အခန်း (၁၁၇)
Vol. 12 Ch. 117
🌹Chapter 117
အမှန်တကယ်လည်း အနားတွင် ရှိနေသူအားလုံး နားလည်မှုလွဲသွားကြပါသည်။ လူပုံအလယ်တွင် နတ်ဆိုးအရှင်သခင်ကို ယန်ရုန်ရုန် ပလူးပလဲ လုပ်နေသည်ဟု အားလုံးထင်သွားကြပြီး ဆက်မကြည့်ရဲကြတော့ဘဲ ခေါင်းအမြန် ငုံ့လိုက်ကြရသည်။
ယန်ရုန်ရုန်မှာတော့ ဒေါသထွက်လွန်းသဖြင့် အငွေ့ထောင်းထောင်းထနေလေပြီ။
“ဘယ်နေရာထိလို့လဲ မဟုတ်တာ မပြောနဲ့!”
လင်းယွမ်က ပိုမို ရှက်သွေးဖြာသွားဟန်ဖြင့် ဆိုသည်။
“ထိပြီးသွားဟာပြီကို ဘယ်နေရာထိလိုက်တာလဲလို့ ထုတ်ပြောစေချင်သေးတာလား၊ မထိရဘူးလို့ ပြောနေတာလည်း မဟုတ်ပါဘူး၊ ဒါပေမယ့် နေ့ခင်းကြောင်တောင်ကြီး အခြားသူတွေလည်း အများကြီးရှိနေတာ… သူများတွေ မြင်သွားရင် မကောင်းဘူးလေ၊ အခန်းထဲရောက်မှ ထိချင်သလောက်ထိပေါ့”
အနားတွင် ညမဲ့မြို့စားရှိနေသေးသဖြင့် ယန်ရုန်ရုန် နာမကျန်းဖြစ်ချင်ယောင် ဆက်ဆောင်နေရပါသည်။ ထို့ကြောင့် ဆဲချင်စိတ်ကို မနည်းထိန်းပြီး အားနည်းပျော့ညံ့သော လေသံလေးဖြင့် ဆိုလိုက်သည်။
“သူများတွင် မြင်သွားလို့ မကောင်းမှန်းသိရင် ကျွန်မကို အောက်ချပေးလေ”
ထိုအခါ လင်းယွမ်က ညမဲ့မြို့စားကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
“မကြားဘူးလား၊ ငါ့ရှောင်းရှောင်းက သူများတွေ ကြည့်နေရင် မနေတတ်ဘူးတဲ့”
ညမဲ့မြို့စား အမြန်နာခံလိုက်ပါသည်။
“ဒီငယ်သား အခုပဲ ထွက်သွားပေးပါ့မယ်”
မသွားခင် ယန်ရုန်ရုန့်ကို နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်ခဲ့သေးသည်။ ဖြူရော်ဖြူဖပ်မျက်နှာနှင့် လမ်းပင် မလျှောက်နိုင်တော့သဖြင့် နတ်ဆိုးအရှင်သခင်က ပွေ့ချီပေးထားရပုံကို ကြည့်ခြင်းအားဖြင့် သူ့ခန့်မှန်းချက်များ မှန်ကန်သည်ဟု ပိုမိုယုံကြည်လာပါသည်။
ကျုံးရှောင်းရှောင်း အမှန်တကယ် ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေသည့် ပုံစံပင်။
အပြင်လူတွေမရှိတော့ခါမှ လင်းယွမ်၏ ရင်ဘတ်ကို ယန်ရုန်ရုန် ချက်ချင်း ဆောင့်တွန်းပစ်လိုက်သည်။
“ကျွန်မကို အောက်ချပေး!”
