အခန်း (၁၁၆)
Vol. 12 Ch. 116
🌹Chapter 116
ယန်ရုန်ရုန် မျက်လုံးများကို မှိတ်ထားပြီး ကျင့်ကြံဖို့သာ အာရုံစိုက်ထားသော်လည်း အာရုံငါးပါးက ပျက်ပြယ်မသွားသေးပေ။ သူမ ဘေးပတ်လည်တွင် ဝိညာဉ်စွမ်းအင်များ ရုတ်တရက် ပြည့်ဝလာသည်ကို ခံစားမိသလို၊ လင်းယွမ်နှင့် ညမဲ့မြို့စားတို့၏ စကားသံများကိုလည်း ကြားနေရပါသည်။
နတ်ဆိုးနန်းတော်အတွင်း ယန်ရုန်ရုန် နေထိုင်ခဲ့ရသည့် နှစ်များက အလွန်ပင်ပန်း ခက်ခဲခဲ့ရသည်။ အနားမှာ လင်းယွမ် ရှိနေလျှင် ကိစ္စမရှိသော်လည်း သူထွက်သွားသည်နှင့်တစ်ပြိုင်တည်း နတ်ဆိုးများက နည်းလမ်းပေါင်းစုံအသုံးပြုပြီး သူမကို အနိုင်ကျင့်ကြသည်။
တစ်ခါကဆို ယန်ရုန်ရုန် အဖျားကြီးပြီး ကယောင်ကတမ်းဖြစ်နေသည်ကို အခွင့်ကောင်းယူလျက် နတ်ဆိုးအစေခံမတစ်ဦးက သူမ၏ ချန့်ခွင်းအိတ်ကို ခိုးယူသွားကာ သူမကိုလည်း အခန်းထဲတွင် ပိတ်လှောင်ထားခဲ့သည်။ အစာနှင့် ရေပင် မပေးခဲ့ကြပေ။
ထိုအချိန်တုန်းက ပုန်ကန်သူများကို နှိမ်နင်းဖို့ လင်းယွမ် အဝေးရောက်နေသဖြင့် ယန်ရုန်ရုန် ခိုကိုးရာ မဲ့ခဲ့ရသည်။
ထိုအချိန်တွင် ညမဲ့မြို့စား ရောက်ရှိလာပြီး အခန်းတံခါးကို ဖွင့်ပေးခဲ့ကာ သူမအတွက် အဖျားပျောက်စေမည့် ဆေးကို ယူဆောင်လာပေးခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် ယန်ရုန်ရုန့်ကို သူ့ကိုယ်လုပ်တော်အဖြစ်နေဖို့ ကမ်းလှမ်းခဲ့ပါသည်။
ယန်ရုန်ရုန် အလွန်ရွံရှာသွားပြီး ညမဲ့မြို့စားကို ချက်ချင်း မောင်းထုတ်ခဲ့သည်။ သူပေးခဲ့သည့် ဆေးကိုလည်း မထိခဲ့ဘဲ ယခင်တုန်းက စနစ်မစ်ရှင်များဆောင်ရွက်ပြီး စုစည်းထားသည့် အမှတ်များကို အသုံးပြုကာ စနစ်စတိုးဆိုင်ထဲမှ နတ်ဆေးတစ်မျိုးကို လဲလှယ်ဝယ်ယူခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ကုသခဲ့ပါသည်။
နောက်တော့ ခိုးယူခံခဲ့ရသည် ချန့်ခွင်းအိတ်ကို ပြန်လည်ရယူကာ နတ်ဆိုးအစေခံမများကိုလည်း ကောင်းကောင်းဆုံးမပြီး အမှန်တရားကို အကျပ်ကိုင် မေးမြန်းခဲ့သည်။
ဖြစ်ချင်တော့ အားလုံးက ညမဲ့မြို့စား၏ ညွှန်ကြားချက်အတိုင်း လုပ်ခဲ့ရခြင်းပင်။ ညမဲ့မြို့စား၏ ညွှန်ကြားချက်ကြောင့် လင်းယွမ် အဝေးသို့ ရောက်နေချိန်တွင် သူမကို ရည်ရွယ်ချက်ရှိရှိ နှိပ်စက်ခဲ့ကြသည်။
