အခန်း (၁၂၀)
Vol. 12 Ch. 120
🌹Chapter 120
လျို့လန်ကြောင့် သေရည်ကန်ကြီးတစ်ကန်လုံး ခမ်းခြောက်သွားသည်ကို ညစာစားပွဲတွင် ရှိနေသည့် ဧည့်သည်များအားလုံး မြင်သွားပြီး ကြက်သေသေကုန်ကြလေသည်။
မကြာသေးခင်ကမှ ကန်ရေပြင်ပေါ်တွင် ဖူးပွင့်နေခဲ့သည့် ကြာပန်းနီများလည်း အာဟာရပြတ်တောက်သွားကာ ချက်ချင်းပင် ညှိုးနွမ်းသွားခဲ့ပါသည်။ တစ်ချိန်က ကြည်လင်တောက်ပနေခဲ့သည့် သေရည်ကန်ကြီးမှာ ယခုတော့ ခြောက်သွေ့ပြီး ပွင့်ဖတ်ခြောက်များ ပြန့်ကျဲနေသည့် တွင်းပေါက်ကြီးတစ်ခုအဖြစ်သာ ကျန်ခဲ့တော့သည်။
ရှုခင်းတစ်ခုလုံးက စိတ်ဓာတ်ကျစရာ ကောင်းလှပါသည်။ ထိုအခြေအနေတွင် ကခုန်နိုင်စွမ်းမရှိတော့သည့် နတ်ဆိုးမလေးများကလည်း ဘာဆက်လုပ်ရမှန်း မသိတော့ဘဲ ရေကန်စွန်းတွင် ဒီအတိုင်း မတ်တပ်ရပ်နေကြရသည်။ ယခင်က စည်ကားသိုက်မြိုက်နေခဲ့သည့် ညစာစားပွဲကြီး တစ်ခုလုံး ချက်ချင်းဆိုသလို တိတ်ဆိတ်သွားလေတော့သည်။
ဧည့်သည်များအားလုံး တရားခံဖြစ်သော လျို့လန်ကိုသာ စိုက်ကြည့်နေကြပါသည်။
သို့သော် လျို့လန်ကတော့ နည်းနည်းလေးမှ မရှက်မိပါ။ မြေကြီးပေါ်မှာ ထိုင်ပြီး သူ့ဝမ်းဗိုက်ကလေးကို ပုတ်လျက် စိတ်ကျေနပ်စွာ သက်ပြင်းချလိုက်ပါသည်။
“ကောင်းလိုက်တာ!”
သူဒီလို ဝဝလင်လင် မစားရသည်မှာ အလွန်ကြာပါပြီ။ ဒီညစာစားပွဲကြီးက ပျော်စရာကောင်းလွန်းလှသည်။ ဘယ်တော့မှ အဆုံးမသတ်လျှင် ပိုကောင်းမည်ဟုပင် လျို့လန် တွေးမိပါသည်။
မျက်နှာတစ်ခုလုံး ပြာနှမ်းသွားသည့် ညမဲ့မြို့စား၏ မျက်နှာကို ကြည့်ရင်း ယန်ရုန်ရုန် ခပ်ပါးပါး ပြုံးလိုက်သည်။
“စိတ်မရှိပါနဲ့ရှင်၊ ကျွန်မတို့ လျို့လန်လေးက… နည်းနည်း အစားကြီးလို့ပါ၊ မြို့စားကြီး စိတ်မဆိုးဘူးမလား”
သွားတွေ အမှုန့်ကြေသွားရလောက်သည့်အထိ ညမဲ့မြို့စား အံကြိတ်ပစ်လိုက်သည်။ စိတ်ထဲမှာလည်း အော်ဟစ်သောင်းကျန်းနေမိပါပြီ။
‘အဲ့ဒီသောက်ကလေးက သေရည်ကန်တစ်ကန်လုံးကို သောက်ပစ်လိုက်တာလေ! အဲ့တာ နည်းနည်းအစားကြီးတာတဲ့လား!’
