အခန်း (၁၁၃)
Vol. 12 Ch. 113
🌹Chapter 113
ယန်ရုန်ရုန့်ကို မော့ကြည့်ရင်း လျို့လန် ရိုးရိုးသားသား မေးလိုက်ပါသည်။
“မေမေ သားမှာ ပထွေးဘယ်နှယောက် ရှိတာလဲဟင်”
ပွဲကြည့်ပရိတ်သတ်ဖြစ်သည့် ဟွားချွီတစ်ယောက် ခေါင်းတွေ မူးလာပါပြီ။ ဒီပြဿနာကို သေချာစဉ်းစားဖို့ သူမဦးနှောက် ဉာဏ်မမီဟုပင် ခံစားမိလာသည်။
ပထမတော့ ယန်ရုန်ရုန်က လင်းယွမ် ပိုးပန်းနေသည့် ကောင်မလေးဖြစ်မည်ဟု သူမ ထင်ထားသည်။ သို့သော် လင်းယွမ်က သူ့ကိုယ်သူ ယန်ရုန်ရုန်မွေးထားသည့် ‘ခွေးပေါက်လေး’ဖြစ်သည်ဟု ဆိုနေလေသည်။
‘ဘယ်လိုခွေးပေါက်လေးမျိုးက ကိုယ့်စည်းစိမ်ကိုယ်ထုတ်ပြီး သခင်လုပ်တဲ့လူကို လက်ဆောင်ဝယ်ပေးမှာလဲ’
ထို့အပြင် ယန်ရုန်ရုန့်တွင် ကလေးတစ်ယောက်ပင် ရှိနေသေးသည်။
အံ့အားသင့်ဖို့ ပိုကောင်းသည်က ယန်ရုန်ရုန့်တွင် အခြား ချစ်သူရည်းစားများလည်း ရှိနေသေးပုံရသည်။
ယန်ရုန်ရုန် နှုတ်ခမ်းတွန့်သွားလေသည်။
“ဘာပထွေးလဲ! ဘယ်နှယောက်မှ မရှိဘူး!”
လျို့လန် ကြောင်စီစီဖြစ်သွားသည်။
“ဒါမယ့် ရှန်းဝမ်ချင်းပြောတော့ သူက မေမေ့ရဲ့…”
ယန်ရုန်ရုန် စကားဖြတ်ပြောလိုက်သည်။
“သူက ငါ့ဆရာလေ! သူ့ကို ‘ဘိုးဘိုး’လို့ ခေါ်ရမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား”
လျို့လန် အနည်းငယ် နားလည်သဘောပေါက်သွားခဲ့သည်။
“ဪ သိပြီ…”
ထို့နောက် ဘေးနားတွင်ရှိနေသည့် လင်းယွမ်ကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“သူ့ကိုကော ဘယ်လို ခေါ်ရမလဲ”
“သူ့ကို ဦးလေးအကြီးဆုံး လို့ခေါ်”
ယန်ရုန်ရုန် အမြန်ဖြေလိုက်သည်။
လင်းယွမ်က မကျေနပ်ပေ။
“သူ ကိုယ့်ကို ‘ဖေဖေ’လို့ ခေါ်သင့်တာလေ”
ယန်ရုန်ရုန် ပြန်ချေပလိုက်သည်။
“ရှင်က ကျွန်မကို တစ်ချိန်လုံး ‘မမ’လို့ ခေါ်နေတာ မဟုတ်ဘူးလား၊ ရာထူး အဆင့်အတန်းအရ ပြောရရင် လျို့လန်က ရှင့်ကို ‘ဦးလေးအကြီးဆုံး’လို့ ခေါ်သင့်တာပေါ့”
လင်းယွမ်: “…”
လင်းယွမ် အတွက်အချက် မှားသွားခဲ့သည်။ မကြာသေးခင်ကမှ သူမကို ‘မမ’ဟု ပျော်ပျော်ကြီး ခေါ်ဆိုနေခဲ့သော်လည်း မျက်စိတစ်မှိတ် အချိန်အတွင်း သူများ၏ ‘ဦးလေးအကြီးဆုံး’ဖြစ်သွားလိမ့်မည်ဟု လင်းယွမ် ထင်မထားခဲ့ပါ။
လျို့လန်ကလည်း သူ့မေမေစကား အလွန်နားထောင်ပြီး လင်းယွမ်ကို ချက်ချင်း အော်ခေါ်လိုက်သည်။
“ဦးလေးအကြီးဆုံး!”
