အခန်း (၁၂၉)
Vol. 13 Ch. 129
🌹Chapter 129
မူလက အကြီးမားဆုံး အခက်အခဲမှာ သူ့စည်းအချုပ်အ နှောင်ကို ချိုးဖျက်ဖို့ ဖြစ်မည်ဟု လောလော ယူဆခဲ့သည်။ ထို့ကြောင့်လည်း ယန်ရုန်ရုန့်ကို ဒီနေရာအထိ ရောက်လာအောင် ခက်ခက်ခဲခဲ ခေါ်ယူခဲ့ရခြင်း ဖြစ်ပါသည်။
ယခုတော့ သူ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုက မျှော်စင်ထဲ အရင်ဝင်ရောက်နိုင်ဖို့ ဖြစ်နေလေပြီ။
လောလော သက်ပြင်းတစ်ချက် ချလိုက်သည်။ နဂိုကကတည်းက ဖြူရော်နေသော သူ့မျက်နှာမှာ ပို၍ပင် နွမ်းလျသွားခဲ့ရသည်။
“ငါထင်ထားတာထက် အများကြီးပိုခက်နေတာပါလား”
သို့သော် ယန်ရုန်ရုန်ကတော့ ပြုံးနေပြီး မျက်လုံးထဲ အရောင်တွေလည်း လက်နေခဲ့ပါသည်။
“အဲ့တာမှ စိတ်ဝင်စားစရာ ပိုကောင်းမှာပေါ့၊ မဟုတ်ဘူးလား”
လောလော နားမလည်ပေ။ ပြဿနာတွေက ပိုပိုပြီး ရှုပ်ထွေးလာသဖြင့် သူ့အတွက်တော့ စိတ်ဝင်စားစရာကောင်းသည့် အခြေအနေ လုံးဝ မဟုတ်ပါ။
လောလော မေးလိုက်သည်။
“မင်းဘာလုပ်ဖို့ ကြံထားလို့လဲ”
ယန်ရုန်ရုန်က လက်ဝါးဖြန့်လိုက်သည်။
“ကျွန်မကို ရွှေအကြေးခွံ ၈ ခုပေး”
လောလော သူ့ရင်ဘတ်ကို ချက်ချင်းဖိလိုက်ပြီး နောက်ဆုတ်ကာ သူမကို မယုံသင်္ကာ ကြည့်လိုက်ပါသည်။
“မပေးဘူး!”
ယန်ရုန်ရုန်က အေးအေးလူလူ မေးလိုက်သည်။
“ရှင် ဝင်ပေါက်အမှန်ကို ရှာတွေ့ချင်လား မတွေ့ချင်ဘူးလား”
လောလော မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
“တွေ့ချင်တာပေါ့!”
“အဲ့တာဆို ရွှေအကြေးခွံတွေပေး”
လောလော ဇဝေဇဝါဖြစ်သွားခဲ့သည်။
“ဝင်ပေါက်ရှာတာနဲ့ ရွှေအကြေးခွံတွေနဲ့ ဘာဆိုင်လို့လဲ”
“အများကြီးဆိုင်တာပေါ့၊ ကျွန်မ ကိုယ်ပွားအစီအရင်တစ်ခုကို ဖန်တီးမလို့၊ အဲ့ဒီစည်းအတွက် အားဖြည့်ဖို့အတွက် ရွှေအကြေးခွံ ၈ ခု လိုအပ်တယ်”
လောလော အလွန်တွန့်ဆုတ်နေပါသည်။
“တခြားပစ္စည်းတွေ သုံးလို့မရဘူးလား”
“တခြားပစ္စည်းတွေကို သုံးလို့တော့ရပါတယ်၊ ဒါပေမယ့် အာနိသင်က ရှင့်အကြေးခွံတွေကို ဘယ်မှီပါ့မလဲ၊ အစီအရင်က မလုံလောက်လို့ ဝင်ပေါက်ရှာဖို့ မအောင်မြင်ရင်တော့ စိတ်မပျက်နဲ့ပေါ့”
လောလော နှုတ်ခမ်းများ စည်းတင်းသွားသည်။ သူ့ရွှေအကြေးခွံများကို ထုတ်ပေးရခြင်းက ကိုယ့်အသားကိုယ် လှီးပေးရသကဲ့သို့ပင်။ သူအမှန်တကယ် မစွန့်လွှတ်နိုင်ပါ။
ယန်ရုန်ရုန် လက်ကို ပြန်ရုတ်သိမ်းလိုက်ပါသည်။
“ရတယ်၊ ကျွန်မ ဝိညာဉ်ကျောက်တုံးတွေပဲ သုံးလိုက်မယ်၊ မအောင်မြင်ရင် လက်လျှော့ပြီး အိမ်ပြန်ကြတာပေါ့”
