← Chapters

ဒေါသအမျက်ချောင်းချောင်းထွက်နေသော သွေးချီ

Vol. 11 Ch. 1011

ဒေါသအမျက်ချောင်းချောင်းထွက်နေသော သွေးချီ

Vol. 11 Ch. 1011

သင်္ချိုင်းဂူကြီး၏ အပြင်ဘက်တွင် ဖြစ်ပျက်နေသော အချင်းအရာများကို ကောင်းကင်ဧကရာဇ်က မည်သည့်အတွက်ကြောင့် သတိမထားမိဘဲရှိမည်နည်း။ သို့သော်လည်း ပေါင်းစည်းခြင်း လုပ်ငန်းစဥ်မှာ အရေးကြီးသော အခိုက်အတန့်သို့ရောက်နေပြီဖြစ်၍ သူ အာရုံပျံ့လွင့်သွား၍ မရပေ။ ယခုအချိန်တွင် သူသည် ကောင်းကင်တံတားကျွန်း မဆိုထားဘိ တစ်ကမ္ဘာလုံးပျက်စီးသွားပြီး လူအားလုံးသေဆုံးသွားမည်ဆိုလျှင်တောင် ဂရုစိုက်နေမည်မဟုတ်ပေ။ သူ့အတွက်မူ ယခုလက်ရှိ ဆောင်ရွက်နေသည့် အလုပ်တစ်ခုတည်းသာ အရေးကြီးနေပေသည်။

" ပေါင်းစည်းကြစမ်းကွာ … ချီးတဲ့မှပဲ "

သူက အော်ဟစ်လိုက်ပြီး သူ၏ကျင့်ကြံခြင်းစွမ်းအားအချို့ကိုထုတ်ဖော်၍ မီးပင်လယ်ကြီးအား ပိတ်ဆို့လိုက်ကာ စွမ်းအားအချို့ကိုမူ ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးတို့ အတူတကွပေါင်းစည်းသွားစေရန် အသုံးပြုလိုက်သည်။

" ဆရာ "

ပိုင်ဟောက်မှာ မီးတောက်များအကြားတွင် အော်ဟစ်နေ၏။ သူ သင်္ချိုင်းဂူကြီးထဲသို့ ဝင်လာသည်နှင့် ပထမဆုံး တွေ့လိုက်ရသည်မှာ တုလင်ဖေးနှင့် ပေါင်းစည်းသွားစေရန် အတင်းအကြပ် ဖိအားပေးခြင်းခံနေရသည့် ကောင်းကင်ဧကရာဇ်၏ လက်ထဲရှိ သတိမေ့နေသော သူ၏ဆရာပင် ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ပိုင်ဟောက်မှာ ချက်ချင်းပင် ရူးသွပ်သွားရတော့သည်။ သူသည် နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်ထဲမှနေ၍ အော်ဟစ်မြည်တမ်းလိုက်ပြီး အရှိန်မြှင့်တင်ကာ ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားတော့သည်။ ထိုအခါ ကျောက်သားနံရံကြီး အရည်ပျော်ကျသွားပြီး ကျယ်လောင်သော ထစ်ချုန်းသံများ ပဲ့တင်ထွက်လာတော့သည်။

လောင်မြိုက်နေသည့် အပူရှိန်ကြီးနှင့် မီးတောက်ကြီး၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တို့ကြောင့် ကောင်းကင်ဧကရာဇ်၏ အမူအရာမှာ ချက်ချင်းပင် ဖျတ်ခနဲ ပြောင်းလဲသွားရသည်။

တုန်လှုပ်ဖွယ်ကောင်းစွာပင် သူ၏ကျင့်ကြံခြင်းအခြေခံကို သုံး၍ ထုတ်လွှတ်ခဲ့သည့် အကာအကွယ်များမှာ ထိုမီးတောက်များကို လုံးဝ မယှဥ်နိုင်ပေ။

" ဒါ ဘယ်လိုမီးတောက်ကြီးလဲ "