လင်းယွမ်၏ မျက်နှာ အလွန်ရှုံ့မဲ့သွားခဲ့ပါသည်။ ရှားရှားပါးပါး အရှုံးပေးလိုက်ရသည့် လင်းယွမ်ကို ကြည့်ရင်း ယန်ရုန်ရုန် အားရပါးရ အော်ရယ်လိုက်လေတော့သည်။
‘ဟားဟားဟားဟား! ကျေနပ်တယ်ဟေ့!’
ထိုသုံးယောက်၏ ရှုပ်ထွေးလှသော အမျိုးတော်စပ်မှုကို ဟွားချွီ အကဲမခတ်ချင်တော့ပါ။ ထို့ကြောင့် နားဖြင့် ကြားခဲ့သမျှကို ဦးနှောက်ထဲမှ ထုတ်လိုက်ပြီးပြီး တာဝန်အရ သတင်းပေးလိုက်ပါသည်။
“ဧည့်သည်တော်တို့ ရှာဖွေနေတဲ့ အဝါရောင် ငှက်ပေါက်လေးက ညမဲ့မြို့တော်မှာ ရှိနေပါလိမ့်မယ်၊ သူ့ကို ရှာချင်တယ်ဆိုရင် အဲ့ဒီမြို့တော်မှာ အရင်ဆုံး သွားရှာသင့်တယ်”
ညမဲ့မြို့တော်က နတ်ဆိုးနယ်မြေတွင် အကြွယ်ဝဆုံး မြို့တော်ကြီးဖြစ်ကာ နတ်ဆိုးနယ်မြေ၏ အကြီးမားဆုံး ‘ရွှေကျိုအိုး’(စည်းစိမ်ဖြုန်းတီးဖို့အကောင်းဆုံးနေရာ)ကြီးလည်း ဖြစ်သည်။
ညမဲ့မြို့တော်တွင် စိတ်အပန်းဖြေစရာ ဖျော်ဖြေမှုပေါင်းစုံရှိကာ ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက်ရှိသရွေ့ လိုချင်သည့်အရာ မှန်သမျှ ရနိုင်သည်။ နတ်ဆိုးမျိုးနွယ်၏ အကျော်အမော်များ အချိန်ဖြုန်းဖို့ အနှစ်သက်ဆုံး နေရာလည်း ဖြစ်သည်။
ယန်ရုန်ရုန့်ကို ထိုမြို့တော်သို့ လင်းယွမ် ခေါ်သွားဖူးပါသည်။ ထို့ကြောင့် ညမဲ့မြို့တော်၏ ကြွယ်ဝမှုနှင့် အပျော်အပါးများကို သူမ ကိုယ်တိုင် ခံစားဖူးသည်။
ရိုးရိုးသားသား ဆိုရလျှင် အလွန်ပျော်စရာကောင်းသည့် နေရာတစ်ခုဖြစ်သော်လည်း စိတ်ဓာတ်ခွန်အား ပျော့ညံ့သူများဖြစ်နေပါက ထိုအပျော်အပါးများထဲ နစ်မွန်းသွားနိုင်သည်။
ယန်ရုန်ရုန် ထပ်မေးလိုက်သည်။
“ဘာလို့ ညမဲ့မြို့တော်ကို ရောက်သွားတာလဲ”
ဟွားချွီ ခပ်ပါးပါး ပြုံးလိုက်သည်။
“အဲ့တာတော့ ကျွန်မလည်း မသိပါဘူး”
လင်းယွမ် ခန္ဓာကိုယ်မှ ဖိအားအနည်းငယ် ဖြာထွက်လာရာ ဟွားချွီမျက်နှာပေါ်မှ အပြုံး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် သူမ၏ လှလှပပ မျက်နှာလေး ဖြူရောက်သွားပြီး တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ ဖြစ်စွာ တုန်ယင်လာခဲ့ပါသည်။
“ကျွန်… ကျွန်မ တကယ်မသိပါဘူး၊ ကျေးဇူးပြုပြီး အသက်ကိုချမ်းသာပေးပါ သခင်ကြီး!”
