← Chapters

အခန်း (၁၂၅)

Vol. 13 Ch. 125

အခန်း (၁၂၅)

Vol. 13 Ch. 125

🌹Chapter 125

လျို့လန် သူ့မေမေနှင့် မခွဲနိုင်ပါ။ သို့သော် သူ့ရှေ့က စားကောင်းသောက်ဖွယ်များကိုလည်း မစွန့်လွှတ်နိုင်ပေ။ လျို့လန် ဝေခွဲရခက်နေသည်ကို မြင်ပြီး ယန်ရုန်ရုန် ချော့ပြောလိုက်ပါသည်။

“စိတ်မညစ်ပါနဲ့၊ ငါက ဒီတိုင်းပြန်နားတာပါ၊ နင်လိုက်လာချင်ရင် အချိန်မရွေး လိုက်လာလို့ ရတာပဲလေ”

ထိုစကားကြားခါမှ လျို့လန် တွန့်ဆုတ်စွာ‌ ခေါင်းညိတ်လိုက်ပါသည်။

“အင်းပါ၊ သားစားပြီးတာနဲ့ မေမေ့နောက် လိုက်လာခဲ့မယ်၊ မေမေလည်း လျှောက်မသွားနဲ့နော် ဟုတ်ပြီလား”

လျို့လန်၏ မျက်နှာတည်လေးကို ကြည့်ရင်း ယန်ရုန်ရုန် သဘောကျသွားပြီး အပြုံးဖြင့် ခေါင်းညိတ်လိုက်ပါသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ”

ယန်ရုန်ရုန် အပြင်ထွက်လာသောအခါ လင်းယွမ်က သွားဖြီးပြီး အနားမှ တိတ်တဆိတ်လိုက်လာခဲ့ပါသည်။

“ကိုယ် ကူတွဲပေးမယ်လေ”

နာမကျန်းဖြစ်ချင်ယောင် ဆောင်နေရသေးသဖြင့် ယန်ရုန်ရုန် သူ့ကို စိတ်လိုက်မာန်ပါ ဆောင့်တွန်းလိုက်၍ မရပေ။ ထို့ကြောင့် မျက်လုံးဖြင့်သာ သတိပေးလိုက်ရသည်။

“အချိုးပြေပြေနေနော်”

လင်းယွမ်က စိတ်ဝင်တစား မေးလိုက်သည်။

“ဘယ်လို အချိုးပြေပြေ‌ နေစေချင်တာလဲ၊ ဒူးထောက်ပြီး သခင်မလေးလို့ ခေါ်ပြီး ခိုင်းသမျှ လုပ်ပေးရမှာမျိုးလား၊ အဲ့တာမျိုးဆို ကိုယ်ဖြည့်ဆည်းပေးနိုင်တယ်နော်”

ယန်ရုန်ရုန် သွေးအေးစွာ အမိန့်ပေးလိုက်သည်။

“ပါးစိတ်ပိတ်ထား!”

“အမိန့်အတိုင်းပါ သခင်မလေး”

ယန်ရုန်ရုန်တို့ ဂူထဲမှ ထွက်လာပြီး သိပ်မကြာလိုက်ဘဲ ညမဲ့မြို့စားနှင့် ဆုံတွေ့လေသည်။ မြို့စားက အပြုံးဖြင့် မေးလိုက်ပါသည်။

“နှစ်ယောက်သား ပြန်ကြတော့မလို့လား၊ ခဏလောက် ဆက်နေပါဦးလား”

လင်းယွမ်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပါသည်။

“ငါတို့ကို မပြန်စေချင်တဲ့ပုံပဲနော်”

“ဒါပေါ့၊ ညစာစားပွဲမှာ နတ်ဆိုးအရှင်သခင်ရှိနေတာ ဒီငယ်သားတို့အတွက် အကြီးမားဆုံး ဂုဏ်ယူစရာပဲလေ”