ထိုကလေးတစ်ယောက်တည်း၏ စားနိုင်သောက်နိုင်စွမ်းက ယနေ့ည ဧည့်သည်တော်အားလုံးထက်ပင် ပိုမို ကြီးမားနေပါသည်။ ဒီသောက်ကလေးက ထောင်ထျဲသားရဲများ ဝင်စားသလားဟုပင် မြို့စား သံသယဝင်မိသည်။ မဟုတ်ပါက ဒီလောက်ထိ စားနိုင်သောက်နိုင်စရာအကြောင်း မရှိပေ။
သူ့ခန့်မှန်းချက်များ မှန်ကန်နေကြောင်း ညမဲ့မြို့စား မသိခဲ့ရှာပါ။ အကျည်းတန်တန် ပြုံးကာ သူပြောလိုက်သည်။
“အစားအသောက်တွေပဲဥစ္စာ ဘာပြဿနာမှ မရှိပါဘူး၊ ဒါပေမယ့် ဒီနေ့ ညစာစားပွဲအတွက် စီစဉ်ထားတဲ့ အစားအသောက်ပမာဏက အကန့်အသတ်ရှိတယ်လေ၊ အခုသေရည်တွေ တစ်စက်မှ မကျန်တော့ဘူးဆိုတော့ အခြား ဧည့်သည်တွေကို ဘယ်လိုရှင်းပြရမလဲ မသိတော့ပါဘူး”
သေရည်မသောက်ရလည်း သေသွားမှာမဟုတ်သဖြင့် မရှိလျှင် သောက်စရာမလိုကြောင်း လင်းယွမ်ပြောဖို့ ကြံလိုက်ပါသည်။ သို့သော် ယန်ရုန်ရုန်က သူ့ထက်အရင်ဦးအောင် ပြောလိုက်သည်။
“ညစာစားပွဲဆိုတာ သေရည်မပါလို့ ဘယ်ဖြစ်ပါ့မလဲ၊ လျို့လန်တကယ် ဆိုးတာပဲ၊ ကျွန်မသူ့ကို ခေါ်ပြီး အားလုံးကို လိုက်တောင်းပန်လိုက်ပါ့မယ်”
ထိုသို့ပြောပြီးနောက် ယန်ရုန်ရုန် စားပွဲပေါ် လက်တစ်ဖက်ထောက်လျက် အားပြုကာ ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ပြီး အမှန်တကယ် လိုက်တောင်းပန်ဖို့ ပြင်လိုက်သည်။
ညမဲ့မြို့စားလည်း အံ့အားသင့်သွားခဲ့ရသည်။ ကျုံးရှောင်းရှောင်း ဘာတွေကြံစည်နေသလဲ သူနားမလည်နိုင်ပါ။ ထို့ကြောင့် သူမကို မတားခဲ့သော်လည်း သေချာစောင့်ကြည့်နေခဲ့သည်။ သူမ၏ လျှို့ဝှက်အကြံအစည် ဘာဖြစ်ကြောင်း မြို့စား သိချင်နေပါသည်။
သို့သော် လူတကာအား ယန်ရုန်ရုန် ဦးညွှတ်တောင်းပန်ရမည်ကို လင်းယွမ်ကတော့ လုံးဝ လက်မခံနိုင်ပေ။ ထို့ကြောင့် သူမနောက် ပြေးလိုက်ပြီး လက်မောင်းကို ဆွဲကာ တီးတိုးပြောလိုက်သည်။
“အဲ့ကောင်တွေက ဘာမို့လို့လဲ၊ မင်းတောင်းပန်စရာလိုရအောင် ဘာအဆင့်အတန်းရှိကြလို့လဲ၊ သူတို့ မကျေနပ်တာ ရှိရင် ကိုယ့်ဆီလာခဲ့လို့ရတယ်၊ အကုန်သတ်ပစ်မယ်!”
အနောက်မှ ခပ်ခွာခွာတွင် လိုက်လာသည့် မြို့စားကို ယန်ရုန်ရုန်လှည့်ကြည့်လိုက်ပြီး လင်းယွမ်အား တိုးတိုးလေး အသိပေးလိုက်ပါသည်။
“ဒီပြဿနာကို အကြောင်းပြပြီး ငှက်ပေါက်လေးကို ရှာဖို့ အခွင့်အရေးဖန်တီးနေတာ!”
