← Chapters

အခန်း (၁၂၃)

Vol. 13 Ch. 123

အခန်း (၁၂၃)

Vol. 13 Ch. 123

🌹Chapter 123

လောလောကို ယန်ရုန်ရုန် ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်သည်။ သူမအကြည့်က မကြာမီ အသတ်ခံရတော့မည့် သိုးကြီးတစ်ကောင်ကို ကြည့်နေသည့်အလား ချက်ချင်း ဝါးစားတော့မည့်ပုံစံမျိုး ပေါက်နေပါသည်။

သူမ အကြည့်ကြောင့် လောလော ကျောပြင်တစ်လျှောက် ကြက်သီးမွေးညှင်းများပင် ထသွားခဲ့ရသည်။ အဝတ်အစားများကို တင်းတင်းကြပ်ကြပ် ဆွဲထားလိုက်ပြီး လောလော တိုးတိုးလေး ပြောလိုက်သည်။

“ငါက ငါ့အစွမ်းကိုပဲရောင်းတာ၊ ခန္ဓာကိုယ်ကို မရောင်းဘူးနော်”

လင်းယွမ် ဒေါသတကြီး ဝင်ငေါက်လိုက်သည်။

“ဘယ်သူက မင်းခန္ဓာကိုယ်ကို လိုချင်နေလို့လဲ၊ ငါ့အချစ်လေးမှာ ငါရှိပြီးသား၊ မင်းကို နှစ်ခါတောင် ပြန်လှည့်မကြည့်စေရဘူး!”

လောလော စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပါသည်။

“ဒါဆိုလည်း ပြီးတာပဲ”

ယန်ရုန်ရုန် ဆုံးဖြတ်ချက် ချပြီးပြီဖြစ်ကာ အေးအေးလူလူ ပြောလိုက်သည်။

“ရှင်က ဖီရှို့သားရဲတစ်ကောင်ဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်ကလည်း ကျွန်မထက် အများကြီး ပိုမြင့်တယ်၊ ရှင့်ရဲ့ အချုပ်အနှောင်တွေကို ဖျက်ဆီးပြီးလို့ ရှင့်ဘက်က ကတိဖျက်ခဲ့ရင် ကျွန်မ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး၊ အဲ့တာကြောင့် စာချုပ်တစ်ခု အရင်ချုပ်ဆိုရမယ်”

လောလောက သံသယဖြင့် မေးလိုက်သည်။

“ဘယ်လိုစာချုပ်မျိုးလဲ”

ယန်ရုန်ရုန် ကျောက်စိမ်းပြားတစ်ချပ်ကို ချန့်ခွင်းအိတ်ထဲမှထုတ်ကာ သူ့ရှေ့တွင်ချပေးလိုက်ပြီး ဖတ်ကြည့်ခိုင်းလိုက်သည်။ လောလော ယူဖတ်ကြည့်လိုက်သောအခါ ဝိညာဉ်သားရဲစာချုပ်ဖြစ်နေမှန်း မြင်လိုက်ရပါသည်။

ကျောက်စိမ်းပြားကို ပြန်ပစ်ချပြီး လောလော ချက်ချင်း ငြင်းဆန်ပစ်လိုက်သည်။

“မရဘူး! ငါက ရှေးဟောင်း နတ်သားရဲ တစ်ကောင်ပဲ! ငါဘယ်လောက်ပဲ ကျဉ်းထဲကျပ်ထဲ ရောက်နေပါစေ လူသားကျင့်ကြံသူတစ်ယောက်ကို ငါ့သခင်အဖြစ် အသိအမှတ်မပြုနိုင်ဘူး!”

ယန်ရုန်ရုန်လည်း ချက်ချင်း မတ်တပ်ရပ်လိုက်သည်။

“သဘောမတူနိုင်ဘူးဆိုရင်လည်း ကိစ္စမရှိဘူးလေ၊ ကျွန်မတို့ထက် ပိုသာတဲ့လူကို ရှာကြည့်လိုက်ပေါ့၊ သွားကြမယ်”

လင်းယွမ်နှင့် လျို့လန်တို့လည်း မတ်တပ်ရပ်လိုက်ကြသည်။ ‘သားအမိသားအဖ သုံးယောက်’ ပြန်ဖို့ ပြင်နေကြသည်ကို မြင်ပြီး လောလော အမြန်လှမ်းတားလိုက်ပါသည်။

“မသွားပါနဲ့ဦး! ငါတို့ ညှိနှိုင်းလို့ရသေးတယ်လေ!”