သူတွက်ဆထားသည်ထက် များစွာပို၍ စွမ်းအားကြီးမားနေသည့် ထိုပူပြင်းလှသော မီးတောက်ကြီးကြောင့် ကောင်းကင်ဧကရာဇ်မှာ ရင်တဒိန်းဒိန်းခုန်နေပြီဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း ထိုမီးတောက်မှာ ကောင်းကင်ဧကရာဇ်၏ အကာအကွယ်များထဲသို့ ရောက်သွားပြီး တုလင်ဖေးကိုဖြတ်၍ ပိုင်ရှောင်ချန်း၏ဘေးတွင် ပေါ်လာတော့သည်။

ထို့နောက် ၎င်းက စွမ်းအားတစ်ခုကို ဖောက်ခွဲထုတ်လွှတ်လိုက်တော့သည်။

ဝုန်း

ကမ္ဘာကြီး၏ ကန့်သတ်ချက်များထက်ပင် သာလွန်နေသည့် စွမ်းအားတစ်ခုက မီးနံရံကြီးနှင့်တူသော အရာတစ်ခုကို ဖန်တီးလိုက်ပြီး ကောင်းကင်ဧကရာဇ်အား အပြင်းအထန် တွန်းထုတ်လိုက်တော့သည်။

ကောင်းကင်ဧကရာဇ်၏ မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဒေါသအရိပ်အယောင်များ ဖုံးလွှမ်းနေပြီး သူ၏မျက်ဝန်းများထဲတွင် ရက်စက်မှုများနှင့် ရူးသွပ်မှုများ တောက်လောင်လာတော့သည်။

" ကိုယ့်သေတွင်းကိုယ်တူးနေတယ်ပေါ့၊ ဟုတ်လား… ပိုင်ဟောက် "

သူက အော်ဟစ်လိုက်ပြီး ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်၏ စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ သူသည် ထိုမီးတောက်ကို ဖျက်ဆီးရန် ကြိုးစားလိုက်ပါသော်လည်း ၎င်းမှာ အလွန်ပူပြင်းနေသည့်အပြင် သူ၏နှလုံးသားထဲတွင် သေရေးရှင်ရေးအခြေအနေနှင့် ကြုံတွေ့လိုက်ရသည့်အလား ခံစားလာရသည်။

" ဒါ...ဒါ... ဘယ်လိုမီးတောက်များတုံး "

ကောင်းကင်ဧကရာဇ်ပင်လျှင် ထိုအပူဒဏ်ကို မခံနိုင်ပဲ ဆုတ်ခွာသွားရသည်။ တုလင်ဖေးမှာလည်း အဝေးသို့ တွန်းထုတ်ခံလိုက်ရသည်။

သူမသည် သတိမေ့မျောနေသည်မှာ ကြာပြီဖြစ်၍ ထိုအားကြီးက သူမကိုတွန်းထုတ်လိုက်သည့်အချိန်မှာပင် သူမသည် ပိုင်ရှောင်ချန်းနှင့် ကွဲကွာသွားပြီး အဝေးသို့လွင့်စင်သွားတော့သည်။

မီးတောက်နံရံကြီးမှာ ကောင်းကင်ဧကရာဇ်အား ဆက်၍ တွန်းထုတ်နေသဖြင့် တဂျိန်းဂျိန်းမြည်ဟည်းသံများ အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။ ဤအချင်းအရာအားလုံးမှာ ဖော်ပြရန်သာကြာသော်လည်း တစ်စက္ကန့်၏ သေးငယ်လှသော အစိတ်အပိုင်းလေးတစ်ခုအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းသာဖြစ်သည်။

တုလင်ဖေးနှင့် ကောင်းကင်ဧကရာဇ်တို့ အဝေးသို့ တွန်းထုတ်ခံလိုက်ရပြီးနောက် မီးတောက်များမှာ သတိမေ့နေသော ပိုင်ရှောင်ချန်း၏ ရှေ့တွင် မတ်တတ်ရပ်နေသည့် ပိုင်ဟောက်၏ပုံစံအဖြစ် တစ်ဖန်ပြန်ပြောင်းသွားသည်။