ညမဲ့မြို့စား၏ ရည်ရွယ်ချက်က လင်းယွမ်မရှိခိုက် သူမခိုကိုးရာမဲ့နေသည့်အချိန်တွင် ကယ်တင်ရှင်နတ်ဘုရားတစ်ဦးလို ကိုယ်ထင်ပြကာ ကျေးဇူးတရားကို အခွင့်ကောင်းယူပြီး သိမ်းပိုက်ဖို့ပင် ဖြစ်သည်။
ညမဲ့မြို့စား၏ အကြံအစည်များက စေ့စပ်လွန်းလှသည်။ ယန်ရုန်ရုန် ဒေါသဖြစ်လွန်းသဖြင့် အံကြိတ်မိသော်လည်း ကံမကောင်းစွာဖြင့် ညမဲ့မြို့စားက သူမထက် အများကြီး စွမ်းအားပိုကြီးမားနေခဲ့ပါသည်။
အမှန်တရားကို သိလိုက်ရသော်လည်း ကလဲ့စားချေဖို့ နည်းလမ်းမရှိခဲ့ပေ။ ယခု ညမဲ့မြို့စားက အတိတ်ကို ပြန်ဖော်ပြီး သူမကို ရည်ရွယ်ချက်ရှိရှိ ရန်စနေပါပြီ။
ရွှေအမြုတေကို ဖန်တီးပြီးသည်နှင့်တစ်ပြိုင်တည်း ယန်ရုန်ရုန်မျက်လုံးများ ပြန်ပွင့်လာပြီး အသိစိတ် ပြန်ကပ်လာခဲ့သည်။
ပျော်ရွှင်နေသည့် လင်းယွမ်၏ မျက်နှာကို ကြည့်ရင်း သူမ အေးစက်စွာ မေးလိုက်သည်။
“ကျွန်မ ညမဲ့မြို့စားကို သတ်ချင်တယ်ဆိုရင် ရှင်တားမှာလား”
လင်းယွမ် ကြက်သေသေသွားသည်။ သူမဘာကြောင့် ဒီလို မေးခွန်းမျိုးမေးရသလဲ လင်းယွမ် နားမလည်နိုင်သော်လည်း အဖြေကတော့ ရှင်းပါသည်။
“လုံးဝ မတားဘူး”
ယန်ရုန်ရုန် လိုချင်သည့်အဖြေကို ရလိုက်ပါပြီ။
နတ်ဆိုးနယ်မြေတွင် နတ်ဆိုးဘုရင်တစ်ပါးဖြစ်သည့် ညမဲ့မြို့စား၏ စွမ်းအားက ဟင်းလင်းပြင်ကျင့်ကြံခြင်းအဆင့်နှင့် ညီမျှသည်။ သူ့ကို သတ်ဖို့ဟူသည်မှာ ကောင်းကင်ဘုံကို တက်လှမ်းဖို့ထက် ပိုမိုခက်ခဲပါလိမ့်မည်။
သို့သော် မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။ ညမဲ့မြို့စားကို ပိတ်လှောင်နိုင်မည့် အစီအရင်တစ်ခုအကြောင်း သူမ သိထားသည်။ သို့သော် ထိုအစီအရင်အတွင်းသို့ ညမဲ့မြို့စားကို မျှားခေါ်ဖို့ သင့်တော်သည့် ငါးစာကို လိုအပ်နေသည်။
ပထမတော့ ယန်ရုန်ရုန်နှင့် ညမဲ့မြို့စားတို့အကြား မရှင်းလင်းသည့် ပတ်သတ်မှုတစ်ခု ရှိနေလိမ့်မည်ဟု လင်းယွမ် ထင်ခဲ့မိသည်။ ယခု သူမသဘောထားကို ကြည့်ခြင်းအားဖြင့် ယန်ရုန်ရုန်က ညမဲ့မြို့စားကို မုန်းတီးရုံတင်မကဘဲ သတ်ပါသတ်ချင်နေမှန်း သိလိုက်ရပါသည်။
ထို့ကြောင့် လင်းယွမ်၏ စိတ်အခြေအနေ ချက်ချင်းဆိုသလို ကြည်လင်သွားခဲ့သည်။
သူစိတ်လှုပ်ရှားစွာ မေးလိုက်ပါသည်။ “သူ့ကို ဘယ်လိုသတ်ချင်လို့လဲ၊ ကိုယ် ကူညီပေးမယ်လေ!”
