အခန်း (၁၁၂)
Vol. 12 Ch. 112
🌹Chapter 112
ယန်ရုန်ရုန့်ပေါင်ပေါ်မှ လင်းယွမ် ခုန်ဆင်းလိုက်သည်။ ထို့နောက် တံခါးထံ ပေါ့ပေါ့ပါးပါး လျှောက်သွားပြီး ဆွဲဖွင့်ပေးလိုက်ပါသည်။
တံခါးလာဖွင့်သူက ငယ်ငယ်ရွယ်ရွယ် ကောင်ကလေးတစ်ဦးဖြစ်နေသဖြင့် နတ်ဆိုးမ ဟွားချွီ ခေတ္တ မှင်သက်သွားခဲ့ရသည်။ ကံကောင်းစွာဖြင့် ပရော်ဖက်ရှင်နယ်ကျကျ လေ့ကျင့်ထားသော ဝန်ထမ်းတစ်ဦး ဖြစ်သည့်အလျောက် မျက်နှာပေါ်တွင် လှလှပပ အပြုံးတစ်ခုကို ဆက်ထိန်းထားနိုင်ခဲ့သည်။
“မင်္ဂလာပါ ဧည့်သည်တော်တို့၊ ကျွန်မနာမည် ဟွားချွီပါ၊ ဒီဝမ်ပေါင်မျှော်စင်ရဲ့ မန်နေဂျာပါ”
လင်းယွမ် လမ်းဖယ်ပေးလိုက်ပြီး ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
“ဝင်ခဲ့ပါ”
“ဟုတ်ကဲ့”
နောက်တွင် ပါလာသည့် နတ်ဆိုးကျေးကျွန်များကို ဟွားချွီ အချက်ပြလိုက်သည်။ ထိုအခါ နတ်ဆိုးကျေးကျွန်များက လှောင်အိမ်တစ်လုံးကို အခန်းထဲ လာချပေးသွားပြီး အခန်းထဲရှိဧည့်သည်တော်များကို မော့ပင် မကြည့်ရဲကြဘဲ ချက်ချင်း ပြန်ထွက်သွားခဲ့ကြပါသည်။
လှောင်အိမ်ထဲတွင် လျို့လန်ကတော့ ဘာကိုမှ သိပုံမရဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲပင်။
ဟွားချွီ တစ်ခန်းလုံးကို အကဲခတ်ကြည့်လိုက်သည်။ အခန်းထဲတွင် တံခါးလာဖွင့်ပေးသည့် ကောင်ကလေးအပြင် ကျင့်ကြံခြင်း အဆင့်နိမ့်သည့် အမျိုုးသမီးတစ်ယောက်သာ ရှိနေပါသည်။ နှစ်ယောက်စလုံးက နတ်ဆိုးစစ်သူကြီးတစ်ပါးကို အလွယ်တကူ နှိမ်နင်းပစ်နိုင်စွမ်းရှိသည့် ပုံစံမျိုး မဟုတ်ကြပေ။
ဟွားချွီ ဇဝေဇဝါဖြစ်သွားခဲ့ရသည်။ သို့သော် ဘာမေးခွန်းမှ မမေးရဲခဲ့ပါ။ အရာရာကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်၍ မရပေ။ ထိုပုဂ္ဂိုလ်နှစ်ယောက်က ၎င်းတို့၏ စွမ်းအားအစစ်အမှန်များကို ဖုံးကွယ်ဖို့ ရုပ်ဖျက်ထားကြခြင်း ဖြစ်နိုင်ပါသည်။
ဒီလို လုပ်ငန်းတွင် ကျင်လည်လာသည်မှာ ကြာပြီဖြစ်သဖြင့် စပ်စုချင်စိတ်ကို ထိန်းချုပ်ရကောင်းမှန်း ဟွားချွီ နားလည် သည်။ ထို့ကြောင့် မမေးသင့်သည့် မေးခွန်းများကို မမေးခဲ့ပေ။ သော့တစ်ချောင်းကို ထုတ်လိုက်ပြီး လှောင်အိမ်ကိုသာ ဖွင့်ပေးလိုက်သည်။
လှောင်အိမ်ထဲမှ လျို့လန်ကို ယန်ရုန်ရုန် မ,ချီလိုက်ပြီး ထိုင်ခုံတစ်လုံးပေါ် တင်ပေးလိုက်ပါသည်။ ထို့နောက် လျို့လန် ကိုယ်ပေါ်တွင်ရှိနေသည့် သံကြိုးများ၊ အစီအရင်များကို ဖယ်ရှားပေးဖို့ ဟွားချွီအား ပြောလိုက်သည်။