လင်းယွမ်က မလှုပ်ပေ။
“မလောစမ်းပါနဲ့၊ အနားမှာ မြို့စားမရှိတော့ပေမယ့် ဒီစံအိမ်ထဲ သူ့သူလျှိုတွေနဲ့ ပြည့်နေတာ၊ ဟန်ဆောင်မယ်ဆို ဟာကွက်မရှိအောင် ဟန်ဆောင်ရတယ်၊ မဟုတ်ရင် အားလုံး သဲထဲရေသွန်ဖြစ်သွားမယ်နော်”
သူ့စကားများက အဓိပ္ပာယ်တော့ ရှိပါသည်။ ညမဲ့မြို့စားက ဦးနှောက်မဲ့သူမဟုတ်ပေ။ သူ့လိုလူမျိုးကို အရူးလုပ်ချင်လျှင် ပြစ်ချက်မရှိအောင် သရုပ်ဆောင်ပြရပါလိမ့်မည်။
ယန်ရုန်ရုန်လည်း မတတ်သာတော့ဘဲ သည်းခံထားလိုက်ရပါသည်။
“အဲ့တာဆိုလည်း အခန်းထဲ မြန်မြန်ဝင်”
“ဟုတ်ပြီ”
လင်းယွမ် သူမကို ပွေ့ချီရင်း ရှေ့ဆက်လျှောက်လာသော် လည်း ခြေလှမ်းများကို ရည်ရွယ်ချက်ရှိရှိ နှေးကွေးထားသည်။ အချိန်အတော်ကြာသော်လည်း အခန်းတံခါးရှေ့ မရောက်နိုင်သေးပေ။
ယန်ရုန်ရုန် စိတ်မရှည်တော့ဘဲ ပြောလိုက်သည်။
“မြန်မြန်သွားလို့မရဘူးလား”
လင်းယွမ်က အရွဲ့တိုက်ကာ ဖြေလိုက်၏။
“ကိုယ့်ကို အသက်ကြီးနေပြီလို့ ရှောင်းရှောင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား၊ လူအိုကြီး ဖြစ်နေပြီဆိုတော့ ခြေတွေလက်တွေက ငယ်ငယ်တုန်းကလိုမဟုတ်တော့ဘူး၊ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တော့ဘူးလေ”
ယန်ရုန်ရုန် ဆွံ့အသွားသည်။ သူ့အသက်အရွယ်ကို တစ်ကြိမ်လောက် အမှတ်မထင် ကဲ့ရဲ့ဖူးသည်ကို လင်းယွမ် ယခုအချိန်ထိ မှတ်ထားလေသည်။၊
လင်းယွမ် သက်ပြင်းအရှည်ကြီး ချလိုက်ပါသည်။
“ကိုယ် အခြားမိန်းမတွေနဲ့ ခြေရှုပ်တယ်လို့တောင် မင်းသံသယ ဝင်ခဲ့သေးတယ်မဟုတ်ဘူးလား၊ ဒီအသက်အရွယ်မှာ ခွန်အားလည်း သိပ်မရှိတော့ပါဘူး၊ ရှောင်းရှောင်း တစ်ယောက်တည်းနဲ့တောင် ပင်ပန်းနေရတာကို အခြားမိန်းမတွေနဲ့ ခြေရှုပ်ဖို့ အားရှိပါဦးမလား”
အတင့်ရဲသထက် ရဲလာသည့် စကားလုံးများကို ကြားပြီး သူ့ပါးစပ်ကို ယန်ရုန်ရုန် လက်ဖြင့် အမြန်လှမ်းပိတ်လိုက်သည်။ ဒီတစ်ခါတော့ ယန်ရုန်ရုန် သင်ခန်းစာကောင်းကောင်း ရသွားပါပြီ။ သူမလက်နှင့် လင်းယွမ်နှုတ်ခမ်းတို့အကြား ဝတ်ရုံလက်စကို ကြားခံထားသည်။ ဒီလိုကာကွယ်ထားမှ လင်းယွမ် ပေါက်ကရလုပ်ဖို့ ကြိုးစားသည့်အခါ သူမလက်ကို တိုက်ရိုက်မထိတွေ့နိုင်မှာ ဖြစ်သည်။