ယန်ရုန်ရုန်က ဆိုသည်။
“ကျွန်မ ငါးစာတစ်ခု လိုနေတာ၊ ရှင်ဆန္ဒရှိရင်…”
လင်းယွမ် မဆိုင်းမတွ သဘောတူလိုက်သည်။
“ဆန္ဒရှိတာပေါ့! ရှောင်းရှောင်းအတွက် ကိုယ်ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိတယ်!”
ယန်ရုန်ရုန် တဲ့တိုး မေးလိုက်သည်။
“ညမဲ့မြို့စားက ရှင့်ရဲ့ ညာလက်ရုံးမဟုတ်ဘူးလား၊ အဲ့လိုလူမျိုးကို ရှင်တကယ် သေခွင့်ပေးနိုင်လို့လား”
လင်းယွမ်က ခွေးချေးနင်းမိသလို မျက်နှာမျိုးနှင့် အော့နှလုံးနာစွာ ရှင်းပြလိုက်သည်။
“ညာလက်ရုံးဆိုတဲ့သူက ကိုယ့်နေရာကို လုဖို့အတွက် အချိန်ရှိတိုင်း ကိုယ့်ကိုဘယ်လိုသတ်ရမလဲဆိုတာကိုပဲ စဉ်းစားနေပါ့မလား၊ ကိုယ့်ကို အနိုင်မယူနိုင်သေးလို့သာ သူတို့ခေါင်းငုံ့နေရတာ၊ အခွင့်အရေးရတာနဲ့ ကိုယ့်လည်ပင်းကို ချက်ချင်း ဓားနဲ့ရွယ်လိမ့်မယ်”
ယန်ရုန်ရုန် ဆက်မေးလိုက်သည်။
“အဲ့တာဆို သူ့ကို ဘာလို့ ဒီတိုင်းလွှတ်ထားတာလဲ”
လင်းယွမ် ရယ်မောလိုက်ပါသည်။
“သူ့ကို ကိုယ်သတ်ချင်ရင် အချိန်မရွေး သတ်လိုက်လို့ရတယ်၊ ဒါပေမယ့် ဒီတိုင်း အလွယ်တကူသတ်လိုက်ရင် ပျင်းစရာကောင်းတာပေါ့၊ သူ့ပမွှား ဦးနှောက်လေးနဲ့ ကိုယ့်ကို ဘယ်လိုကြံစည်မလဲဆိုတာ စောင့်ကြည့်နေမယ်၊ သူ့အကြံအစည်တွေ အကြိမ်ကြိမ် ကျရှုံးလို့ ဒေါသထွက်ပေမယ့် ကိုယ့်ရှေ့မှာ မချိုမချဉ်ပြုံးပြီး ဦးညွှတ်နေရတဲ့အခြေအနေက စိတ်ဝင်စားစရာ ပိုမကောင်းဘူးလား”
ယန်ရုန်ရုန် ဆွံ့အသွားသည်။ ‘တကယ့်စိတ္တဇကောင်ပဲ!’
