အခန်း (၁၁၈)
Vol. 12 Ch. 118
🌹Chapter 118
အမြုတေ ဖန်တီးပြီးခါစဖြစ်သဖြင့် ယန်ရုန်ရုန့်၏ ဝိညာဉ်ရင်းမြစ်မှာ မတည်ငြိမ်သေးပေ။ ထို့ကြောင့် လင်းယွမ်နှင့် စကားနိုင်လုဖို့ အချိန်မရှိဘဲ ထိုင်ခုံပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးမှိတ်လျက် ဝိညာဉ်ရင်းမြစ်ကို တည်ငြိမ်အောင် ထိန်းဖို့ စတင်ကျင့်ကြံလိုက်ပါသည်။
လင်းယွမ်က အမြဲလိုလို အပြောင်အပျက် လုပ်နေတတ်သော်လည်း ဝိညာဉ်ရင်းမြစ်ကို တည်ငြိမ်အောင်ထားဖို့က ကျင့်ကြံသူတစ်ယောက်အတွက် အလွန်အရေးကြီးမှန်း နားလည်ပါသည်။ ထို့ကြောင့် ပြဿနာ ဆက်မရှာတော့ဘဲ ထိုင်ခုံတစ်လုံးတွင် ခြေချိတ်ထိုင်ရင်း ယန်ရုန်ရုန် ကျင့်ကြံနေသည်ကို မျက်တောင်မခတ် ငေးကြည့်နေခဲ့သည်။
ထိုစဉ် သူ့ဝတ်ရုံလက်စကို တစ်စုံတစ်ယောက်လာဆွဲနေသည်ဟု လင်းယွမ်ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်ရာ ဘယ်အချိန်ကတည်းကမှန်းမသိ စားပွဲပေါ် ရောက်နေသည့်လျို့လန်ကို မြင်လိုက်ရလေသည်။ လျို့လန်က စားပွဲပေါ်ရှိ သစ်သီးများ၊ မုန့်ပဲသရေစာများကို လှမ်းယူရင်း လင်းယွမ်၏ ဝတ်ရုံလက်စကို မတော်တဆ ဖိထားမိခြင်းကြောင့်ပင်။
လင်းယွမ် သူ့ဝတ်ရုံစကို ဆွဲထုတ်လိုက်သည်။
မျက်စိတစ်မှိတ်အချိန်အတွင်း စားပွဲပေါ်ရှိ အစားအသောက်အားလုံးကို လျို့လန် ပြောင်စင်သွားအောင် စားပစ်လိုက်သည်။ ကြွေပန်းကန်ပြားများကိုပင် တကြွပ်ကြွပ်မည်အောင် ဝါးပြီး မျိုချနေပါသည်။
လင်းယွမ် သွားဖြီးကာ ပြုံးလိုက်ပြီး မေးလိုက်သည်။
“ငါ့မှာ အရသာရှိတဲ့ အစားအသောက်တွေ အများကြီးရှိသေးတယ်၊ စားချင်လား”
အရသာရှိသည့် အစားအသောက်အကြောင်း ကြားလိုက်သည်နှင့်တစ်ပြိုင်တည်း လျို့လန် မျက်လုံးများ ချက်ချင်း အရောင်လက်သွားခဲ့ပါသည်။
လင်းယွမ်ကို မျှော်လင့်တကြီးကြည့်ရင်း ခေါင်းတွေ ဆက်တိုက် ညိတ်ပစ်လိုက်လေသည်။
“စားမယ် စားမယ်!”
လင်းယွမ် ညာဘက်လက်ကို ဖြန့်လိုက်ရာ သူ့လက်ဖဝါးပေါ်တွင် ဧရာမ ဝက်သားပန်းကန်လုံးကြီးတစ်လုံး ပေါ်လာပါသည်။ ထိုဝက်သားများက သာမန်ဝက်သားမဟုတ်ဘဲ နတ်ဆိုးနယ်မြေအတွင်းရှိ အရည်အသွေးအမြင့်ဆုံး မှော်ဝက်သားဖြစ်သည်။ အရသာရှိရုံသာမကဘဲ ရှေးဟောင်းသားရဲများအတွက် အလွန်ကောင်းမွန်သည့် အားဖြည့်စာဟုလည်း ဆိုနိုင်ပါသည်။
ထိုဝက်သားပန်းကန်ကြီးကို ကြည့်ရင်း လျို့လန် သွားရည်များ ကျလာသည်။ အလွန်မွှေးပျံ့သည့် ဝက်သားရနံ့ကို အားရပါးရ ရှူရိုက်ရင်း လက်နှစ်ဖက်ကို ဆန့်တန်းကာ အမြန်အော်တောင်းလိုက်သည်။
“ပေး! မြန်မြန်ပေး!”
