အခန်း (၁၁၉)
Vol. 12 Ch. 119
🌹Chapter 119
မှောင်ရီပျိုးသောအခါ ကောင်းကင်ယံ၌ သွေးရောင်လွှမ်းနေသော လခြမ်းကွေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သွေးနီရောင် လခြမ်း၏ မှိန်ပျပျ အလင်းရောင်အောက်တွင် မြို့စားစံအိမ်ကြီးတစ်ခုလုံး မှိုင်းပျကာ ချောက်ချားစရာ ကောင်းနေပါသည်။
ညစာစားပွဲကို ကျောက်နက်ဥယျာဉ်ထဲတွင် ကျင်းပဖို့စီစဉ်ထားသည်။ ဥယျာဉ်ဟု ဆိုသော်လည်း အနက်ရောင် ကျောက်တုံး ကျောက်စိုင်များဖြင့် ဖန်တီးထားသည့် သစ်တောကြီးတစ်ခုနှင့် ပိုတူနေပါသည်။
ဘေးပတ်ပတ်လည်တွင် မြင့်ချေ၊ နိမ့်ချေနှင့် ကျောက်တောင်ထိပ်များ ဝန်းရံနေသည်။ ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ ထိုကျောက်တောအုပ်ကို ဖြတ်ကျော်လိုက်ကြသောအခါ မြင်ကွင်းမှာ ရုတ်တရက် ထင်ရှားသွားခဲ့သည်။
သူတို့ရှေ့တွင် အလွန်ကြည်လင်သော ရေကန်ကြီးတစ်ကန်ရှိနေပြီး အနားသို့ ရောက်လာသည်နှင့် မွှေးကြိုင်လှသော သေရည်နံ့များက လှိုင်ခနဲ ထွက်ပေါ်လာခဲ့သည်။
ရေကန်ကြီးတစ်ခုလုံးက သေရည်များဖြစ်နေပြီး ထိုသေရည်ကန်၏ အလယ်တည့်တည့်တွင် ကြာပန်းနီများစွာ ပွင့်ဖူးနေပါသည်။ လှပသည့် နတ်ဆိုးမလေးများက ကြာနီပန်းများ၏ ပွင့်ဖတ်များပေါ်တွင် ခြေဗလာနှင့် ကပြဖျော်ဖြေနေကြသည်။
ဘေးပတ်လည်ရှိ ကျောက်ဆောင်နံရံများတွင် ဂူပေါက်ငယ်များစွာကို ထွင်းထုထားပြီး တစ်ခုချင်းစီ၌ စားပွဲများ၊ ထိုင်ခုံများ၊ စားကောင်းသောက်ဖွယ်ရာများကို တည်ခင်းထားပါသည်။
ဧည့်သည်တော်များကို ထိုဂူပေါက်ငယ်များထံသို့ ခေါ်ဆောင်ကာ နေရာအသီးသီး ချပေးထားသည်။ ဂူပေါက်ငယ်များက စားသောက်ဆိုင်များရှိ VIP သီးသန့်ခန်းများကဲ့သို့ဖြစ်ကာ အောက်ခြေရှိ ဖျော်ဖြေမှုများကို အနှောင့်ယှက်ကင်းစွာ လွတ်လွတ်လပ်လပ် ကြည့်ရှုနိုင်ကြပါသည်။
ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ကို ရှုခင်းအကောင်းဆုံးနှင့် အကျယ်ဝန်းဆုံး ဂူတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ အထဲရောက်သောအခါ ယန်ရုန်ရုန်တို့ ထိုင်ခုံအသီးသီးတွင် ထိုင်လိုက်ကြပါသည်။