“ရှောင်းရှောင်း ပင်ပန်းနေပြီ၊ အဲ့တာကြောင့် သူနားဖို့ ပြန်လိုက်ပို့ရမယ်၊ ဒါပေမယ့် အရမ်းကြီးတော့ စိတ်မညစ်ပါနဲ့၊ ငါတို့ပြန်တော့မှာ ဆိုပေမယ့် လျို့လန်ကို ထားခဲ့တယ်၊ ငါတို့ကိုယ်စား သူဆက်စားပေးလိမ့်မယ်၊ မင်းဧည့်ဝတ်မကျေရမှာ စိတ်ပူစရာမလိုတော့ဘူး”

လင်းယွမ်၏ စကားဆုံးသည်နှင့် သူမျှော်လင့်ထားသည့်အတိုင်းပင် မြို့စားမျက်နှာပေါ်မှ အပြုံးအေးခဲသွားခဲ့ပါသည်။

ညမဲ့မြို့စားက အရာရာကို တွေ့ကြုံဖူးသူဖြစ်သော်လည်း လျို့လန်လောက် စားနိုင်သူကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ယနေ့ည နတ်ဆိုးပေါင်း တစ်ထောင်ကျော်အတွက် သေရည်များ၊ အစားအသောက်များ ပြင်ဆင်ထားပါက လုံလောက်မည်ဟု သူထင်ထားခဲ့သည်။

သို့သော် လျို့လန်၏ စားနိုင်သောက်နိုင်စွမ်းက မယုံကြည်နိုင်စရာကောင်းလွန်းပါသည်။ ကြိုတင်ပြင်ဆင်ထားသည့် အစားအသောက်များ ကုန်ဆုံးသွားပြီဖြစ်သဖြင့် စားဖိုဆောင်က ဟင်းလျာအသစ်များကို ချက်ပြုတ်ပြင်ဆင်နေရပါသည်။

ညမဲ့မြို့စား နှုတ်ခမ်းများတွန့်သွားပြီး ခက်ခက်ခဲခဲ မေးလိုက်သည်။

“သခင်လေးက… စားနေတုန်းပဲလား”

လင်းယွမ် အားရပါးရ ရယ်မောလိုက်ပါသည်။

“ဟုတ်တ်တယ်၊ လျို့လန်က မင်းတို့စံအိမ်ကအစားအ သောက်တွေကို တော်တော်ကြိုက်တဲ့ပုံပဲ၊ ဒီနေ့ည စိတ်ကြိုက်စားပစ်မယ်လို့ ကြုံးဝါးနေတာ”

ညမဲ့မြို့စား ရင်ထဲမှ အော်ဟစ်ပစ်လိုက်သည်။ လျို့လန်ကြောင့် စံအိမ်တစ်ခုလုံးတွင် သိုလှောင်ထားသည့် ရိက္ခာအားလုံး ပြောင်စင်လုနီးပါးဖြစ်နေပါပြီ။ ထိုရိက္ခာပမာဏက လူပေါင်း ၃၀၀ ကျော်ကို တစ်လစာ ဝဝလင်လင် ကျွေးနိုင် သည်။ သို့သော် ညတွင်းချင်း လျို့လန်ဗိုက်ထဲ အကုန်ရောက်သွားခဲ့သည်။

‘ဒါတောင် မဝသေးဘူးတဲ့လား! သူဗိုက်ဝအောင် ဘယ် လောက်ထိ ထပ်ကျွေးရဦးမှာလဲ! စံအိမ်တစ်ခုလုံးကိုပါ ဝါးစားချင်နေတာလား!’

ညမဲ့မြို့စား နှလုံးသွေးယိုသွားသလို ခံစားလိုက်ရသည်။ ဒီညစာစားပွဲတစ်ခုတည်းကြောင့် သူ့စည်းစိမ်တွေ အတော်များများ ကုန်ဆုံးနေပါပြီ။ သို့သော် သူ့ခံစားချက်ကို ထုတ်ပြလို့မဖြစ်ပေ။

ညမဲ့မြို့စား ခပ်တင်းတင်း ပြုံးကာ ပြောလိုက်သည်။

“သခင်လေးက ငယ်သေးတယ်နော်၊ တစ်ခါတည်းနဲ့ အဲ့လောက် အများကြီး စားလိုက်ရင် အစာမကြေတာတွေဘာတွေ မဖြစ်နိုင်ဘူးလား”