ပေါင်းစည်းခြင်းလုပ်ငန်းစဥ် ပျက်ပြားသွားရသဖြင့် ပေါ်ထွက်လာသော တုန်ခါမှုကြီးနှင့် မီးတောက်များ၏ အပူရှိန်ကြောင့် ပိုင်ရှောင်ချန်းမှာ ရုတ်တရက် အနည်းငယ် သတိပြန်ရလာသည်။

သူက မောပန်းနွမ်းနယ်နေပြီး အသက်မဲ့လုနီးပါးဖြစ်နေသော မျက်လုံးများကို ကြိုးစားဖွင့်လိုက်ကာ မီးတောက်နှင့် ပိုင်ဟောက်ကိုမြင်လိုက်ရသောအခါ အားအင်ချည့်နဲ့စွာနှင့် ရေရွတ်လိုက်သည်။

" ဟောက်အာ... "

ထိုအသံကြောင့် ပိုင်ဟောက်မှာ တုန်ရီသွားပြီး သူ၏မျက်ဝန်းများထဲတွင် ပြင်းထန်သော ပူဆွေးသောကများ ဖျတ်ခနဲ ပေါ်ထွက်လာသည်။ ပိုင်ရှောင်ချန်းမှာမူ သူ၏သက်စောင့်အားများ အပြီးတိုင်ချုပ်ငြိမ်းလုနီးပါး ဖြစ်နေသောကြောင့် သူ၏မျက်ဝန်းများကို ဖြည်းညင်းစွာ ပြန်မှိတ်လိုက်တော့သည်။ ထိုအချိန်တွင် ပိုင်ဟောက်၏နှလုံးသားထဲမှာ ခံစားနေရသည့် နာကျင်မှုကား အမြင့်ဆုံးအဆင့်ထိ ရောက်ရှိသွားတော့သည်။

" ကျွန်တော် အားလုံးကို တာဝန်ယူလိုက်ပါ့မယ် ဆရာ "

သူက အံကိုကြိတ်၍ ဆိုလိုက်သည်။ ထိုအချိန်တွင် သူသည် သူ၏ဝိညာဥ်မှာ ပျောက်ကွယ်တော့မည့်ဆဲဆဲအခြေအနေသို့ ရောက်နေပြီဖြစ်၍ နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်မှာ အချိန်အနည်းငယ်မျှသာ ထပ်၍ ခံတော့မည်ဖြစ်ကြောင်း သိလိုက်သည်။

ယခုတွင် အရေးကြီးဆုံးသောအရာမှာ သူ၏ဆရာကို ကယ်တင်ရန်ဖြစ်သည်။ ပိုင်ရှောင်ချန်း၏ ဒဏ်ရာများမှာ အလွန့်အလွန် ပြင်းထန်နေကြောင်းကိုလည်း ပိုင်ဟောက်က အာရုံခံမိနေသည်... သူ့သက်စောင့်အား၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းတိတိမှာ ကုန်ဆုံးသွားပြီဖြစ်သည်။

သူ့ထံတွင် စွမ်းအင် မဆိုသလောက်သာ ကျန်ရှိတော့သည်။

အနည်းငယ်မျှ နှောင့်နှေးကြန့််ကြာသွားပါက ပိုင်ရှောင်ချန်းမှာ ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ ဇီဝိန်ချုပ်သွားမည်သာဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှာ အသက်ရှိတော့မည်မဟုတ်ပဲ သူ၏တာအိုမှာလည်း ထာဝရပျောက်ကွယ်သွားတော့မည်ဖြစ်သည်။

အရေးအကြီးဆုံး အချိန်သို့ ရောက်ရှိနေပြီဖြစ်၍ ပိုင်ဟောက်မှာ အနည်းငယ်မျှ နှောင့်နှေးတွေဝေမနေတော့ပေ။ သူသည် အော်ဟစ်မြည်တမ်းလိုက်ပြီး မီးနံရံကြီးကို ပြန်လည်ဆွဲယူလိုက်သောအခါ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားတစ်ခု ရုတ်ချည်း ပေါ်ထွက်လာသည်။

သူသည် ကမ္ဘာကြီး၏ ကန့်သတ်ချက်များထက်ပင် သာလွန်နေသည့် နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို အသုံးပြု၍ တည်နေရာရွှေ့ပြောင်းကာ ပိုင်ရှောင်ချန်းကို ခေါ်ဆောင်သွားရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