သို့သော် လင်းယွမ်၏ အရှက်မဲ့မှုကို သူမ ထပ်မံ လျှော့တွက်လိုက်မိပြန်သည်။
လင်းယွမ်က သူမလက်ဖဝါးကို တမင်တကာ အာငွေ့နွေးနွေးပေးလိုက်ပြီး ဝတ်ရုံလက်စပေါ်မှတဆင့် သူမလက်ကို လျှာဖြင့် လျက်နေပါသည်။
ကြားထဲတွင် အဝတ်စခံနေသော်လည်း ထိုပူပူနွေးနွေး စိုစိုစွတ်စွတ်ခံစားချက်ကြီးကို ယန်ရုန်ရုန် ခံစားမိနေဆဲပင်…
ယန်ရုန်ရုန် ဓာတ်လိုက်သွားသကဲ့သို့ လက်ကို ဆတ်ခနဲ ပြန်ရုတ်သိမ်းလိုက်ပြီး လင်းယွမ်ကို ရွံရှာစွာ ကြည့်လိုက်သည်။
“ရှင်က ခွေးလား၊ ဘာလို့ သူများကို အဲ့လောက်တောင် လျက်ချင်နေတာလဲ”
လင်းယွမ် ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်ပါသည်။
“မေ့သွားပြီလား၊ ကိုယ်က ရှောင်းရှောင်းမွေးထားတဲ့ ခွေးပေါက်လေးလေ၊ ဝု ဝု”
ယန်ရုန်ရုန်က ပြန်ချေပသည်။
“ရှင့်ပုံစံက ခွေးပေါက်လေးနဲ့ မတူပါဘူး၊ တက်ဒီ ပူးဒယ်လ်ခွေးအိုကြီးနဲ့ ပိုတူတာ”
လင်းယွမ် စိတ်ဝင်စားသွားသည်။
“တက်ဒီ ပူးဒယ်လ်ခွေးအိုကြီးဆိုတာ ဘာလဲ”
“အချိန်တိုင်း နေရာတိုင်း မိတ်လိုက်ဖို့ပဲ စဉ်းစားနေတဲ့ အမွေးကောက်ကောက် ခွေးမျိုးလေ၊ ရှင်နဲ့ တစ်ပုံစံတည်းပဲ”
ပြောပြောဆိုဆိုနှင့် လင်းယွမ်၏ ဆံပင်ကောက်ကောက်များကို ယန်ရုန်ရုန် ဆွဲဆောင့်လိုက်သည်။
လင်းယွမ်က သူမကို အဓိပ္ပာယ်ပါပါ ကြည့်ရင်း မေးလိုက်သည်။
“အဲ့လိုခွေးမျိုး ကိုယ်တစ်ခါမှ မကြားဖူးပါဘူး၊ မင်းဘယ်မှာ တွေ့လာတာလဲ”
ယန်ရုန်ရုန် မျက်နှာသေနှင့် လိမ်ညာလိုက်သည်။
“မိစ္ဆာသားရဲနယ်မြေထဲမှာ တွေ့ခဲ့တာ၊ အဲ့မှာ ထူးဆန်းတဲ့ တိရိစ္ဆာန်တွေ အများကြီး ရှိတယ်”
မိစ္ဆာသားရဲနယ်မြေအတွင်းသို့ လင်းယွမ် မဝင်ရောက်နိုင်သဖြင့် သူမစကားကို အတည်ပြုဖို့ မဖြစ်နိုင်လောက်ပေ။ သို့သော် သူမ လိမ်ညာနေသည်ကို လင်းယွမ် ချက်ချင်း ဖောက်မြင်နိုင်ပါသည်။
