← Chapters

အခန်း (၁၂၇)

Vol. 13 Ch. 127

အခန်း (၁၂၇)

Vol. 13 Ch. 127

🌹Chapter 127

လောလောနှင့် မဆုံခင်တုန်းက ဝမ်ပေါင်မျှော်စင်၏ ပိုင်ရှင်မှာ ဟိတ်ဟန်ကြီးသည့် သူဌေးတစ်ယောက်ဖြစ်မည်ဟု ယန်ရုန်ရုန် ခန့်မှန်းခဲ့ဖူးသည်။ ခေတ်သစ် အချစ်ဝတ္ထုတွေထဲကလို ပျင်းရိသည်ဟု ခံစားရရုံနှင့် ပြိုင်ဘက်ကုမ္ပဏီကို ဒေဝါလီခံသွားရအောင် လုပ်နိုင်သည့် စီအီးအိုမျိုးဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။

ယခုတော့ ‘ကပ်စေးနည်း’ဟူသည့် စကားလုံးကို တစ်ကိုယ်လုံးမှာ ရေးသားထားသည်ဟုပင် ထင်ရလောက်သည့် ရှေ့ကလူကို ကြည့်ရင်း သူမရင်ထဲ ဆောက်တည်ခဲ့သည့် ‘စီအီးအို’ ပုံရိပ်လေးလည်း တစ်စစီ ပြိုကွဲသွားခဲ့ရပါသည်။

ဝေဖန်ချင်စိတ်ကို မနည်းထိန်းရင်း ယန်ရုန်ရုန် စိတ်ရင်းဖြင့် အကြံပြုလိုက်သည်။

“နောက်ဆို အဲ့တာမျိုးတွေ မလုပ်နဲ့တော့၊ အလစ်သုတ်တာ လူမိရင် သူခိုးလို့ သတ်မှတ်ခံရပြီး သေအောင် ရိုက်နှက်ခံရလိမ့်မယ်”

လောလောက ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။ “စိတ်မပူစမ်းပါနဲ့၊ ငါက ဒီလောကမှာ အတွေ့အကြုံရှိပြီးသား၊ ဘယ်သူမှ သတိမထားမိလောက်တဲ့ တန်ဖိုးနည်း ပစ္စည်းလေးတွေပဲ ယူတတ်တာ၊ ဒီတစ်ခါလည်း ကံနည်းနည်းဆိုးသွားလို့ပါ၊ ငါ့ထက် ပိုကပ်စေးနည်းတဲ့ မြို့စားနဲ့မှ လာတွေ့ရတယ်လို့!”

ပြောပြောဆိုဆိုနှင့် လောလော ဒေါသထွက်သွားရပြန်သည်။

“အဲ့ဒီ ညမဲ့မြို့စားက ငါ့ခန္ဓာကိုယ်ကိုလည်း အလွဲသုံးစားလုပ်သေးတယ်၊ ဒင်းနဲ့ အခုချိန်ထိ စာရင်းမရှင်းရသေးဘူး၊ ဒါတောင် လက်ကိုင်ပဝါတစ်ထည်အတွက်နဲ့ ငါ့ကို သူခိုးလို့ ခေါင်းစဉ်လာတပ်နေတယ်… သောက်အဓိပ္ပာယ်မရှိတာ!”

အသေးအဖွဲကိစ္စများအတွက် ယန်ရုန်ရုန် လေကုန်မခံချင်တော့သဖြင့် လိုရင်းကို ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် သတိထားပါ၊ ရှင်အဖမ်းခံရရင် ကျွန်မ လာကယ်မှာမဟုတ်ဘူးနော်”

“သိပါတယ် သိပါတယ်!”