လင်းယွမ်က အာမခံလိုက်ပါသည်။

“စိတ်မပူစမ်းပါနဲ့၊ လျို့လန်ရဲ့ ဗိုက်က မင်းထင်ထားတာထက် အများကြီး ပိုသန်မာတယ် သူဘယ်လောက်စားစား အစာမကြေမဖြစ်နိုင်ဘူး”

ထိုစကားလုံးများကြောင့် ညမဲ့မြို့စား၏ နှလုံးသား ပိုမိုစူးနင့်သွားခဲ့ရသည်။ ယန်ရုန်ရုန် ရယ်ချင်စိတ်ကို ထိန်းကာ စိတ်ပူချင်ယောင်ဆောင်ပြီး မေးလိုက်ပါသည်။

“မြို့စားမျက်နှာက ကျွန်မထက် ပိုဖြူနေသလိုပဲနော်၊ မြို့စားလည်း နာမကျန်းဖြစ်နေတာများလား”

ညမဲ့မြို့စား ခက်ခက်ခဲခဲ ငြင်းဆန်လိုက်ပါသည်။

“ဘာမှမဖြစ်ပါဘူး”

“ဒါဆိုလည်း လုပ်စရာရှိတာ ဆက်လုပ်လေ၊ ငါတို့ သွားတော့မယ်”

ပြောပြောဆိုဆိုနှင့် ယန်ရုန်ရုန့်ခါးကို ဖက်လိုက်ပြီး လင်းယွမ် ပြန်ဖို့ ပြင်လိုက်ပါသည်။

မြို့စားက ချက်ချင်း ကမ်းလှမ်းလိုက်သည်။

“ကျွန်တော် လိုက်ပို့ပေးပါ့မယ်”

“မလိုဘူး ငါတို့ လမ်းသိတယ်”

မကြာမီ လင်းယွမ်နှင့် ယန်ရုန်ရုန်တို့ နှစ်ယောက် ကော်ရစ်ဒါထောင့်တစ်ခုတွင် ပျောက်ကွယ်သွားကြသည်။

သူတို့ မရှိတော့သောအခါ ညမဲ့မြို့စားလည်း ဆက်ပြီး ပြုံးမထားနိုင်တော့ပေ။ မျက်နှာတစ်ခုလုံး ချက်ချင်းဆိုသလို မှောင်မိုက်သွားခဲ့ပါသည်။

အစေခံတစ်ယောက်ကို ဆင့်ခေါ်လိုက်ပြီး အေးစက်စွာ မေးမြန်းလိုက်သည်။

“သူတို့နဲ့ အကြာကြီး စကားပြောခဲ့တဲ့ ဧည့်သည်က ဘယ်သူလဲ”

အစေခံက အမှန်အတိုင်း လျှောက်တင်လိုက်သည်။

“အဲ့ဒီဧည့်သည်ရဲ့ အချက်အလက်တွေကို ကျွန်တော် စစ်ကြည့်ပြီးသွားပါပြီ၊ သူ့နာမည်က လောရှို့တဲ့၊ အရင်တုန်းက ကျွန်တော်တို့နဲ့ စီးပွားရေးအရ ပတ်သတ်ဖူးတဲ့ ကုန်သည်သူဌေးတစ်ယောက်ပါ”

“သူ့ကို သွားခေါ်လာခဲ့စမ်း!”

“အမိန့်အတိုင်းပါ!”

စံအိမ်၏ နတ်ဆိုးအစောင့်များက ဂူတံခါးကို ကန်ဖွင့်ပြီး အထဲသို့ ဝင်စီးခဲ့ကြသည်။ သို့သော် အခန်းထဲတွင် မည်သူမှ မရှိတော့ချေ။

ဂူတစ်ခုလုံးကို မြေလှန်ရှာဖွေခဲ့သော်လည်း လောရှို့၏ အရိပ်အယောင်ကို မမြင်ခဲ့ရပါ။

ထို့အပြင် ဧည့်သည်များ လက်သုတ်ဖို့အတွက် ချပေးထားသည့် ပိုးသားလက်ကိုင်ပဝါတစ်ထည်လည်း ပျောက်ဆုံးနေမှန်း သိလိုက်ရသည်။ ထိုလောရှို့ဟူသည့် ပုဂ္ဂိုလ် ခိုးယူသွားခြင်း ဖြစ်နိုင်ပါသည်။