လင်းယွမ် ပြုံးသွားသည်။
“စားချင်တယ်ဆိုရင် ငါ့ကို ‘ဖေဖေ’လို့ အရင်ခေါ်ရမယ်”
လျို့လန် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပါသည်။
“ဒါပေမယ့် မေမေက ‘ဦးလေးအကြီးဆုံး’လို့ ခေါ်ရမယ်လို့ မှာထားတယ်လေ…”
လင်းယွမ်က နူးနူးညံ့ညံ့ ချော့ပြောလိုက်သည်။ “ငါက မင်းရဲ့ ဦးလေးအကြီးဆုံးလည်းဟုတ်တယ်၊ ဖေဖေလည်း ဟုတ်တယ်၊ နှစ်ခုစလုံး ဖြစ်လို့ရတယ်”
‘ဦးလေး’နှင့် ‘ဖေဖေ’ဟူသည့် အခေါ်အဝေါ်များ၏ ခြားနားချက်ကို လျို့လန် နားမလည်ပါ။
လျို့လန် လက်ချောင်း ကိုက်လိုက်ပြီး မျက်လုံးမှိတ်ကာ ကျင့်ကြံနေသည့် မေမေဖြစ်သူကို တစ်လှည့်၊ သူ့ရှေ့ရှိ မွှေးရနံ့ သင်းပျံ့နေသည့် ဝက်သားပန်ကန်ကြီးကို တစ်လှည့် ကြည့်ရင်း ဝေခွဲမရဖြစ်နေခဲ့လေသည်။
လင်းယွမ်က ဆက်ပြီးဖြားယောင်းခဲ့ပါသည်။
“ဒီမှာ အရသာရှိတဲ့မုန့်တွေ အများကြီးရှိသေးတယ်နော်၊ ငါ့ကို မင်းဖေဖေ အဖြစ် အသိအမှတ်ပြုရင် ဒီနေ့ကစပြီး နေ့တိုင်းနေ့တိုင်း အရသာရှိတာတွေ စားခွင့်ပြုမယ်”
လျို့လန် ရင်တွေ အလွန်ခုန်သွားပြီး တွန့်ဆုတ်စွာ မေးလိုက်သည်။
“မေမေ စိတ်ဆိုးသွားရင်ကော”
“ဘာလို့ ဆိုးရမှာလဲ! မင်းမေမေက ငါ့ကို အရမ်းသဘောကျတာ၊ ငါ့ကို ဖေဖေလို့ ခေါ်တာကိုကြားရင် သူပိုတောင် ပျော်သွားဦးမယ်”
လျို့လန် မယုံသင်္ကာဖြစ်နေဆဲပင်။
“တကယ်လား”
လင်းယွမ် လေးလေးနက်နက် ရှင်းပြလိုက်သည်။
“ဒါပေါ့! ခုနက လူတွေအများကြီးရှေ့မှာ မင်းမေမေကို ငါပွေ့ချီထားတာလေ၊ ငါ့ကို သူသဘောမကျဘူးဆိုရင် အတင်းရုန်းမှာပေါ့၊ ဒါပေမယ့် မင်းမြင်တဲ့အတိုင်း မင်းမေမေက လုံးဝ မရုန်းကန်ခဲ့ဘူး၊ အဲ့တာ ငါ့ကို လက်ခံတဲ့ သဘောပဲ မဟုတ်ဘူးလား”
သူ့စကားက အဓိပ္ပာယ်ရှိသည်ဟု လျို့လန် ခံစားမိပါသည်။ မေမေက လင်းယွမ်ကို သဘောကျသဖြင့် သူ့ကို ‘ဖေဖေ’ ဟုခေါ်လို့ ပြဿနာမရှိနိုင်ပေ။
ထိုအတွေးဖြင့် လျို့လန် စိတ်ယိမ်းယိုင်သွားပြီး တိုးညှင်းစွာခေါ်လိုက်သည်။
“ဖေဖေ”
လင်းယွမ်လည်း ချက်ချင်း မျက်နှာတောက်ပသွားပြီး ကတိပေးထားသည့်အတိုင်း ဝက်သားပန်းကန်ကြီးကို လျို့လန်ရှေ့တွင် ချပေးလိုက်ပါသည်။
“ငါ့သားတော်တယ် စား စား”
ဝိညာဉ်ကျောက်တုံး ပေါနေလျှင်တောင် ဝယ်ယူ၍ မရနိုင်သည့် အစားအသောက်ပေါင်းစုံကို လင်းယွမ် ထုတ်ပေးလိုက်ပြီး လျို့လန်ရှေ့တွင် တန်းစီချပေးလိုက်သည်။ လျို့လန်ကလည်း လင်းယွမ်ကို အဖေအဖြစ် အသိအမှတ်ပြုလိုက်ရခြင်းက အလွန် တန်သည်ဟု ခံစားနေရပါသည်။
‘ဒီလိုဖေဖေမျိုးတွေ အများကြီးရှိရင်ကောင်းမှာပဲ… အဲ့တာဆို စားစရာတွေ ကုန်မှာမဟုတ်တော့ဘူး!’
