← Chapters

အခန်း (၁၂၈)

Vol. 13 Ch. 128

အခန်း (၁၂၈)

Vol. 13 Ch. 128

🌹Chapter 128

ဖူရှန်းကြေးမုံနှင့် ပတ်သတ်သည့် အချက်အလက်များကို ဘယ်နေရာမှာ ရှာဖွေရမှန်း မသိသဖြင့် ယန်ရုန်ရုန် အမြဲတမ်း ခေါင်းစားနေခဲ့ရသည်။ ထို့ကြောင့် လောလော၏ စကားကို ကြားလိုက်သည်နှင့် အသေးစိတ်ကို ချက်ချင်း မေးမြန်းလေတော့သည်။

“ဖူရှန်းကြေးမုံက ဒီအကာအရံတွေကို ချိုးဖျက်ပေးနိုင်တယ်ပေါ့”

လောလော ခေါင်းညိတ်လိုက်သည်။

“ဒါပေါ့! ဖူရှန်းကြေးမုံရှေ့မှာ ဘယ်အရာမှ အယောင်မဆောင်နိုင်ဘူး၊ ဘယ်လို စည်းအကာအရံမျိုးမဆို ချက်ချင်း ပျက်ပြယ်သွားလိမ့်မယ်”

ယန်ရုန်ရုန် သူ့စကားကို မှတ်သားထားလိုက်သည်။ ဖူရှန်းကြေးမုံ၏ အသုံးဝင်ပုံအကြောင်း သူမ ခန့်မှန်းခဲ့ဖူးပါသည်။ သို့သော် လောလော၏ အတည်ပြုချက်ကြောင့် သူမ ပိုနားလည်သွားခဲ့ရသည်။

ဒီကြေးမုံက သူမ ထင်ထားသည်ထက် အများကြီး ပိုအသုံးဝင်နေလေသည်။

ဖူရှန်းကြေးမုံတစ်ဖက် ကွဲအက်နေသည်ကို သတိပြုမိသွားပြီး လောလော သက်ပြင်းချလိုက်သည်။

“တစ်ဖက်ပဲ ရှိတယ်ဆိုရင် ကြေးမုံက အရင်ကလောက် အစွမ်းထက်မှာမဟုတ်တော့ဘူး”

ယန်ရုန်ရုန်ကတော့ စိတ်မကောင်းမဖြစ်မိပေ။

“အဲ့ဒီတစ်ဖက်ကို မဖျက်ဆီးခဲ့ရင် ဒီကြေးမုံ ကျွန်မလက်ထဲ အခုလို ရောက်လာမှာ မဟုတ်ဘူး”

လောလော သေချာစဉ်းစားကြည့်လိုက်ပြီး ယန်ရုန်ရုန့်စကားက အဓိပ္ပာယ်ရှိကြောင်း နားလည်သွားခဲ့သည်။ ဖူရှန်းကြေးမုံက အလွန်စွမ်းအားကြီးမားသလို ဉာဏ်နီဉာဏ်နက်လည်း အလွန်များပါသည်။ တစ်စုံတစ်ခု မှားယွင်းသွားသည်နှင့် ဖူရှန်းကြေးမုံ၏ လှည့်စားမှုကို ခံရကာ ဘဝပျက်သွားနိုင်သည်။

လောလော စိတ်ပျက်လက်ပျက် ညည်းတွားလိုက်လေသည်။

“ဟူး… ဒီကမ္ဘာကြီးမှာ အရာရာတိုင်းက အပေးနဲ့အယူ ရှိတာပဲ၊ နှစ်ခုစလုံးကို ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ယန်ရုန်ရုန် ကြေးမုံကို လှည့်လိုက်ပြီး အမှန်တရားကို ကိုယ်စားပြုသော မျက်နှာပြင်ကို တံခါးဆီ မျက်နှာမူလိုက်သည်။ တံခါးပေါ်ရှိ အကာအရံများ ပျောက်ကွယ်မသွားသော်လည်း တံခါးနောက်တွင်ရှိနေသည့် မြင်ကွင်းများကတော့ ကြေးမုံပေါ်တွင် အထင်းသားပေါ်လာခဲ့ပါသည်။

