အခန်း (၁၂၂)
Vol. 13 Ch. 122
🌹Chapter 122
လင်းယွမ်က ယန်ရုန်ရုန့်မေးကို လှမ်းကိုင်ပြီး သူ့ဘက်သို့ မျက်နှာပြန်လှည့်လာအောင် အတင်းဆွဲလိုက်သည်။ ထို့နောက် သတိပေးသံမျိုးဖြင့် သူမေးလိုက်သည်။
“ဘယ်တွေလျှောက်ကြည့်နေတာလဲ”
ယန်ရုန်ရုန့် မျက်လုံးများက လောလောထံမှာသာ ရှိနေမှန်း လင်းယွမ် သတိထားမိပါသည်။ မသိလျှင် လောလော ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများကို ဆွဲချွတ်ပစ်ချင်နေသည်ဟုပင် ထင်ရသည်။
ထို့ကြောင့် လင်းယွမ် အလွန်သဝန်တိုရပါသည်။ ရုပ်ရည်သွင်ပြင်ကော၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုအရကော သူက ထို ဖီရှို့သားရဲထက် အဆပေါင်းများစွာ သာလွန်ပါသည်။ ထို့ကြောင့် ယန်ရုန်ရုန် စိုက်ကြည့်နေသင့်သည့် ယောက်ျားက သူသာ ဖြစ်ရမည်။
လင်းယွမ်၏ လက်ကို တွန်းထုတ်ရင်း ယန်ရုန်ရုန် သိက္ခာပြန်ထိန်းလိုက်သည်။ ထို့နောက် လောလောကို သူမ လေးလေးနက်နက် ပြောလိုက်ပါသည်။
“ကျွန်မက သာမန်လူသား ကျင့်ကြံသူတစ်ယောက်လေ၊ ကျင့်ကြံခြင်းအဆင့်ကလည်း ရှင့်ထက်အများကြီး နိမ့်ကျတယ်၊ ဘာမှကူညီပေးနိုင်မှာ မဟုတ်လောက်ဘူး”
သို့သော် လောလောကတော့ ယုံကြည်ချက်အပြည့်အဝ ရှိသည်။
“မင်းက သာမန်လူသားကျင့်ကြံသူ မဟုတ်တာ သေချာတယ်၊ ငါ့ကို ကျိန်းသေပေါက် ကူညီပေးနိုင်မယ့်လူပဲ”
ယန်ရုန်ရုန် နားမလည်နိုင်ဖြစ်သွားသည်။
“ထောင်ထျဲသားရဲရဲ့ အချုပ်အနှောင်တွေကို ကျွန်မချိုးဖျက်ပေးခဲ့လို့ အဲ့လိုစကားမျိုး ပြောတာလား၊ ရိုးရိုးသားသားပြောရရင် အဲ့ဒီတုန်းက ကြက်ကန်းဆန်အိုးတိုးသွားတာနော်၊ ဘာတွေဖြစ်သွားမှန်း ကျွန်မကိုယ်တိုင်တောင် နားမလည်ခဲ့ဘူး”
သူမသွေးက သော့ချက်ဖြစ်နိုင်ကြောင်း ယန်ရုန်ရုန် ခန့်မှန်းမိပါသည်။ သို့သော် ထိုအချက်ကိုတော့ ဘယ်သူ့ကိုမှ ထုတ်မပြောနိုင်ပါ။ တစ်ဖက်တွင် သူမ သွေး၏ အသုံးဝင်မှုအကြောင်း လောလော သိသွားလျှင် သူမကို ဖမ်းဆီးပြီး သွေးအိတ်တစ်အိတ်လို အသုံးချမှာကို စိတ်ပူရသည်။