သူတို့ဂူမှ လှမ်းကြည့်လိုက်လျှင် အခြား ဂူငယ်တိုင်းကို မြင်ရပြီး တောင်ထိပ်တစ်ခုမှ အခြားတောင်တန်းများကို ငေးကြည့်နေရသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။
ယခု ဧည့်သည်အတော်များများ ညစာစားပွဲသို့ ရောက်ရှိနေကြပြီဖြစ်သည်။ ဂူတစ်ဂူချင်းစီကို ယန်ရုန်ရုန် သေချာ အကဲခတ်ကြည့်လိုက်ပြီး ငှက်ပေါက်လေး၏ အရိပ်အယောင်ကို ရှာဖွေကြည့်လိုက်ပါသည်။
ယနေ့ည ဧည့်သည်တော်များစွာ ကြွရောက်လာကြပြီး ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် စုံလင်လွန်းလှသည်။ အားလုံးက ထူးထူးဆန်းဆန်း ပုံစံများရှိကြပြီး တစ်ဦးနှင့်တစ်ဦး အလွန်ကွဲပြားခြားနားကြပါသည်။ သို့သော် ၎င်းတို့အနက် ‘အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနှင့် ယောက်ျားတစ်ဦး’ဟူသည့် ဖော်ပြချက်များနှင့် ကိုက်ညီသူ ၁၃ ယောက် ရှိနေပါသည်။
ထို ၁၃ ယောက်၏ တည်နေရာများကို ယန်ရုန်ရုန် စိတ်ထဲမှ တိတ်တဆိတ် မှတ်သားလိုက်ပြီး အနီးကပ်စောင့်ကြည့်ဖို့ ကြံလိုက်သည်။
ဧည့်သည်များကို ယန်ရုန်ရုန် အကဲခတ်နေစဉ် အခြားသူတွေအားလုံးကလည်း ယန်ရုန်ရုန့်ကို အကဲခတ်နေပါသည်။
ကျုံးရှောင်းရှောင်း အလွန်နာမကျန်းဖြစ်နေသည်ဟူသော သတင်းကို အားလုံး ကြားထားကြသည်။ ယခု သူမ၏ ဖြူရော်ဖြူဖပ် မျက်နှာနှင့် လူမမာအသွင်တို့ကို အားလုံး မျက်လုံးဖြင့် ကိုယ်တိုင် တပ်အပ်မြင်လိုက်ရကာ ကောလဟာလများက အမှန်တကယ်ဖြစ်နေကြောင်း အတည်ပြုနိုင်ခဲ့ကြပါသည်။
သို့သော် သူမ အဖျားရောဂါက ထင်ထားသလောက် အန္တရာယ်ရှိပါ့မလား သိချင်မိကြသည်။ အမှန်တကယ် အန္တရာယ် ရှိလျှင် အကောင်းဆုံးဖြစ်ပါလိမ့်မည်။ ကျုံးရှောင်းရှောင်း သေဆုံးသွားသည့်အခါ နတ်ဆိုးအရှင်သခင် လင်းယွမ်လည်း အလွန်စိတ်သောက ရောက်ရလိမ့်မည်။ ထိုအချိန်တွင် သူ့ပလ္လင်ကို လုယူဖို့ နတ်ဆိုးအားလုံးအတွက် အခွင့်အရေး ရလာနိုင်ပါသည်။
ထို့ကြောင့် ကျုံးရှောင်းရှောင်း၏ အဖျားရောဂါက အန္တရာယ်ရှိမနေလျှင် အန္တရာယ်ရှိသွားအောင် သူတို့ ဖန်တီးပေးရမည်။
ညမဲ့မြို့စား၏ ရည်ရွယ်ချက်ကလည်း ဒါပဲ ဖြစ်သည်။ ကျုံးရှောင်းရှောင်း ပြန်ရောက်လာပြီ ဖြစ်ကြောင်း နတ်ဆိုးအားလုံးကို သိစေချင်ခဲ့သည်။