ဟွားချွီက ဖော်ဖော်ရွေရွေ သတိပေးလိုက်ပါသည်။
“သူက ရှေးဟောင်းသားရဲတစ်ကောင်နော်၊ အချုပ်အနှောင်တွေကို ဖယ်ရှားလိုက်ရင် ရန်လိုပြီး တိုက်ခိုက်လာနိုင်တယ်”
ပြဿနာမရှိကြောင်း ယန်ရုန်ရုန် ပြောလိုက်သည်။
ဟွားချွီ လက်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ လျို့လန်ကိုယ်ပေါ်ရှိ အချုပ်အနှောင်များအားလုံး မျက်စိတစ်မှိတ်အချိန်အတွင်း ပျောက်ကွယ်သွားခဲ့ပါသည်။
လျို့လန်၏ မျက်ခုံးမွေးများ တဖျပ်ဖျပ် လှုပ်ခါလာပြီး သိပ်မကြာလိုက်ဘဲ သတိလည်လာခဲ့သည်။ မျက်လုံးများ ပွင့်လာသည်နှင့်တစ်ပြိုင်တည်း အစွယ်ဖြဲကာ အနီးနားတွင် ရှိနေသူများကို တိုက်ခိုက်ဖို့ ကြံလေသည်။
ယန်ရုန်ရုန်က သူ့နဖူးကို အတင်းဖိရင်း အသိပေးလိုက်သည်။
“စိတ်လျှော့ပါဦး ငါပါ!”
လျို့လန် ကြက်သေသေသွားသည်။ ထို့နောက် မျက်လုံးများပြူးကာ ယန်ရုန်ရုန့်ကို စိုက်ကြည့်နေခဲ့ပါသည်။
‘မေမေပဲ!’
သူ့ မေမေဖြစ်မှန်း သိလိုက်ရသည်နှင့်တစ်ပြိုင်တည်း ‘ဝါး’ခနဲ အော်ငိုလေတော့သည်။
“မေမေ! မေမေ့ကို ရှာတွေ့ပြီ! အီးဟီးဟီး!”
ယန်ရုန်ရုန့် ရင်ခွင်ထဲသို့ လျို့လန် ပြေးဝင်သွားသည်။ မျက်နှာတစ်ခုလုံးလည်း မျက်ရည်များ စိုရွှဲလျက် ကလေး အစစ်တစ်ဦးသဖွယ် သနားစရာကောင်းနေပါသည်။
ဟွားချွီလည်း ယန်ရုန်ရုန်နှင့် လျို့လန်တို့ကို တစ်လှည့်စီကြည့်ရင်း ကြောင်စီစီ ဖြစ်သွားခဲ့ရသည်။
လျို့လန်၏ ဆံပင်လေးများကို ပွတ်သပ်ပေးရင်း ယန်ရုန်ရုန် ချော့မြူလိုက်လေသည်။
“ကဲပါ ငိုမနေနဲ့တော့၊ ပြောပါဦး၊ ဒီနေရာကို ဘယ်လိုရောက်လာတာလဲ”
လျို့လန် ရှိုက်ကြီးတငင် ငိုကြွေးရင်း ရှင်းပြလိုက်သည်။
“သားတို့ ဖမ့်လိုင်မသေမျိုးကျွန်းမှာ ကွဲသွားကြတော့ ငှက်ဝါလေးနဲ့ သားနဲ့ မေမေ့ကို နေရာတိုင်းမှာ လိုက်ရှာခဲ့တာ၊ မေမေ ဘယ်ရောက်သွားမှန်းမသိတော့ စိတ်ထင်တဲ့အတိုင်း လိုက်ရှာကြရင်း နတ်ဆိုးနယ်မြေထဲကို ရောက်လာခဲ့ကြတာ၊ နတ်ဆိုးနယ်မြေထဲ ရောက်တာနဲ့ သားတို့ တိုက်ခိုက်ခံရတယ်၊ သားကို ချုပ်နှောင်ပြီး အိပ်ပျော်သွားအောင် လုပ်ခဲ့ကြတာ၊ သားအခု နိုးလာတော့မှ မေမေ့ကို တွေ့လိုက်ရတာ! သားအရမ်းကြောက်တာပဲ! မေမေ့ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလို့ ထင်နေတာ”
ယန်ရုန်ရုန် သူ့မျက်ရည်များကို သုတ်ပေးရင်း ဆက်မေးလိုက်သည်။
“ငှက်ပေါက်လေးလည်း နင်နဲ့အတူ နတ်ဆိုးနယ်မြေထဲ ဝင်လာခဲ့တာလား၊ သူအခုဘယ်မှာလဲ”