ပြောပြောဆိုဆိုနှင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၈ တုံးကို ချန့်ခွင်းအိတ်ထဲမှ ထုတ်လိုက်ပါသည်။
လောလော မနေနိုင်ဘဲ မေးကြည့်လိုက်သည်။
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေနဲ့ အလုပ်ဖြစ်ပါ့မလား”
ယန်ရုန်ရုန် ပေါ့ပေါ့တန်တန် ပြန်ဖြေလိုက်ပါသည်။
“အလုပ်မဖြစ်ရင်လည်း မဖြစ်ဘူးပေါ့၊ ဘာပဲဖြစ်ဖြစ် မျှော်စင်ထဲ မဝင်ရလည်း ကျွန်မအတွက် အရှုံးမှ မရှိတာ”
လောလော ချက်ချင်း စိတ်ဖိစီးသွားသည်။ မျှော်စင်ထဲ မဝင်နိုင်ပါက သူ့ရုပ်ခန္ဓာကို ရှာဖွေနိုင်မှာ မဟုတ်ပါ။ သူ့အတွက်ကတော့ သေရေးရှင်ရေး ကိစ္စတစ်ခုပင်။
လောလော အကြိမ်ကြိမ်အခါခါ တွန့်ဆုတ်သွားခဲ့သည်။ ရွှေအကြေးခွံများက အရေးကြီးသော်လည်း သူ့အသက်က ပိုအရေးကြီးပါသည်။ နောက်ဆုံးတော့ လောလော ရင်ကွဲလောက်စရာ နာကျင်မှု မျိုးကို အံကြိတ်ကာ ကြိတ်မှိတ် သည်းခံရင်း ရွှေအကြေးခွံ ၈ ခုကို ထုတ်ပေးလိုက်ပါသည်။
“ယူလိုက် ယူလိုက်!”
ယန်ရုန်ရုန် အကြေးခွံများကို လှမ်းယူလိုက်သည်။ သို့သော် လောလောက ရွှေအကြေးခွံများကို လက်ထဲမှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲပင်။ ဝမ်းနည်းမှုကြောင့် မျက်လုံးများပင် နီမြန်းနေပါသည်။
“ဝင်ပေါက်ကို ရအောင်ရှာပေးမယ်လို့ ငါ့ကို ကတိပေး”
“ကျွန်မ တတ်နိုင်သလောက်ပဲ ကြိုးစားပေးနိုင်မှာပေါ့”
လောလောက ထပ်တောင်းဆိုသည်။
“ပြီးတော့ ကိစ္စဝိစ္စပြီးသွားရင် ငါ့အကြေးခွံတွေကို ပြန်ပေးရမယ်”
“အစီအရင်အတွက် သုံးပြီးသွားရင် အကြေးခွံတွေထဲက ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းသွားမှာလေ၊ ရှင့်အတွက် ဘာတန်ဖိုးမှ ရှိမှာမဟုတ်တော့ဘူး”
လောလောက ခေါင်းမာနေပါသည်။
“စွမ်းအင်ရှိရှိ မရှိရှိ ငါ့အကြေးခွံတွေကို ငါသိမ်းထားချင်တယ်”
ယန်ရုန်ရုန် ရယ်ချင်သွားသည်။
“ရှင်ကတော့ တကယ့်ကပ်စေးပဲ၊ ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ကတိပေးတယ်”
ထိုအခါမှ လောလော ရွှေအကြေးခွံများကို လွှတ်ပေးလိုက်ပါသည်။ ယန်ရုန်ရုန် ကျောက်နီနှင့် စုတ်တံတို့ကို ထုတ်လိုက်ပြီး စည်းဝိုင်းကို ဆွဲသားဖို့ ချက်ချင်း ပြင်ဆင်ခဲ့ပါသည်။
ကိုယ်ပွားအစီအရင်မှာ သူမအားလပ်ချိန်များတွင် လေ့လာဖူးသော အစီအရင်တစ်မျိုးဖြစ်သည်။ စာပေအရ လေ့လာဖူးသော်လည်း လက်တွေ့တော့ အသုံးမချဖူးပေ။ ထို့ကြောင့် အာနိသင် ဘယ်လောက်ရှိနိုင်မလဲ သူမ အတိအကျ မပြောနိုင်ပါ။
ယခုက ရလဒ်ကို စမ်းသပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်သည်။
‘တွေးကြည့်လေလေ စိတ်လှုပ်ရှားဖို့ကောင်းလေလေပဲ!’
