်ထမ်းများကို ကာကွယ်ဖို့အတွက် ကာကွယ်ရေး စည်းများ ဖန်တီးထားသည်။ ထိုစည်းများကို ကျင့်ကြံခြင်း အဆင့်မြင့်မားသူများက အနုစိပ်ကျကျ စီရင်ထားခြင်း ဖြစ်သဖြင့် နတ်ဆိုးအရှင်သခင်မှအပ မည်သူမှ ချိုးဖျက်နိုင်စွမ်း မရှိနိုင်ပါ။
လင်းယွမ်က ယန်ရုန်ရုန့် ပေါင်ပေါ်မှ မဆင်းသေးဘဲ သူ့ထံတည့်တည့် ပျံသန်းလာသည့် နတ်ဆိုးလက်ဖဝါးကို ခေါင်းစောင်းကာ ကြည့်လိုက်သည်။ ထို့နောက် သူ့ညာဘက်လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပါသည်။
ထိုအခါ VIP အခန်း၏ ကာကွယ်ရေးစည်းများ ရုတ်တရက် ပိုအားကောင်းသွားခဲ့သည်။ အခန်းနှင့် နတ်ဆိုးလက်ဝါးကြီးတို့ ထိတွေ့လိုက်ချိန်တွင် ကာကွယ်ရေးစည်းများကြောင့် နတ်ဆိုးလက်ဝါးကြီး ချက်ချင်းဆိုသလို အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့တော့သည်။
ထိုမြင်ကွင်းကြောင့် နတ်ဆိုးများအားလုံး မှင်သက်သွားခဲ့ကြသည်။
ယင်ကွမ်းတစ်ယောက် အံ့အားသင့်မိသလို ဒေါသလည်း ပိုထွက်သွားခဲ့သည်။ တစ်ဖက်လူက သူမျှော်လင့်ထားသည်ထက် စွမ်းအား ပိုကြီးမားနေလေသည်။
သို့သော် သူ ကိုယ်ထင်ပြလိုက်ပြီ ဖြစ်သဖြင့် နတ်ဆိုးများစွာက အခြေအနေကို စောင့်ကြည့်နေကြပါပြီ။ ယခုအချိန်မှ နောက်ဆုတ်လိုက်လျှင် အရှက်တကွဲအကျိုးနည်း ဖြစ်ရလိမ့်မည်။
ဒီနေ့ ထိုအခန်းထဲက ပုဂ္ဂိုလ်ကို သတ်ရမှဖြစ်မည်။ ရှေးဟောင်းသားရဲကို ပိုင်ဆိုင်ဖို့အတွက်သာမကဘဲ နတ်ဆိုးစစ်သူကြီး ဟူသည့် ဂုဏ်သိက္ခာကို အဖတ်ဆယ်ဖို့လည်း ဖြစ်သည်။
အခန်း၏ ပြူတင်းပေါက်ကို ယင်ကွမ်း လက်ဝါးသိုင်းဖြင့် ရိုက်ဖျက်ကာ အခန်းအပြင်သို့ ပျံထွက်လာခဲ့လေသည်။ လေထဲတွင် သူ့ခန္ဓာကိုယ် အရွယ်အစား ပိုမိုကြီးမားသွားခဲ့ပြီး တစ်ချိန်က ဝါးမျိုခဲ့ဖူးသည့် စွမ်းအားမြင့် မိစ္ဆာ သားရဲတစ်ကောင်အသွင် ပြောင်းလဲသွားခဲ့သည်။
ထို့နောက် သွေးချင်းနီနေသော မျက်လုံးများဖြင့် လင်းယွမ်တို့ အခန်းကို စိုက်ကြည့်ရင်း သူစိန်ခေါ်လိုက်သည်။
“ငါ့အသွင်အစစ်အမှန်ကို ထုတ်ပြလိုက်ပြီ၊ ပုန်းမနေနဲ့တော့! ငါနဲ့ မျှမျှတတ ထွက်တိုက်စမ်းပါ!”