လင်းယွမ်လည်း အလွန်ကျေနပ်နေပါသည်။ သူက ဖေဖေ၊ ယန်ရုန်ရုန်က မေမေ… ယခုအချိန်ကစပြီး ပျော်ရွှင်စရာကောင်းသည့် မိသားစုလေးတစ်စု ဖြစ်သွားပါပြီ။
ယန်ရုန်ရုန် ကျင့်ကြံခြင်းပြီးဆုံးကာ မျက်လုံးပြန်ပွင့်လာသောအခါ သာယာကြည်နူးနေကြသည့် ‘သားအဖ ’မြင်ကွင်းတစ်ခုကို ပထမဆုံး မြင်လိုက်ရသည်။
လျို့လန်က သူ့ကို ‘ဖေဖေ’ဟု တဖွဖွ ခေါ်နေပြီး လင်းယွမ်ကလည်း ‘လိမ္မာတဲ့သားလေး’ဟု အဆက်မပြတ် ချီးကျူးနေလေသည်။
ထိုမြင်ကွင်းကြောင့် ယန်ရုန်ရုန် စိတ်အခြေအနေ အတော်လေး ရှုပ်ထွေးသွားပြီး သံသယကြီးစွာ မေးလိုက်သည်။
“ကျွန်မ မရှိတုန်း ရှင်တို့ ထူးထူးဆန်းဆန်း အပေးအယူတွေ လုပ်ထားကြသေးလား၊ ဘာလို့ ရုတ်တရက်ကြီး အဲ့လောက် ရင်းနှီးသွားကြတာလဲ”
လျို့လန်က ပျော်ပျော်ရွှင်ရွှင် ပြန်ဖြေလိုက်သည်။
“မေမေ! ဖေဖေက သားကို အရသာရှိတဲ့မုန့်တွေ အများကြီးကျွေးတယ်! ဖေဖေက သားကို အရမ်းဂရုစိုက်တာပဲ!”
လင်းယွမ်ကလည်း ဖခင်မေတ္တာပြည့်ဝနေသည့် အဖေတစ်ဦးသဖွယ် ပြုံးလိုက်သည်။
“ငါ့သားလေးက လိမ္မာလိုက်တာ၊ မင်းဖေဖေ ဆိုမှတော့ ငါ့သားကို ဂရုစိုက်ပေးရမှာပေါ့”
လျို့လန်: “ဒီဖေဖေကို အရမ်းသဘောကျတယ်!”
‘သားအဖ’နှစ်ယောက်၏ ချစ်ကြည်နူးနေကြပုံကိုမြင်ပြီး ယန်ရုန်ရုန် ခေါင်းကျိန်းသွားခဲ့သည်။ သူမ သည်းမခံနိုင်တော့ဘဲ လက်မောင်းနှစ်ဖက်ကို ကြက်သီးထစွာ ပွတ်လျက် တားလိုက်ပါသည်။
“နှစ်ယောက်စလုံး တော်ကြတော့!”