တစ်ဖက်တွင်လည်း ထိုအချုပ်အနှောင်များနှင့် ပတ်သတ်ပြီး လောလောထံမှ အချက်အလက်များ ထပ်မံ နှိုက်ထုတ်ချင်ပါသေးသည်။ ထိုအချုပ်အနှောင်များအကြောင်း ပိုမို နားလည်သွားပါက သူမခန္ဓာကိုယ်၏ လျှို့ဝှက်ချက်များနှင့် သူမသွေးက ဘာကြောင့် ပြဿနာအတော်များများအတွက် သော့ချက်တစ်ခု ဖြစ်နေရခြင်းကို နားလည်သွားနိုင်လောက်သည်။
လောလောက ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ငါနဲ့ ထောင်ထျဲသားရဲတို့ကို ချုပ်နှောင်ခဲ့တဲ့ စွမ်းအားက တစ်ခုတည်းပဲ၊ ထောင်ထျဲသားရဲကို လွတ်မြောက်အောင် လုပ်ပေးနိုင်ခဲ့တယ်ဆိုရင် ငါ့ကိုလည်း ကျိန်းသေပေါက် လွတ်မြောက်အောင် လုပ်ပေးနိုင်မှာပဲ”
ယန်ရုန်ရုန် မေးခွန်းထုတ်သည်။
“ရှင့်ကို ဘယ်သူ ချိပ်ပိတ်သွားခဲ့တာလဲ”
လောလော ခေါင်းခါလိုက်ပြီး မသိကြောင်းပြောလိုက်သည်။
ယန်ရုန်ရုန် မယုံသင်္ကာဖြစ်စွာ ထပ်မေးလိုက်ပါသည်။
“တကယ်မသိတာလား”
လောလောက ခါးသီးစွာ ပြုံးလိုက်လေသည်။
“ငါမင်းကို လိမ်စရာအကြောင်းမရှိဘူး၊ ငါအခုလို အသက်လုပြီး ထွက်ပြေးလာနိုင်ခဲ့တဲ့ အကြောင်းအရင်းက အန္တရာယ်တွေ ချဉ်းကပ်လာတာကို အာရုံခံနိုင်ခဲ့လို့ပဲ၊ အဲ့ဒီ ကပ်ဘေးကို ရင်ဆိုင်နိုင်စွမ်းမရှိမှန်း သိလို့ ငါ့ခန္ဓာကိုယ်ထဲကနေ ဝိညာဉ်ကို ခွဲထုတ်ခဲ့ရတာ၊ ခန္ဓာနဲ့ ဝိညာဉ်ကို ခွဲထုတ်ရတာ ဘယ်လောက်ထိ နာကျင်ရသလဲ မင်းမသိလောက်ဘူး၊ ခန္ဓာကိုယ်ကနေ ခွဲထုတ်လိုက်တော့ ငါ့ဝိညာဉ် အချိန်အကြာကြီး အိပ်စက်သွားခဲ့ရတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ လောက်ကမှ ပြန်နိုးလာခဲ့တာ၊ ငါအိပ်စက်နေတဲ့အချိန်အတွင်း ငါ့ကို ဘယ်သူ ချုပ်နှောင်သွားတာလဲဆိုတာ တကယ်မသိဘူး”
သူ့စကားလုံးများက အလိမ်အညာ ဖြစ်ပုံမပေါ်ပါ။
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားသည်။ ထောင်ထျဲသားရဲ၊ ဖူရှန့်ကြေးမုံနှင့် ဖီရှို့သားရဲတို့အားလုံးကို ချိပ်ပိတ် စည်းနှောင်နိုင်ခဲ့သည့် ပုဂ္ဂိုလ်က သာမန်မဟုတ်သည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားရမည်။ ဖူရှန့်ကြေးမုံက သူ့ကို ချိပ်ပိတ်စည်းနှောင်ခဲ့သူ၏ စွမ်းအင်နှင့် ယန်ရုန်ရုန့်သွေးတို့က ရင်းမြစ်ချင်းတူညီသည်ဟု ဆိုခဲ့ဖူးသည်။
‘ဧကန္တ အဲ့ဒီလူနဲ့ ငါနဲ့ သွေးသားတော်စပ်နေတာများလား..’
