← Chapters

Vol. 15 Ch. 150

Vol. 15 Ch. 150

Vol. 15 Ch. 150

Vol. 15 Ch. 150

🌹Chapter 150

နှလုံးသွေးဆိုသည်မှာ နှလုံးသားထဲမှ သွေးဟူသည်ထက် ပိုပါသည်။ ကျင့်ကြံသူတစ်ယောက်၏ စွမ်းအင်အမြုတေများကို သွေးအသွင် ပြောင်းလဲထားခြင်းအား နှလုံးသွေးဟု ခေါ်ဆိုခြင်းဖြစ်သည်။

သာမန်သွေးများဆုံးကို ဆုံးရှုံးလျှင် အချိန်နှင့်အမျှ အလွယ်တကူ ပြန်လည်ပြည့်ဝလာနိုင်သော်လည်း သွေးအမြုတေများကမူ ပြန်လည်ပြည့်ဝဖို့ အလွန်ခဲယဉ်းလှပါသည်။

နှလုံးသွေးတစ်စက်တိုင်းက တန်ဖိုးရှိသည်။ သွေးအမြုတေကို ဆုံးရှုံးလိုက်ရလျှင် အသက်မသေနိုင်သော်လည်း ကျင့်ကြံသူတစ်ယောက်၏ သက်လုံစွမ်းအင်ကို ပြင်းပြင်း ထန်ထန် ထိခိုက်သွားစေပြီး အကောင်းပကတိအတိုင်း ပြန်ဖြစ်စေဖို့အတွက် အချိန်အတော်ကြာအောင် ယူရပါလိမ့်မည်။

ထို့ကြောင့် ယန်ရုန်ရုန့်နှုတ်မှ ထိုတောင်းဆိုမှုထွက်လာသည်နှင့် နတ်ဆိုးဘုရင်အားလုံး မျက်နှာပျက်သွားခဲ့ကြသည်။

ဖုန့်ကျင်းရှား စိတ်လိုက်မာန်ပါ ဆဲဆိုပစ်ချင်နေသော်လည်း အနားမှာ လင်းယွမ်စောင့်ကြည့်နေသဖြင့် ဒေါသကို မျိုသိပ်ရင်း ပါးစပ်ပိတ်ထားခဲ့ရသည်။

စမ့်ရှန်းမင် မကြည်မလင် မျက်နှာထားဖြင့် ထပ်မေးလိုက်ပါသည်။

“သခင်မလေးကျုံးက ကျုပ်တို့ နှလုံးသွေးနဲ့ ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ”

ယန်ရုန်ရုန် ပြုံးလိုက်သည်။ သူမ မျက်ဝန်းများက လခြမ်းကွေးသဏ္ဌာန် မှေးစင်းသွားပြီး အတော်လေး ဆွဲဆောင်မှု ရှိနေပါသည်။

သို့သော် သူမနှုတ်မှ ထွက်လာသည့် စကားက နတ်ဆိုးဘုရင်များအားလုံးကို အံကြိတ်သွားစေပါသည်။

“မပြောပြဘူး”

စမ့်ရှန်းမင် စိတ်တွေ အလွန်လေးလံလာခဲ့သည်။ သွေးအမြုတေများကို အသုံးပြုပြီး သူတို့အပေါ် ကျုံးရှောင်း ရှောင်း ကျိန်စာတစ်ခုခု တိုက်လိုက်မည်ကို စိတ်ပူမိပါသည်။

သို့သော် စာချုပ်ချုပ်ထားပြီးသားဖြစ်သဖြင့် ယခုချိန်မှ သူတို့ နောက်ဆုတ်ဖို့ ကြိုးစားလိုက်လျှင် ကောင်းကင်ဘုံ၏ အမျက်ဒေါသကို ခံစားရလိမ့်မည်။ ကောင်းကင်ဘုံတာအိုမှ သက်သေခံထားသည့် စာချုပ်တစ်ခုကို ချိုးဖျက်လိုက်သည့်အခါ ခံစားရမည့်အကျိုးဆက်က မသေးလှပါ။