သူမ ထင်ထားသည့်အတိုင်းပင်။။ ယင်ကွမ်းကို အားလုံးရှေ့မှာ အလွယ်တကူ သတ်ပစ်ခဲ့သည့် ကြောက်စရာ ပုဂ္ဂိုလ်မှာ ဒီကောင်လေး ဖြစ်နေပါသည်။
ထိုစဉ် ယန်ရုန်ရုန်က အဆောင်စက္ကူတစ်ရွက်ကို ထုတ်လိုက်ပါသည်။
“ဒီအဆောင်စက္ကူကို ‘ခုန်-ခုန်-ခုန်’လို့ ခေါ်တယ်၊ ရှင့်ရင်ထဲက အတွေးအစစ်အမှန်တွေကို ကျွန်မ သိအောင် လုပ်ပေးနိုင်တဲ့အဆောင်ပဲ၊ ဒီအဆောင်ကို ရှင့်ကိုယ်ပေါ်မှာ ကပ်လိုက်”
ထိုစကားကိုကြားပြီး ဟွားချွီ အလွန်ချောက်ချားသွားခဲ့သည်။ သူမ ပြောခဲ့သည့်စကားက အမှန်တရား မဟုတ်သဖြင့် ထိုအဆောင်စက္ကူသာ အမှန်တကယ် အလုပ်ဖြစ်လျှင် အလိမ် အညာတွေ ချက်ချင်း ပေါ်သွားပါလိမ့်မည်။
ဟွားချွီ ဆင်ခြေမပေးနိုင်ခင် လင်းယွမ်က ယန်ရုန်ရုန့်လက်ထဲမှ အဆောင်စက္ကူကို ဆွဲယူလိုက်သည်။ ထို့နောက် အဆောင်စက္ကူကို နတ်ဆိုးစွမ်းအင်များဖြင့် ထိန်းချုပ်ပြီး ဟွားချွီ၏ ကိုယ်ပေါ်တွင် ကပ်ပစ်လိုက်သည်။ အဆောင်စက္ကူ အဖြူရောင်တစ်ချက် လင်းသွားပြီး တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားလေသည်။
အဆောင်စက္ကူ၏ အာနိသင် သက်ရောက်သွားပြီဟူသည့် သဘောပင်။
လင်းယွမ် အေးအေးလူလူ ပြောလိုက်သည်။
“ငါ့ကို လိမ်ရင် ဘယ်လိုအကျိုးဆက်တွေ ခံစားရမလဲ မင်းမသိချင်လောက်ပါဘူး”
ဟွားချွီတစ်ယောက် ဘေးပတ်ပတ်လည်တွင် နတ်ဆိုးစွမ်းအင်များ ဝန်းရံလာသည်ကို ခံစားလိုက်ရသည်။ သူမသာ အလိမ်အညာတစ်ခုလောက် ဆက်ပြောမိလျှင် ထိုနတ်ဆိုးစွမ်းအင်များက သူမကို အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် ပိုင်းဖြတ်ပစ်ပါလိမ့်မည်။
သူမရှေ့တွင် ရှိနေသည့်လူက နတ်ဆိုးစစ်သူကြီးအဆင့်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိသူဖြစ်သဖြင့် သူမကို သတ်ဖို့ဆိုလျှင် ပုရွက်ဆိတ်တစ်ကောင်ကို ဖိသတ်ရသကဲ့သို့ လွယ်ကူနေပါလိမ့်မည်။
ပြင်းပြသည့် ရှင်သန်လိုစိတ်ကြောင့် ဟွားချွီ အမှန်တရားများကို ထုတ်ပြောဖို့ အားသန်လာခဲ့သည်။ ယခုအချိန်မှာမှ အမှန်တရားကို ထုတ်မပြောလျှင် နောင်တစ်ချိန်ထုတ်ပြောဖို့ပင် အခွင့်အရေးရှိမှာ မဟုတ်တော့ပါ။