ယန်ရုန်ရုန် ဘာမှဆက်မမေးသော်လည်း လောလောက ဆက်ရှင်းပြလိုက်ပါသည်။
“ငါ့ရုပ်ခန္ဓာအစစ်အမှန်ကို ညမဲ့မြို့တော်အောက်မှာ သိုဝှက်ထားတယ်လို့ အာရုံခံမိတယ်၊ ခန္ဓာကိုယ်ကို ငါ့ဖာသာငါ ရှာဖွေနိုင်ပေမယ့် အချုပ်အနှောင်တွေကိုတော့ ချိုးဖျက်နိုင်မှာမဟုတ်ဘူး၊ အဲ့တာကြောင့် မင်းအကူအညီကို လိုအပ်တာ”
လင်းယွမ်ကို ယန်ရုန်ရုန် လှည့်မေးလိုက်သည်။
“ညမဲ့မြို့တော်အောက်မှာ ဖီရှို့သားရဲတစ်ကောင်ရဲ့ ခန္ဓာကိုယ်ကို သိုဝှက်ထားတဲ့ဆိုတဲ့အကြောင်း ရှင်ကြားဖူးလား”
လင်းယွမ် တစ်ခါမှမကြားဖူးကြောင်း ပြန်ပြောခဲ့သည်။
“ညမဲ့မြို့တော်ကို မြို့စားတစ်ယောက် တည်းက တည်ဆောက်ခဲ့တာ၊ ဒီမြို့ကြီးကို တည်ဆောက်ပြီးကတည်းက နတ်ဆိုးကျင့်ကြံသူပေါင်းများစွာက မျက်စိကျခဲ့ကြတယ်၊ ဒီမြို့တော်မှာ မြို့စားက ဘာလုပ်ငန်းပဲလုပ်လုပ် အောင်မြင်လေ့ရှိတယ်၊ အဲ့ဒီ စည်းစိမ်တွေကို အသုံးချပြီး ရတနာတွေဝယ်တယ်၊ သူ့ခွန်အားကို တိုးမြှင့်တယ်၊ နတ်ဆိုးစစ်သူကြီးတွေကို ငှားရမ်းတယ်၊ လေလံရုံမှာ ငါသတ်ပစ်ခဲ့တဲ့ ယင်ကွမ်းကလည်း သူ့လူတွေထဲက တစ်ယောက်ပဲလေ”
ယန်ရုန်ရုန် အံ့အားသင့်သွားသည်။
“ယင်ကွမ်းက မြို့စားရဲ့လူဟုတ်လား၊ သူ့လက်အောက်ငယ်သားတစ်ယောက် အသတ်ခံလိုက်ရတာတောင် ဘာမှထုတ်မပြောဘူးလား”
လင်းယွမ် ပေါ့ပေါ့တန်တန် ရှင်းပြလိုက်သည်။
“သူ့ရင်ထဲမှာတော့ ငါ့ကို မကျေမနပ် ဖြစ်နေလောက်မှာပေါ့၊ ဒါပေမယ့် ဘာမှ လုပ်နိုင်တာမှမဟုတ်တာ၊ ထုတ်ပြောလို့လည်း ဘာထူးမှာလဲ၊ အဲ့တာကြောင့် ကိုယ့်အရှက်ကိုယ်မခွဲမိအောင် ပါးစပ်ပိတ်နေတာ ဖြစ်မှာပေါ့”
နောက်ဆုံးတော့လည်း ခွန်အားကသာ အရာရာကို အဆုံးအဖြတ်ပေးနိုင်သည်။
လောလောကို လင်းယွမ် ပြုံးတစ်ဝက်မဲ့တစ်ဝက်ဖြင့်ကြည့်ကာ ပြောလိုက်သည်။
“ငါအမြဲတမ်း စိတ်ဝင်စားခဲ့တာ…၊ ညမဲ့မြို့စားက စီးပွားရေးပါရမီရှင်ပုံစံမျိုးလည်း မဟုတ်ပါဘူး၊ ဒါဖြင့်ရင် ဘာလို့ ဒီလောက်ထိ ကြီးပွားလာရတာလဲပေါ့၊ နတ်ဆိုးပေါင်းများစွာက ဒီမြို့ကို နေ့တိုင်းလာပြီး စည်းစိမ်တွေ ဖြုန်းတီးနေကြတာ၊ စွမ်းအားတစ်ခုခုက သူတို့ကို ဒီမှာစည်းစိမ်တွေ လာဖြုန်းဖို့ ညှို့ယူဆွဲငင်သလိုမျိုးပဲ၊ အခု သေချာ စဉ်းစားကြည့်မှ ညမဲ့မြို့စား အစွမ်းအစရှိလွန်းလို့မဟုတ်ဘဲ မြို့အောက်မှာ ဖီရှို့သားရဲတစ်ကောင်ကို မြှုပ်ထားတာကြောင့်ကိုး…”