ထို့အပြင် စာချုပ်ကို မေ့ထားလျှင်ပင် နတ်ဆိုးအရှင်သခင် လင်းယွမ် ရှိနေပါသေးသည်။ သူက ကျုံးရှောင်းရှောင်းဘက်မှာ ရပ်တည်မှန်း သိသာသဖြင့် နတ်ဆိုးဘုရင်များကို နောက်ဆုတ်ခွင့်ပြုမှာ မဟုတ်ပါ။

ယန်ရုန်ရုန် အပြင်ဘက်က ကောင်းကင်ကြီးကို ငေးကြည့်ရင်း သူတို့ကို အသိပေးလိုက်ပါသည်။

“မိုးတောင်ချုပ်တော့မယ်သနော်၊ အားလုံးလည်း ပြန်နားချင်လောက်ပြီပေါ့၊ ရှင်တို့ရဲ့ နှလုံးသွေးတွေကို အခုပေးမလား၊ ဒါမှမဟုတ် မနက်ဖြန် နောက်ဆုံးအချိန်ကျမှ ကျွန်မကိုယ်တိုင် လာယူရမလား”

‘ကိုယ်တိုင်လာယူမည်’ဟူသော စကားကို ကြားပြီး စမ့်ရှန်းမင် မျက်နှာ ပိုမှောင်မိုက်သွားခဲ့သည်။

‘ကျုံးရှောင်းရှောင်း အခွင့်ကောင်းယူပြီး ငါတို့ခန္ဓာကိုယ်တွေကို တစ်ခုခု လုပ်ဖို့ ကြံစည်နေတာလား’

ယခုလောက်ဆို နတ်ဆိုးဘုရင်များအားလုံး နားလည်နေကြပါပြီ။ ဒီမိန်းမ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးသော်လည်း အလွန်အမင်း ဉာဏ်ပြေးလွန်းသည်။ သူမကို အထင်မသေးသင့်တော့ပါ။

လင်းယွမ်နောက်သို့ ကျုံးရှောင်းရှောင်း တကောက်ကောက် လိုက်ခဲ့စဉ်က ဖြူစင်ရိုးသားပြီး အန္တရာယ်မရှိသည့် သာမန်လူသားတစ်ဦးဟု သူတို့ မှတ်ယူခဲ့ကြသည်။ ထိုအချိန်တုန်းက သူမကို နတ်ဆိုးနယ်မြေအတွင်းရှိ မည်သူကမှ အရေးတယူ မဆက်ဆံခဲ့ကြပါ။

ယခုမှ ကျုံးရှောင်းရှောင်း ဖြူစင်ချင်ယောင် ဟန်ဆောင်နေခဲ့ခြင်းဖြစ်မည်ဟု အားလုံးနားလည်လိုက်ရသည်။ ယခု သူတို့ရှေ့တွင် ရှိနေသည့် ကျုံးရှောင်းရှောင်းကမှ ကျုံးရှောင်း ရှောင်း အစစ်အမှန် ဖြစ်နိုင်ပါသည်။

နတ်ဆိုးဘုရင်များ တိတ်ဆိတ်သွားသည်ကို မြင်ပြီး ယန်ရုန်ရုန် ပြောလိုက်သည်။

“အဲ့တာဆို မနက်ဖြန်မှ ရှင်တို့ဆီ ကျွန်မလာခဲ့တော့မယ်၊ အခုတော့ အိမ်ပြန်ပြီးသေချာပြင်ဆင်ထားကြနော်”

နတ်ဆိုးဘုရင် ၅ ပါး၏ မျက်နှာများ အလွန်အကျည်းတန်နေပါပြီ။

‘ဘာကို သေချာပြင်ဆင်ထားရမှာလဲ၊ ရေမိုးချိုးပြီး သူသွေးလာဖောက်ထုတ်မယ့် အချိန်ကို စောင့်နေရမှာလား!’