အစီအရင်တွေအကြောင်း လောလော နားမလည်သဖြင့် ဘေးမှာရပ်နေလိုက်ပြီး ရှေ့ပြေးလိုက် နောက်ပြေးလိုက် လုပ်နေသော ယန်ရုန်ရုန့်ကိုသာ စောင့်ကြည့်နေခဲ့ပါသည်။ ရွှေမျှော်စင်ကြီးကို ဗဟိုပြုလျက် စက်ဝန်းစည်းတစ်ခုကို သူမ ဆွဲသားလိုက်သည်။
ရွှေအကြေးခွံ ၈ ခုကို တံခါး ၈ ချပ်နှင့် ကိုက်ညီအောင် အရပ်ရှစ်မျက်နှာတွင် နေရာချလိုက်သည်။ အစီအရင် ပြီးဆုံးသွားသောအခါ ယန်ရုန်ရုန့း နဖူးပေါ် ချွေးသီးချွေးပေါက်များ စိုရွှဲနေကာ မျက်နှာတစ်ခုလုံးလည်း နီမြန်းနေပါသည်။ သူမ အလွန်ပင်ပန်းခဲ့ရမှန်း သိသာသည်။ ဒါကိုမြင်ပြီး လောလော အနည်းငယ် ရှက်ရွံ့မိပါသည်။
‘ငါ့ရုပ်ခန္ဓာကို ရှာပေးဖို့အတွက် သူ ဒီလောက်ထိ ပင်ပင်ပန်းပန်း ကြိုးစားနေရတာ၊ ငါကတော့ ဘာမဟုတ်တဲ့ အကြေးခွံ နည်းနည်းလေးအတွက် တွန့်တိုခဲ့မိတယ်၊ တော်တော်အသုံးမကျတာပဲ!’
အမှန်တော့ ယန်ရုန်ရုန့်စိတ်ထဲ အလွန်ပျော်ရွှင်နေပြီး လက် ဖဝါးနှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ပွတ်လိုက်သည်။ ကိုယ်ပွားအစီအရင်ကို ပထမဆုံးအကြိမ် လက်တွေ့အသုံးချဖူးခြင်းဖြစ်သဖြင့် တစ်ကြိမ်တစ်ခါတည်းနှင့် အောင်မြင်သွားစေဖို့ ဆုတောင်းမိသည်။
စည်းဝိုင်း၏ ဗဟိုတွင် မတ်တပ်ရပ်ရင်း ယန်ရုန်ရုန်မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် လက်ဖြင့် သင်္ကေတအချို့ ဖော်ဆောင်လိုက်သောအခါ ရွှေအကြေးခွံ ၈ ခုမှ ရွှေရောင် အလင်းတန်းများ ဖြာထွက်လာခဲ့သည်။ မြေကြီးပေါ်ရှိ စည်းဝိုင်းကြီး တစ်ခုလုံးလည်း အလင်းရောင်များ တောက်ပလာခဲ့ပါသည်။
မကြာမီ ရွှေအကြေးခွံများက စည်းဝိုင်းထဲ စိမ့်ဝင်သွားပြီး ကိုယ်ပွား ရှစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကိုယ်ပွား တစ်ယောက်ချင်းစီတိုင်းက ယန်ရုန်ရုန်နှင့် တစ်ထေရာတည်း တူညီနေပါသည်။ အရှိန်အဝါနှင့် မျက်နှာထားကအစ တစ်ပုံစံတည်း တူညီကြသည်။
လောလော၏ ကျင့်ကြံခြင်းအဆင့်မျိုးနှင့် ယန်ရုန်ရုန်အစစ်က မည်သူဖြစ်မှန်းပင် မခွဲခြားနိုင်တော့ပေ။