လင်းယွမ် မြေခွေးလိုပြုံးကာ အနားတိုးလာသည်။
“ရှောင်းရှောင်းသာ တောင်းဆိုရင် ကိုယ်သူ့ကို ချက်ချင်း သတ်ပေးလို့ရတယ်”
“မလိုပါဘူး၊ ကျွန်မဖာသာ လုပ်မယ်၊ ရှင့်ဆီက အသေးအဖွဲအကူအညီတစ်ခုပဲ လိုတယ်”
ထို့နောက် သူမအစီအစဉ်ကို ယန်ရုန်ရုန် တီးတိုးပြောပြလိုက်သည်။
ယန်ရုန်ရုန့် စကားများကိုကြားပြီး လင်းယွမ် မျက်ခုံးတစ်ဖက် ပင့်သွားခဲ့ပါသည်။
“အလုပ်ဖြစ်မှာသေချာရဲ့လား၊ သူက နတ်ဆိုးဘုရင်တစ်ပါးနော်၊ မင်းရဲ့ အစီအရင်တွေနဲ့ သူ့ကို သတ်ဖို့ လုံလောက်မှာ မဟုတ်ဘူး”
ယန်ရုန်ရုန် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ကျွန်မသိတယ်၊ အဲ့ဒီ အစီအရင်က သူ့ကို ချုပ်နှောင်ဖို့အတွက်ပဲ သုံးလို့ရမှာ၊ သူ့ကိုသတ်ဖို့က ကျွန်မကိုယ်တိုင် လုပ်ရလိမ့်မယ်”
လင်းယွမ်စိတ်ဝင်စားသွားခဲ့သည်။
“မင်းဘာလို့ သူ့ကို အဲ့လောက်မုန်းနေရတာလဲ”
ယန်ရုန်ရုန်က မေးခွန်းကို တိုက်ရိုက်ပြန်မဖြေခဲ့ပေ။
“သူသေမှ သူ့ဝိညာဉ်ကို ဆင့်ခေါ်ပြီး အဖြေရှာကြည့်လိုက်ပေါ့”
ယန်ရုန်ရုန် အမှန်အတိုင်းပြောလိုက်လျှင် သူသဘောကျသည့် မိန်းကလေးကို သိမ်းပိုက်ဖို့ကြိုးစားသည်ဟူသော အချက်တစ်ချက်တည်းနှင့်ပင် ညမဲ့မြို့စားအား လင်းယွမ် ချက်ချင်းသတ်ပစ်ဖို့ လုံလောက်ပါလိမ့်မည်။ နတ်ဆိုး အရှင်သခင်ဟူသည့် ဂုဏ်သိက္ခာကို ကာကွယ်ဖို့တင်မကဘဲ ပိုင်စိုးလိုစိတ်ကြောင့် လင်းယွမ် အမျက်ဒေါသများ ထိန်းမနိုင်သိမ်းမရအောင် ကြီးမားသွားလိမ့်မည်။
ထိုသို့ဖြစ်လာလျှင် ယန်ရုန်ရုန် ကိုယ်တိုင် လက်စားချေခွင့်ကို ဆုံးရှုံးရပါလိမ့်မည်။ ကလဲ့စားချေခြင်းဟူသည်မှာ ကိုယ့်လက်နှင့် ကိုယ်တိုင်လုပ်ရမှ အရသာရှိတတ်သည်။
သူမ ဖွင့်ပြောဖို့ ငြင်းဆန်လေလေ လင်းယွမ်က ပိုသိချင်လေလေပင်။ သူမခန္ဓာကိုယ်ကို မှီပြီး လင်းယွမ် တောင်းတောင်းပန်ပန် မေးလိုက်ပါသည်။
“မမကလည်း ကျွန်တော့်ကို ပြောပြပါ”
မြင်းလှည်းအပြင်ဘက်တွင် ညမဲ့မြို့စား စောင့်နေသည်မှာ အချိန်အတော်ကြာနေပါပြီ။ ကျုံးရှောင်းရှောင်းတစ်ခုခု ဖြစ်နေမှန်း သေချာနေပြီဖြစ်သဖြင့် သူခြေလှမ်းတစ်လှမ်း တိုးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
“သခင်မလေးရှောင်းရှောင်း ဘာလို့ စကားပြန်မပြောတာလဲ၊ နာမကျန်းဖြစ်နေလို့လား၊ ကျွန်တော် ဆေးဝါးအကြောင်း အနည်းအကျဉ်းနားလည်တယ်၊ သခင်မလေးရှောင်းရှောင်းကို ကျွန်တော် စစ်ဆေးပေးရမလား”