လောလော လက်ကိုင်ပဝါကို ပျော်ပျော်ကြီး ပြန်သိမ်းလိုက်သည်။

“ဘယ်သူမှ မရှိတုန်း ငါ့ ရုပ်ခန္ဓာဆီ ခေါ်သွားပေးမယ်”

ယန်ရုန်ရုန် ခေါင်းညိတ်သဘောတူလိုက်သည်။

သူမတို့နှစ်ယောက် ခန်းဆောင်ထဲမှ တိတ်တဆိတ် ထွက်လာခဲ့ကြသည်။ မနက်မိုးလင်းနေပြီဖြစ်သော်လည်း ကောင်းကင်ကြီးက ညိုပျပျ မီးခိုးရောင် သန်းနေဆဲပင်။

စံအိမ်ရှိ အစေခံအများစုကလည်း ကျောက်နက်ဥယျာဉ်တွင် ဧည့်သည်များအား ဧည့်ခံနေဆဲဖြစ်သဖြင့် စံအိမ်ထဲ လူသူ ကင်းမဲ့နေခဲ့ပါသည်။

လောလောက စံအိမ်ကို မကြာခဏ ရောက်ဖူးသဖြင့် လမ်းများကို အကျွမ်းတဝင်ရှိသည်။ ထို့ကြောင့် ယန်ရုန်ရုန့်ကို အလွယ်တကူ လမ်းပြပေးနိုင်ခဲ့ပြီး အထပ် ၈ ထပ် ရှိသည့် မျှော်စင်ကြီးတစ်ခုထံ ခေါ်ဆောင်လာခဲ့ပါသည်။

ထိုမျှော်စင်က မြို့စားစံအိမ်ဝန်း၏ အလယ်တည့်တည့်တွင် တည်ရှိသည်။ မျှော်စင်ကြီးကို တခမ်းတနား တည်ဆောက်ထားပြီး အပြင်ဘက်နံရံများကို ရွှေချထားသဖြင့် အမှောင်ထဲမှာပင် တောက်ပနေခဲ့ပါသည်။

အပြင်ပန်းပုံသဏ္ဌာန်ကို ကြည့်ရုံဖြင့်ပင် အလွန်ချမ်းသာကြွယ်ဝသည့် စံအိမ်ကြီးနှင့် လိုက်ဖက်ညီမှုရှိကာ ကြွယ်ဝမှုအရှိန်အဝါများ ဖြာထွက်နေပါသည်။

မျှော်စင်က အဌဂံသဏ္ဌာန်ရှိပြီး အနားတစ်ဖက်တိုင်းတွင် တံခါးတစ်ချပ်စီ ရှိသည်။ ဆိုလိုသည်က စုစုပေါင်း တံခါး ၈ ချပ်ရှိနေသည်။ မျှော်စင်ထဲ ဝင်ရောက်ဖို့အတွက် ထိုတံခါး ၈ ချပ်အနက် တစ်ချက်ကို ရွေးချယ်ဝင်ရောက်ရပါမည်။

သို့သော် ပြဿနာက ဘယ်တံခါးက အစစ်အမှန်ဖြစ်မှန်း ယန်ရုန်ရုန် မသိချေ။ ထို့ကြောင့် လောလောကို လှည့်ကြည့်လိုက်သည်။

လောလောက ခပ်မြန်မြန်ပဲ ရှင်းပြလိုက်ပါသည်။

“ငါ့ခန္ဓာကိုယ်ကို ဒီမျှော်စင်အောက်မှာ ချိပ်ပိတ်ထားကြတယ်၊ အဲ့ဒီတံခါး ၈ ချပ်ထဲမှာ တစ်ချပ်ကပဲ အစစ်အမှန်၊ ကျန်တာက ထောင်ချောက်တွေ၊ မှားပြီးဝင်သွားမိရင် အထဲမှာ ချထားတဲ့ အကာအကွယ်စည်းတွေ ပွင့်လာလိမ့်မယ်၊ ငါတို့ ဘေးကင်းကင်း ပြန်ထွက်နိုင်ဖို့ ခက်ခဲသလို မြို့စားလည်း ချက်ချင်း ရိပ်မိသွားလိမ့်မယ်”

ယန်ရုန်ရုန် အရေးအကြီးဆုံး မေးခွန်းကို မေးလိုက်သည်။

“ဘယ်တံခါးက အစစ်အမှန်လဲ ရှင်သိလား”

လောလောခေါင်းခါလိုက်သဖြင့် ယန်ရုန်ရုန် အံ့အားသင့်သွားရသည်။

“မသိဘူး၊ တံခါး ၈ ချပ်က အချိန်တိုင်း ကျပန်း ပြောင်းလဲနေတာ၊ အရင်တုန်းက မြို့စားနောက်ကို ငါခြေရာခံလိုက်ခဲ့ဖူးတယ်၊ သူမျှော်စင်ထဲဝင်သွားတိုင်း မတူညီတဲ့ တံခါးတွေကို သုံးသွားတာ၊ အဲ့တာကြောင့် တံခါးအစစ်အမှန်ဆိုတာ အတိအကျ မရှိနိုင်ဘူး”