" အတင့်ရဲလှပါလား ပိုင်ဟောက် "

ကောင်းကင်ဧကရာဇ်မှာ သူ၏မျှော်လင့်ချက်အားလုံး လုယူခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ ပို၍ပင် ဒေါသထွက်သွားပြီး ရူးသွပ်လာတော့သည်။

ပိုင်ရှောင်ချန်းအား ပိုင်ဟောက်ကယ်တင်သွားသည်ကို မည်သည့်နည်းဖြင့် သူ ထိုင်ကြည့်နေနိုင်ပါမည်နည်း။

" ပျောက်ကွယ်သွားစမ်း… မလောက်လေးမလောက်စား မီးပင်လယ် "

ကောင်းကင်ဧကရာဇ်မှာ မီးတောက်အစွမ်းကြောင့် အံ့အားသင့်နေပါသော်လည်း သူ၏စိတ်ဆန္ဒများ ပေါက်ကွဲထွက်လာခြင်းကိုမူ မတားဆီးနိုင်ပေ။ ထိုပေါက်ကွဲမှုကြောင့် လေထုကြီး ထပ်ခြမ်းကွဲကာ ဆုတ်ပြဲသွားပြီး အထက်ရှိ ကောင်းကင်ကြီးမှာ တုန်ရီသွားတော့သည်။ ကောင်းကင်တံတားနယ်မြေအားလုံးပင်လျှင် တုန်ရီစပြုလာတော့သည်။

ထိုအချိန်တွင် ကောင်းကင်ဧကရာဇ်မှာ တစ်ကမ္ဘာလုံး၏ စွမ်းအားများကိုသာမက အမျက်ဒေါသများကိုပါ ပိုင်ဆိုင်ထားပြီဖြစ်သည်။

သူ၏စွမ်းအင်မှာ တမုဟုတ်ချင်း မြင့်တက်သွားကာ မျက်စိတစ်မှိတ်အတွင်း ပင်လယ်ရေများ ပွက်ပွက်ထလာပြီး မြေပြင်မှာ တုန်ရီသွားကြသည်ဖြစ်၍ နေရာတိုင်းတွင် အက်ကွဲကြောင်းများ ပွင့်ထွက်လာတော့သည်။

ကောင်းကင်ဧကရာဇ်၏ အငွေ့အသက်၊ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် သူ့ထံမှပေါ်ထွက်နေသည့် ဖိအားများ ထိပ်ဆုံးသို့ရောက်ရှိသွားသောအခါ သူသည် ညာဖက်ခြေထောက်ကိုမြှောက်၍ ရှေ့သို့တစ်လှမ်း လှမ်းလိုက်တော့သည်။

ထိုအခါ သူ၏အငွေ့အသက်၊ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် ဖိအားတို့မှာ ရုပ်သွင်ဖြစ်တည်လာတော့သည်။ ဧရာမ ဓမ္မရုပ်ထုကြီးတစ်ခု ပေါ်ပေါက်လာပြီး ၎င်းမှာ မီးတောက်များဆီသို့ ခုန်အုပ်လိုက်တော့သည်။

ထိုဓမ္မရုပ်ထုကြီးဆီမှ လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးတို့၏ စွမ်းအားများ ပါဝင်နေသည်ဟု ထင်ရသည့် စူးရှတောက်ပသောအရောင်တစ်ရောင် ထွက်ပေါ်လာသည်။ ဤကမ္ဘာကြီး၏ စိတ်ဆန္ဒမှာ နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်နှင့် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းစွာ အားပြိုင်တော့မည်ဖြစ်သည်။

ဤကဲ့သို့သော စွမ်းအင်အဆင့်အတန်းမှာ ကောင်းကင်ကြီးအား ပျက်စီးသွားစေနိုင်ပြီး မြေကြီးအား ချေမှုန်းပစ်နိုင်စွမ်းပင်ရှိသည်။