ယန်ရုန်ရုန်နှင့် လောလောတို့ ကြေးမုံထဲ အတူတူ ငုံ့ကြည့်လိုက်ကြသည်။ ကြေးမုံထဲတွင် အလွန် ပူပြင်း တောက်လောင်နေသည့် မီးလျှံများနှင့် ပွက်ပွက်ဆူနေသော ချော်ရည်များကို မြင်နေရသည်။

လောလော မျက်မှောင်ကြုတ်သွားလေသည်။

“ဒါ…”

ယန်ရုန်ရုန် ခံစားချက်မဲ့စွာ ရေရွတ်လိုက်သည်။

“ငရဲမီးချော်ရည် စည်းအကာအရံပဲ”

အမည်ကို ကြားရုံနှင့် ကြောက်စရာအကာအရံတစ်ခုဖြစ်မှန်း သိနိုင်သည်။ ထိုတံခါးထဲ ဝင်သွားသူတိုင်း မီးတောက် မီးလျှံများ၏ ဝါးမျိုမှုကို ခံရကာ ခန္ဓာကိုယ်တစ်ခုလုံး ချော်ရည်ထဲနစ်မြှုပ်ပြီး ပြာကျသွားရလိမ့်မည်။

လောလော ကျွတ်သပ်လိုက်မိပါသည်။

“ညမဲ့မြို့စားက တကယ်ရက်စက်ကြမ်းကြုတ်တာပဲ”

ထိုတံခါးနောက်တွင် ငရဲမီးချော်ရည် စည်းအကာအရံရှိနေမှန်း သိလိုက်ရပြီဖြစ်သဖြင့် ရွေးချယ်စရာ တံခါး ၈ ချပ်ထဲမှ ထုတ်ပယ်နိုင်ပါပြီ။ ယန်ရုန်ရုန် မြေကြီးပေါ်မှ ကျောက်တုံးတစ်တုံးကောက်လျက် တံခါးပေါ်တွင် X ဟု ရေးခြစ်ထားခဲ့လိုက်သည်။

ထို့နောက် တံခါးနောက်တစ်ချပ်ဆီသွားပြီး ဖူရှန်းကြေးမုံဖြင့် ချိန်ရွယ်လိုက်သည်။ ဒီတစ်ခါတော့ ကြေးမုံ မျက်နှာပြင်ပေါ်တွင် အဆိပ်ပြင်းမြွေပေါင်းများစွာ ပေါ်လာခဲ့ပါသည်။ မြွေများက ၎င်းတို့၏ သွေးစွန်းနေသော အစွယ်များကို ဖြဲပြနေပြီး ချွဲကျိနေသော ခန္ဓာကိုယ်များက အချင်းချင်း သွယ်ယှက်လျက် ရှိကာ မာန်ဖီသည့်အသံများ အဆက်မပြတ်ထွက်နေပါသည်။

ထိုမြင်ကွင်းကြောင့် ယန်ရုန်ရုန်နှင့် လောလောတို့ အော်ဂလီ ဆန်ကာ ချက်ချင်းမျက်နှာလွှဲလိုက်မိကြသည်။

လောလော ပျို့တက်မိမလိုပင် ဖြစ်သွားခဲ့သည်။

“ရွံစရာကြီး…”

ထိုတံခါးနောက်တွင် အဆိပ်တစ်ရာမြွေတစ်ထောင် စည်းအကာအရံရှိပြီး ယခင်အကာအရံတုန်းကလိုပဲ အသက်များကို နှုတ်ယူဖို့ ဆင်ထားသည့် ထောင်ချောက်တစ်ခုဖြစ်နေပါသည်။ အထဲကို ရောက်သွားသည်နှင့် အဆိပ်ပြင်းမြွေပေါင်း တစ်ထောင်၏ ကိုက်ခဲခြင်းကို ခံရလိမ့်မည်။