စမ့်ရှန်းမင်က ဈေးဆစ်ဖို့ ကြိုးစားသည်။

“နှလုံးသွေး သုံးစက်ကတော့ များလွန်းပါတယ်၊ ကျုပ်က အသက်ကြီးနေပြီ ဆိုတော့ အဲ့လောက်အများကြီး တစ်ခါ တည်းဆုံးရှုံးလိုက်ရရင် အဆင်ပြေနိုင်မှာမဟုတ်ဘူး”

ယန်ရုန်ရုန် နှစ်သိမ့်ပေးလိုက်သည်။

“စိတ်မပူပါနဲ့၊ ရှင့်ခန္ဓာကိုယ်က ဒီလောက်ကြီးနေတာ နှစ်တော်တော်ကြာအောင် နေရဦးမှာပါ၊ သွေးသုံးစက်လောက်နဲ့ သေ မသွားဘူး”

စမ့်ရှန်းမင် စကားနင်သွားသည်။ သူ့သေခြင်းရှင်ခြင်းက သူမအတွက် အရေးမပါသလို ပေါ့ပေါ့တန်တန် ပြောသွားခဲ့သည်။ စမ့်ရှန်းမင် ဘယ်လောက်ပဲ အတွေ့အကြုံရင့်ကျက်ပါစေ စိတ်တဖြည်းဖြည်း ခုလာခဲ့ပါပြီ။

ထို့ကြောင့် ဟန်ဆောင်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“ငါမင်းကို နှလုံးသွေးသုံးစက် ပေးလို့ရတယ်၊ ဒါပေမယ့် ငါတို့သွေးနဲ့ မင်းဘာလုပ်မလို့လဲ ဆိုတာကိုတော့ ရှင်းရှင်းလင်း လင်း ပြောပြရမယ်၊ ငါတို့သွေးကို အသုံးချပြီး ငါတို့ကို သုတ်သင်ဖို့ မကြိုးစားနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်လဲ”

ယန်ရုန်ရုန်က ပြန်မေးလိုက်သည်။

“ရှင်တို့သွေးကိုသုံးပြီး ရှင်တို့ကို ဘယ်လိုနည်းလမ်းနဲ့ သုတ်သင်လို့ရလို့လဲ”

နှလုံးသွေးကိုအသုံးချပြီး ခန္ဓာပိုင်ရှင်ကို ထိခိုက်အောင် လုပ်နိုင်သည့် နည်းလမ်းများ စမ့်ရှန်းမင် ချက်ချင်း မစဉ်းစားနိုင်ခဲ့ပါ။

ထိုအချိန်တွင် ဟိုက်မင်က စကားဖြတ်ပြောလိုက်သည်။

“ကူပိုးကောင်တွေကို နှလုံးသွေး တိုက်တဲ့ ပညာတစ်ခု ငါကြားဖူးတယ်၊ အဲ့ဒီ ကူပိုးကောင်တွေ အရွယ်ရောက်လာပြီဆိုတာနဲ့ သွေးပိုင်ရှင်ကို ထိန်းချုပ်နိုင်တယ်တဲ့”

ယန်ရုန်ရုန် မျက်လုံးများအရောင်လက်သွားပြီး စိတ်ဝင်တစားဖြစ်သွားခဲ့သည်။

“အဲ့လိုပညာမျိုုး တကယ်ရှိတာလား၊ အဲ့ဒီပိုးကောင်တွေ ဘယ်မှာရှာလို့ရလဲ ရှင်သိလား”

သူမလေသံက ဟိုက်မင်ကြောင့် အကြံကောင်းတစ်ခုရသွားပြီး လက်တွေ့စမ်းသပ်ကြည့်ဖို့ စိတ်အားထက်သန်နေပုံ ရပါသည်။

ဖုန့်ကျင်းရှား အံကြိတ်ရင်း မေးလိုက်သည်။

“မင်းငါတို့ကို တကယ် အန္တရာယ်ပြုမလို့လား”

ယန်ရုန်ရုန် ပြုံးလိုက်သည်။

“မကြောက်ပါနဲ့ ကျွန်မ ဒီတိုင်းမေးကြည့်တာပါ”

သူမစကားကို နတ်ဆိုးဘုရင် တစ်ပါးမှ မယုံကြည်ကြပါ။ ထိုကုပိုးကောင်များကို ရှာတွေ့သွားလျှင် သူတို့အပေါ် ထိုပညာဖြင့် စမ်းသပ်ကြည့်မှာ သေချာပါသည်။