လင်းယွမ်လို လူမျိုးအတွက် အင်အားချည့်နဲ့သည့် ကျုံးရှောင်းရှောင်းက မဟာဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်သည်။ သူမက လင်းယွမ်၏ မဟာအားနည်းချက်ကြီးတစ်ခုဟုလည်း ဆိုနိုင်သည်။ ကျုံးရှောင်းရှောင်းကိုသာ ဖယ်ရှားလိုက်ပါက လင်းယွမ် အလွန်ယိမ်းယိုင်သွားနိုင်ပါသည်။
သေရည်တစ်အိုးကို သယ်ဆောင်ရင်း လင်းယွမ်နှင့် ယန်ရုန်ရုန်တို့ထံသို့ ညမဲ့မြို့စား ချဉ်းကပ်လာခဲ့သည်။ သူ့အပြုံးက နွေဦးလေပြည်လို နွေးထွေးနေပါသည်။
“ဒီညစာစားပွဲက အရှင်နဲ့ သခင်မလေးရှောင်းရှောင်းတို့အတွက် ဒီငယ်သား အထူးစီစဉ်ပေးထားတဲ့ ညစာစားပွဲပါ၊ နှစ်ယောက်စလုံး ပျော်ရွှင်ကြမယ်လို့ မျှော်လင့်ပါတယ်၊ အရှင့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီငယ်သား အရင်ဆုံးသောက်ပါရစေ”
ထို့နောက် ညမဲ့မြို့စား သေရည်ခွက်ကိုမြှောက်ပြီး တစ်ကျိုက်တည်း သောက်ပစ်လိုက်ပါသည်။
ယန်ရုန်ရုန်ကလည်း နာမကျန်းဖြစ်ချင်ယောင် ဆက်ဆောင်နေခဲ့ပါသည်။ နာမကျန်းဖြစ်နေသည့်လူက သေရည် မသောက်သင့်သဖြင့် သူမခွက်ကို မမြှောက်ခဲ့ပါ။ သို့သော် လင်းယွမ်ကတော့ ခွက်ကို နှာခေါင်းနားကပ်ပြီး အနံ့ခံကာ ပြုံးလိုက်သည်။
“အရည်အသွေးကောင်းတဲ့ သေရည်ပဲ”
ထို့နောက် သေရည်ခွက်ကို လျို့လန်ရှေ့ ချပေးလိုက်သည်။
“ငါ့သား သောက်ကြည့်စမ်း”
လျို့လန်က အစားအသောက်မှန်သမျှကို မငြင်းဆန်တတ်ပေ။ သေရည်တစ်ခွက်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး ကွတ်ကီးဝါးသလို ဝါးစားပစ်လိုက်ပါသည်။
လင်းယွမ်က မေးသည်။
“အရသာ ဘယ်လိုနေလဲ”
အရသာက ကောင်းမွန်သော်လည်း ပမာဏ အလွန်နည်းပါးသည်ဟု လျို့လန်က ဆိုသည်။ ဒီလိုခွက်ကလေးက သူ့သွားကြားထိုးဖို့ပင် မလုံလောက်ပေ။
ထိုအခါ လင်းယွမ်က ညမဲ့မြို့စားကို ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။
“ငါ့သားက မင်းတို့သေရည်ကို ကြိုက်တယ်တဲ့၊ အိုးတစ်ရာ လောက် ထပ်ယူလာခဲ့”
ညမဲ့မြို့စား နားကြားမှားသည်အထင်နှင့် ပြန်မေးလိုက်သည်။
“ဘယ်နှအိုးလို့ ပြောလိုက်တာ”
လျို့လန် မျက်မှောင်ကြုတ်သွားသည်။
‘ဒီကောင်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ နားလေးနေတာလဲ၊ ဒီလောက်ရှင်းရှင်းလင်းလင်း ပြောတာတောင် မကြားဘူး!’