လင်းယွမ် လက်မခံနိုင်သေးပေ။
“အဲ့လိုဆိုရင်တောင် မင်းသူတို့ရှေ့မှာ ခေါင်းငုံ့စရာ လုံးဝ မလိုဘူး!”
ယန်ရုန်ရုန် စိတ်ပျက်လက်ပျက်ပြောလိုက်ပါသည်။
“ဒီတိုင်း အပေါ်ယံဟန်ဆောင်တာပါ၊ ရှင်လည်းရှိနေတာပဲ၊ ကျွန်မကို ဘယ်သူမှ ဘာမှ လုပ်ရဲကြမှာမဟုတ်ဘူး”
သူမ စကားလုံးများကြောင့် လင်းယွမ် အနည်းငယ် ကျေနပ်သွားသည်။ မေးငေါ့ကာ ပြုံးလျက် ဂုဏ်ယူဝံ့ကြွားသော မျက်လုံးများဖြင့် သူထောက်ခံလိုက်ပါသည်။
“ဒါပေါ့! ကိုယ်ဒီမှာရှိနေသေးသရွေ့ ရှောင်းရှောင်း ခေါင်းပေါ်က ဆံနွယ်တစ်မျှင်ကိုတောင် သူတို့ မထိနိုင်စေရဘူး!”
ထို့နောက် ယန်ရုန်ရုန့်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး တီးတိုး သတိပေးလိုက်ပါသည်။
“မမေ့နဲ့နော်၊ မင်းက နာမကျန်းဖြစ်နေရမယ့်လူ”
ယန်ရုန်ရုန် သူ့ကို ဆောင့်တွန်းပစ်ချင်စိတ်အား မနည်းချုပ်တီးလိုက်ရပြီး ချောင်းနှစ်ချက်လောက် ဆိုးပြလိုက်ပါသည်။
“သွားကြမယ်”
ထို့နောက် နှစ်ယောက်အတူတူ လျို့လန်ကို သွားခေါ်လိုက်ပြီး ဂူတစ်လုံးချင်းဆီသို့ သွားကာ ဧည့်သည်များအား လိုက်တောင်းပန်ခဲ့ပါသည်။
ယန်ရုန်ရုန် မှတ်သားထားသည့် ဧည့်သည် ၁၀ ယောက်ဝန်းကျင်ကျော် ရှိသည်။ ယခု တောင်းပန်သည်ဟူသော အကြောင်းပြချက်ဖြင့် ထိုဧည့်သည်များကို အနီးကပ် စစ်ဆေးနိုင်ပါပြီ။
သူတို့ ပထမဆုံး သွားတောင်းပန်သည့် ဧည့်သည်များက ညီအစ်ကိုနှစ်ယောက် ဖြစ်သည်။ အစ်ကိုဖြစ်သူက စီးပွားရေးသမားတစ်ဦးဖြစ်ကာ ညမဲ့မြို့တော်တွင် နေထိုင်သည့် သူဌေးကြီးတစ်ဦးလည်းဖြစ်သည်။ ညီဖြစ်သူမှာတော့ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ရှိကာ ကျင့်ကြံခြင်းအဆင့် မြင့်မားသည့် နတ်ဆိုးစစ်သူကြီး ၉၉ ပါးထဲမှ တစ်ပါးဖြစ်ပါသည်။
ဂူထဲကို ရောက်သည်နှင့် ညီဖြစ်သူကို ယန်ရုန်ရုန် ခေါင်းအစခြေအဆုံး သေချာ အကဲခတ်ကြည့်လိုက်သည်။ နတ်ဆိုးစစ်သူကြီးတစ်ပါးဖြစ်သော်ငြား ထောင်ထျဲသားရဲကို ယှဉ်နိုင်မည်သူမျိုးမဟုတ်ဟု ယန်ရုန်ရုန်တွေးမိသည်။
သို့သော် အတည်ပြုနိုင်ဖို့အတွက် လျို့လန်ကို ငုံ့ကြည့်ကာ မေးလိုက်ပါသည်။ “သူလား”