လင်းယွမ်က ပျင်းရိပျင်းတွဲဆိုသည်။

“ဘာတွေညှိနှိုင်းစရာ လိုသေးလို့လဲ၊ ငါ့အချစ်လေးရဲ့ ဝိညာဉ်သားရဲ ဖြစ်ခွင့်ရတာည မင်းကံကောင်းတာပဲ၊ အဲ့တာကို ကျေးဇူးမကန်းနဲ့!”

လောလောက ပြန်ငေါက်လိုက်သည်။

“အဲ့တာက ကံကောင်းတာဆိုရင် ငါ့နေရာမှာ မင်း ဝင်နေကြည့်မလား!”

“ရတယ်လေ! ငါသာ သူ့ဝိညာဉ်သားရဲဖြစ်သွားရင် သူ့နားမှာ နေ့တိုင်း ရှိနေနိုင်မှာ၊ သူဘယ်ကိုပဲသွားသွား ငါအာရုံခံနိုင်မှာ၊ သူသာသေသွားရင် ငါလည်း အသက်ရှင်ရမှာ မဟုတ်ဘူး၊ အဲ့တာကြောင့် ငါ့အသက်က သူ့လက်ထဲမှာရှိတယ်၊ သူခိုင်းတာ မှန်သမျှ လုပ်ပေးမယ်၊ သူက ငါ့အတွက် ကမ္ဘာကြီးတစ်ခုလုံးလို ဖြစ်သွားမှာ!”

ပြောပြောဆိုဆိုနှင့် လင်းယွမ် စိတ်တွေပိုလှုပ်ရှားလာပြီး ချက်ချင်းဒူထောက်ကာ ယန်ရုန်ရုန့် လက်ကလေးကို သူရဲကောင်းတစ်ယောက်လို ဆွဲယူရင်း မျှော်လင့်တကြီး တောင်းဆိုလိုက်ပါသည်။

“သခင်မလေး၊ ကျွန်တော့်ကို သခင်မလေးရဲ့ ဝိညာဉ်သားရဲလေးဖြစ်ခွင့်ပြုပါနော်၊ သေသည်အထိ သစ္စာရှိသွားပါ့မယ်လို့ ကျိန်ဆိုပါတယ်!”

သူ့ခေါင်းထဲ ဘာတွေတွေးနေသလဲ ယန်ရုန်ရုန် စိတ်ပင်မကူးရဲပါ။ သခင်နှင့် အစေခံကဲ့သို့ roleplay လုပ်ချင်နေမှန်း သေချာပါသည်။ ထို့ကြောင့် ယန်ရုန်ရုန် မျက်နှာ မှောင်မိုက်သွားပြီး လက်ကို ဆတ်ခနဲ ပြန်ဆွဲယူလိုက်သည်။

“တော်ပါပြီ ကျေးဇူး”

ဝိညာဉ်သားရဲများနှင့် ယန်ရုန်ရုန် စာချုပ်ချုပ်နေရခြင်းက သူမစွမ်းအားကို တိုးမြှင့်ဖို့သာဖြစ်သည်။ သူ့စိတ္တဇကစားနည်းများကို ကစားဖို့ မဟုတ်ပေ။

လင်းယွမ်က လက်မလျှော့သေးပါ။

“နည်းနည်းလောက် ပြန်စဉ်းစားပေးလို့မရဘူးလား၊ ကျွန်တော်က အရမ်းလိမ္မာတဲ့ အိမ်မွေးတိရိစ္ဆာန်လေးဖြစ်မှာနော်”

ယန်ရုန်ရုန် ရက်ရက်စက်စက် ငြင်းပစ်လိုက်သည်။

“လုံးဝမဖြစ်နိုင်ဘူး၊ ထစမ်း”

