← Chapters

အခန်း (၁၁၄)

Vol. 12 Ch. 114

အခန်း (၁၁၄)

Vol. 12 Ch. 114

🌹Chapter 114

လေလံပွဲပြီးဆုံးသောအခါ ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ နတ်ဆိုးကျဆုံးခြင်းတောင်ကြားလမ်းမှ ညတွင်းချင်း ထွက်ခွာလာခဲ့ကြသည်။ ညမဲ့မြို့တော်သို့ မြင်းလှည်းဖြင့် ခရီးဆက်နှင်ခဲ့ကြပါသည်။

ယခု မြင်းလှည်းထဲတွင် လျို့လန်ဟု ခေါ်သော ‘တတိယဘီး’လေး တစ်ဘီး ရှိနေပြီဖြစ်သည်။ သို့သော် ထိုအချက်က လင်းယွမ်ကို အနှောင့်အယှက် နည်းနည်းလေးမှ မဖြစ်စေခဲ့ပါ။

ယန်ရုန်ရုန့်၏ အာရုံစိုက်မှုကို ရရှိဖို့ လင်းယွမ် နည်းလမ်းပေါင်းစုံထုတ်သုံးပြီး အဆက်မပြတ် ကြိုးစားနေခဲ့သည်။

လင်းယွမ်နှင့် အပြောင်အပျက်လုပ်ဖို့ ယန်ရုန်ရုန် စိတ်ကူးမရှိပါ။ ဆေးသောက်ပြီးနောက် တင်ပလ္လင်ခွေထိုင်လိုက်ပြီး မျက်လုံးမှိတ်လျက် ကျင့်ကြံခြင်း စတင်ခဲ့ပါသည်။

လင်းယွမ်ကလည်း သူမပေါ်တွင် အရိုးမဲ့သည့် မြွေတစ်ကောင်ပမာ မှီရင်း နားထဲ တတွတ်တွတ် တီးတိုးပြောနေခဲ့သည်။

“မမကလည်း၊ ဒီလောက်လှပတဲ့အချိန်လေးကို ကျင့်ကြံရင်း ဘာလို့ဖြုန်းတီးနေမှာလဲ၊ ကျွန်တော်နဲ့ လာကစားစမ်းပါ၊ နှစ်ယောက်သား တွဲဖက်ကျင့်ကြံမယ်ဆိုရင် မမ တစ်ယောက် တည်း ဒီလို ထိုင်နေတာထက် အများကြီး ပိုမြန်မှာနော်”

ယန်ရုန်ရုန် ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေဆဲပင်။ လင်းယွမ် တမင်တကာ အနားထပ်တိုးလာပြီး သူမနှုတ်ခမ်းကို နမ်းတော့မည့်ဟန် လုပ်ပြလိုက်သည်။ သို့သော် ယန်ရုန်ရုန် မလှုပ်သေးပါ။

ထိုအခါမှ ယန်ရုန်ရုန်အမှန်တကယ် ဈာန်ဝင်နေမှန်း လင်းယွမ် နားလည်သွားကာ အနည်းငယ်ပင် အံ့အားသင့်မိသွားသည်။ ပြင်ပလောက၏ အနှောင့်အယှက်များကို အချိန်တိုလေးအတွင်း လျစ်လျူရှုရင်း ယန်ရုန်ရုန် ဒီလို နက်နက်ရှိုင်းရှိုင်း ကျင့်ကြံနိုင်လိမ့်မည်ဟု သူထင်မထားခဲ့ပေ။

တရားထိုင်ပြီး ကျင့်ကြံခြင်းက လူသုံးအများဆုံး ကျင့်ကြံခြင်းနည်းလမ်းတစ်ခု ဖြစ်ပြီး အခြား မည်သည့်ကိရိယာ၊ မည်သည့်အထူးလိုအပ်ချက်မှ မရှိပါ။

တရားထိုင် ကျင့်ကြံဖို့အတွက် လိုအပ်သည့်အရာနှစ်ခုသာရှိသည်။ တိတ်ဆိတ်သည့် ပတ်ဝန်းကျင်တစ်ခုနှင့် ဝိညာဉ်စွမ်းအင်(ချီ) လုံလုံလောက်လောက် ရှိနေဖို့ပင်။