ယန်ရုန်ရုန်က စကားဆက်လိုက်သည်။

“တစ်နည်းအားဖြင့် မြို့စားကလွဲပြီး ဘယ်တံခါးက အစစ်အမှန်လဲဆိုတာ သိတဲ့လူ မရှိနိုင်ဘူးပေါ့ ဟုတ်လား”

လောလောက ခေါင်းညိတ်ထောက်ခံလိုက်ပါသည်။

ယန်ရုန်ရုန် နှုတ်ခမ်းတွန့်သွားပြီး ပြုံးတစ်ဝက်မဲ့တစ်ဝက်ဖြင့် မေးလိုက်သည်။

“တံခါးအစစ်အမှန်ကိုတောင် မရွေးတတ်ဘဲ ရှင့်အချုပ်အ နှောင်တွေကို ချိုးဖျက်ပေးဖို့ အကူအညီလာတောင်းရဲသေးတယ်ပေါ့”

လောလော လိပ်ပြာမလုံဖြစ်သွားပြီး တီးတိုးပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ၈ ချပ်ထဲက တစ်ချပ်ပဲဥစ္စာ၊ အောင်မြင်နိုင်ချေ သုညရာခိုင်နှုန်းထက် မြင့်ပါတယ်၊ အလောင်းအစား လုပ်ကြည့်ကြတာပေါ့၊ ကံကောင်းချင် ကောင်းသွားနိုင်တာပဲ”

ယန်ရုန်ရုန် အမုန်းတီးဆုံးအရာက အလောင်းအစားလုပ်ရခြင်းပင်။ သူမ ကံက အလွန်ဆိုးရွားခြင်းကြောင့် ဖြစ်သည်။ တံခါးတစ်ချပ်ကို အမှန်တကယ်ရွေးချယ်ရမည်ဆိုလျှင် ထောင်ချောက်ဆင်ထာားသည့် တံခါးကို ရွေးမိမှာ သေချာသလောက်ရှိသည်။ ထို့အပြင် အန္တရာယ်အများဆုံး ထောင်ချောက်ကိုပါ ရွေးမိလောက်သည်။

ယန်ရုန်ရုန် ခက်ထန်စွာ ပြောလိုက်ပါသည်။

“တံခါးအစစ်အမှန်ကို မသိဘူးဆိုတော့ ဒီနေ့တော့ မဝင်တော့ဘူး၊ တံခါးကို ဘယ်လိုရွေးရမလဲ သေချာသိမှ ပြန်လာကြမယ်”

ထို့နောက် ယန်ရုန်ရုန် လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။

သို့သော် လောလောက အမြန်လှမ်းတားလိုက်ပါသည်။

“နေပါဦး! ဒီထိတောင် ရောက်လာပြီပဲ၊ အနည်းဆုံးတော့ ကြိုးစားကြည့်သင့်တယ်လေ”

ယန်ရုန်ရုန် ပြတ်ပြတ်သားသား ငြင်းလိုက်သည်။

“ရှင်ကြိုးစားကြည့်ချင်ရင် ကိုယ့်ဖာသာကိုယ် ကြိုးစားကြည့်လေ၊ ကျွန်မကို ဆွဲမထည့်နဲ့”

“တကယ်တော့ ငါ့မှာ အရံအစီအစဉ်ရှိပြီးသားပါ၊ စည်းအကာအရံတွေကို ချိုးဖောက်နိုင်တဲ့ နတ်ရတနာတစ်ခု ငါ့မှာရှိတယ်၊ အဲ့ရတနာကို သုံးပြီး တံခါးအစစ်အမှန်ကို ရှာလို့ရတယ်”

ပြောပြောဆိုဆိုနှင့် လောလော ချန့်ခွင်းအိတ်ထဲမှ နတ်ရတနာတစ်ခုကို အမြန်ထုတ်ယူလိုက်ပါသည်။ ထိုနတ်ရတနာက… ရောင်စုံကြက်မွေးတစ်ချောင်းပင်။