ထိုအကြောင်း မြို့စားထံ အလျှင်အမြန်တင်ပြခဲ့သည်။ မြို့စားမျက်နှာတစ်ခုလုံး မင်ဖြင့် ပက်ခံလိုက်ရသကဲ့သို့ မည်းမှောင်သွားလေတော့သည်။

နတ်ဆိုးအစောင့်များကို စူးရှစွာကြည့်ရင်း သူငေါက်လိုက်သည်။

“သောက်သုံးမကျတဲ့ အမှိုက်သရိုက်တွေ! လူတစ်ယောက် တည်းကိုတောင် မိအောင် မဖမ်းနိုင်ဘူး!”

နတ်ဆိုးအစောင့်များလည်း ခေါင်းမဖော်ရဲကြတော့ပေ။ ညမဲ့မြို့စား အသက်ဝဝရှူလိုက်ပြီး ရင်ထဲကမီးကို ချုပ်တည်းလျက် ခက်ခက်ထန်ထန် ပြောလိုက်သည်။

“စံအိမ်တစ်ခုလုံးရဲ့ ပတ်ပတ်လည်မှာ စည်းတွေချထားတယ်၊ တစ်ယောက်ယောက်က ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်သွားရင် ငါအာရုံခံမိမှာ၊ အခုထိ ဘာအာရုံမှ မရသေးဘူးဆိုတော့ အဲ့ဒီ လောရှို့ဆိုတဲ့ကောင် စံအိမ်ထဲမှာပဲ ရှိနေသေးတယ်ဆိုတဲ့သဘောပဲ၊ ငါ့အမိန့်ကို ပြန်ကြေညာလိုက်! စံအိမ်တစ်ခုလုံးကို အခုချက်ချင်း ပိုက်စိပ်တိုက်ရှာ! အထူးသဖြင့် နတ်ဆိုးအရှင် သခင်နဲ့ ကျုံးရှောင်းရှောင်းတို့ရဲ့ ခန်းဆောင်ကို အဓိကထားပြီးရှာကြ! အသေရရ အရှင်ရရ လောရှို့ကို ရှာတွေ့မှ ဖြစ်မယ်!”

လောရှို့က လင်းယွမ်တို့နှင့် ကျိန်းသေပေါက် ပတ်သတ်မှုရှိနေလိမ့်မည်ဟု ညမဲ့မြို့စား ယုံကြည်သည်။ ထို့ကြောင့် လောရှို့ ပုန်းချင်လျှင် သူတို့ထံမှာ ပုန်းနေနိုင်ပါသည်။

နတ်ဆိုးအစောင့်တစ်ယောက်က မဝံ့မရဲမေးလိုက်သည်။

“နတ်ဆိုးအရှင်သခင်က အကြောင်းအရင်းမေးရင် ဘယ်လို ပြောလိုက်ရမလဲ မြို့စားသခင်ကြီး”

ညမဲ့မြို့စားက ကျပန်းဆင်ခြေ ပေးလိုက်သည်။

“စံအိမ်ထဲ သူခိုးတစ်ယောက် ဝင်လာတယ်လို့သာ ပြောလိုက်”

“နားလည်ပါပြီ”

--- --- ---

ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ အခန်းထဲ ပြန်ရောက်ပြီး သိပ်မကြာလိုက်ဘဲ နတ်ဆိုးအစောင့်များက အခန်းထဲ အတင်း အကြပ်ဝင်လာကြပါသည်။

လင်းယွမ် အေးစက်စွာ မေးလိုက်သည်။

“ဒါဘယ်နေရာလဲ မင်းတို့မသိကြဘူးလား၊ မင်းတို့ကို ဘယ်သူဝင်ခွင့်ပေးလို့လဲ”

အစောင့်ခေါင်းဆောင်က ရှင်းပြလိုက်ပါသည်။

“ညစာစားပွဲထဲကို သူခိုးတစ်ယောက် ခိုးဝင်လာလို့ပါ၊ မြို့စားသခင်ကြီးက စံအိမ်တစ်ခုလုံးကို ပိုက်စိပ်တိုက်ရှာဖွေဖို့ အမိန့်ပေးထားပါတယ်၊ နတ်ဆိုးအရှင်သခင် ခွင့်လွှတ်ပေးပြီး ရှာဖွေခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်”