ယခုအခြေအနေက ထိုအချက်နှစ်ချက်စလုံးနှင့် ကိုက်ညီမှုမရှိပါ။ သူမကို လင်းယွမ် အဆက်မပြတ် နှောင့်ယှက်နေပြီး ယခု သူတို့ရောက်ရှိနေသည့် နေရာက နတ်ဆိုးနယ်မြေဖြစ်သဖြင့် နတ်ဆိုးစွမ်းအင်များ ပေါများသော်လည်း သန့်စင်သည့် ချီစွမ်းအင်က အလွန်အမင်း ရှားပါးပါသည်။

သို့သော် ယန်ရုန်ရုန်ကတော့ ပြင်ပ အနှောင့်အယှက်များကို လျစ်လျူရှုနိုင်ခဲ့ပြီး အချိန်တိုအတွင်း ဈာန်ဝင်သွားခဲ့သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် သူမ စိတ်ဓာတ်ခွန်အား ဘယ်လောက်သန်မာမှန်း သိနိုင်ပါသည်။

လင်းယွမ် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

“ငါ့ကို မမ ပစ်ထားတယ်… အထီးကျန်လိုက်တာ”

ထိုသို့ပြောလိုက်သော်လည်း ယန်ရုန်ရုန့်ကို သူဆက်မနှောင့်ယှက်တော့ပေ။ စားပွဲနိမ့်တစ်လုံးကို ပျင်းရိပျင်းတွဲမှီရင်း လက်တစ်ဖက်ဖြင့် ခေါင်းကို ထောက်ထားကာ ယန်ရုန်ရုန့်ကို ငေးကြည့်နေခဲ့ပါသည်။

သူမ၏ အသက်ရှူသံများ တည်ငြိမ်နေပြီး ဘေးပတ်ပတ် လည်တွင် ဝိညာဉ်စွမ်းအင်အချို့ စုစည်းလာခဲ့သည်။ ထိုဝိညာဉ်စွမ်းအင်များက အလွန်ပါးလွှာသော်လည်း နတ်ဆိုးနယ်မြေအတွင်း ဒီပမာဏလောက် စုစည်းနိုင်ရုံနှင့်ပင် အံ့အားသင့်ဖို့ ကောင်းလွန်းနေပါပြီ။

ဝိညာဉ်စွမ်းအင်များက နည်းပါးလွန်းသဖြင့် ယန်ရုန်ရုန့် ကျင့်ကြံခြင်းက အလွန်နှေးကွေးနေပါသည်။

လင်းယွမ် ခေတ္တစဉ်းစားလိုက်ပြီး ဘယ်ဘက်လက်ဖြင့် လက်ဖျောက်တစ်ချက် တီးလိုက်သည်။

ထိုအခါ ခေါင်းငုံ့ကာ လက်ချောင်းများဖြင့် ကစားနေသည့် လျို့လန်တစ်ယောက် လက်ဖျောက်တီးသံကို ကြားပြီး ခေါင်းမော့ကြည့်လိုက်လေသည်။ ထိုအခါ လင်းယွမ်လက်ဖဝါးပေါ်တွင် ဝိညာဉ်ပုလဲလုံးလေးတစ်လုံး ပေါ်လာသည်ကို မြင်လိုက်ရသည်။

ထိုဖြူပြာရောင် ပုလဲလုံးလေးက ယန်ရုန်ရုန့် ခေါင်းပေါ်တွင် ပျံဝဲနေပြီး ပုလဲလုံးအတွင်းမှ ဝိညာဉ်စွမ်းအင်များ စတင် စီးဆင်းလာခဲ့ပါသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ဝိညာဉ်စွမ်းအင်များဖြင့် သိသိသာသာ ပြည့်ဝလာမှန်း လျို့လန် ခံစားမိသည်။ သူက ရှေးဟောင်းသားရဲတစ်ကောင်ဖြစ်ကာ ကျင့်ကြံဖို့အတွက် ဝိညာဉ်စွမ်းအင်ကို အားကိုးဖို့ မလိုအပ်သော်လည်း ဝိညာဉ်စွမ်းအင်များ၏ လွှမ်းမိုးမှုကို ခံထားရသည့် ခံစားချက်ကိုတော့ သဘောကျပါသည်။ အလွန်နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှသည်။

လျို့လန် မျက်လုံးမှေးပြီး သက်တောင့်သက်သာ ဇိမ်ခံလိုက်ကာ လည်ချောင်းအတွင်းမှ စိတ်ကျေနပ်နေသော အသံများ ထွက်လာခဲ့သည်။

မြင်းလှည်းတစ်စင်းလုံးကို စည်းအကာအရံများဖြင့် လွှမ်းခြုံထားသဖြင့် ဝိညာဉ်စွမ်းအင်များ စိမ့်ထွက်သွားမည်ကို စိတ်ပူဖို့ မလိုပေ။