“မင်းညာနေတာ၊ အဲ့ဒီခွေးမျိုးက အချိန်မရွေး မိတ်လိုက်နိုင်တယ်ဆိုရင် မျိုးပွားနိုင်စွမ်း အရမ်းအားကောင်းတဲ့ သဘောပဲ၊ အဲ့တာဆို မိစ္ဆာသားရဲနယ်မြေထဲမှာ အဲ့ဒီခွေးပမာဏက အများကြီးရှိနေရမှာပေါ့၊ ဒါပေမယ့် အဲ့ဒီနယ်မြေထဲမှာ အဲ့လိုခွေးမျိုး ကိုယ်တစ်ခါမှ မမြင်ခဲ့ဖူးဘူး”
ယန်ရုန်ရုန် အံ့အားသင့်သွားသည်။
“ရှင်ဘယ်တုန်းက မိစ္ဆာသားရဲနယ်မြေထဲ သွားခဲ့တာလဲ”
“မင်းပျောက်သွားတော့ ကိုယ်မင်းကို နေရာတိုင်းမှာ လိုက်ရှာခဲ့တာ၊ နတ်ဆိုးနယ်မြေထဲမှာ ရှာလို့မတွေ့တော့ မိစ္ဆာသားရဲနယ်မြေ၊ ဝိညာဉ်နယ်မြေနဲ့ လူသားနယ်မြေတွေမှာပါ လိုက်ရှာခဲ့တယ်”
မိစ္ဆာသားရဲနယ်မြေအတွင်း နတ်ဆိုးအရှင်သခင် လင်းယွမ် ဝင်ရောက်လာခြင်းကြောင့် ပြဿနာ အကြီးအကျယ် တက်သွားနိုင်သည်။
ထိုအချိန်တုန်းက နယ်မြေအတွင်း ဝင်ရောက်လာသည့် လင်းယွမ်ကို မိစ္ဆာသားရဲဘုရင် ဟမ်ယဲ့ ထွက်တားခဲ့ပါသည်။ သို့သော် ဟမ်ယဲ့ကလည်း ယန်ရုန်ရုန့်ကို ရှာဖွေနေခဲ့ချိန်ဖြစ်သည်။ လင်းယွမ်ထုတ်ပြသည့် ‘ကျုံးရှောင်းရှောင်း’၏ ပုံတူပန်းချီက ဟမ်ယဲ့ရှာဖွေနေသည့် ‘ကျူးကျူး’ နှင့် တစ်ထေရာတည်း တူညီနေမှန်း မြင်ခဲ့ရသည်။
ထို့ကြောင့် လင်းယွမ်ကို ဟမ်ယဲ့ ခြွင်းချက်ထားပေးလိုက်ပြီး မိစ္ဆာသားရဲနယ်မြေအတွင်း ဝင်ရောက်ခွင့် ပြုလိုက်ကာ မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ဖြေရှင်းစရာရှိသည့်ကိစ္စများ ဖြေရှင်းခဲ့ကြသည်။
နောက်ဆုံးတော့ ယန်ရုန်ရုန့်ကို ပိုင်ဆိုင်ဖို့အတွက် နှစ်ယောက်သား ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြသည်။ ရလဒ်ကတော့ သရေပွဲပင်။
သူ့ရင်ခွင်ထဲက မိန်းကလေးကို ငုံ့ကြည့်ရင်း လင်းယွမ် ဝမ်းနည်းသွားဟန်ဖြင့် မေးလိုက်သည်။
“အဲ့လို အသေးအဖွဲ ကိစ္စလေးတွေကအစ ကိုယ့်ကို ဘာလို့ လိမ်ရတာလဲ”
ယန်ရုန်ရုန်က အမှားလုပ်ထားသူဖြစ်သော်လည်း မကြောက်ပေ။
“ကျွန်မက နဂိုကတည်းက လူလိမ်ပဲလေ၊ အဲ့တာကို ရှင်တို့ သိပြီးတာ ကြာပြီမဟုတ်ဘူးလား”