ဖီရှို့သားရဲက ချမ်းသာကြွယ်ဝမှုကို ကိုယ်စားပြုသော ရှေးဟောင်းသားရဲတစ်ကောင်ဖြစ်သည်။ ဖီရှို့သားရဲ ရှိနေသည့် နေရာတိုင်းတွင် ကြွယ်ဝမှုချီစွမ်းအင်များ ပြည့်ဝနေတတ်ကာ လာဘ်လာဘ တိုးပွားလာတတ်သည်။
လောလောည်း မျက်နှာ ညှိုးငယ်သွားခဲ့သည်။
“ဒီမြို့တော်ကြီး ကြွယ်ဝချမ်းသာနေရတာ တကယ်ပဲ ငါ့ကြောင့်ပါ၊ ဒါပေမယ့် ငါ့စွမ်းအင်တွေကို အဲ့လိုသုံးထားလို့ ငါ့ရုပ်ခန္ဓာထဲမှာ ရှိနေတဲ့ ဝိညာဉ်စွမ်းအင်တွေ ပုံမှန်ထက် ပိုမြန်မြန် ကုန်ခမ်းနေတယ်၊ ညမဲ့မြို့တော်သာ ငါ့ရုပ်ခန္ဓာကို ကပ်ပါးကောင်တစ်ကောင်လို ကုပ်တွယ်မထားရင် ငါအခုလောက်ထိ အားနည်းနေမှာမဟုတ်ဘူး”
သူ့ပုံစံက အမှန်တကယ် အားနည်းချည့်နဲ့နေသည့် ပုံစံပေါက်ပါသည်။ ပထမတော့ ဝိညာဉ်ခွဲထုတ်ခြင်းကြောင့် ဖြစ်မည်ဟု ယန်ရုန်ရုန် တွေးမိသော်လည်း သူမ ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးနေခဲ့သည်။
လောလော ဒီလောက်ထိ အားနည်းသွားရခြင်းက သူ့ရုပ်ခန္ဓာတွင် ကျန်ရှိခဲ့သည့် ဝိညာဉ်စွမ်းအင်များကို ညမဲ့မြို့တော်က စုပ်ယူစားသုံးနေခြင်းကြောင့်ပင်…
ယန်ရုန်ရုန် မေးလိုက်သည်။
“အဲ့တာဆို ညမဲ့မြို့စားကို ရှင်တော်တော် မုန်းမှာပေါ့”
လောလောကလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံပါသည်။
“ဒါပေါ့”
ယန်ရုန်ရုန် သူ့မျက်ဝန်းတွေထဲ သေသေချာချာ စိုက်ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။
“အဲ့တာဆို သူ့ကို ဘာလို့ ဒီတိုင်း သတ်မပစ်လိုက်တာလဲ၊ သူသေသွားရင် ဒီမြို့တော်ကို ရှင်သိမ်းပိုက်နိုင်မယ်လေ၊ အချုပ်အနှောင်ကို မချိုးဖျက်နိုင်သေးဘူး ဆိုရင်တောင် ရှင့်ရုပ်ခန္ဓာထဲကနေ ဒီမြို့တော် ဝိညာဉ်စွမ်းအင်တွေ စုပ်ယူနေတာကို တားဆီးလို့ ရမှာပဲ မဟုတ်ဘူးလား”
လောလော နှုတ်ဆိတ်သွားခဲ့သည်။ သူအမှန်တရား၏ တစိတ်တပိုင်းကိုသာ ပြောပြရပါသေးသည်။ သူထုတ်မပြောရသေးသည့်အရာတွေ ရှိနေသေးသည်။
ယန်ရုန်ရုန် ခန့်မှန်းကြည့်လိုက်သည်။
“တကယ်တော့ ညမဲ့မြို့တော်အောက်မှာ ဖီရှို့သားရဲတစ်ကောင်ရှိနေမှန်း မြို့စားက အစောကြီးကတည်းက သိထားပြီးသားပဲမဟုတ်လား၊ အဲ့ဒီ ဖီရှို့သားရဲ ရုပ်ခန္ဓာကို တခြားသူတွေ လာလုယူမှာစိုးလို့ ညမဲ့မြို့စားက လုံခြုံရေး တင်းတင်းကြပ်ကြပ်နဲ့ ကာကွယ်ထားမှာပဲ၊ အခု ရှင်က အချုပ်အနှောင်တွေကို ဖျက်ဆီးပေးဖို့ ကျွန်မကို အကူအညီတောင်းနေတာဆိုပေမယ့်… အမှန်က ကျွန်မကို ရှင့်ဒိုင်းကာအဖြစ် အသုံးချဖို့ကြိုးစားနေတာပဲ မဟုတ်လား”