ဝုန်း

ကမ္ဘာကြီး၏ ကန့်သတ်ချက်များထက် သာလွန်နေသည့် မီးတောက်ကြီးမှာ ရုတ်တရက် တုန်ရီသွားသည်။ ထိုမီးတောက်အတွင်းရှိ ပိုင်ဟောက်မှာ သူ့အား မမြင်နိုင်သော ဧရာမလက်ကြီးတစ်ဖက်က ဆုပ်ကိုင်ကာ ချေမွပစ်တော့မည့်အလား အလွန်အမင်းတုန်ရီနေသည်။

ပိုင်ဟောက်က မီးတောက်ကိုအားဖြည့်ပေးရန် သူ၏ဝိညာဥ်ကိုဆက်လက် လောင်ကျွမ်းစေလိုပါသော်လည်း ကောင်းကင်ဧကရာဇ်၏ စွမ်းအားမှာ အံ့သြဖွယ်ကောင်းလွန်းနေသည်။ ကောင်းကင်ဧကရာဇ်ကြီးက ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်မှာ နောက်သို့ဆုတ်ဆုတ်သွားရပြီး အရွယ်အစားသေးငယ်လာရတော့သည်။

" ငါ့ဆရာကိုကယ်တင်နေတာကို ဘယ်သူမှ မတားဆီးနိုင်စေရဘူး။ ခင်ဗျားတောင် တားနိုင်မယ်မထင်နဲ့... ကောင်းကင်တံတားတာအို "

ကောင်းကင်ဧကရာဇ် အနီးသို့ကပ်လာသောအခါ ပိုင်ရှောင်ချန်းက လက်များကိုဆန့်ထုတ်လိုက်သည်။ ထို့နောက် ဝမ်းနည်းမှုများ၊ နှုတ်ဆက်နေသည့်အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည့်အကြည့်ဖြင့် ပိုင်ရှောင်ချန်းအား လှမ်းကြည့်လိုက်ပြီး ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် လက်နှစ်ဖက်ကို သူ၏ရှေ့ရှိ လေထဲသို့ ဝှေ့ယမ်းလိုက်တော့သည်။

" လောင်မြိုက်စမ်း။ ငါ့ဝိညာဥ်ကို လောင်မြိုက်လိုက်စမ်း။ ငါ့တစ်ကိုယ်လုံးကို လောင်မြိုက်လိုက်စမ်း "

ပိုင်ဟောက်ကား ကျယ်လောင်စွာရယ်မော၍ သူ့ဆီတွင် ကျန်ရှိနေသေးသော သူ့ဝိညာဥ်၏ လေးဆယ်ရာခိုင်နှုန်းကို မီးမြှိုက်လိုက်တော့သည်။

သူသည် ရေကုန်ရေခန်း တိုက်ခိုက်နေပြီဖြစ်သည်။ မည်သည့်အရာကိုမှ ချုပ်တည်းထားမနေတော့ပေ။

ကောင်းကင်ဧကရာဇ်နှင့် ရင်ဆိုင်နေသော နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်မှာ ရုတ်တရက် အရူးအမူး ပြန်လည်၍အသက်ဝင်လာတော့သည်။ ထိုအခါ ကောင်းကင်ဧကရာဇ်မှာ မျက်နှာပျက်သွားတော့သည်။

" မဖြစ်ဘူး "

သူ အော်ဟစ်လိုက်တော့သည်။ သူသည် နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို အတိုင်းအတာတစ်ခုအထိ ချုပ်တည်းထားပါသော်လည်း ၎င်းမှာ ယခင်ကအတိုင်း ကြောက်မက်ဖွယ်ကောင်းနေဆဲပင်။ ယခုတွင်မူ ပိုင်ဟောက်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မီးတင်ရှို့နေပြီဖြစ်ရာ ကောင်းကင်ဧကရာဇ်ပင်လျှင် နောက်သို့ ဆုတ်ခွာသွားရတော့သည်။

သူ၏မျက်နှာကြီး လုံးဝနီမြန်းနေပြီး ရူးသွပ်မှုအရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် မီးပင်လယ်အတွင်း တဖြည်းဖြည်း အားကောင်းလာသော တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားကို ကြည့်နေတော့သည်။ ထိုအချိန်တွင် သူ၏နှုတ်မှ ဤကမ္ဘာထဲရှိလူတိုင်း ကြားနိုင်သည့် ဒေါသတကြီးအော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။