လျို့လန်ပြောသည့် ငှက်ဝါလေးဟူသည်မှာ အဝါရောင်ငှက်ပေါက်လေးကို ဆိုလိုခြင်းဖြစ်သည်။ ငှက်ပေါက်လေး၏ သရုပ်မှန်က စနစ်တစ်ခုဖြစ်မှန်း လျို့လန် မသိသဖြင့် ငှက်ဝါလေးဟုသာ အမည်ပေးခဲ့ပါသည်။
လျို့လန် ခေါင်းခါလိုက်သည်။
“မသိဘူး…”
ဟွားချွီကို ယန်ရုန်ရုန် မော့ကြည့်လိုက်သည်။ လျို့လန်နှင့် ငှက်ပေါက်လေးတို့ကို တိုက်ခိုက်ခဲ့သူများက ဝမ်ပေါင်မျှော်စင်မှ လူတွေ ဖြစ်မှန်း သေချာသလောက် ရှိနေပါပြီ။ မဟုတ်ပါက လျို့လန် ယခုလို လေလံတင် ရောင်းချခံရမည် မဟုတ်ပေ။
ယခု လျို့လန်ကို ရှာတွေ့သွားပြီဖြစ်သော်လည်း ငှက်ပေါက်လေးကတော့ ပျောက်ဆုံးနေဆဲပင်။ ဝမ်ပေါင်မျှော်စင်ရှိ ဝန်ထမ်းများသာ အဖြေတစ်ခု ပေးနိုင်ပါလိမ့်မည်။
ဟွားချွီ ခပ်ပါးပါး ပြုံးလိုက်သည်။
“ကျွန်မတို့ ဝမ်ပေါင်မျှော်စင်က စီးပွားရေးပဲလုပ်တာပါ၊ ပြန်ပေးမဆွဲတတ်ပါဘူး”
ဟွားချွီ၏ စကားကို ယန်ရုန်ရုန် လျစ်လျူရှုလိုက်ပြီး လျို့လန်ကို ပြန်ငုံ့ကြည့်ကာ မေးလိုက်သည်။
“နင့်ကို ဘယ်သူ ဖမ်းခဲ့တာလဲ”
မျိုးသုဉ်းသွားပြီဖြစ်သည့် ရှေးဟောင်းသားရဲမျိုးနွယ်စုကြီး လေးစု၏ အနွယ်ဝင်ဖြစ်သည့်အလျောက် ထောင်ထျဲသားရဲမှာ ခွန်အားအတိုင်းအတာတစ်ခုအထိ ဆုံးရှုံးသွားလျှင်တောင် သာမန် နတ်ဆိုးကျင့်ကြံသူများကိုတော့ အနိုင်ယူနိုင်စွမ်း ရှိပါသေးသည်။
လျို့လန်ကို မထိခိုက်စေဘဲ ဖမ်းဆီးနိုင်ခဲ့သည့်လူက သာမန်လူ မဖြစ်နိုင်ပါ။ ခွန်အားက အနည်းဆုံး နတ်ဆိုးဘုရင် အဆင့်မှာ ရှိနိုင်သည်။
နတ်ဆိုးနယ်မြေအတွင်း စုစုပေါင်း နတ်ဆိုးဘုရင် ၇ ပါးသာ ရှိသည်။ သို့သော် နတ်ဆိုးနယ်မြေ နယ်စပ်သို့ ထိုနတ်ဆိုးဘုရင်များ ရောက်ရှိလာလျှင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလိမ့်မည်။
ထိုနတ်ဆိုးဘုရင်းများ သရုပ်မှန် ဖုံးကွယ်ထားလျှင်တောင် နတ်ဆိုးအရှင်သခင်လင်းယွမ်ကို လှည့်စားနိုင်မည် မဟုတ်ပေ။
ထို့အပြင် ထိုနတ်ဆိုးဘုရင် ၇ ပါးက လျို့လန်နှင့် ရန်ငြှိုးရန်စမရှိသည့်အပြင် စည်းစိမ်ဥစ္စာချို့တဲ့သူများလည်း မဟုတ်ကြပေ။ ထို့ကြောင့် လျို့လန်ကို ဖမ်းဆီးပြီး ဝမ်ပေါင်မျှော်စင်တွင် ရောင်းစားစရာအကြောင်း မရှိပါ။
လျို့လန် မျက်မှောင်ကြုတ်ပြီး သေသေချာချာ ပြန်စဉ်းစားကြည့်သည်။
“အဲ့ဒီလူကြီးနဲ့ အရမ်းရင်းနှီးနေသလို ခံစားရတယ်… တစ်နေရာရာမှာ တွေ့ဖူးသလိုမျိုးပဲ… ဒါပေမယ့် ဘယ်သူလဲ မမှတ်မိဘူး”