လောလောက ချက်ချင်း ငြင်းဆန်လိုက်ပါသည်။
“အဲ့လိုလုံးဝ မဟုတ်ဘူး! ငါမင်းကို ဖုံးကွယ်ထားတာတွေ ရှိတာ မှန်တယ်၊ မြို့စားက ငါ့ရုပ်ခန္ဓာဘေးပတ်ပတ်လည်မှာ ‘ကောင်းကင်ဘုံနဲ့ကမ္ဘာမြေ ပိုက်ကွန်’တစ်ခုကို ထောင်ထားတယ်၊ ဒါပေမယ့် ငါမင်းကို အန္တရာယ်နဲ့ တစ်ယောက်တည်း ရင်ဆိုင်ခိုင်းမှာမဟုတ်ဘူး၊ ငါလည်း အတူလိုက်ခဲ့မှာ၊ အန္တရာယ်ကြုံလာရင် ငါမင်းရှေ့က ကာကွယ် ရပ်တည်ပေးမယ်၊ မင်းက အချုပ်အနှောင်တွေကို ချိုးဖျက်ပေးရုံပဲ၊ ကျန်တာ ငါ့တာဝန်သာထားလိုက်”
လင်းယွမ် မျက်လုံးများက သံသယများဖြင့် ပြည့်နှက်နေပါသည်။
“အဲ့တာဆို အစကတည်းက ဘာလို့ ထုတ်မပြောခဲ့တာလဲ”
လောလောက စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။
“ငါအမှန်အတိုင်းပြောလိုက်ရင် ဒီခရီးစဉ်က အန္တရာယ်အရမ်းများမှန်း မင်းတို့သိသွားပြီး နောက်ဆုတ်သွားမှာ စိုးလို့ပါ”
ယန်ရုန်ရုန် ခေတ္တစဉ်းစားကာ အဖြေပေးလိုက်ပါသည်။
“ကျွန်မရှင့်ကို ကူညီပေးလို့ရတယ်၊ ဒါပေမယ့် လောကကြီးမှာ ဘယ်အရာမှ အလကားမရဘူးနော်၊ ရှင့်အတွက် ကျွန်မ အလကား ကူညီပေးမှာမဟုတ်ဘူး”
လောလော မျက်လုံးများ အရောင်လက်သွားခဲ့သည်။ ယခု ညှိနှိုင်းမှုအဆင့်ကို ရောက်ရှိသွားပြီဖြစ်မှန်း သူနားလည်ပါသည်။
သူ့ဝတ်ရုံစထဲကို လက်ဖြင့်နှိုက်ရင်း အတန်ကြာအောင် ရှာဖွေပြီးနောက် တလက်လက် တောက်ပနေသော ရွှေရောင် အကြေးခွံ ၃ ခုကို ထုတ်ပေးလိုက်သည်။
“ဒါတွေက ငါ့ခန္ဓာကိုယ်ပေါ်က ကျွတ်ကျလာတဲ့ ရွှေအကြေးခွံတွေပဲ၊ ဒါတွေကို ဆောင်ထားရင် သုံးနှစ်အတွင်း ကြီးပွားချမ်းသာလာစေရမယ်လို့ အာမခံတယ်”
ယန်ရုန်ရုန် မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
“ဒါပဲလား”
ရွှေအကြေးခွံများက မက်လောက်စရာကောင်းသော်လည်း ဖီရှို့သားရဲတစ်ကောင်၏ အသက်နှင့်ယှဉ်လိုက်လျှင် တန်ဖိုးက အလွန်နည်းပါးနေပါသေးသည်။
လောလောကလည်း ဒါကို နားလည်ထားသည်။
“ဒါစရံပဲရှိပါသေးတယ်၊ ကိစ္စတွေပြီးပြတ်သွားမှ ရွှေအကြေးခွံ အခု ၃၀ ထပ်ပေးမယ်”
ပြောပြောဆိုဆိုနှင့် လောလောမျက်နှာ အလွန်နာကျင်သွားပုံရသည်။ သူ့အကြေးခွံများကို အလွန်တန်ဖိုးထားမှန်း သိသာပါသည်။
သို့သော် ယန်ရုန်ရုန်ကတော့ မကျေနပ်သေးပေ။
“မလုံလောက်သေးဘူး”
“ဒါဆို မင်းဘာလိုချင်လဲ”
လောလောက သူမလိုချင်သည့်အရာကိုသာ တိုက်ရိုက်မေးမြန်းလိုက်ပါသည်။