“ဟုတ်တယ်၊ မင်းကလူလိမ်ပဲ၊ ကိုယ့်နှလုံးသားကို လိမ်ညာလုယူသွားပြီး တာဝန်မယူချင်တဲ့လူ”
လင်းယွမ် တိုးညှင်းစွာ သက်ပြင်းချလိုက်ပြီး လူယုတ်မာတစ်ဦး၏ လှည့်စားမှုကို ခံလိုက်ရသော မိန်းကလေးတစ်ဦးသဖွယ် ပြုမူလိုက်သည်။
“ကျွန်မ ဘယ်လိုလူမျိုးလဲဆိုတာသိရင် ဘာလို့ ဝေးဝေးမှာ မနေတာလဲ”
ယန်ရုန်ရုန်က မေးသည်။
“မင်းဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ကိုယ်မင်းကို ချစ်မိသွားပြီဆိုတာတော့ သေချာတယ်၊ အခုမှ နောက်ပြန်လှည့်လို့မရတော့ဘူး၊ အမှောင်လမ်း ဖြစ်နေရင်တောင် နောက်ဆုံးအချိန်ထိ လျှောက်လှမ်းဖို့ပဲရှိတော့တယ်၊ မင်းဘက်ကလည်း ကိုယ့်ကို လှည့်စားလက်စနဲ့ လမ်းခုလတ်မှာ ရပ်လိုက်လို့မရဘူးနော်၊ အဆုံးအထိ တာဝန်ယူပေးရမယ်”
ယန်ရုန်ရုန် ချက်ချင်း ငြင်းလိုက်သည်။
“ဘာတာဝန်မှ မယူနိုင်ဘူး”
လင်းယွမ် စိတ်ရှုပ်လွန်းသဖြင့် ရယ်မောမိသည်။
“ကိုယ့်ကို နည်းနည်းလေးတောင် ချော့ချင်စိတ်မရှိဘူးလား”
ယန်ရုန်ရုန် ပွင့်ပွင့်လင်းလင်း ဖြေလိုက်သည်။
“မချော့ချင်ဘူး”
“မင်းက အရမ်းသွေးအေးတာပဲ”
လင်းယွမ်ခေါင်းငုံ့လာပြီး သူမနားရွက်နားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“အဲ့တာကြောင့် ပိုတောင် သဘောကျသွားပြီ”
ယန်ရုန်ရုန် ချက်ချင်း မျက်နှာလွှဲပစ်လိုက်သည်။
“ရှင်က ‘မက်စိုးချစ်စ်’လား”
လင်းယွမ် အူတူတူဖြင့် မေးလိုက်လေသည်။
“အဲ့တာဘာလဲ”
“သူများက နာအောင်လုပ်လေလေ ပိုပြီး စိတ်လှုပ်ရှားလေလေဖြစ်တဲ့ စိတ္တဇမျိုးကို ခေါ်တာ”
လင်းယွမ် နှုတ်ခမ်းများကွေးတက်သွားသည်။
“တခြားသူတွေ နာအောင်လာလုပ်တာကိုတော့ မခံနိုင်ပါဘူးနော်၊ ကိုယ့်ကို ရှောင်းရှောင်းတစ်ယောက်တည်းပဲ နာအောင်လုပ်လို့ရတယ်၊ ကိုယ့်အချစ်လေးတစ်ယောက်တည်းကပဲ ကိုယ့်ကို စိတ်လှုပ်ရှားအောင် လုပ်ပေးနိုင်တယ်”
ယန်ရုန်ရုန် ဆွံ့အသွားခဲ့ရပြန်သည်။
‘ဒီကောင့်ဦးနှောက်က ကျိန်းသေပေါက် ပုံမှန်မဟုတ်ဘူး!’