ယန်ရုန်ရုန် ထပ်မေးလိုက်သည်။
“သူ့ပုံစံက ဘယ်လိုမျိုးလဲ”
“အရပ်ရှည်ရှည် ခပ်ပိန်ပိန်နဲ့… အရမ်းလည်း သန်တယ်”
လျို့လန်က စကားလုံးများ သိပ်မသုံးနှုန်းတတ်သေးသဖြင့် ဦးနှောက်ခြောက်အောင် စဉ်းစားသော်လည်း ထိုလူ့၏ အသွင်ကို တိတိကျကျ ဖော်ပြနိုင်စွမ်း မရှိခဲ့ပါ။ လျို့လန် စိတ်ရှုပ်လွန်းသဖြင့် ငိုမဲ့မဲ့ပင် ဖြစ်လာသည်ကိုမြင်ပြီး ယန်ရုန်ရုန် ဖိအားဆက်မပေးတော့ဘဲ မစဉ်းစားတော့ဖို့ ပြောလိုက်ပါသည်။
လျို့လန်နှင့် ယန်ရုန်ရုန်တို့ စကားပြောနေစဉ် လင်းယွမ်က ဝိညာဉ်ကျောက်တုံး ၄ သန်း ပါဝင်သည့် ချန့်ခွင်းအိတ်ကို ဟွားချွီလက်ထဲ အပ်လိုက်လေပြီ။ ပမာဏကို စစ်ဆေးပြီးသည်နှင့် ဟွားချွီ၏ မျက်နှာ ပိုမိုတောက်ပသွားခဲ့ပါသည်။
“အားပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါတယ်ရှင်”
ချန့်ခွင်းအိတ်ကို သိမ်းဆည်းရင်း ဟွားချွီ ဆက်ပြောလိုက်သည်။
“ခုနက ရွှမ်ယွဲ့ဓားသခင်အကြောင်း ဧည့်သည်တော်တို့ သိချင်နေတယ်လို့ ဝန်ထမ်းလေးက ပြောပါတယ်၊ ပုံမှန်ဆို အဲ့လို သတင်းအချက်အလက်မျိုးက အရမ်း အဖိုးတန်တယ်၊ ဒါပေမယ့် ဧည့်သည်တော်တို့က ကျွန်မတို့ ဝမ်ပေါင်မျှော်စင်မှာ ဒီလောက်ထိ အားပေးခဲ့ကြတာဆိုတော့ အဲ့ဒီသတင်းအချက် အလက်ကို မေတ္တာလက်ဆောင် ပေးသွားပါ့မယ်နော်”
ထိုစကားကို ကြားပြီး ယန်ရုန်ရုန် ခေါင်းမော့လာခဲ့သည်။
“ဖမ့်လိုင်ကျွန်းသခင် သူ့ကိုယ်သူ အသေခံဖောက်ခွဲပစ်ခဲ့တုန်းက ရွှမ်ယွဲ့ဓားသခင် ထိခိုက်ဒဏ်ရာ ရသွားခဲ့တယ်၊ ဒါပေမယ့် ကံကောင်းစွာနဲ့ ဒဏ်ရာတွေက မပြင်းထန်ဘူး၊ သိပ်မကြာလိုက်ဘဲ ရှမ့်ယွင်ဂိုဏ်းသားတွေ ဖမ့်လိုင်ကျွန်းကို ရောက်လာကြတယ်၊ အဲ့ဒီနောက် လျို့ပင်းပီက ကျွန်းသခင်အသစ် ဖြစ်လာခဲ့တယ်၊ ရွှမ်ယွဲ့ဓားသခင်ရဲ့ ဦးဆောင်မှုကြောင့် ဖမ့်လိုင်မသေမျိုးကျွန်းနဲ့ ရှမ့်ယွင်ဂိုဏ်းတို့ မဟာမိတ်တွေ ဖြစ်သွားခဲ့ကြတယ်၊ အဲ့ဒီနောက်တော့ ဓားသခင်က ဖမ့်လိုင်ကျွန်းကနေ ထွက်သွားတယ်၊ သူအခု ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာကိုတော့ မသိနိုင်ပါဘူး”
အချက်အလက်များက ယန်ရုန်ရုန် ခန့်မှန်းထားသည်နှင့် အနည်းနှင့်အများ ကိုက်ညီမှုရှိပါသည်။ ရှန်းဝမ်ချင်း ဘေးကင်းလုံခြုံမှန်း အတည်ပြုနိုင်ခါမှ ယန်ရုန်ရုန် စိတ်အေးရလေသည်။
ဟွားချွီ ဖော်ရွေစွာ မေးလိုက်သည်။
“ဧည့်သည်တော်တို့ မေးမြန်းချင်တာ ရှိပါသေးသလား”
‘ရှိတာပေါ့!’