လျို့လန် ဆူဆူပုတ်ပုတ်ဖြင့် ဝင်ပြောလိုက်ပါသည်။
“ငါ့ဖေဖေက သေရည် အိုးတစ်ရာ ယူလာခဲ့လို့ ပြောတာလေ၊ အဲ့တာမှ မလုံလောက်သေးရင် ထပ်ယူမယ်”
လျို့လန်နှင့် လမ်းယွမ်တို့ကို ညမဲ့မြို့စား အပြန်အလှန်ကြည့်လိုက်သည်။ ဒီကလေးက နတ်ဆိုးအရှင်သခင်၏ သားဖြစ်ကြောင်း သူလုံးဝ မယုံကြည်နိုင်ပါ။ ရုပ်ချင်းပင် မဆင်ပေ။
‘သားအရင်းမဟုတ်ဘူးလား… ဒါပေမယ့် လင်းယွမ်ရဲ့ စိတ်ဓာတ်က သူများအရှုပ်ထုပ်ကြောင့် ပထွေးဖြစ်ခံမယ့် လူစားမျိုးမဟုတ်ဘူး’
ညမဲ့မြို့စား အနည်းငယ် မှင်သက်သွားခဲ့ပြီး သေချာ သတိပေးလိုက်ပါသည်။
“ဒီသေရည်ကို အိပ်မက်သုံးထောင်သေရည်လို့ ခေါ်တယ်၊ ညမဲ့မြို့တော်မှာပဲ ရှိတဲ့ သေရည်မျိုးပဲ၊ ထုတ်လုပ်ဖို့လည်း အရမ်းတန်ဖိုးကြီးတယ်၊ တစ်ခါသောက်ပြီးရင် နတ်သားတစ်ပါးလို ပေါ့ပါးသွားပြီး ဘဝ သုံးထောင်လောက် အိပ်မက်မက်သွားသလို ခံစားရလိမ့်မယ်၊ ဒါပေမယ့် လူတစ်ယောက်ကို အလွန်ဆုံး သုံးအိုးလောက်ပဲ သောက်နိုင်ကြတာ၊ အဲ့ထက် ပိုသောက်ရင် အသက်အန္တရာယ် ရှိနိုင်တယ်၊ ပိုဆိုးရင် တစ်သက်လုံး နိုးမလာနိုင်တော့ဘဲ အိပ်စက်သွားရလိမ့်မယ်”
လင်းယွမ်က ဂရုမစိုက်စွာ ပြောလိုက်သည်။
“အဲ့တာတွေ မင်းစိတ်ပူစရာမလိုပါဘူး၊ သေရည် ယူမှာသာ ယူခဲ့”
ညမဲ့မြို့စားက ဆက်မဖြောင်းဖြနိုင်တော့သဖြင့် ခိုင်းသည့်အတိုင်းသာ လုပ်ခဲ့ရသည်။ မကြာမီ လင်းယွမ်ရှေ့သို့ သေရည် အိုးတစ်ရာ ရောက်ရှိလာခဲ့သည်။ လျို့လန် ပါးစပ်ဟလိုက်ပြီး သေရည်တစ်အိုးလုံးကို တစ်ကျိုက်တည်း ဝါးမျိုပစ်လိုက်ပါသည်။
မြွေပန်းသီးစားသည့် ဂိမ်းကစားနေသကဲ့သို့ သေရည်တစ်အိုးပြီးတစ်အိုးကို လျို့လန် ဝါးမျိုနေပြီး အိုးတစ်ရာစလုံး ခပ်မြန်မြန်ပဲ ကုန်ဆုံးသွားခဲ့ပါသည်။
ထောင်ထျဲသားရဲတစ်ကောင်၏ အထင်ရှားဆုံး စရိုက်လက္ခဏာမှာ လောဘတရားပင်ဖြစ်သည်။ သေရည် အိုးတစ်ရာနှင့် မလုံလောက်နိုင်သေးသဖြင့် ထပ်လိုချင်သေးကြောင်း ပြောလေသည်။