ပုံသဏ္ဌာန်က အထင်ကြီးစရာမရှိသော်လည်း သျစ်အဆင့်ရှိသော နတ်ရတနာတစ်ခုဖြစ်သည်။

“ဒီနတ်ရတနာကို ဝူကောလို့ခေါ်တယ်၊ ဒီကြက်မွေးနဲ့ အပွတ်ခံလိုက်ရတဲ့ အရာတိုင်းက အသွင်အစစ်အမှန် ပေါ်လာလိမ့်မယ်၊ အဲ့ဒီတံခါးတွေနောက်မှာ ဘာရှိနေသလဲ စစ်ကြည့်ရအောင်”

လောလော တံခါးတစ်ချပ်ဆီ လျှောက်သွားပြီး ဝူကောကြက်မွေးဖြင့် အသာအယာ ပွတ်ကြည့်လိုက်သည်။ ထိုအခါ တံခါးက ဖန်ချပ်တစ်ချပ်ကဲ့သို့ အလင်းပေါက်သွားပြီး အတွင်းဘက်ကို ဖောက်မြင်နိုင်သွားသည်။ သို့သော် အတွင်းဘက်တွင် ပိန်းပိတ်အောင် မှောင်မိုက်နေပြီး ဘာမှရှိပုံမပေါ်ပေ။

လောလော ထပ်စစ်ဆေးကြည့်ချင်သော်လည်း စက္ကန့်ပိုင်းပင်မကြာလိုက်ဘဲ စည်းအကာအရံများက အာနိသင် စပြလေသည်။ တံခါးက ရုတ်တရက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ဝူကောကြက်မွေးကို ထပ်သုံးကြည့်သော်လည်း တံခါးက ပြောင်းလဲခြင်း မရှိတော့ပါ။

ဝူကောကြက်မွေးဖြင့် တံခါး၏ စည်းအကာအရံများကို မချိုးဖောက်နိုင်မှန်း သိသာသည်။

လောလော မှင်သက်သွားခဲ့ရသည်။

“ဝူကောကြက်မွေးနဲ့တောင် အလုပ်မဖြစ်ဘူးလား၊ ဒီတံခါးရဲ့ အကာအရံတွေက ဝူကောထက် အဆင့်ပိုမြင့်နေတာလား”

နတ်ရတနာများကို အဆင့် ၉ ဆင့် သတ်မှတ်ခွဲခြားထား သည်။ အဆင့် ၉ မှ အဆင့် ၁ အထိ ရှိပြီး အဆင့်ပိုမြင့်လေလေ ရတနာက တန်ဖိုးပိုကြီးမားလေလေပင်။

အဆင့် ၁ ၏ အလွန်တွင် အဆင့် လေးဆင့် ထပ်ရှိသေးပြီး ထျန်၊ သျစ်၊ ရွှမ်၊ ဟွမ် ဟူ၍ အမည်ရသည်။

တန်ဖိုးအကြီးမားဆုံးက ထျန်အဆင့် နတ်ရတနာများဖြစ်ပြီး သျစ်အဆင့်၊ ရွှမ်အဆင့်၊ ဟွမ်အဆင့်ဟူ၍ ကြီးစဉ်ငယ်လိုက် တန်ဖိုးရှိပါသည်။

လောလော အသုံးပြုလိုက်သည့် နတ်ရတနာက သျစ်အဆင့်ရှိပြီး ထျန်အဆင့်အောက် တစ်ဆင့်သာ နိမ့်သော ရှားပါး ရတနာတစ်ခုဖြစ်သည်။

ဝူကောကြက်မွေးနှင့်ပင် အလုပ်မဖြစ်လျှင် တံခါးများ၏ အကာအရံကို ချိုးဖောက်ဖို့အတွက် ထျန်အဆင့်ရှိသည့် နတ်ရတနာများကို လိုအပ်သည့်သဘောပင်။

သို့သော် ကမ္ဘာပေါ်တွင် ထျန်အဆင့်ရှိသည့် နတ်ရတနာများက အလွန်ရှားပါးပြီး တန်ဖိုးကြီးမားလွန်းသဖြင့် ကျင့်ကြံသူများစွာက အသက်ပေးပြီး လုယူရသည့်အရာများဖြစ်ကြပါသည်။ ထျန်အဆင့်ရှိ နတ်ရတနာတစ်ခုကို ချက်ချင်းထုတ်ပေးဖို့ ဆိုသည်မှာ မဖြစ်နိုင်လောက်ပါ။