ထောင်ချောက်မိသူမှာ ချက်ချင်း မသေနိုင်ဘဲ အသိစိတ်ရှိနေသေးပြီး ၎င်းတို့၏ အသွေးအသားများ ဖြည်းဖြည်းချင်း စားသုံးခံနေရသည်ကို ဒီတိုင်းကြည့်နေရလိမ့်မည်။ ထိုသတ်ဖြတ်နည်းမှာ အလွန်ရက်စက်ကြမ်းကြုတ်လှပါသည်။

ထို့နောက် ကြေးမုံကိုအသုံးပြုပြီး တံခါးတိုင်းကို ဆက်လက်စစ်ဆေးခဲ့ကြသည်။ တံခါးတိုင်း၏ နောက်ကွယ်တွင် အလွန်အန္တရာယ်များသော စည်းအကာအရံများကိုယ်စီ ရှိနေခဲ့ပါသည်။

လောလော မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

“ဒီမြို့စားက အစွမ်းကုန် ကြိုးစားအားထုတ်ထားတာပဲ”

စည်းအကာအရံတစ်ခုကို ဖန်တီးဖို့ဟူသည်မှာ လွယ်ကူသည့် အလုပ်မဟုတ်ပါ။ အထူးသဖြင့် အဆင့်မြင့် ကာကွယ်ရေး စည်းအကာအရံများက အလွန်ကုန်ကျစရိတ်များသည်။

သာမန်လူတစ်ယောက်အဖို့ ထိုကဲ့သို့ စည်းအကာအရံမျိုး တစ်ခုလောက် ဖန်တီးဖို့ပင် အလွန်ခဲယဉ်းသော်နိုင်လည်း မြို့စားကတော့ အများကြီးကို တစ်ပြိုင်တည်း ဖန်တီးထားခဲ့သည်။

ဒါတွေအားလုံးက မျှော်စင်ထဲ သူစိမ်းတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ဖို့အတွက် ဖြစ်သည်။ တိတိကျကျ ဆိုရလျှင် မျှော်စင် အောက်ခြေတွင်ရှိနေသည့် ဖီရှို့သားရဲ၏ ရုပ်ခန္ဓာကို ဘယ်သူမှ ရှာမတွေ့နိုင်အောင် ကာကွယ်ဖို့ ဖြစ်ပါသည်။

ယန်ရုန်ရုန်တို့ နောက်ဆုံး တံခါးဆီ ရောက်ရှိသွားသောအခါ လောလော ရင်တွေ စတင်ခုန်လာပါပြီ။ ထိုတံခါးကို တောက်တောက်ပပ မျက်လုံးများဖြင့်ကြည့်ရင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

“ဒီတံခါးပဲဖြစ်ရမယ်!”

ယန်ရုန်ရုန်ကတော့ သူ့လောက် မပျော်နိုင်သေးပါ။ သူမရင်ထဲ ပြဿနာက ထင်သလောက်မရိုးရှင်းနိုင်ဟူသော ခံစားချက်မျှင်မျှင်လေးတစ်ခုကို ခံစားနေရသည်။

နောက်ဆုံးတံခါးချပ်ရှေ့တွင် ကြေးမုံကို ထောင်ကြည့်လိုက်သောအခါ ကြေးမုံထဲ အလွန်ရှည်လျားဖြောင့်မတ်သည့် လျှောက်လမ်းတစ်ခု၏ ပုံရိပ်ပေါ်လာခဲ့ပါသည်။

လောလော လက်ခုပ်လက်ဝါးတီးကာ တိုးတိုးတိတ်တိတ် အောင်ပွဲခံလိုက်လေသည်။

“နောက်ဆုံးတော့ တွေ့ပြီကွ! မြန်မြန် ဝင်ကြစို့!”