လင်းယွမ်ကလည်း ညမဲ့မြို့စားကို ဆင့်ခေါ်လိုက်ပြီး မြေအောက်ခန်းထဲတွင် သိုလှောင်ထားသည့် သေရည်အိုးမှန်သမျှကို ယူဆောင်လာဖို့ အမိန့်ပေးလိုက်သည်။ ထို့အပြင် အခြား အစားအသောက်တွေကိုပါ အဆတစ်ရာတိုးပြီး တည်ခင်းပေးဖို့ အမိန့်ပေးလိုက်လေသည်။
ညမဲ့မြို့စား ခံစားချက်တွေ မကောင်းတော့ပေ။ ဒီအတိုင်းသာ ဆက်စားသောက်နေကြပါက လင်းယွမ်တို့ သားအဖနှစ်ယောက်ကြောင့် မြို့စားစံအိမ်ကြီးတစ်ခုလုံး မွဲပြာကျသွားတော့မည်။ ညမဲ့မြို့စား၏ စည်းစိမ်က အလွန်ပေါများ ကြွယ်ဝသော်လည်း ဒီလို သုံးဖြုန်းမှုပမာဏမျိုးကို ခံနိုင်ရည်ရှိမည် မဟုတ်ပါ။ သို့သော် လင်းယွမ်က အမိန့်ပေးနေသဖြင့် သူ မငြင်းဆန်ရဲခဲ့ပေ။
သေရည်အိုးများကို တစ်အိုးပြီးတစ်အိုး ဝါးမျိုနေသည့် လျို့လန်အား ညမဲ့မြို့စား ဒီတိုင်း ရပ်ကြည့်နေခဲ့ရသည်။ ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်တန်သည့် သေရည်အိုးတိုင်းကို သကြားလုံးပမာ အလွယ်တကူ စားသုံးပစ်နေသည်။ ညမဲ့မြို့စားကြီး ဘယ်လောက်ပဲ ကြွယ်ဝချမ်းသာနေပါစေ ညတွင်းချင်း သူ့ပိုင်ဆိုင်မှုတွေ သိသိသာသာ လျော့နည်းသွားသလို ခံစားလိုက်ရပါသည်။
သားအဖနှစ်ယောက် ဒီလောက်နှင့်သာ ရပ်လိုက်ကြဖို့ ညမဲ့မြို့စား ဆုတောင်းနေရသည်။
စံအိမ်အတွင်းရှိ သေရည်အိုးများအားလုံး လျို့လန်ဗိုက်ထဲ ရောက်ရှိသွားသဖြင့် ညစာစားပွဲတွင် တည်ခင်းပေးဖို့ သေရည်မကျန်ရှိတော့ပေ။ အခြားဧည့်သည်တော်များ တစ်ခွက်လောက် သောက်ပြီးနောက် ထပ်သောက်စရာ ဘာမှ မရှိကြတော့ပါ။
သေရည်မပါသည့် ညစာစားပွဲက အဓိပ္ပာယ်မရှိလှပေ၊။
ရွေးချယ်စရာမရှိတော့သဖြင့် ညမဲ့မြို့စားလည်း ဗဟိုသေရည်ကန်ထဲမှ သေရည်များကို သွားခပ်ဖို့ လူလွှတ် စေခိုင်းရတော့သည်။
ထိုအခါ လျို့လန်က ရုတ်တရက် မတ်တပ်ရပ်ကာ ကမ်းလှမ်းလိုက်သည်။
“ငါ သွားယူပေးမယ်”
မြို့စားက ခပ်တင်းတင်း ပြုံးလျက် ငြင်းလိုက်သည်။
“မလိုပါဘူး၊ ဒီလို အလုပ်ကြမ်းတွေအတွက် အစေခံတွေကို ခိုင်းလို့ရတယ်၊ သခင်လေး လက်ချောင်းတစ်ချောင်းတောင် မ,စရာမလိုဘူး”