ကိုယ်ပွားအစီအရင် အောင်မြင်သွားခဲ့ပါပြီ။
ယန်ရုန်ရုန် မျက်လုံးများကို ဖွင့်လိုက်သောအခါ ကိုယ်ပွား ၈ ယောက်ကလည်း မျက်လုံးများကို ဖွင့်ကြည့်လာပါသည်။ ယန်ရုန်ရုန် ဖူရှန်းကြေးမုံကို ထုတ်လိုက်သောအခါ ကိုယ်ပွားများကလည်း ကြေးမုံများကို ကိုယ်စီ ထုတ်လိုက်ကြသည်။ ရှေ့တည့်တည့်တွင် ရှိနေသည့် တံခါးကို ကြေးမုံဖြင့် ရွယ်လိုက်သောအခါ ကိုယ်ပွားများကလည်း ကိုယ်စီတံခါးများကို ရွယ်လိုက်ကြသည်။
လူရှစ်ယောက်၊ ကြေးမုံ ရှစ်ခု၊ တံခါးရှစ်ချပ် အားလုံး ကိုက်ညီနေပါသည်။
လောလောက ကြေးမုံများကို အလျှင်အမြန် လိုက်စစ်ကြည့်လိုက်သည်။ ကြေးမုံ ၇ ချပ်တွင် ထောင်ချောက်များကို တွေ့နေရသော်လည်း ကြေးမုံတစ်ချပ်တွင်တော့ လှေကားထစ်တစ်ခုကို မြင်နေရပါသည်။ ထိုလှေကားကို လောလော ခေတ္တစောင့်ကြည့်နေခဲ့သည်။
မပြောင်းလဲမှန်း သေချာကာမှ ယန်ရုန်ရုန့်ကို သူအော်ပြောလိုက်ပါသည်။
“ဒီတံခါးပဲ!”
ယန်ရုန်ရုန် တိုးညှင်းစွာ ပြောလိုက်သည်။
“တံခါးကိုဖွင့်လိုက်”
ကိုယ်ပွား ရှစ်ယောက်ကလည်း ပြိုင်တူ ပြောလိုက်သည်။
“တံခါးကိုဖွင့်လိုက်”
ပဲ့တင်သံထပ်နေသည်ဟု ထင်ရသောအသံများကြောင့် လောလော ကျောချမ်းသွားခဲ့ရသည်။
လောလော တံခါးကိုတွန်းဖွင့်လိုက်ပြီး အထဲကို ချောင်းကြည့်ဖို့ ကြံလိုက်စဉ် ချက်ချင်းဆိုသလို အခန်းထဲသို့ အရှိန်ဖြင့် ဆွဲခေါ်ခံလိုက်ရပါသည်။
ဒါကိုမြင်ပြီး ယန်ရုန်ရုန် အစီအရင်ကို ချက်ချင်း ရပ်တန့်လိုက်သည်။ စည်းဝိုင်းကွက် ပျက်ပြယ်သွားပြီး ရွှေအကြေးခွံ ရှစ်ခုစလုံးလည်း အရောင်မှေးမှိန်သွားခဲ့ပါသည်။ ယန်ရုန်ရုန် အကြေးခွံများကို ကောက်သိမ်းလိုက်ပြီး ဖူရှန်းကြေးမုံကိုကိုင်လျက် ဝင်ပေါက်အစစ်ထံ လျှောက်လာခဲ့သည်။
တံခါးနောက်တွင် လှေကားထစ်ရှည်ကြီးတစ်ခု ရှိနေသည်။ လောလောက လှေကားထစ်၏အခြေတွင် မတ်တပ်ရပ်နေပြီး အလင်းရောင်ရဖို့အတွက် မီးလင်းပုလဲလုံးတစ်လုံးကို ကိုင်ဆောင်ထားသည်။
လှေကားထစ်အပေါ်ဆုံးမှာ ဘာရှိနေမလဲ လောလော ခေါင်းမော့ကာ လှမ်းမျှော်ကြည့်နေပါသည်။ ခြေသံကြား၍ နောက်လှည့်ကြည့်လိုက်ရာ ယန်ရုန်ရုန် ဝင်လာသည်ကို မြင်လိုက်ရသည်။