လင်းယွမ် အသည်းကွဲသွားသည့် မျက်နှာမျိုးဖြင့် ဆိုလိုက်သည်။

“ဘာလို့လဲ၊ စအိုပေါက်မပါတဲ့ ကောင်ကိုကျတော့ အိမ်မွေးတိရိစ္ဆာန်ဖြစ်ခွင့်ပေးပြီး ကိုယ့်ကိုကျတော့ ဘာလို့ ခွင့်မပြုတာလဲ၊ သူက ကိုယ့်ထက် ဘယ်နေရာများပိုသာနေလို့လဲ”

အလကားနေရင်း ပြဿနာထဲ ဆွဲထည့်ခံလိုက်ရသော လောလော ဆွံ့အသွားရသည်။

“…”

‘မင်းတို့ဖာသာ စကားများချင်သလောက်များလေ၊ ဘာလို့ ငါ့ခန္ဓာကိုယ်ကို ဆွဲထည့်နေတာလဲ!’

“ဘာအကြောင်းအရင်းမှမရှိဘူး၊ မရဘူးဆို မရဘူးပဲ”

ထိုသို့ပြောပြီးနောက် ယန်ရုန်ရုန် လှည့်ထွက်သွားတော့သည်။

လောလောက အသည်းအသန် အော်တားလိုက်လေသည်။

“နေပါဦး! ဝိညာဉ်သားရဲစာချုပ်ချုပ်ဖို့ကလွဲပြီး တခြား နည်းလမ်းမရှိတော့ဘူးလား”

ယန်ရုန်ရုန် မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

“မရှိဘူး”

“အဲ့တာဆို ငါစဉ်းစားပါရစေဦး… သေသေချာချာ စဉ်းစားမှဖြစ်မှ”

လောလော အလွန် ပဋိပက္ခဖြစ်သွားခဲ့သည်။

လျို့လန်က လောလောကို လုံးဝ သဘောမကျသဖြင့် ယန်ရုန်ရုန့် ခြေသလုံးကိုဖက်ကာ တောင်းပန်လိုက်သည်။

“မေမေ၊ အဲ့ဒီလူဆိုးကောင်နဲ့ စာချုပ်မချုပ်ပါနဲ့၊ သူက ယုတ်မာတယ်၊ သားကို အနိုင်ကျင့်လိမ့်မယ်”

လျို့လန် ဘာတွေစိတ်ပူနေသလဲ ယန်ရုန်ရုန် နားလည်ပါသည်။ ဝိညာဉ်သားရဲအသစ်တစ်ကောင် တိုးလာလျှင် သူ့ကို ဂရုမစိုက်တော့မှာကို စိုးရိမ်နေခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် လျို့လန်၏ ခေါင်းလေးကို ပွတ်ပေးရင်း သူမ ချော့ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ ငါရှိရင် နင့်ကို ဘယ်သူမှ အနိုင်မကျင့်နိုင်စေရဘူး”

လျို့လန် အမြန်မေးလိုက်သည်။

“မေမေသားကို အရင်တုန်းကလိုပဲ ချစ်ဦးမှာလား”

“ဒါပေါ့၊ အရသာရှိတဲ့ အစားအသောက်တွေလည်း အများကြီးဝယ်ကျွေးမယ်၊ ဘာပြဿနာမှ မရှိစေရဘူး”

သူ့မေမေ၏ အာမခံချက်ဖြင့် လျို့လန် စိတ်အေးသွားသည်။ လောလောကိုလည်း ခေါင်းမော့ရင်ကော့ကာ လှမ်းပြုံးပြလိုက်ပါသည်။

‘တွေ့လား၊ မေမေက ငါ့ကို အချစ်ဆုံးပဲ!’