“လျို့လန်ကို သွားခိုင်းလိုက်၊ ဒီကလေး ဒီလောက်ထိစားသောက်ထားတာ နည်းနည်းပါးပါး လုပ်အားပြန်ပေးသင့်တာပေါ့ မဟုတ်ဘူးလား”။ လင်းယွမ် ဝင်ပြောလိုက်သည်။
သူတို့အကြံအစည်ကို ညမဲ့မြို့စားကောင်းကောင်းကြီး ရိပ်မိပါသည်။ လျို့လန်က ကူညီပေးချင်သည်ဟု ဆိုသော်လည်း သေရည်ထပ်သောက်နိုင်ဖို့ ဆင်ခြေပေးနေခြင်းသာ။
သို့သော် ညမဲ့မြို့စားစိတ်ထဲ အတွေးတစ်ခု ထပ်ပေါ်လာသည်။ လျို့လန်ကို သူငြင်းစရာမလိုပေ။ သေရည်ကန်ထဲရှိ သေရည်များက ‘အိပ်မက်သုံးထောင်’ သေရည်ထက် အဆပေါင်းများစွာ ပိုပြင်းပါသည်။ လျို့လန် ဘယ်လောက်ပဲ ခံနိုင်ရည် ရှိနေပါစေ အနည်းငယ်သောက်သုံးမိရုံနှင့် သတိလစ်သွားမှာသေချာသည်။
သတိလစ်သွားသည့်အခါ ရေကန်ထဲပြုတ်ကျပြီး ရေနစ်သေဆုံးသွားလိမ့်မည်။ ထိုအခါ ကိုယ့်ထိုက်နှင့် ကိုယ့်ကံ ဖြစ်သဖြင့် သူ့ကို လင်းယွမ် အပြစ်တင်ချင်လျှင်တောင် အများက လက်ခံမှာမဟုတ်ပါ။
ထို့ကြောင့် ညမဲ့မြို့စား ဖော်ဖော်ရွေရွေ ပြုံးလိုက်သည်။
“ကောင်းပါပြီ၊ အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး၊ ချော်မလဲအောင် ဂရုစိုက်ပါဦး”
လျို့လန် ဂူထဲမှ ခပ်သုတ်သုတ်ထွက်သွားသည်။ ထို့နောက် သေရည်ကန်စွန်းတွင် ခါးကုန်းလိုက်ပြီး အသက်ဝဝရှူလျက် သူ့မျက်နှာကို ရေကန်ထဲ နှစ်ကာ သေရည်များကို အားပါးတရ စုပ်သောက်ပစ်လိုက်ပါသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ညမဲ့မြို့စား ရင်ထဲမှ ကြိတ်ရယ်မိသည်။
‘ဒီသောက်ကလေး သင်ခန်းစာကောင်းကောင်း ရတော့မှာပဲ’
သို့သော် သိပ်မကြာလိုက်ဘဲ ညမဲ့မြို့စား မျက်လုံးများ ပြူးကျယ်သွားခဲ့ရပြီး သူငယ်အိမ်များပင် တုန်ခါသွားခဲ့သည်။ သေရည်ကန်ထဲရှိ သေရည်ပမာဏက သာမန်မျက်စိဖြင့် မြင်သာသော အမြန်နှုန်းဖြင့် တဖြည်းဖြည်း လျော့နည်းသွားခဲ့ပါသည်။
လျို့လန်၏ ခန္ဓာကိုယ်က အလွန်သေးငယ်သော်လည်း သေရည်များစွာ သောက်သုံးပြီးချိန်မှာပင် အရွယ်အစားပြောင်းလဲမှုလုံးဝမရှိခဲ့ချေ။
သူ့ခန္ဓာကိုယ်ထဲ အဆုံးမဲ့ ဟင်းလင်းနယ်ကြီးတစ်ခု ရှိနေသည့်အလား…