ဟွားချွီ မျက်လုံးများထဲ ယန်ရုန်ရုန် သေချာစိုက်ကြည့်ကာ မေးလိုက်သည်။
“လျို့လန်နဲ့ အတူ ရှိနေတဲ့ အဝါရောင် ငှက်ပေါက်လေး ဘယ်ရောက်သွားလဲ”
ဟွားချွီ အမှန်အတိုင်း ပြောမှာ မဟုတ်မှန်းသိသဖြင့် လျို့လန်ကို ပြန်ပေးဆွဲခဲ့သည့် လူအကြောင်းကိုတော့ မမေးမြန်းတော့ပါ။
ထိုမေးခွန်းမျိုးကို မျှော်လင့်ထားသည့် ပုံစံမျိုးဖြင့် ဟွားချွီ တည်တည်ငြိမ်ငြိမ် ဖြေလိုက်ပါသည်။
“အဲ့ဒီ သတင်းအချက်အလက်က ဝိညာဉ်ကျောက်တုံး ၁၀၀ တန်ပါတယ်”
ယန်ရုန်ရုန် မလှုပ်နိုင်ခင်မှာပင် လင်းယွမ်က ဝိညာဉ်ကျောက်တုံး ၁၀၀ ကို အသင့်ထုတ်လိုက်ပြီး စားပွဲပေါ် ပစ်တင်ပေး လိုက်သည်။
ဟွားချွီ၏ နှုတ်ခမ်းနီနီများ ကွေးတက်သွားပြီး မျက်ဝန်းများကလည်း ပိုးသားလို နူးညံ့သွားခဲ့သည်။
“ဒီသခင်လေးက အရမ်း ရက်ရောတာပဲနော်၊ သခင်မလေးက အရမ်းချစ်မယ်ထင်တယ်”
ထိုစကားလုံးများကို လင်းယွမ် အလွန်ကျေနပ်သွားခဲ့သည်။ ယန်ရုန်ရုန့်လက်ကို ချက်ချင်း ချိတ်ကာ မျက်နှာကို မော့ကြည့်ရင်း ပြောလိုက်သည်။
“တွေ့လား မမ၊ ကျွန်တော့်ကို မမ အရမ်းချစ်မှန်း သူစိမ်းတွေတောင် သိတယ်”
လင်းယွမ်ကို လျို့လန် မယုံသင်္ကာကြည့်လိုက်သည်။
“မင်းဘယ်သူလဲ၊ ငါ့မေမေနဲ့ ဝေးဝေးနေစမ်း! မေမေ့ကို ငါတစ်ယောက်တည်း ပိုင်တာ!”
လင်းယွမ်၏ လက်ရှိအသွင်က လျို့လန်နှင့် အသက်မတိမ်း မယိမ်းဖြစ်နေသဖြင့် လင်းယွမ်ကလည်း ယန်ရုန်ရုန့်သားဖြစ်မည်ဟု လျို့လန် ထင်သွားပြီး မနာလိုဖြစ်သွားခဲ့ရပါသည်။
‘ငါ့နောက်ကွယ်မှာ မေမေ သားတစ်ယောက် ထပ်ရသွားတာလား’
လင်းယွမ် သွားဖြီးကာ ပြောလိုက်သည်။
“ငါက မင်းမေမေ မွေးထားတဲ့ ခွေးပေါက်လေးလေ၊ အဆင့် အတန်းအရ ပြောရမယ်ဆိုရင်တော့ ငါ့ကို ‘ပထွေး’လို့ ခေါ်ရလိမ့်မယ်”
‘ပထွေး’ဟူသည့် စကားလုံးကြောင့် လျို့လန်ခေါင်းထဲမှ မှတ်ဉာဏ်တချို့ ပြန်ပေါ်လာခဲ့သည်။ အလွန်ဇဝေဇဝါ ဖြစ်နေဟန်ဖြင့် သူမေးလိုက်ပါသည်။
“ငါ့မှာ ပထွေးတစ်ယောက် ရှိပြီးသားမဟုတ်ဘူးလား၊ နောက်တစ်ယောက် ဘာလို့ ပေါ်လာတာလဲ”