ယန်ရုန်ရုန် တမင်တကာ အားနည်းနေသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်မ နေမကောင်းလို့ အပြင်ထွက်လာဖို့ အဆင်မပြေဘူး၊ စေတနာအတွက် ကျေးဇူးတင်ပါတယ် မြို့စားကြီး၊ ဒါပေမယ့် နတ်ဆိုးအရှင်သခင်က ကျွန်မအတွက် သမားတော်တစ်ယောက် စီစဉ်ပေးထားပြီးပြီ၊ ဘာမှစိတ်မပူပါနဲ့”
ညမဲ့မြို့စားက စိုးရိမ်ပူပန်စွာ မေးလိုက်ပါသည်။
“သခင်မလေးရှောင်းရှောင်း ဘယ်လိုရောဂါမျိုး ဖြစ်နေတာလဲ သိခွင့်ရှိမလား”
ယန်ရုန်ရုန် ဖြည်းညှင်းစွာ ဖြေလိုက်သည်။
“သာမန်အဖျားရောဂါပါ၊ ကြီးကြီးမားမား မဟုတ်ဘူး”
ယန်ရုန်ရုန်က ထိုသို့ပြောလေလေ ညမဲ့မြို့စားက သံသယပိုဝင်လာလေလေပင်။
‘အဖျားက ပြင်းထန်လွန်းလို့ သေခါနီးဆဲဆဲ ဖြစ်နေပြီလား…’
ညမဲ့မြို့စား နွေးထွေးစွာ ပြောလိုက်သည်။
“သခင်မလေးရှောင်းရှောင်း နာမကျန်းဖြစ်နေတုန်း ခရီးမသွားသင့်ဘူးလေ၊ ညမဲ့မြို့တော်မှာ ခဏလောက် အနားယူလိုက်ပါလား၊ ညမဲ့မြို့တော်ကတ အဆင့်မြင့်ပါတယ်၊ သခင်မလေးရှောင်းရှောင်း သက်တောင့်သက်သာ အနားယူနိုင်မှာ သေချာတယ်”
ယန်ရုန်ရုန် သဘောတူလိုက်သည်။
“ဒါဆိုလည်း မြို့စားကြီးကိုပဲ အားနာနာနဲ့ အကူအညီတောင်းရတော့မှာပေါ့”
“အားနာစရာမလိုပါဘူး၊ နတ်ဆိုးအရှင်သခင်နဲ့ သခင်မလေးရှောင်းရှောင်းတို့ကို ညမဲ့မြို့တော်မှာ အလုပ်အကျွေးပြုနိုင်တာက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ”
ထိုနေ့မှာပင် ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ မြို့စားကြီး၏ စံအိမ်တွင် တည်းခိုဖို့ စီစဉ်ခဲ့ကြသည်။ မြို့တော်အတွင်း အခမ်းနားဆုံး စံအိမ်ကြီးဖြစ်ကာ လူသားဧကရာဇ်များ၏ နန်းတော်များထက်ပင် ပိုမို ကြီးကျယ်ခမ်းနားပါသေးသည်။
မြင်းလှည်းအတွင်းမှ ယန်ရုန်ရုန့်ကို လင်းယွမ် ပွေ့ချီခေါ်ထုတ်လာခဲ့သည်။ ယခုဆို လင်းယွမ် သာမန် လူကြီးအသွင် ပြန်ပြောင်းသွားပြီဖြစ်သဖြင့် ယန်ရုန်ရုန့်ကို အလွယ်တကူ ပွေ့ချီသယ်ယူနိုင်ခဲ့ပါသည်။
မြင်းလှည်းအပြင်ဘက်ကို ရောက်သည်နှင့် အောက်ချပေးလို့ရပြီဖြစ်ကြောင်း ယန်ရုန်ရုန် အရိပ်အယောင်ပြလိုက်သည်။
သို့သော် လင်းယွမ်က မသိချင်ယောင်ဆောင်ပြီး သူမကို လွှတ်မပေးဘဲ ဆက်ပွေ့ထားလေသည်။
ယန်ရုန်ရုန် သူ့ခါးကို ခပ်နာနာ ဆွဲဆိတ်ပစ်လိုက်ပါသည်။
လင်းယွမ် အသံတိုးတိုးလေး ညည်းလိုက်ပြီး သူ့ခန့်ခန့်ညားညားမျက်နှာကလည်း အနည်းငယ် နီမြန်းသွားခဲ့သည်။
“အား ရှောင်းရှောင်း… အဲ့နား မထိနဲ့လေ”
လင်းယွမ်က နက်ရှိုင်းပြီး ရမ္မက်ဆန်သော လေသံမျိုးဖြင့် အထင်လွဲစရာကောင်းအောင်ပြောလိုက်ခြင်းပင်။
‘ပြောချင်သော်လည်း ထိန်းထားရသည်’ဟူသော ရှက်ကိုး ရှက်ကန်း မျက်နှာပေးကြောင့် အခြားသူတွေအတွက် အထင်လွဲစရာပိုကောင်းနေပြန်သည်။