" မြစ်လေးစင်းက ကောင်းကင်အရိုးများအသွင် ပြောင်းလဲစေ "

ထိုအခါ ရုတ်တရက် ကောင်းကင်တံတားနယ်မြေကြီးမှာ တုန်ရီသွားပြီး မြစ်လေးစင်းနှင့် ၎င်းတို့နှင့် ထိတွေ့နေသော ကုန်းမြေများ၏ ဝိညာဥ်ပုံရိပ်များမှာ ဧရာမဝိညာဥ်ကြီးများအလား ကောင်းကင်ပေါ်သို့ မြင့်တက်လာကြသည်။

" ရွှေရောင်ပင်လယ်က အသားစိုင် ဖြစ်စေ "

ကောင်းကင်ဧကရာဇ်က လက်နှစ်ဖက်စလုံးကို ဝှေ့ယမ်းလိုက်သဖြင့် သူ၏မျက်နှာနှင့် လည်ပင်းပေါ်တွင် သွေးကြောများထလာတော့သည်။ ချက်ချင်းပင် ကောင်းကင်တံတားပင်လယ်ရေများမှာ လေပေါ်သို့ ပျံတက်လာကြသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့မှာ မြစ်လေးစင်း၏ ဝိညာဥ်များနှင့် ချိတ်ဆက်သွားသည်။ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းစွာပင် မြစ်လေးစင်း၏ ဝိညာဥ်များမှာ အရိုးများအသွင်ပြောင်းလဲ၍ ပင်လယ်ရေများမှာ အသားစိုင်များအသွင်ပြောင်းလဲသွားပြီး ဧရာမရွှေရောင်လက်ကြီးတစ်ဖက်ကို ဖန်တီးလိုက်ကြသည်။

ထိုလက်ကြီးမှာ ကောင်းကင်တံတားနယ်မြေမှ သက်ရှိတိုင်းကို တုန်ရီသွားစေနိုင်သည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။ ၎င်းသည်ကား ကမ္ဘာကြီး၏ လက်အစစ်အမှန်ပင် ဖြစ်သည်။

ထိုလက်ကြီးမှာ ကောင်းကင်တံတားကျွန်းဆီသို့ ဦးတည်လာနေပြီဖြစ်သည်။

၎င်းမှာ ကောင်းကင်ကြီးအား ပိတ်ဆို့၍ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ကျွန်းပေါ်ရှိ တည်နေရာ မရွှေ့ပြောင်းရသေးသော မီးပင်လယ်ဆီသို့ ဆင်းသက်လာသည်။

ပိုင်ဟောက်၏ နှလုံးသားထဲတွင် မျှော်လင့်ချက်များ ပျက်သုဥ်းသွားပြီး နာကျည်းစွာ ရယ်မောလိုက်သည်။ သူ၏ လောင်ကျွမ်းနေသောဝိညာဥ်မှာ ကမ္ဘာကြီး၏လက်ကို တောင့်ခံနိုင်လောက်အောင် စွမ်းပါသော်လည်း သူသည် ၎င်းကို ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။ တည်နေရာရွှေ့ပြောင်းခြင်းမှာ ပျက်ပြားသွားမည်ဖြစ်ပြီး သူ၏ဝိညာဥ်မှာလည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။ ထွက်ပြေးလွတ်မြောက်နိုင်ရန် ဒုတိယအကြိမ်မြောက် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။

သို့သော် ထိုအချိန်တွင် အရှေ့ဘက်ကောင်းကင်တံတားမြစ်၊ သို့မဟုတ် ပို၍တိတိကျကျဆိုရမည် ဆိုပါက အဏ္ဏဝါခေါ်သံဂိုဏ်း၏ ဂိုဏ်းဌာနချုပ်ရှိရာဘက်မှ သွေးချီတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။

ထိုသွေးချီကား ကောင်းကင်အထက်အမြင့်ဆုံးနေရာအထိ ထိုးတက်သွားတော့သည်။

All Chapters