ထင်မှတ်မထားစွာဖြင့် လောလော တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားခဲ့သည်။ ပြဿနာ၏ အဓိကအချက်ကို ဖမ်းဆုပ်မိကာ အလောတကြီး မေးလိုက်သည်။

“ငါ မင်းရဲ့ ဝိညာဉ်သားရဲဖြစ်သွားရင် နေစရာစားစရာအတွက် စိတ်ပူစရာမလိုဘူးလား”

ဒါတွေကို လောလောလိုလူမျိုးက ဘာကြောင့် စိတ်ပူနေမှန်း ယန်ရုန်ရုန် နားမလည်သော်လည်း ခေါင်းညိတ်လိုက်ပါသည်။

“အင်း၊ ရှင်ဆန္ဒရှိရင် ကျွန်မတို့နဲ့ အတူတူစား အတူတူနေလို့ရတယ်၊ ဒါပေမယ့် ရှင်က အဲ့တာတွေ လိုအပ်လို့လား၊ ရှင်က ဝမ်ပေါင်မျှော်စင်ရဲ့ ပိုင်ရှင်မဟုတ်ဘူးလား၊ ရှင်မဝယ်နိုင်တာ ဘာရှိ…”

ယန်ရုန်ရုန် စကားမဆုံးခင် လောလော အမြန်ဖြတ်ပြောလိုက်သည်။

“သိပ်ကို လိုအပ်တာပေါ့! ကျေးဇူးပြုပြီး… အခုချိန်ကစပြီး အတူတူစား အတူတူနေခွင့်ပြုပါ သခင်မလေး!”

ယန်ရုန်ရုန် ကြက်သေသေသွားသည်။ ‘ငါ့ကို သခင်မလို့တောင် ခေါ်နေပြီလား’

လေသံပြောင်းလဲသွားပုံက အလွန်မြန်ဆန်လွန်းပါသည်။

လင်းယွမ်ကလည်း မဆီမဆိုင် အော်ပြောလိုက်သည်။

“ကျွန်တော်လည်း သခင်မလေးနဲ့ အတူတူစား အတူတူနေချင်ပါတယ်!”

လင်းယွမ်၏ ကြောင်တောင်တောင် အပြုအမူကို လျစ်လျူရှုလိုက်ပြီး လောလောအား ယန်ရုန်ရုန် ပြောလိုက်သည်။

“အဲ့တာဆို စာချုပ်ချုပ်ကြစို့”

ဒီတစ်ခါတော့ လောလောမတွန့်ဆုတ်တော့ပါ။ သူ့လက်ချောင်းကို ကိုက်လျက် ကျောက်စိမ်းပြားပေါ်သို့ သွေးတစ်စက် ချလိုက်ရာ ကျောက်စိမ်းဖြူဖြူမှ ချက်ချင်း ပန်းရောင်သန်းသွားခဲ့သည်။ ယန်ရုန်ရုန်လည်း သူမသွေးကို ကျောက်စိမ်းပြားပေါ် ချခဲ့ပါသည်။

ထိုသို့ဖြင့် ဝိညာဉ်သားရဲစာချုပ်တစ်ခုကို အောင်အောင်မြင်မြင် ချုပ်ဆိုနိုင်ခဲ့ကြသည်။

လောလောက သူ့ရွှေအကြေးခွံတစ်ခုကို ထပ်ထုတ်လိုက်ပြီး အနည်းငယ် တွန့်ဆုတ်သွားပြီးနောက် ယန်ရုန်ရုန့်ကို ကမ်းပေးလိုက်ပါသည်။

“ဒါ မင်းအတွက်ပါ”

ယုတ္တိရှိရှိဆိုရလျှင် ဝိညာဉ်သားရဲစာချုပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်သည့်အတွက် သူ့ကိုယ်သူ ရောင်းချလိုက်ခြင်းနှင့် ညီမျှပါသည်။ ထို့ကြောင့် ဘာဆုမှ ထပ်ပေးစရာ မလိုတော့ပါ။ သို့သော် သူ့စိတ်ရင်းကို ပြသဖို့အတွက် မဟာမိတ် အထိန်းအမှတ်အဖြစ် လက်ဆောင်တစ်ခုပေးရန် လောလော ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။

ယန်ရုန်ရုန်လည်း အလကားရသည့်ပစ္စည်းကို ငြင်းဆန်မှာ မဟုတ်ပေ။

“ကျေးဇူးတင်ပါတယ်”

ရွှေအကြေးခွံကို ယန်ရုန်ရုန် လှမ်းယူဖို့ ကြံလိုက်သော်လည်း တစ်ဖက်လူက လွှတ်မပေးသေးဘဲ လက်ဖဝါးထဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပါသည်။ ယန်ရုန်ရုန် ချက်ချင်းဆွဲမယူနိုင်ခဲ့ဘဲ အနည်းငယ် အားထည့်ပြီး ကြိုးစားလိုက်မှ လောလောလက်ထဲက ရွှေအကြေးခွံကို လုယူနိုင်ခဲ့လေသည်။