ထိုစဉ် အခန်းတံခါးခေါက်သံ ရုတ်တရက်ထွက်လာခဲ့သည်။ လင်းယွမ် အပြုံးကို ပြန်ရုတ်သိမ်းလိုက်ပြီး အေးစက်စွာ မေးလိုက်သည်။
“ဘယ်သူလဲ”
“ကျွန်တော်က ဒီစံအိမ်ကြီးရဲ့ အိမ်တော်ထိန်းပါ၊ မြို့စားကြီးက နတ်ဆိုးအရှင်သခင်နဲ့ သခင်မလေးကျုံးတို့ကို ကြိုဆိုဖို့အတွက် စံအိမ်ထဲမှာ ညစာစားပွဲတစ်ခု ကျင်းပဖို့ စီစဉ်ထားပါတယ်၊ အဲ့တာကြောင့် အရှင်တို့ကို လေးစားသမှုနဲ့ ဖိတ်ကြားခိုင်းလိုက်လို့ပါ”
လင်းယွမ်က ယန်ရုန်ရုန့်နားကပ်ကာ တီးတိုးမေးလိုက်သည်။
“သွားကြမလား”
ယန်ရုန်ရုန် ခေတ္တစဉ်းစားလိုက်ပြီး တီးတိုးပြန်ပြောလိုက်သည်။
“အခြားဘယ်သူတွေကို ဖိတ်ထားသေးလဲ မေးကြည့်လိုက်”
သူမ ညွှန်ကြားသည့်အတိုင်း လင်းယွမ် မေးကြည့်ခဲ့သည်။ ထိုအခါ အိမ်တော်ထိန်းက ရိုသေသမှုဖြင့် ပြန်ဖြေခဲ့ပါသည်။
“နတ်ဆိုးအရှင်သခင် ဒီကို ရောက်နေတယ်ဆိုတဲ့အကြောင်းကို ကြားပြီး ညမဲ့မြို့တော်အတွင်းက ဂုဏ်သရေရှိပုဂ္ဂိုလ်တွေ အားလုံး ညစာစားပွဲကို တက်ရောက်နိုင်ဖို့အတွက် မြို့စားကြီးဆီမှာ တောင်းဆိုခဲ့ကြပါတယ်၊ မြို့စားကြီးကလည်း သူတို့ရဲ့ စေတနာကို မငြင်းဆန်လိုတဲ့အတွက် တက်ရောက်ခွင့် ပြုလိုက်တယ်၊ ဒါပေမယ့် အရှင့်အတွက် စိတ်ရှုပ်စရာ ကောင်းတယ်လို့ ခံစားနေရရင် မြို့စားကြီးက သူတို့ကို ချက်ချင်း ပြန်လွှတ်ဖို့အသင့်ပါပဲ”
လင်းယွမ်ကို ယန်ရုန်ရုန် ခေါင်းညိတ်ပြလိုက်ပြီး ညစာစားပွဲတက်ရောက်မည်ဖြစ်ကြောင်း အချက်ပြလိုက်သည်။ ညမဲ့မြို့တော်ကို သူမ လာရောက်ခဲ့ရသည့် အဓိကအကြောင်းအရင်းက ငှက်ပေါက်လေးကို ရှာဖွေဖို့ပင်ဖြစ်သည်။
ငှက်ပေါက်လေးကို ဖမ်းဆီးသွားသူက ဝမ်ပေါင်မျှော်စင်၏ ပိုင်ရှင်ဖြစ်နိုင်ပြီး ထိုပိုင်ရှင်က သူမကို ဒီမြို့တော်ဆီ ရောက်လာအောင် ရည်ရွယ်ချက်ရှိရှိ မျှားခေါ်ခဲ့သည်။ ယခု သူမ ဒီကို ရောက်ရှိနေပြီဖြစ်သဖြင့် ထိုလူက သူမကို လာတွေ့နိုင်ဖို့အတွက် နည်းလမ်းတစ်ခုခု ရှာပါလိမ့်မည်။
ထို့အတွက် ယနေ့ည ညစာစားပွဲက အခွင့်ကောင်းတစ်ခု ဖြစ်ပေသည်။
ဧည့်သည်တော်များအကြား ထိုလူပုန်းကွယ်နေနိုင်သဖြင့် ယန်ရုန်ရုန်ကိုယ်တိုင် သွားတွေ့ရန်လိုအပ်သည်။
လင်းယွမ်က ဆိုသည်။