ယန်ရုန်ရုန်က စိတ်ဝင်တစား မေးလိုက်ပါသည်။

“ဘာပစ္စည်းပါသွားလို့လဲ”

အစောင့်က အမှန်အတိုင်းပြန်ဖြေလိုက်သည်။

“ပိုးသားလက်ကိုင်ပဝါတစ်ထည်ပါ”

“အဲ့တာပဲလား”

အစောင့်က ခေါင်းညိတ်သည်။

“အဲ့တာပါပဲ”

ယန်ရုန်ရုန် ပိုပြီး စိတ်ဝင်စားသွားခဲ့ပါသည်။

“အဲ့ဒီပိုးသားလက်ကိုင်ပဝါက အရမ်းတန်ဖိုးကြီးလို့လား”

နတ်ဆိုးအစောင့် စကားအနည်းငယ်ထစ်ငေါ့သွားသည်။

“အဲ့…အဲ့လောက်ကြီးလည်း တန်ဖိုးမကြီးပါဘူး၊ မြို့တော်ထဲက နေရာတိုင်းမှာ ဝယ်လို့ရတဲ့ သာမန်ပိုးသားလက်ကိုင်ပဝါမျိုးပါ”

ထို့နောက် သူအမြန်ထပ်ပြောလိုက်သည်။

“ဒါပေမယ့် အဲ့ဒီပစ္စည်းတွေက ကျွန်တော်တို့ မြို့စားစံအိမ်ရဲ့ ပိုင်ဆိုင်မှု ဖြစ်တဲ့အတွက် ဘယ်လောက်ပဲ တန်ဖိုးနည်းပါစေ စိတ်ရှိတိုင်းယူသွားလို့မရဘူး၊ အဲ့တာဆို မြို့စားသခင်ကြီး ဂုဏ်သိက္ခာ ကျသွားမှာပေါ့!”

ယန်ရုန်ရုန် မှင်သက်သွားခဲ့သည်။

‘ဒါဆို ညမဲ့မြို့စားရဲ့ ဂုဏ်သိက္ခာက ပိုးသားလက်ကိုင်ပဝါတစ်ထည်လောက်ပဲ တန်ဖိုးရှိတာပေါ့!’

လင်းယွမ်က ဝင်မေးလိုက်သည်။

“သူခိုးရှာဖို့ ငါ့အခန်းကိုမှ ရွေးပြီး ဘာလို့လာခဲ့တာလဲ၊ ဧကန္တ သူခိုးက ငါနဲ့ ပတ်သတ်မှုရှိနေတယ်လို့ သံသယဖြစ်နေကြတာလား”

အစောင့်က အမြန်ရှင်းပြလိုက်ပါသည်။

“ဒီငယ်သားတို့ စံအိမ်ထဲက တခြားနေရာတိုင်းကို ရှာဖွေစစ်ဆေးပြီးပါပြီ၊ ဒါပေမယ့် ဘာသဲလွန်စမှ မရခဲ့ဘူး၊ အဲ့တာကြောင့် ရွေးချယ်စရာမရှိဘဲ နတ်ဆိုးအရှင်သခင်ရဲ့ ခန်းဆောင်ကို လာရောက် ရှာဖွေရတာပါ”

ယန်ရုန်ရုန်က မေးသည်။

“သူခိုးနာမည်ကိုသိလား”

နတ်ဆိုးအစောင့် ခေတ္တတွန့်ဆုတ်သွားပြီး ပြန်ဖြေလိုက်သည်။

“သူ့နာမည် လောရှို့ပါ”

ထိုအမည်ကို ယန်ရုန်ရုန် တစ်ခါမှ မကြားဖူးသော်လည်း သူမစိတ်ထဲမှ လောလောကို အလိုလိုတွေးလိုက်မိသည်။ လောလောက ညစာစားပွဲသို့ အမည်အတုဖြင့် တက်ရောက်လာခဲ့မှာ သေချာပါသည်။

‘လောရှို့ဆိုတာ တကယ်ပဲ လောလော ဖြစ်နေမလား’

All Chapters