ယင်ကွမ်း၏ နတ်ဆိုးအရှိန်အဝါများက ဝမ်ပေါင်မျှော်စင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။ နတ်ဆိုးကျင့်ကြံသူများ အားလုံးလည်း လိပ်ပြာလွင့်မတတ် တုန်လှုပ်နေကြပါပြီ။
လင်းယွမ် အပြင်မထွက်ချင်ပါ။ ယန်ရုန်ရုန့်နားမှ မခွာချင်ပေ။ သို့သော် သူထွက်မရှင်းပါက ယင်ကွမ်း ပြဿနာ ဆက်ရှာလိမ့်မည်။
ယန်ရုန်ရုန်၏ လည်ပင်းနားကပ်ကာ လင်းယွမ် တိုးညှင်းစွာ ရေရွတ်လိုက်လေသည်။
“အပြင်ကကောင် စိတ်ရှုပ်ဖို့ အရမ်းကောင်းတာပဲနော်”
‘နင်က ပိုစိတ်ရှုပ်ဖို့ကောင်းတယ်’ ဟု ယန်ရုန်ရုန် ပြောချင်ခဲ့သော်လည်း ယခု သူ့အကူအညီကို လိုအပ်နေသဖြင့် နှုတ်ခမ်းဝ ရောက်နေသည့် စကားလုံးများကို ပြန်မျိုချလိုက်ရပါသည်။
အပြင်ဘက်တွင် ယင်ကွမ်းက စိန်ခေါ်နေဆဲပင်။
“ဘာလို့ ထွက်မလာတာလဲ၊ ကြောက်နေပြီလား၊ သေရမှာ အဲ့လောက်ကြောက်နေရင် မိန်းမတစ်ယောက်ရှေ့မှာ သူရဲ ကောင်းကြီး လုပ်ပြမနေစမ်းပါနဲ့! မင်းရဲ့မိန်းကလေးက ဘယ်လောက်လှနေလို့လဲ၊ မင်းအသက်ကို စတေးရလောက်တဲ့ အထိ တန်လို့လား၊ မင်းမိန်းကလေးကို ငါ့လက်ထဲ အပ်ကြည့်လိုက်လေ၊ ငါသဘောကျရင် မင်းကို အသက်ချမ်းသာ ပေးမယ်!”
မကြာသေးခင်ကမှ ကလေးတစ်ယောက်သဖွယ် ပြုမူနေသည့် လင်းယွမ်တစ်ယောက် ချက်ချင်း မျက်နှာ မှောင်မိုက်သွားခဲ့သည်။ သူ့မျက်နှာကို မြင်ပြီး ယင်ကွမ်း ပွဲသိမ်းသွားပြီဖြစ်မှန်း ယန်ရုန်ရုန် နားလည်သွားပါသည်။
‘ဒီလို စိတ္တဇကောင်ကိုမှ ရန်လာစရတယ်လို့!’
လင်းယွမ် ညာဘက်လက်ကို မြှောက်လိုက်ပြီး လေထဲတွင် လက်သီးဆုပ်လိုက်သည်။
ထိုအခါ ယင်ကွမ်း၏ ရှေ့မှောက်တွင် သွေးနီရောင် နတ်ဆိုးလက်ဖဝါးတစ်ဖက် ပေါ်လာခဲ့ပါသည်။ ထိုနတ်ဆိုးလက်ဖဝါးက ယင်ကွမ်း ဖန်တီးခဲ့သည့် နတ်ဆိုးလက်ဖဝါးထက် အရွယ် အစား အများကြီး ပိုသေးငယ်သော်လည်း စွမ်းအားက အစပေါင်းများစွာ ပိုကြီးမားသည်။
ယင်ကွမ်း ဟိန်းဟောက်လိုက်ပြီး သွေးချင်းနီနေသော ပါးစပ်ကြီးကိုဟကာ ထိုနတ်ဆိုးလက်ဖဝါးကို ဝါးမျိုပစ်ဖို့ ကြံလိုက်သည်။ သို့သော် နတ်ဆိုးလက်ဖဝါးကြီးက ချက်ချင်းဆိုသလို ယင်ကွမ်း၏ လည်ပင်းကို ဖမ်းဆုပ်ပစ်လိုက်သည်။ စွမ်းအားကြီးမားလွန်းသဖြင့် ယင်ကွမ်း ချက်ချင်း ရပ်တန့်သွားခဲ့ပြီး ဘယ်လောက်ပဲ ရုန်းကန်ပါစေ မလွတ်မြောက်နိုင်တော့ပါ။
ထိုအခါမှ ယင်ကွမ်း ကြောက်စရာအမှန်တရားတစ်ခုကို နားလည်သွားခဲ့ရသည်။ ရန်သူက ‘သန်မာ’ရုံတင် မကဘဲ သူ့ထက် အဆပေါင်းများစွာ စွမ်းအားပိုကြီးမားသည်။ ထိုအခန်းထဲတွင် ရှိနေသည့် ပုဂ္ဂိုလ်က အနည်းဆုံး နတ်ဆိုးဘုရင် အဆင့်လောက် ရှိနိုင်သည်။
သို့မဟုတ်… နတ်ဆိုးအရှင်သခင်အဆင့်ပင် ရှိနေနိုင်ပါသည်။