လောလောမျက်လုံးများက သူ့ရွှေအကြေးခွံနောက်ကိုသာ လိုက်နေပြီး အလွန်နှမြောတသဖြစ်နေမှန်း သိသာလှသည်။

ယန်ရုန်ရုန် မနေနိုင်ဘဲ ပြောလိုက်သည်။

“အကြေးခွံလေးတစ်ခုကို ဘာလို့ တွန့်တိုနေတာလဲ၊ ရှင့်ခန္ဓာကိုယ်ပေါ်မှာ အကြေးခွံတွေ အများကြီးရှိတယ်မဟုတ်ဘူးလား၊ ဆွဲနှုတ်ချင်တဲ့အချိန် ဆွဲနှုတ်လို့ရတာပဲဥစ္စာ”

လောလောက ချက်ချင်း ပြောလိုက်သည်။

“ငါ့မှာ အကြေးခွံတွေ အများကြီးရှိတယ်ဆိုပေမယ့် စိတ်ရှိတိုင်း ဆွဲနှုတ်လို့ ရတာမဟုတ်ဘူး!”

ယန်ရုန်ရုန်က သူမလက်ထဲရှိ အကြေးခွံကို မြှောက်ပြကာ မေးလိုက်သည်။

“အဲ့တာဆို ဒီတစ်ခုကကော”

“အဲ့တာက သဘာဝအလျောက် ကျွတ်ကျလာတဲ့ အကြေးခွံပဲ၊ မင်းတို့လူသားတွေ ဆံပင်ကျွတ်သလိုမျိုးပဲ ငါလည်း တစ်ခါတလေ အကြေးခွံတွေ ကျွတ်ကျတတ်တယ်၊ အဲ့တာ ငါ့ခန္ဓာကိုယ်ရဲ့ သဘာဝပဲ”။ လောလောက ရှင်းပြသည်။

ယန်ရုန်ရုန့်မျက်နှာထား အနည်းငယ်ရှုပ်ထွေးသွားသည်။

“ဒါပေမယ့် ကျွန်မတို့ လူသားတွေက ဆံပင်ကျွတ်တွေကို လက်ဆောင်အဖြစ် မပေးတတ်ပါဘူး”

“ငါက ဖီရှို့နတ်သားရဲလေ! ငါ့မှာ ချမ်းသာကြွယ်ဝမှု ချီစွမ်းအင်တွေ အများကြီးရှိတယ်၊ အကြေးခွံဖြစ်ဖြစ် ဆံပင်ဖြစ်ဖြစ် လူတွေအတွက် လာဘ်လာဘ တိုးပွားစေတယ်၊ ငါ့ရွှေအကြေးခွံတွေကို ဘယ်သူ့ကိုမှ ပေးခဲ့ဖူးတာ မဟုတ်ဘူးနော်၊ မင်းက ငါ့အကြေးခွံတွေကို လက်ဆောင်ရဖူးတဲ့ ပထမဆုံးလူသားပဲ၊ အဲ့တာကြောင့် ကျေးဇူးမကန်းနဲ့ လူသားတွေရဲ့!”

ယန်ရုန်ရုန် မေးပွတ်ကာ ပြောလိုက်သည်။

“အဲ့တာဆို နောက်နောင် ကျွန်မ ငွေလိုတဲ့အခါကျရင် ရှင့်ဆီက အကြေးခွံနည်းနည်း ဆွဲနှုတ်လိုက်ရုံပေါ့ ဟုတ်လား”

လောလော အလွန်ချောက်ချားသွားပြီး နောက်သို့အမြန်ဆုတ်လိုက်သည်။ အပျိုစင်လေးတစ်ယောက်ကဲ့သို့ သူ့ရင်ဘတ်ကို လက်ဖြင့်အုပ်ကာ အော်ပြောလိုက်ပါသည်။

“စိတ်တောင်မကူးနဲ့နော်!”

All Chapters