လောလော တံခါးကို တွန်းဖွင့်ဖို့ ကြံလိုက်သည်။

သို့သော် ယန်ရုန်ရုန်က ရုတ်တရက် လှမ်းတားလိုက်ပါသည်။

“ခဏနေဦး”

လောလော ဇဝေဇဝါဖြစ်သွားလေသည်။

“ဘာဖြစ်လို့လဲ”

ဖူရှန်းကြေးမုံထဲတွင် ပေါ်နေသည့် လျှောက်လမ်းကြီးကို ကြည့်ရင်း ယန်ရုန်ရုန် မျက်မှောင်ကြုတ်ကာ လေးလံစွာ ပြောလိုက်သည်။

“တစ်ခုခု မူမမှန်ဘူးလို့ ခံစားနေရတယ်၊ ခဏလောက် စောင့်ကြည့်ကြရအောင်”

လောလောကတော့ သူမ အတွေးလွန်နေသည်ဟုသာ ထင်မိပါသည်။ “ပုံရိပ်ယောင်ကို ကိုယ်စားပြုတဲ့ ဖူရှန်းကြေးမုံ မျက်နှာပြင်ဖက်ကို မင်းဖျက်ဆီးခဲ့ပြီးပြီ မဟုတ်ဘူးလား၊ အခု အမှန်တရားကို ကိုယ်စားပြုတဲ့ မျက်နှာပြင်ပဲ ကျန်တော့တယ်လေ၊ ကြေးမုံက မညာပါဘူး၊ လှည့်စားဖို့ဆို ပိုတောင်ဝေးသေး၊ အရမ်းကြီးသံသယများမနေနဲ့၊ မြန်မြန်ဝင်…”

လောလော စကားမဆုံးခင် ရုတ်တရက် ကြက်သေသေသွားခဲ့သည်။ ကြေးမုံပေါ်ရှိ ပုံရိပ် စတင်ပြောင်းလဲလာသည်ကို မြင်လိုက်ရခြင်းကြောင့်ပင်။

နဂိုက ရှည်လျား ဖြောင့်တန်းနေခဲ့သည့် လျှောက်လှမ်းကြီးက ရုတ်တရက် တွန့်လိမ်ကောက်ကွေးသွားပြီး မရေမတွက်နိုင်သော လမ်းကြောင်းများအဖြစ် ကွဲထွက်သွားသည်။ လမ်း ကြောင်းများက တစ်ခုနှင့်တစ်ခု ချိတ်ဆက် ဆုံစည်းပြီး အလွန်ရှုပ်ထွေးသော ဝင်္ကပါကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားခဲ့တော့သည်။

၎င်းမှာ ‘နှလုံးသားတစ်ထောင်လှည့်စားခြင်း’ စည်းအကာ အရံပင်။

ချက်ချင်းသေသွားစေနိုင်သော ယခင်စည်းအကာအရံများကဲ့သို့မဟုတ်ဘဲ ဒီတစ်ခုက အလွန်လှည့်ဖြားတတ်သည်။ ဝင်္ကပါထဲ ရောက်ရှိသွားချိန်မှာတောင် ထောင်ချောက်မိသွားမှန်း သိနိုင်မည်မဟုတ်ပေ။

ကြေးမုံပေါ်တွင် စစချင်းပြသခဲ့စဉ်တုန်းကလိုပဲ မှန်ကန်သည့် လမ်းကို ရှာတွေ့ပြီဟု ထင်သွားကြလိမ့်မည်။ သို့သော် သိပ်မကြာလိုက်ဘဲ လွတ်လမ်းမရှိသည့် အဆုံးမဲ့ဝင်္ကပါကြီးတစ်ခုဖြစ်နေမှန်း နားလည်သွားကြပါလိမ့်မည်။ အထဲကို ရောက်ရှိသွားသည်နှင့် ဝင်္ကပါထဲတွင် သေသည်အထိ တစ်သက်လုံး ပိတ်မိသွားရုံသာ ရှိနိုင်သည်။

ယန်ရုန်ရုန် တွေးလိုက်သည်။ ‘ထင်တဲ့အတိုင်းပဲ… နောက်ဆုံးတံခါးကတောင် ထောင်ချောက်ဖြစ်နေတာပဲ’