ပုလဲလုံး၏ အကူအညီကြောင့် ယန်ရုန်ရုန် စုပ်ယူနိုင်သည့် ဝိညာဉ်စွမ်းအင်ပမာဏက အဆပေါင်းများစွာ တိုးမြင့်သွားခဲ့ပါသည်။ အလွန်များပြားသည့် ဝိညာဉ်စွမ်းအင်များ သူမခန္ဓာကိုယ်ထဲ စီးဆင်းလာခဲ့ပြီး ဆံချည်မျှင်တစ်မျှင်တိုင်း ဝိညာဉ်စွမ်းအင်များ ပြည့်ဝသွားသလို ခံစားလိုက်ရသည်။

သူမ၏ ခန္ဓာကိုယ်မှလည်း ခပ်ဖျော့ဖျော့ အလင်းရောင်တစ်ခု ဖြာထွက်လာခဲ့သည်။

ထိုမြင်ကွင်းကို လင်းယွမ် ရီဝေစွာ ငေးကြည့်နေမိသည်။ တစ်လမ်းလုံး သူ့ကို ယန်ရုန်ရုန် စကားတစ်ခွန်းမှ မပြောခဲ့ဘဲ ကျင့်ကြံဖို့ကိုသာ အာရုံစိုက်ထားသော်လည်း လင်းယွမ် ပျော်ရွှင်မိဆဲပင်။ သူမ ကျင့်ကြံနေချိန် ဘေးမှ ငေးကြည့်ရသည်ကို လင်းယွမ် သဘောကျသည်။ သူမထံတွင် ထူးခြားသည့် ဆွဲဆောင်မှုတစ်ခု ရှိနေပါသည်။

ညမဲ့မြို့တော်သို့ မြင်းလှည်းဆိုက်ရောက်လာသောအခါ ယန်ရုန်ရုန် ကျင့်ကြံနေဆဲဖြစ်ရုံသာ မကဘဲ သူမ၏ ကျင့်ကြံခြင်းအဆင့်များ ပြောင်းလဲတော့မည့် လက္ခဏာများ စတင်ပြသလာခဲ့ပါသည်။

ယန်ရုန်ရုန့် ခန္ဓာကိုယ်အတွင်း ဝိညာဉ်စွမ်းအင်များ တဟုန်ထိုးတက်လာသည်ကို လင်းယွမ်အာရုံခံမိသည်။ ဝိညာဉ်အမြုတေကို သူမ စတင်ဖန်တီးနေပါပြီ။

မကြာမီ ရွှေအမြုတေကျင့်ကြံခြင်းအဆင့်သို့ တက်လှမ်းနိုင်တော့မည်။

ညမဲ့မြို့တော်က နတ်ဆိုးကျင့်ကြံသူများဖြင့် ပြည့်နှက်နေသော မြို့တစ်မြို့ဖြစ်သဖြင့် မြင်းလှည်းအတွင်း ရွှေအမြုတေအဆင့်သို့ တက်လှမ်းနေသည့် လူသားတစ်ယောက်ရှိနေမှန်း အာရုံခံမိသွားကြလျှင် ဆူပူသောင်းကျန်းမှုများ ကျိန်းသေပေါက် ဖြစ်လာနိုင်သည်။

ရန်သူများလက်မှ သူမကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု လင်းယွမ် ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်သော်လည်း ဆူဆူညံညံဖြစ်လာပါက သူမ ကျင့်ကြံခြင်းအဆင့် တက်လှမ်းဖို့အတွက် အနှောင့်အယှက်ဖြစ်သွားနိုင်သည်။

ကျင့်ကြံခြင်းအဆင့် တက်လှမ်းနေစဉ် ကြားဖြတ်နှောင့်ယှက်ခံရလျှင် ကျင့်ကြံသူက ဘေးထွက်ဆိုးကျိုးများကို ခံစားရပြီး နောင်တစ်ချိန် ထပ်မံကျင့်ကြံဖို့ပင် ပိုမိုခက်ခဲသွားနိုင်ပါသည်။

ဝိညာဉ်အမြုတေ ဖြစ်တည်လာသည့်အချိန်အထိ သူမ အနှောင့်အယှက်မဖြစ်ရလေအောင် လင်းယွမ် ကာကွယ်ပေးရလိမ့်မည်။ ထို့ကြောင့် မြင်းလှည်း၏ ကာကွယ်ရေးစည်းများကို အားဖြည့်လိုက်ပြီး ညမဲ့မြို့တော်မှ ပြန်လည်ထွက်ခွာဖို့ မြင်းလှည်းကို အမိန့်ပေးလိုက်ပါသည်။