ထို့နောက် လှေကားထစ်ကြီးကို ညွှန်ပြရင်း လောလော ပြောလိုက်သည်။
“ဒီမျှော်စင်က ငါ့စွမ်းအင်တွေကို စုပ်ယူဖို့ မြို့စားတည် ဆောက်ထားတဲ့ အစီအရင်တစ်ခုပဲ၊ ငါ့ခန္ဓာကိုယ်ကို ရှာဖွေဖို့ဆိုရင် ဒီအစီအရင်ကြီးကို အရင်ဖျက်ဆီးပစ်မှ ဖြစ်မယ်၊ ငါအစီအရင်တွေအကြောင်း သိပ်နားမလည်ပေမယ့် စည်းဗဟိုက သော့ချက်ဖြစ်မှန်းတော့ နားလည်တယ်၊ အဲ့ဒီ စည်းဗဟို ချက်က မျှော်စင်ရဲ့ ထိပ်ဆုံးမှာ ရှိနေလောက်တယ်၊ အဲ့တာကို ဖျက်ဆီးပစ်လိုက်ရင် အစီအရင်တစ်ခုလုံး ပျက်ပြယ်သွားမယ် ထင်တာပဲ”
ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။
“ရှေ့က ဦးဆောင်ပါ”
လောလော မီးလင်းပုလဲလုံးကို လက်တစ်ဖက်မှာကိုင်ပြီး ကျန်လက်တစ်ဖက်ဖြင့် နံရံကို အားပြုလျက် လှေကားထစ်ပေါ် တစ်လှမ်းချင်း တက်သွားခဲ့သည်။ ယန်ရုန်ရုန်လည်း နောက်မှ တိတ်တဆိတ် လိုက်လာခဲ့ပါသည်။
နှစ်ယောက်သား လှေကားပေါ်သို့ တစ်ထစ်ပြီးတစ်ထစ် တက်ခဲ့ကြသည်။ ဘေးတစ်ဖက်တစ်ချက်စီတွင် အလွန်ထူထဲသော ကျောက်သား နံရံကြီးများရှိနေပါသည်။ ရှေ့တွင်ကော နောက်တွင်ကော အမှောင်ထုများက ဖုံးလွှမ်းထားသည်။ တိတ်ဆိတ်လှသော ပတ်ဝန်းကျင်တွင် သူတို့၏ စည်းချက်ကျကျ ခြေသံများကသာ ပဲ့တင်သံထပ်နေလေသည်။
ရှပ်… ရှပ်… ရှပ်…
ဘယ်လောက်ကြာကြာ လျှောက်လှမ်းခဲ့ရမှန်း မသိနိုင်သော်လည်း အဆုံးသတ်ကို ယခုချိန်ထိ မရောက်ရှိနိုင်ကြသေးပေ။ ယန်ရုန်ရုန် စိတ်ထဲမှ သူမတို့၏ အမြန်နှုန်းနှင့် မျှော်စင်၏ အပြင်ပိုင်း အမြင့်တို့ကို တွက်ချက်ကြည့်လိုက်ရာ သူမတို့ အပေါ်ဆုံးကို ရောက်ရှိသင့်သည်မှာ အတော်ကြာနေပါပြီ။
သို့သော်ယခုချိန်ထိ အဆုံးမရှိနိုင်သော လှေကားထစ်များအပေါ် တက်နေရဆဲပင်။
ဒါ သာမန်မဖြစ်နိုင်တော့ပါ။။
တစ်ချိန်လုံး သူမကို တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့သည့် ရှေ့ကလူ၏ နောက်ကျောကို ငေးကြည့်ရင်း ယန်ရုန်ရုန် ရုတ်တရက် မေးလိုက်သည်။
“လောလော… ရှင်ကျွန်မကို ဘယ်ခေါ်သွားနေတာလဲ”