လျို့လန်က မျက်လုံးဖြင့် မစစ်ဆေးဘဲ နှာခေါင်းကို အသုံးပြုခဲ့သည်။ ညီဖြစ်သူအနားသို့ တိုးသွားကာ သေချာ အနံ့ခံကြည့်လိုက်ပြီး ယန်ရုန်ရုန့်အား ခေါင်းခါပြလိုက်ပါသည်။
“အနံ့မတူဘူး၊ သူ မဟုတ်ဘူး”
ရှေ့တွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို ကြည့်ရင်း နတ်ဆိုးညီနောင်နှစ်ယောက် အံ့အားသင့်မှင်သက်သွားကြသည်။ ဒီလူတွေက တောင်းပန်ဖို့ လာခဲ့သည်ဟု ဆိုသော်လည်း အမှန်တကယ်တောင်းပန်ဖို့ စိတ်ကူးရှိပုံမပေါ်ပါ။
ညီအစ်ကိုနှစ်ယောက် မကျေမနပ်ဖြစ်မိသော်လည်း နတ်ဆိုးအရှင်သခင်၏ အကြွင်းမဲ့စွမ်းအားကို ကြောက်ရွံ့ကြသဖြင့် ဘာမှ မပြောရဲကြဘဲ တိတ်တဆိတ်သာ မတ်တပ်ရပ်နေခဲ့ကြပါသည်။
လျို့လန်၏ ခေါင်းလေးကို ပုတ်ပေးရင်း ညီအစ်ကိုနှစ်ယောက်ကိုကြည့်ကာ ယန်ရုန်ရုန် ခပ်ပါးပါး ပြုံးပြလိုက်ပါသည်။
“ဒီနေ့ည သေရည်ဝဝလင်လင် မသောက်ရအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်ရှင်”
စီးပွားရေးသမားဖြစ်သည့် အစ်ကိုဖြစ်သူက အပေါ်ယံ ဟန်ဆောင်ကောင်းပါသည်။ ရင်ထဲမှာ ဘယ်လိုပဲ ခံစားနေရပါစေ မျက်နှာပေါ်မှာ အပြုံးပန်းများဖြင့် ပြည့်နှက်နေလေသည်။
“ရပါတယ် ရပါတယ်! ကိစ္စမရှိဘူး သေရည်မသောက်ရတာ ဘာအရေးကြီးလို့လဲ၊ နတ်ဆိုးအရှင်နဲ့ သခင်မလေးတို့ တောင်းပန်ဖို့တောင် မလိုအပ်ပါဘူး၊ ဒီနေ့ည နတ်ဆိုးအရှင်ကို ရှုမြင်ခွင့်ရရုံနဲ့တင် ကျုပ်တို့အတွက် ဂုဏ်ယူစရာ ဖြစ်နေပြီ”
ယန်ရုန်ရုန် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ကျွန်မတို့ သွားလိုက်ပါဦးမယ်၊ သုံးဆောင်စရာရှိတာ သုံးဆောင်ကြပါနော်၊ လိုက်ပို့စရာမလိုပါဘူး”
ထို့နောက် အခြားဂူပေါင်းများစွာကို လိုက်လံစစ်ဆေးခဲ့ကြသည်။ ဧည့်သည်များအားလုံးက ခြားနားကြသော်လည်း ကျုံးရှောင်းရှောင်းဘေးတွင် နတ်ဆိုးအရှင်သခင်ကိုယ်တိုင် ပါလာသည်ကို မြင်ပြီး ကြောက်ရွံ့လွန်းသဖြင့် ဘယ်သူမှ မလှုပ်ရဲခဲ့ကြပေ။
ယန်ရုန်ရုန် ဘယ်လိုပဲ တောင်းပန်ပါစေ အားလုံး ခေါင်းတညိတ်ညိတ်ဖြင့် ဦးညွှတ်ကာ ပြဿနာမရှိကြောင်း ပြောခဲ့ကြသည်။