အာချောင်သည့် ဟိုက်မင်ကို နတ်ဆိုးဘုရင် ၄ ပါး မကျေမနပ် လှည့်ကြည့်လိုက်ကြသည်။

ဟိုက်မင်ကမူ ခံစားချက်မဲ့စွာ ပြန်ပြောလိုက်ပါသည်။

“ငါက ဒီတိုင်း သာဓကပေးပြီး ပြောပြတာပါ၊ အဲ့လို ပိုးကောင်မျိုး တကယ်ရှိချင်မှလည်း ရှိနိုင်မှာ၊ ငါတို့ဘက်က ကတိကို မတည်ချင်လို့မဟုတ်ဘူး ကျုံးရှောင်းရှောင်း၊ ဒါပေမယ့် ငါတို့ရဲ့ ဘေးကင်းလုံခြုံမှုအတွက်လည်း ထည့်တွက်ရမယ်လေ၊ မင်းနားလည်ပေးနိုင်မယ်လို့ မျှော်လင့်တယ်”

ယန်ရုန်ရုန် ရယ်မောလိုက်သည်။

“ကျွန်မ နားလည်ပါတယ်၊ ဒါပေမယ့် ကျွန်မစိတ်ကိုတော့ ပြောင်းမှာမဟုတ်ဘူး၊ ရှင်တို့ဆီက နှလုံးသွေးကိုပဲ လိုချင်တာ၊ ရှင်တို့မှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်၊ ဒီနေ့ပေးမလား မနက်ဖြန်ပေးမလား ဆိုတာပဲ”

ဖုန့်ကျင်းရှား သည်းမခံနိုင်တော့ဘဲ စားပွဲကို ထုရိုက်ကာ မတ်တပ်ထရပ်လိုက်ပါသည်။

“မင်းအဲ့လောက် အရှက်မမဲ့နဲ့!”

ဖုန့်ကျင်းရှား ပါးစပ်ဟလိုက်သည်နှင့် သူ့တစ်ကိုယ်လုံးကို သွေးနီရောင် နတ်ဆိုးစွမ်းအင်များက ရစ်ပတ်ချုပ်နှောင်လိုက်ပါသည်။ ထိုနတ်ဆိုးစွမ်းအင်များက သူ့မျက်နှာကိုပါ ဖုံးအုပ်သွားပြီး အရေပြားထဲ ဖောက်ဝင်ကာ သူ့မျက်နှာအရေပြားတစ်ခုလုံးကို ဆွဲခွာပစ်တော့မည့်အလား ထင်ရသည်။

ဖုန့်ကျင်းရှား နာကျင်မှုကြောင့် တစ်ကိုယ်လုံး ပြင်းပြင်းထန် ထန် တုန်ခါသွားခဲ့သည်။ ရုန်းကန်ဖို့ ကြိုးစားသော်လည်း ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ခံထားရသဖြင့် လုံးဝ မလှုပ်ရှားနိုင်ခဲ့ပါ။

ခေါင်းကို နောက်သို့လှန်ချရင်း တစ္တေတစ်ကောင်လိုသာ အော်ညည်းနိုင်ပါသည်။

လင်းယွမ် ပျင်းရိပျင်းတွဲ မေးလိုက်သည်။

“ဘယ်သူ့ကို အရှက်မဲ့တယ်လို့ ပြောလိုက်တာလဲ”

နာကျင်မှုများအကြားမှ ဖုန့်ကျင်းရှား တောင်းပန်လိုက်သည်။

“ကျွန်…ကျွန်တော်တောင်းပန်ပါတယ်! ကျွန်တော်ကမှ အရှက်မရှိတဲ့သူပါ! ကျေးဇူးပြုပြီး ချမ်းသာပေးပါ!”

“မင်းက မင်းမျက်နှာကို မလိုချင်တော့ဘူးဆိုတော့လည်း ငါက ကူညီပေးရမှာပေါ့”

လင်းယွမ် စကားဆုံးသည်နှင့် သွေးနီရောင် နတ်ဆိုးစွမ်းအင်များက အားပါပါ ဆောင့်ဆွဲလိုက်ရာ ဖုန့်ကျင်းရှား၏ မျက်နှာ အရေပြားတစ်ချပ်လုံး ကွာထွက်သွားခဲ့သည်။