“မြို့စားရဲ့ စေတနာကို ဒီအရှင် လက်ခံပါတယ်၊ ဒီနေ့ည ရှောင်းရှောင်းနဲ့အတူ ညစာစားပွဲကို တက်ရောက်ပေးမယ်”
“သိပ်ကောင်းတာပေါ့ဗျာ! မြို့စားကြီးကို ဒီငယ်သား ချက်ချင်း သတင်းသွားပို့လိုက်ပါ့မယ်၊ သူအရမ်း ဝမ်းမြောက်သွားမှာ သေချာတယ်!”။
အခန်းအပြင်ဘက်မှ ခြေသံများ တိုးညှင်းပျောက်ကွယ်သွားခဲ့သည်။
ပုံမှန်ဆို ညစာစားပွဲများအတွက် လှလှပပ ပြင်ဆင်ဝတ်စားသွားသင့်သော်လည်း ယန်ရုန်ရုန်က ‘နာမကျန်းသူ’ ဖြစ်သည့်အလျောက် အလှမပြင်နိုင်ရုံတင်မကဘဲ ကျန်းမာရေးဆိုးရွားနေသည့် လူတစ်ယောက်နှင့် တူအောင်ပင် ပြင်ဆင်ရပါလိမ့်မည်။
ထို့ကြောင့် ရိုးရိုးရှင်းရှင်း အဖြူရောင် ဝတ်စုံတစ်ထည်ကို လဲဝတ်လိုက်ပြီး ဆံပင်ကို ရိုးရိုးရှင်းရှင်းထုံးတင်လိုက်သည်။ ထို့နောက် မျက်နှာကို ပိုဖြူဖျော့သွားစေဖို့ အမှုန့်ပေါင်းစုံဖြင့် ခြယ်သလိုက်သည်။ နှုတ်ခမ်းများကိုပင် အဖြူရောင်အမှုန့်များဖြင့် အုပ်ထားသဖြင့် မျက်နှာတစ်ခုလုံး သွေးမရှိတော့သလို ပုံစံပေါက်သွားပါသည်။
သူမ မျက်နှာကို မြင်ပြီး လျို့လန် အလွန်စိတ်ပူသွားလေသည်။
“မေမေ ဖျားနေတာလား”
လျို့လန်ကြောင့် သူစိမ်းတွေရှေ့ အလိမ်ပေါ်သွားမည်ကို စိုးရိမ်သဖြင့် ယန်ရုန်ရုန် သတိပေးလိုက်ပါသည်။
“မဖျားပါဘူး၊ ဒါပေမယ့် အဲ့တာကို သူများတွေ သိသွားလို့ မဖြစ်ဘူးနော်၊ မေမေ့အတွက် လျှို့ဝှက်ထားပေးရမယ် နားလည်လား”
သူမ မဖျားကြောင်း ကြားမှ လျို့လန်စိတ်အေးသွားပြီး ခေါင်းညိတ်လိုက်ပါသည်။
“နားလည်ပြီ!”
လင်းယွမ်က သူ့ခေါင်းလေးကို ပွတ်ပေးရင်း ချီးကျူးလိုက်ပါသည်။
“ငါတို့ လျို့လန်လေးက အရမ်း လိမ္မာတာပဲ၊ လိမ္မာတဲ့ သားလေးအတွက် ခဏနေရင် ညစာစားပွဲမှာ စားစရာတွေ အများကြီးရှိတယ်၊ စားချင်သလောက် စားလို့ရတယ်”
လျို့လန် မျက်လုံးများ အရောင်လက်သွားသည်။
“တကယ် စားချင်သလောက် စားလို့ရတာလား”
လင်းယွမ် အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
“စားချင်သလောက်စား၊ ငါတို့ စည်းစိမ်မှ မဟုတ်တာ”
လျို့လန် ဝမ်းပန်းတသာ အောင်ပွဲခံလိုက်လေသည်။
“ရေး!!!”
လျို့လန်၏ စားနိုင်သောက်နိုင်စွမ်းနှင့်သာဆိုလျှင် ညမဲ့မြို့စားကြီး အမှန်တကယ် မွဲပြာကျပြီး လမ်းဘေးရောက်သွားနိုင်သည်ဟု ယန်ရုန်ရုန် ခံစားမိလေတော့သည်။