ဂူတိုင်းတွင် လျို့လန်ကို ယန်ရုန်ရုန် အတည်ပြုခိုင်းခဲ့သည်။ လျို့လန်ကလည်း ခေါင်းသာ ဆက်တိုက် ခါနေခဲ့ပါသည်။
ညမဲ့မြို့စားက အနောက်မှ ထပ်ကြပ်မကွာ လိုက်မလာသော်လည်း သူ့လက်အောက်ငယ်သားအချို့ကို စေလွှတ်ထားသည်။ ယန်ရုန်ရုန်တို့၏ လှုပ်ရှားမှုတိုင်းနှင့် စကားလုံးတိုင်းကို သူ့လက်အောက်ငယ်သားများမှတဆင့် ကြားသိခဲ့ရသည်။
ထို့ကြောင့် ကျုံးရှောင်းရှောင်းက အမှန်တကယ် တောင်းပန်နေခြင်းမဟုတ်ဘဲ ဆင်ခြေပေးပြီး တစ်စုံတစ်ယောက်ကို ရှာဖွေနေခြင်းဖြစ်မည်ဟု ညမဲ့မြို့စား စတင်သံသယဖြစ်လာခဲ့ပါပြီ။
‘သူဘယ်သူ့ကို ရှာနေတာလဲ…’
ယန်ရုန်ရုန် သံသယရှိသူစာရင်းကို တစ်ယောက်ပြီးတစ်ယောက် ခြစ်ချခဲ့သည်။ နောက်ဆုံးတော့ သံသယရှိသူ တစ်ယောက်သာ ကျန်ပါတော့သည်။ ထိုပုဂ္ဂိုလ်ကသာ သူမတို့ ရှာဖွေနေသည့်လူမဟုတ်လျှင် ဒီနေ့ည သူမတို့ တွေ့ချင်နေသည့်လူ ညစာစားပွဲသို့ တက်ရောက်မလာသည့် သဘောဖြစ်ကာ အခြားနည်းလမ်း ရှာဖွေရပါတော့မည်။
အဆိုးဆုံးအတွက် စိတ်ကို ကြိုတင်ပြင်ဆင်ကာ လင်းယွမ်၊ လျို့လန်တို့နှင့်အတူ ယန်ရုန်ရုန် နောက်ဆုံးဂူထဲ ဝင်လာခဲ့လေသည်။
ဂူထဲတွင် ဧည့်သည်တစ်ဦးသာရှိသည်။ အသက် ၂၀ ဝန်းကျင်ရှိမည်ဟု ထင်ရပြီး ပိန်ပိန်ပါးပါး အရပ်ရှည်ရှည် ခန္ဓာကိုယ်မျိုး ရှိကာ နက်ပြာရောင် ဝတ်ရုံတစ်ခုကို ခြုံထားသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် လက်ဝတ်ရတနာ ဘာမှ မရှိဘဲ အနက်ရောင် ဆံနွယ်များကို ရိုးရှင်းသည့် သစ်နက်သားဆံထိုးဖြင့် ထုံးထားပါသည်။
ရုပ်ရည်ပြေပြစ်သော်လည်း သူ့မျက်ခွံများက တစ်ဝက်လောက်ထိ ပိတ်နေသဖြင့် အိပ်ရေးမဝသည့် လူတစ်ယောက်လို ဖြစ်နေသည်။ ထို့အပြင် အသားအရည်ကလည်း ဖြူရော်ဖြူဖပ်ဖြစ်နေကာ ခံစားချက်မဲ့နေသော မျက်နှာထားကြောင့် မနက်ဖြန်အတွက် မျှော်လင့်ချက်မဲ့ကာ အရှုံးပေးထားသည့် လူတစ်ဦးဟုပင် ထင်ရသည်။
ထိုပုဂ္ဂိုလ်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်တည်း လျို့လန် မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ရုတ်တရက် အော်ပြောလိုက်ပါသည်။
“မေမေ သူပဲ!”