ဟွားချွီ ကြမ်းပြင်ပေါ် ဒူးထောက်လျက်ကျသွားပြီး မရပ်မနား ဖွင့်ပြောလေတော့သည်။
“ကျွန်မတို့ရဲ့ အလုပ်ရှင်က အဲ့ဒီရှေးဟောင်းသားရဲကို ကျွန်မလက်ထဲ လာထည့်ပေးသွားပြီး လေလံတင်ရောင်းဖို့ မှာသွားတာပါ၊ ဒီရှေးဟောင်းသားရဲကို ဝယ်လိုက်တဲ့လူကို ကျွန်မကိုယ်တိုင် သွားတွေ့ရမယ်လို့လည်း ညွှန်ကြားသွားတယ်၊ ရှေးဟောင်းသားရဲနဲ့ ဝယ်သူတို့ ရင်းနှီးကျွမ်းဝင်နေကြတယ်ဆိုရင် အဝါရောင်ငှက်ပေါက်လေး ညမဲ့မြို့တော်မှာ ရှိနေတဲ့အကြောင်း သတင်းပေးရမယ်တဲ့၊ ကျေးဇူးပြုပြီး ကျွန်မပြောတာကို ယုံပေးပါ သခင်ကြီး! ဒါတွေအားလုံးကို ကျွန်မတို့ရဲံ အလုပ်ရှင်က စီစဉ်သွားတာပါ၊ ကျွန်မက သူအမိန့်နာခံရုံပါပဲ၊ သခင်ကြီးတို့ကို လှည့်စားဖို့ မရည်ရွယ်ပါဘူး!”
ဝမ်ပေါင်မျှော်စင်၏ အလုပ်ရှင်အကြောင်း ယန်ရုန်ရုန် စိတ်ဝင်စားနေခဲ့သည်မှာ အတော်ကြာပါပြီ။ ယခု ထိုလူ့အကြောင်း ထပ်ကြားလိုက်ရသောအခါ ပိုမို စိတ်ဝင်စားသွားခဲ့သည်။
“လျို့လန်ကို ဖမ်းခဲ့တာ ရှင့်အလုပ်ရှင်လား၊ ပြီးတော့ အဝါရောင်ငှက်ပေါက်လေးကို ညမဲ့မြို့တော်ဆီ ပို့လိုက်တာလည်း သူပဲလား”
“ကျွန်မလည်း သေချာမသိဘူး၊ သူကျွန်မဆီ လာပို့ပေးတဲ့အချိန်ကတည်းက ရှေးဟောင်းသားရဲ သတိလစ်နေတာ…” ဟွားချွီ ပြောလိုက်သည်။
ယန်ရုန်ရုန် ဆက်မေးသည်။
“ရှင့် အလုပ်ရှင်က ဘယ်သူလဲ’
“ကျွန်မ မသိဘူး၊ ကျွန်မတို့ အလုပ်ရှင်က ကိုယ်ထင်ထွက်ပြတာ မရှိသလောက်ရှားတယ်၊ ကျွန်မသူ့ကို နှစ်ကြိမ်လောက်ပဲ မြင်ဖူးတာ၊ ကျွန်မ ရာထူးတိုးသွားတုန်းက တစ်ခါ၊ မနေ့က ရှေးဟောင်းသားရဲကို လာပို့ပေးသွားတုန်းကတစ်ခါ၊ အဲ့ဒီ နှစ်ခါစလုံးလည်း မှော်ပညာကို သုံးပြီး သူ့အသွင်အစစ်အမှန်ကို ဖုံးကွယ်ထားတာ၊ သူ့မျက်နှာကို ကျွန်မ သေချာ မမြင်ရဘူး၊ ယောက်ျားတစ်ယောက်ဆိုတာပဲ သေချာသိတယ်၊ အသက်က သိပ်မကြီးဘူး၊ ကျင့်ကြံခြင်းအဆင့်က တော်တော်လေး မြင့်လောက်တယ်”