ထိုအတွေးများကြောင့် ယင်ကွမ်း သွေးပျက်ချောက်ချားသွားခဲ့ရသည်။ သူ့ပါးစပ်ကို ဟကာ အသနားခံဖို့ ကြိုးစားလိုက်ပါသည်။
“ကျုပ်…မှား…မှားသွားပါတယ် …”
သို့သော် နောက်ကျသွားခဲ့လေပြီ။
လင်းယွမ် အားအနည်းငယ် စိုက်ထုတ်လိုက်ရာ သွေးနီရောင် နတ်ဆိုးလက်ဖဝါးကြီး၏ ဆုပ်ကိုင်မှုက ပိုမို တင်းကြပ်သွားခဲ့သည်။ ဧရာမ မိစ္ဆာ သားရဲကြီးလည်း နာကျင်စွာ အော်ဟစ်ရင်း လေထဲတွင် ‘ဘုန်း’ခနဲ ပေါက်ကွဲကာ သွေးမြူမှုန်များအဖြင့် ပြောင်းလဲသွားလေတော့သည်။
ဝမ်ပေါင်မျှော်စင်တစ်ခုလုံး သွေးနံ့များ ဖုံးလွှမ်းသွားခဲ့သည်။ အလွန်ကြောက်စရာကောင်းသည့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရပြီး နတ်ဆိုးကျင့်ကြံသူများအားလုံး ဒူးထောက်လျက်သား လဲကျသွားခဲ့ကြကာ ခေါင်းပင် မဖော်ရဲကြတော့ပေ။
ထိုအခန်းထဲရှိ ပုဂ္ဂိုလ် မည်သူမည်ဝါဖြစ်ကြောင်းပင် မတွေးရဲကြတော့ပါ။ ဒီနေရာကြီးမှ အမြန်ဆုံးသာ ထွက်သွားချင်မိကြတော့သည်။
နတ်ဆိုးမလည်း လေလံစင်နောက်တွင် ဝင်ပုန်းနေပြီး မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုဖြင့် သွေးမဲ့ဖြူရော်နေပါသည်။ သို့သော် သူမအလုပ်တာဝန်ကို လျစ်လျူရှုထား၍ မရပေ။
တစ်ဖက်အခန်းထဲရှိ ပုဂ္ဂိုလ်က အားလုံးကို သတ်ဖြတ်ဖို့ စိတ်ကူးမရှိမှန်း သေချာကာမှ နတ်ဆိုးမ တုန်ယင်စွာ ပြန်ထွက်လာခဲ့သည်။
ထို့နောက် အကြောက်တရားကို ဖိနှိပ်ရင်း တုန်ရီနေသော အသံဖြင့် ကြေညာလိုက်ပါသည်။
“ဝိညာဉ်ကျောက်တုံး ၄ သန်းနဲ့ ရောင်းထွက်သွားပါပြီရှင်၊ ဧည့်သည်တော်ကို ဂုဏ်ပြုပါတယ်၊ မကြာမီ လေလံပစ္စည်းကို ဧည့်သည်တော်ထံ ပို့ဆောင်ပေးပါမယ်နော်”
ထို့နောက် လေလံပွဲ ပြီးဆုံးပြီဖြစ်ကြောင်း ဆက်ကြေညာလိုက်သည်။
“ဒီနေ့ည လေလံပွဲ အဆုံးသတ်သွားပါပြီ၊ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်၊ နောက်နောင်ကိုလည်း ဝမ်ပေါင်မျှော်စင်ကို အားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ အချိန်တိုင်း နေရာတိုင်းမှာ ဝမ်ပေါင်မျှော်စင်က အားလုံးကို ကြိုဆိုနေပါတယ်ရှင်”
ဝမ်ပေါင်မျှော်စင်၏ တံခါးများ ပွင့်သွားသည်နှင့်တစ်ပြိုင်နက် နတ်ဆိုးကျင့်ကြံသူများအားလုံး ရုတ်ရုတ်သဲသဲ ထွက်ပြေးကုန်ကြသည်။
စက္ကန့်ပိုင်းအတွင်း လေလံရုံထဲ ဗလာကျင်းဖြစ်သွားခဲ့ပါသည်။
သိပ်မကြာလိုက်ဘဲ လင်းယွမ်တို့ အခန်းတံခါးကို တစ်စုံတစ်ယောက်က လာခေါက်လေသည်။ ထို့နောက် အခန်းအပြင်ဘက်မှ နတ်ဆိုးမ၏ အသံထွက်လာခဲ့သည်။
“ဧည့်သည်တော်တို့ရဲ့ ပစ္စည်းကို လာပို့ပေးတာပါ၊ ကျေးဇူးပြုပြီး စစ်ဆေးပေးပါဦး”