စီးပွားရေးလောကထဲ ဝမ်ပေါင်မျှော်စင် ကျင်လည်နေသည်မှာ ကြာပြီဖြစ်ပြီး အကာအကွယ်အနေဖြင့် ထျန်အဆင့်ရှိ နတ်ရတနာတစ်ခုကို ပိုင်ဆိုင်ထားပါသည်။ သို့သော် ထိုနတ်ရတနာက စည်းအကာအရံများကို ချိုးဖောက်ဖို့ အသုံးဝင်မည့် ရတနာမျိုး မဟုတ်ပေ။ ထို့ကြောင့် ထိုနတ်ရတနာကို ယခုသွားယူလိုက်လျှင်တောင် ရလဒ် ထူးခြားမည်မထင်ပါ။

လောလော စိတ်ပျက်အားလျော့သွားစဉ် ယန်ရုန်ရုန်က ချန့်ခွင်းအိတ်ထဲမှ လက်ဖဝါးအရွယ်ရှိ ကြေးမုံတစ်ချပ်ကို ထုတ်လိုက်သည်။

“ဒါနဲ့ စမ်းကြည့်ကြမလား”

ထိုကြေးမုံကို မြင်လိုက်သည်နှင့် လော‌လော မျက်လုံးများ ဝိုင်းစက်သွားခဲ့ပြီး နှုတ်မှ ရုတ်တရက် ရေရွတ်လိုက်မိသည်။

“ဖူရှန်းကြေးမုံပဲ!”

ရှေးဟောင်းနတ်ရတနာတစ်ပါးဖြစ်သည့် ဖူရှန်းကြေးမုံ၏ အဆင့်က ထျန်အဆင့်ထက်ပင် ပိုမြင့်ပါသေးသည်။

လောလောက စိတ်ရှုပ်ရှားစွာ ပြောလိုက်သည်။

“မင်းမှာ အဲ့လောက်ကောင်းတဲ့ ရတနာမျိုးရှိနေမယ် ထင်မထားဘူး၊ မြန်မြန် စမ်းကြည့်လိုက်စမ်း!”

ယန်ရုန်ရုန်က မလှုပ်သေးဘဲ လောလောကို စိုက်ကြည့်ကာ မေးလိုက်သည်။

“ရှင် ဖူရှန်းကြေးမုံအကြောင်း ကောင်းကောင်းသိနေတဲ့ပုံပဲနော်”

လောလော အမြန်ရှင်းပြလိုက်ပါသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ငါတို့ မိတ်ဆွေတွေအဖြစ် ရှိခဲ့ဖူးတယ်၊ အဲ့တာကြောင့် တစ်ယောက်အကြောင်းတစ်ယောက် သိနေတာပေါ့၊ ဖူရှန်းကြေးမုံက အရမ်းဉာဏ်နီ ဉာဏ်နက်များတယ်၊ လူတွေကြားချင်တာကို ပြောပြပေးပြီး သူတို့မြင်ချင်တာကိုပဲ ပြသပေးတယ်၊ လူတွေကို မျက်နှာနှစ်ဖက်နဲ့ ကစားတဲ့နေရာမှာ အရမ်းထူးချွန်တယ်”

“အဲ့ဒီ ဖူရှန်းကြေးမုံက စိတ်ရှုပ်စရာကောင်းလို့ ငါ ဘယ်တုန်း ကမှ သဘောမကျခဲ့ဖူးဘူး၊ သူ့မှာမျက်နှာပြင်နှစ်ဖက်ရှိတယ်၊ တစ်ဖက်က ပုံရိပ်ယောင်တွေကို ကိုယ်စားပြုတယ်၊ အဲ့ဒီဖက်က လူတွေရဲ့ စိတ်ကို လှည့်စားပြီး ဝိညာဉ်တွေကို စုပ်ယူနိုင်တယ်၊ နောက်တစ်ဖက်ကတော့ အမှန်တရားကို ကိုယ်စားပြုတယ်၊ အဲ့ဒီဖက်က ကမ္ဘာပေါ်မှာရှိတဲ့ ပုံရိပ်ယောင်မှန်သမျှကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိတယ်လေ”

All Chapters