ထိုစကားများကို ပြောဆိုရင်း ဝမ်ပေါင်မျှော်စင်တွင် သူမ ဆက်နေနိုင်မှာမဟုတ်တော့မှန်း ဟွားချွီ နားလည်သွားခဲ့ပါသည်။ ကိုယ့်အသက်ကိုယ် ကယ်တင်ဖို့အတွက် အလုပ်ရှင်၏ အတွင်းရေးအချက်အလက်များကို သူစိမ်းများထံ ပေါက်ကြားစေခဲ့သည်။
ထိုအကြောင်း အလုပ်ရှင်သိသွားသည်နှင့် သူမအတွက် ဇာတ်သိမ်းလှမည်မဟုတ်ပေ။ ထို့ကြောင့် အပြစ်ပေးခံရဖို့ စောင့်နေမည့်အစား စောစောထွက်ပြေးခြင်းက ပိုကောင်းပါလိမ့်မည်။
ဟွားချွီ၏ ခေါင်းပေါ်ရှိ စာကွက်ကို ယန်ရုန်ရုန်မော့ကြည့်လိုက်သည်။ စာကွက်ထဲတွင် ဗလာကျင်းဖြစ်နေပါသည်။ ဆိုလိုသည်က ဟွားချွီ ရင်ထဲတွင်ရှိနေသည့် အရာအားလုံးကို အမှန်အတိုင်း ထုတ်ပြောခဲ့ခြင်းပင်။
ယန်ရုန်ရုန် မေးစရာမရှိတော့မှန်း မြင်သောအခါ လင်းယွမ် လက်မြှောက်လိုက်ပြီး ဟွားချွီကို လွှတ်ပေးလိုက်ပါသည်။ လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သည့် အပြစ်သားတစ်ဦးသဖွယ် အခန်းထဲမှ ဟွားချွီ အမြန်ဆုံး ထွက်ပြေးသွားလေတော့သည်။
လင်းယွမ်ကို ကြည့်ကာ ယန်ရုန်ရုန် မေးလိုက်သည်။
“ဝမ်ပေါင်မျှော်စင်ရဲ့ ပိုင်ရှင်အကြောင်းကို ရှင်တောင်မသိဘူးလား”
လင်းယွမ်လည်း မသိသည့်အကြောင်း အမှန်အတိုင်းပြောခဲ့သည်။ နတ်ဆိုးနယ်မြေအတွင်း ဝမ်ပေါင်မျှော်စင် ဆိုင်ခွဲများ ရှိသော်လည်း ၎င်းတို့က စီးပွားရေးကိစ္စများကိုသာ အာရုံစိုက်ထားကြပြီး နတ်ဆိုးနယ်မြေ၏ အရှုပ်အထွေးများထဲ ဝင်ပါလေ့ မရှိကြပေ။
ထို့ကြောင့် ဝမ်ပေါင်မျှော်စင်အကြောင်း လင်းယွမ် အာရုံသိပ်မစိုက်ခဲ့သလို စုံလည်းမစုံစမ်းခဲ့ဖူးပါ။
ယန်ရုန်ရုန် အတွေးလွန်နေသည်ကိုမြင်ပြီး လင်းယွမ်မေးလိုက်သည်။
“ညမဲ့မြို့တော်ကို သွားချင်လို့လား”
ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။
“အင်း”
ဝမ်ပေါင်မျှော်စင်၏ ပိုင်ရှင်က လေလံပွဲကို လူသိများစေဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ကြေညာခဲ့ပြီး လျို့လန်ကို လေလံတင်ကာ ရောင်းချခဲ့သည်။ သူ့ရည်ရွယ်ချက်က သိသာလွန်းပါသည်။ ယန်ရုန်ရုန့်ကို မျှားခေါ်ဖို့ပင်။