တိတ်ဆိတ်သည့်နေရာတစ်ခုတွင် အရင်နားခိုပြီး ယန်ရုန်ရုန် ကျင့်ကြံခြင်းအဆင့် တက်လှမ်းနိုင်သည့်အခါမှ ညမဲ့မြို့တော်သို့ ပြန်ခေါ်လာဖို့ လင်းယွမ်ကြံရွယ်ထားသည်။

မြင်းလှည်း နောက်ပြန်လှည့်ဖို့ ပြင်လိုက်စဉ် တစ်စုံတစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။

လမ်းပိတ် တားဆီးထားသူက အခြားသူမဟုတ်ဘဲ နတ်ဆိုးဘုရင် ၇ ပါးထဲမှ တစ်ပါးဖြစ်သည့် ညမဲ့မြို့တော်၏ မြို့စားပင် ဖြစ်သည်။ ညမဲ့မြို့တော်ကို ကိုယ်တိုင် တည်ဆောက်ခဲ့သူလည်း ဖြစ်ပါသည်။

မြို့တော်အတွင်းသို့ လင်းယွမ်၏ မြင်းလှည်း ဝင်ရောက်လာသည်နှင့်တစ်ပြိုင်တည်း နတ်ဆိုးအရှင်သခင်၏ အရှိန်အဝါကို မြို့စား ခံစားမိကာ တပ်သားများကို ဦးဆောင်လျက် လာရောက်ကြိုဆိုခဲ့သည်။

လမ်းမရှည်ကြီးပေါ်တွင် မီးအိမ်များ၏ အလင်းရောင်အောက် ခရမ်းရောင်ဝတ်ရုံကို လွှမ်းခြုံထားသော ညမဲ့မြို့တော်၏ မြို့စားတစ်ယောက် မလှုပ်မယှက် ရပ်တန့်နေခဲ့သည်။

သူ့ပုံစံက ချောမောခန့်ညားပြီး ယဉ်ကျေးသိမ်မွေ့သည့် လူကြီးလူကောင်း အသွင်သဏ္ဌာန်မျိုးရှိသည်။ အပေါ်ယံ ပုံပန်းသဏ္ဌာန်ကို ကြည့်ရုံနှင့် နတ်ဆိုးဘုရင်ဟု မထင်ရဘဲ ပညာရှိတစ်ဦးနှင့် ပိုတူနေပါသည်။

မြို့စားက လက်အုပ်ချီလျက် ဦးညွှတ်လိုက်ပြီး အပြုံးဖြင့် ကြိုဆိုလိုက်ပါသည်။

“နတ်ဆိုးအရှင်သခင်ကြွလာမယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး၊ သေသေချာချာ မကြိုဆိုနိုင်ခဲ့တဲ့အတွက် ဒီငယ်သားကို ခွင့်လွှတ်ပေးပါ အရှင်”

နတ်ဆိုးစစ်သူကြီးများနှင့် တပ်သားများအားလုံး ဒူးထောက်ချလိုက်ကြသည်။ ဖြတ်သွားဖြတ်လာ နတ်ဆိုးကျင့်ကြံသူများကလည်း နတ်ဆိုးအရှင်သခင်ကြီး ရောက်ရှိနေသည်ဟူသည့် အကြောင်းကိုကြာပြီး ထိတ်လန့်တုန်လှုပ်သွားကြကာ အမြန် ဒူးထောက်လိုက်ကြပါသည်။

ချက်ချင်းဆိုသလို လမ်းတစ်လမ်းလုံး ဒူးထောက်နေသော နတ်ဆိုးများဖြင့် ပြည့်နှက်သွားခဲ့သည်။

လင်းယွမ် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့လေသည်။

‘ဒီမြို့စားက ဘာလို့ အခုချိန်ကျမှ ပေါ်လာရတာလဲ…’

ယန်ရုန်ရုန့်အတွက် အရေးအကြီးဆုံးအချိန်ကို ရောက်ရှိနေပြီဖြစ်ကာ ဝိညာဉ်အမြုတေဖန်တီးနေချိန်တွင် အနှောင့်အယှက်များ ဝင်ရောက်၍ မဖြစ်ပါ။