အသားပေါ်မှ အရေပြားကွဲထွက်သွားသည့်အသံက အားလုံးကို ခေါင်းကြိမ်းသွားစေပါသည်။ ဖုန့်ကျင်းရှား၏ အရေပြားမရှိတော့ဘဲ သွေးအလိမ်းလိမ်းထွက်နေသော မျက်နှာကြီးကလည်း ချောက်ချားစရာကောင်းလွန်းလှသည်။

သာမန်လူတစ်ယောက်သာဆို သတိလစ်သွားခြင်း သို့မဟုတ် သေသွားခြင်းပင် ဖြစ်နိုင်သည်။ သို့သော် ဖုန့်ကျင်းရှားက နတ်ဆိုးဘုရင်တစ်ပါးဖြစ်သဖြင့် ထိုဒဏ်ရာက သေစေလောက်သည်အထိ မပြင်းထန်ပါ။

သို့သော် အသိစိတ်ကပ်နေသေးသဖြင့် နာကျင်မှုကို သိသိသာသာ ပိုခံစားခဲ့ရပြီး သေသွားချင်စိတ်များပင် တဖွားဖွား ပေါ်လာခဲ့ပါသည်။

သွေးနီရောင်နတ်ဆိုးစွမ်းအင်များက ဖုန့်ကျင်းရှား၏ ခန္ဓာ ကိုယ်ထဲ ဖောက်ဝင်သွားခဲ့ရာ ဖုန့်ကျင်းရှား အာခေါင်ခြစ်လျက် အော်ဟစ်ရပြန်သည်။ ကျန်နတ်ဆိုးဘုရင် ၄ ပါးစလုံး မျက်မှောင်ကြုတ်ထားကြသော်လည်း ဘယ်သူမှ ဝင်မကူညီခဲ့ကြပါ။

အားလုံးက တစ်လှေတည်းသားချင်းများဖြစ်ကြသော်လည်း တစ်ဦးအပေါ်တစ်ဦး သံယောဇဉ် မရှိကြပေ။ လင်းယွမ်က ဘုံရန်သူဖြစ်နေခြင်းကြောင့်သာ မဟုတ်လျှင် သူတို့အချင်းချင်း သတ်ဖြတ်နေလောက်ပါပြီ။

ခေတ္တကြာသောအခါ သွေးနီရောင်နတ်ဆိုးစွမ်းအင်များ ဖုန့်ရှင်းကျား၏ ခန္ဓာကိုယ်အတွင်းမှ ပြန်ထွက်လာခဲ့ပြီး နှလုံးသွေး သုံးစက်ကိုပါ ယူဆောင်လာခဲ့ပါသည်။

နတ်ဆိုးစွမ်းအင်များက နှလုံးသွေးစက်သုံးစက်ကို သေသေ ချာချာ သယ်ဆောင်ရင်း ယန်ရုန်ရုန့်ရှေ့သို့ ပို့ဆောင်ပေးခဲ့သည်။

ယန်ရုန်ရုန်လည်း ကြွေပုလင်းတစ်လုံးကို ချက်ချင်းထုတ်ကာ နှလုံးသွေးစက်များကို ထည့်သွင်းလျက် ဖုန့်ကျင်းရှားဟု အမည်တပ်လိုက်ပြီး ချန့်ခွင်းအိတ်ထဲ ပြန်ထည့်ထားလိုက်ပါသည်။

“အလောင်းအစားတစ်ခုမှာ ရှုံးရင် လောင်းကြေးကို အသာ တကြည်ပေးရတယ်”

လင်းယွမ် ဖြည်းညှင်းစွာ ပြောလိုက်ပြီး ကျန်နတ်ဆိုးဘုရင် ၄ ပါးကို စိုက်ကြည့်လိုက်သည်။

“မင်းတို့ ကိုယ့်အလုပ်ကိုယ် လုပ်ရမှာ ပျင်းနေရင် ငါပျော်ပျော်ကြီး ကူလုပ်ပေးလို့ရတယ်နော်”

လင်းယွမ်၏ သတိပေးစကားက ရှင်းလင်းပါသည်။ ကတိဖျက်ရဲသူတိုင်း ဆိုးရွားသည့်အကျိုးဆက်နှင့် ရင်ဆိုင်ရလိမ့်မည်။

All Chapters