လျို့လန်၏ အသွင်အစစ်အမှန်က ထောင်ထျဲသားရဲဖြစ်မှန်း သူသိနေပုံရပြီး ဝိညာဉ်သားရဲစာချုပ်ကိုလည်း မြင်ဖူးပြီးသား ဖြစ်နိုင်သည်။ ထို့ကြောင့် နတ်ဆိုးနယ်မြေထဲ လျို့လန် ရောက်ရှိနေရခြင်းက သခင်ဖြစ်သူကို လာရောက် ရှာဖွေခြင်း ဖြစ်မည်ဟု ခန့်မှန်းကာ လေလံပွဲကို စီစဉ်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
ထိုလုပ်ရပ်များကို အကဲခတ်ကြည့်ခြင်းအားဖြင့် လျို့လန်အပေါ် သူရန်ငြှိုးရန်စမရှိမှန်း သိနိုင်သည်။ မဟုတ်ပါက သူ့ခွန်အားမျိုးနှင့်သာဆို လျို့လန်ကို သတ်ပစ်ဖို့ မခဲယဉ်းနိုင်ပါ။ လျို့လန်၏ မိတ်ဆွေဟောင်းကြီးတစ်ဦးပင် ဖြစ်နေနိုင်သည်။ ထို့ကြောင့် လျို့လန်က သူနှင့် ရင်းနှီးနေသည်ဟု ခံစားနေရခြင်း ဖြစ်ပါလိမ့်မည်။
ယန်ရုန်ရုန် နားမလည်နိုင်သည့် တစ်ခုတည်းသော အချက်က သူမကို ထိုလူ ဘာကြောင့် ညမဲ့မြို့တော်သို့ မျှားခေါ်ဖို့ စီစဉ်နေသလဲ ဆိုသည့်အချက်ကိုပင်။
လင်းယွမ်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
“ဟုံမန်ညစာစားပွဲ ဖြစ်နေနိုင်တယ်နော်”
[Note: ညစာစားပွဲကို အကြောင်းပြလျက် တစ်ဖက်ခေါင်းဆောင်ကို လုပ်ကြံခဲ့သည့် တရုတ်သမိုင်းဝင် ဖြစ်ရပ်တစ်ခုကို ရည်ညွှန်းသည်။]
ယန်ရုန်ရုန် ဘာမှ ပြန်မပြောခဲ့ပေ။ ထောင်ချောက်တစ်ခု ဖြစ်နေလျှင်တောင် သူမ ရင်ဆိုင်ရပါမည်။ အိမ်ပြန်ဖို့အတွက် စနစ်၏ အစွမ်းကို သူမ လိုအပ်သည်။ အဝါရောင်ငှက်ပေါက်လေးကို ဒီတိုင်း ပစ်ထားလိုက်၍ မရပါ။
လင်းယွမ် ပြုံးလိုက်ပြီး ချိုချိုမြိန်မြိန် ပြောလိုက်ပါသည်။
“ထောင်ချောက်ဆိုလည်း ကိစ္စမရှိပါဘူး မမရဲ့၊ ကျွန်တော် ကာကွယ်ပေးမှာပေါ့”
လျို့လန်ကို ယန်ရုန်ရုန် ခံစားချက်မဲ့စွာ လှည့်ပြောလိုက်သည်။
“ဘာလုပ်နေတာလဲ၊ ဦးလေးအကြီးဆုံးကို မြန်မြန် ကျေးဇူးတင်လိုက်လေ”
လျို့လန်: “ကျေးဇူးတင်ပါတယ် ဦးလေးအကြီးဆုံး! ဦးလေးအကြီးဆုံးက သဘောကောင်းလိုက်တာ!”
လင်းယွမ်: “…”
‘တိတ်စမ်း!’