လင်းယွမ် မြင်းလှည်းအပြင်သို့ ထွက်၍မရပေ။ မြင်းလှည်း အတွင်းပိုင်းတွင် ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသဖြင့် တံခါး သို့မဟုတ် ပြူတင်းပေါက်များကိုပင် ဖွင့်လို့မရပါ။ ဖွင့်လိုက်သည်နှင့် ဝိညာဉ်စွမ်းအင်များ အပြင်ဘက်သို့ စိမ့်ထွက်သွားပါလိမ့်မည်။

ထို့ကြောင့် လင်းယွမ် သာမန်အတိုင်း အေးအေးလူလူ လေသံမျိုးဖြင့် ပြောလိုက်သည်။

“ဒီအရှင်က ဒီတိုင်း လမ်းကြုံဖြတ်သွားတာပါ၊ အခုပဲ ပြန်တော့မလို့၊ လမ်းပိတ်မထားကြနဲ့”

ညမဲ့မြို့စားက မလှုပ်ရှားခဲ့ပေ။ ထို့အစား သူဆက်ပြောလိုက်သည်။

“ကျွန်တော်တို့မြို့ကို အရှင်ကြွမလာတာ အချိန်အတော်ကြာနေပြီပဲ၊ အခု ရောက်လက်စနဲ့ ဒီငယ်သားက အစွမ်းကုန် ဧည့်ခံပေးမှာပေါ့၊ ဒီနေ့ဒီအချိန်ကစပြီး ညမဲ့မြို့တော်တစ်မြို့လုံးက အရှင့်ကိုပဲ အလုပ်အကျွေးပြုမှာပါ”

ထို့နောက် မြို့တော်အတွင်းမှ အခြားနတ်ဆိုးကျင့်ကြံသူများကို မောင်းထုတ်ဖို့ သူအမိန့်ပေးလိုက်သည်။

လင်းယွမ်က ဝင်တားလိုက်ပါသည်။

“မလိုပါဘူး၊ ငါ့မှာလုပ်စရာအလုပ်တွေ ရှိသေးတယ်၊ အခုပြန်မှဖြစ်မှာ”

မြို့တော်အတွင်းမှ အခြားသူတွေ မောင်းထုတ်ခံရလို့ မဖြစ်ပေ။ ဒီမြို့ကို လူရှာဖို့ ယန်ရုန်ရုန် လာရောက်ခဲ့ခြင်း ဖြစ်သဖြင့် တစ်မြို့လုံး ဗလာကျင်းဖြစ်သွားပါက ပြဿနာရှိနိုင်ပါသည်။

မြို့စား အနည်းငယ် စိတ်ပျက်အားလျော့သွားပုံရသည်။

“ဒီလိုကိုး… ဒါဆိုလည်း စိတ်မကောင်းစရာပဲပေါ့၊ အရှင်ဘယ်ကို ကြွမှာလဲဆိုတာ သိခွင့်ရှိမလား၊ ဒီငယ်သား အကူအညီပေးနိုင်တဲ့ နေရာတစ်ခုခုများလား”

လင်းယွမ် စိတ်မရှည်တော့ဘဲ လေသံကလည်း အေးစက်သွားခဲ့သည်။

“ငါဘယ်သွားမလဲဆိုတာ မင်းကို အစီရင် ခံနေရဦးမှာလား”

မြို့စားက အမြန်တောင်းပန်လိုက်ပါသည်။

“အဲ့လို မရည်ရွယ်ရဲပါဘူး အရှင်”

လင်းယွမ် ဘာမှဆက်မပြောတော့ဘဲ မြင်းလှည်းကို ရှေ့ဆက်မောင်းခဲ့သည်။ မြို့စားနှင့် အခြားနတ်ဆိုးများအားလုံး မလွှဲသာဘဲ လမ်းဖယ်ပေးလိုက်ရပါသည်။

သို့သော် ရှေ့မှ မြင်းလှည်းဖြတ်သွားသောအခါ ပုံမှန်မဟုတ်သည့်အရာတစ်ခုကို မြို့စား ရုတ်တရက် အာရုံခံမိသွားသည်။

ထို့ကြောင့် သူရုတ်တရက် မေးမြန်းလိုက်ပါသည်။

“နတ်ဆိုးအရှင်သခင်၊ ဧကန္တ… မြင်းလှည်းထဲမှာ လူသားကျင့်ကြံသူတစ်ယောက်ကို သိုဝှက်ထားတာတော့ မဟုတ်ပါဘူးနော်”

All Chapters