လောလောတစ်ယောက် မတ်တပ်ရပ်လျက်သား ရီဝေသွားခဲ့ပြီး နှုတ်မှလည်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ဘာလို့ တံခါး ၈ ချပ်စလုံးက မှားယွင်းနေရတာလဲ၊ အားလုံးက ထောင်ချောက်တွေဆိုရင် မြို့စားက မျှော်စင်ထဲ ဘယ်လိုဝင်နေတာလဲ”

ယခင် တံခါး ၇ ချပ်ကို ပြန်ငေးကြည့်ရင်း ယန်ရုန်ရုန် ဖြည်းညှင်းစွာပြောလိုက်သည်။

“တံခါးအစစ်အမှန်က အဲ့ဒီ ၇ ချပ်ထဲမှာပဲ ရှိရမယ်”

လောလောက ချက်ချင်း ချေပလိုက်ပါသည်။

“ဒါပေမယ့် ခုနလေးတင် ကြေးမုံနဲ့ ငါတို့စစ်ကြည့်ပြီးသားလေ၊ အားလုံးက ထောင်ချောက်တွေပဲဥစ္စာ”

“ရှင်ပဲပြောခဲ့ဖူးတယ်လေ၊ တံခါးတွေက အမြဲတမ်း ကျပန်းပြောင်းလဲနေတာဆို၊ ဧကန္တ ကျွန်မတို့ စစ်နေတုန်းမှာပဲ တံခါးတွေ ဆက်တိုက်ပြောင်းလဲနေတာကော မဖြစ်နိုင်ဘူးလား၊ တံခါးအစစ်အမှန်က ကျွန်မတို့ စစ်ဆေးနေတုန်း နေရာဆက်တိုက် ပြောင်းလဲနေတာ ဖြစ်နိုင်တယ်”

ယန်ရုန်ရုန့် သုံးသပ်ချက်ကြောင့် လောလော မှင်သက်သွားခဲ့သည်။ သူမ ပြောသည့်အတိုင်းသာဆို တံခါးအစစ်အမှန်ကို ရှာဖွေဖို့ မဖြစ်နိုင်သလောက် ခဲယဉ်းသွားနိုင်ပါသည်။

လောလော ရင်ထဲ ခါးသီးလာပြီး စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။

“မင်းပြောတဲ့အတိုင်းဆိုရင်… ဒီမျှော်စင်ကြီးမှာ အသိစိတ်ရှိနေသလိုပဲပေါ့၊ ငါတို့နဲ့ စိန်ပြေးလိုက်တန်းကစားနေတာပဲ”

ခမ်းနားထည်ဝါလှသော ရွှေရောင်မျှော်စင်ကြီးကို ယန်ရုန်ရုန် မော့ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

“ရှင်ပြောတာ ဖြစ်နိုင်တယ်၊ ဒီမျှော်စင်ကြီးမှာ တကယ် အသိစိတ်ရှိနေလောက်တယ်…”

လောလောလည်း ယန်ရုန်ရုန့်နည်းတူ အပေါ်သို့ မော့ကြည့်လိုက်ပါသည်။ အမှောင်ထုထဲတွင် ရွှေရောင်မျှော်စင်ကြီးက အလွန်တောက်ပကာ မလှုပ်မယှက် ငြိမ်သက်နေခဲ့ပါသည်။

ယန်ရုန်ရုန့်စကားကပဲ ရုပ်လုံးပေါ်လွန်းခြင်းကြောင့်လား မသိနိုင်သော်လည်း လောလော ထူးထူးခြားခြား ခံစားချက်ကြီးတစ်ခုကို ခံစားလိုက်ရသည်။

မျှော်စင်ကြီးက သူ့ကို အထက်စီးမှ ငုံ့ကြည့်နေသလိုပင်။ ထိုပေါက်ကရ အတွေးတစ်ခုကြောင့် လောလော ခေါင်းကျိန်းသွားခဲ့ရတော့သည်။

All Chapters