လင်းယွမ် သူမကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
“ကဲပြော ကိုယ့်ကို ဘယ်လို နာအောင် လုပ်ချင်လဲ”
ယန်ရုန်ရုန် လက်မှိုင်ချသွားဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်မက စိတ်မှန်တဲ့လူ၊ သူများကို နာအောင်လုပ်ဖို့ ဝါသနာ မပါဘူး”
လင်းယွမ် အနည်းငယ် စိတ်ပျက်သွားပါသည်။
“ဪ…”
နောက်ဆုံးတော့ နှစ်ယောက်သား အခန်းထဲ ရောက်ရှိသွားကြပါပြီ။ ယန်ရုန်ရုန်လည်း လင်းယွမ်လက်ထဲမှ လွတ်မြောက်ဖို့ တစ်စက္ကန့်ပင် မစောင့်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ ချက်ချင်း ခုန်ဆင်းပြီး ထိုစိက္တဇနှင့် ခပ်ခွာခွာနေလိုက်ပါသည်။
အခန်းထဲကို ဘယ်သူမှမမြင်နိုင်စေဖို့ လင်းယွမ် အခန်းတံခါးလှည့်ပိတ်လိုက်သည်။
သူ့ကို မယုံသင်္ကာ စိုက်ကြည့်နေသည့် ယန်ရုန်ရုန့်ကို မြင်ပြီး လင်းယွမ် ခပ်ပါးပါး ပြုံးလိုက်ပါသည်။
“အချစ်လေးကလည်း ကိုယ့်ကို အဲ့လိုမကြည့်ပါနဲ့၊ အဲ့လိုကြည့်နေရင် ကိုယ်စိတ်တွေ ပိုလှုပ်ရှားလာတယ်နော်”
ယန်ရုန်ရုန်: “ရှင်နည်းနည်းလောက် တည်တည်တံ့တံ့နေလို့မရဘူးလား”
လင်းယွမ် သဘောပေါက်သွားသည်။
“ဪ အဲ့တာဆို ရှောင်းရှောင်းက တည်ကြည်လေးနက်တဲ့ ပုံစံမျိုးကို သဘောကျတာပေါ့”
လင်းယွမ် လက်ဖျောက်တစ်ချက်တီးလိုက်ရာ သူ့ခန္ဓာကိုယ်ပေါ်တွင် ခြုံထားသည့် ဝတ်ရုံနီမှ ဝတ်ရုံဖြူအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ သူ့ ဆံနွယ်ရှည်ရှည် ကောက်ကောက်များကိုလည်း ကျောက်စိမ်းဆံထိုးလေးဖြင့် ခေါင်းပေါ်တွင် သေသေသပ်သပ်ဖြစ်သွားအောင် ထုံးလိုက်ရာ ထူးခြားခန့်ညားသည့် သူ့မျက်နှာသွင်ပြင်များ အထင်းသား ပေါ်လာခဲ့ပါသည်။
ယန်ရုန်ရုန့်ထံ လင်းယွမ် ဖြည်းညှင်းစွာ လျှောက်လှမ်းလာပြီး သူမကို အလွန်နက်ရှိုင်းသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။
“သခင်မလေးရှောင်းရှောင်းကို အခုနမ်းလို့ ရပြီလား”
ယန်ရုန်ရုန် ခြေလှမ်းများ နောက်ဆုတ်သွားသည်။
“မရဘူး!”
လင်းယွမ် ဇဝေဇဝါဖြစ်သွားဟန်ဖြင့် မျက်မှောင်ကြုတ်သွားလေသည်။
“ရှောင်းရှောင်းရဲ့ သဘောထားကို အလေးအနက်ထားပြီး မေးတယ်လေ၊ ဘာလို့ လက်မခံနိုင်သေးတာလဲ၊ ရှောင်းရှောင်းပဲ တည်ကြည်လေးနက်တဲ့ ပုံစံမျိုးကို သဘောကျတာ မဟုတ်ဘူးလား”
ယန်ရုန်ရုန် အသက်ရှူပင် ကြပ်သွားခဲ့သည်။
“ဘယ်လိုတည်ကြည်လေးနက်တဲ့ လူမျိုးက အဲ့လိုမေးခွန်းမျိုး မေးမှာလဲ!”