အခန်း (၁၃၀)
Vol. 13 Ch. 130
🌹Chapter 130
သူမရှေ့တွင် လျှောက်နေသူက နောက်ပင် လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
“စည်းဗဟိုချက်ကို ရှာဖို့အတွက် မျှော်စင်ထိပ်ကို သွားနေတာလေ”
ယန်ရုန်ရုန် ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး ဖူရှန်းကြေးမုံကို ကိုင်ရင်း ဟန်ဆောင်ပန်ဆောင် အော်လိုက်ပါသည်။
“အောင်မယ်လေး! ကျွန်မ ခြေကျင်းဝတ်လိမ်သွားပြီ! နာလိုက်တာ!”
ထိုအသံကြောင့် ရှေ့တွင်ရှိနေသည့် ‘လောလော’တစ်ယောက် ရပ်တန့်သွားကာ နောက်လှည့်ကြည့်လာခဲ့ပါသည်။ ထိုအခွင့် အရေးကို အရယူလျက် ယန်ရုန်ရုန်က ဖူရှန်းကြေးမုံကို သူ့မျက်နှာတည့်တည့်သို့ ချိန်ရွယ်လိုက်လေသည်။
ကြေးမုံထဲတွင် ‘လောလော’၏ မျက်နှာက အနက်ရောင် သားမွေးများဖြင့် ဖုံးလွှမ်းနေပြီး မျက်လုံးများကလည်း သွေးချင်းနီနေကာ နှုတ်ခမ်းထောင့်များမှ စူးစူးရှရှ အစွယ်နှစ်ချောင်း ထိုးထွက်နေပါသည်။
‘ဒါလောလော မဟုတ်ဘူး!’
ကြေးမုံထဲတွင် ၎င်း၏ သရုပ်မှန်ကို မြင်လိုက်ရသည့် ‘လောလော’ကလည်း ယန်ရုန်ရုန် သိသွားပြီဖြစ်မှန်း နားလည်သွားသည်။
ထို့ကြောင့် ဟန်ဆောင်မနေတော့ဘဲ စူးစူးရှရှ အော်ဟစ်လျက် လူသားအရေကို ချွတ်ကာ ဧရာမ အနက်ရောင် လင်းနို့ကြီးအသွင်ပြောင်းလဲသွားပြီး ယန်ရုန်ရုန့်အား ခုန်အုပ်လိုက်လေတော့သည်။
ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ မီးအလင်းတောက်အဆောင်စက္ကူတစ်ရွက်ကို ထုတ်လိုက်ပြီး လက်ချောင်း နှစ်ချောင်းကြားထဲ ညှပ်ကာ ကိုင်ထားလိုက်သည်။ မီးမရှိသော်လည်း အဆောင်စက္ကူက ရုတ်တရက် လောင်ကျွမ်းသွားခဲ့ပါသည်။ ထိုလောင်ကျွမ်းနေသည့် အဆောင်စက္ကူကို ရန်သူ့ထံ မပစ်ဘဲ ဖူရှန်းကြေးမုံရှေ့တွင် ကိုင်းထားခဲ့သည်။
မီးအလင်းရောင်က ကြေးမုံမျက်နှာပြင်နှင့် ရိုက်ခတ်ကာ မျက်လုံးကန်းသွားလောက်စေသည့် အလင်းရောင်တစ်ခု ကန်ထွက်လာခဲ့ပါသည်။ လင်းနို့များက မီးနှင့် အလင်းရောင်တို့ကို ကြောက်ရွံ့ကြသဖြင့် ဧရာမ လင်းနို့ကြီးကလည်း မျက်လုံးများကို ချက်ချင်းပိတ်ကာ ထွက်ပြေးဖို့ ကြိုးစားခဲ့သည်။
ထိုအခါ ယန်ရုန်ရုန် မီးအလင်းတောက်အဆောင်စက္ကူများစွာကို တစ်ပြိုင်တည်းထုတ်လျက် ဧရာမလင်းနို့ကြီးထံ ပစ်လွှတ်လိုက်သည်။ လင်းနို့ကြီးက ကြောက်လန့်တကြားအော်ဟစ်ရင်း အသည်းအသန် ရှောင်ရှားလိုက်ပါသည်။
အခြေအနေတွေ ရှုပ်ထွေးနေစဉ် ဝူဝမ်ဓားရောက်ရှိလာပြီး လင်းနို့ကြီး၏ ရင်ဘတ်တည့်တည့်သို့ စိုက်ဝင်သွားခဲ့လေသည်။
ပြင်းထန်လှသော နာကျင်မှုကြောင့် လင်းနို့ကြီး အသိစိတ်များပျောက်ကွယ်သွားသည်။ သူ့နောက်ကို လှည့်ကြည့်လိုက်ရာ ဘယ်အချိန်ကတည်းကမှန်းမသိ ရောက်ရှိနေသည့် ယန်ရုန်ရုန့်ကို မြင်လိုက်ရပါသည်။
ယန်ရုန်ရုန် ဝူဝမ်ဓားကို ပြန်ဆွဲထုတ်လိုက်ရာ လင်းနို့ကြီး၏ ခန္ဓာကိုယ်အတွင်းမှ သွေးနှင့် အသားစများ ပန်းထွက်လာလေတော့သည်။
လင်းနို့ကြီးက လူရူးတစ်ယောက်လို လက်သည်းများထုတ်လျက် ယန်ရုန်ရုန့်ကို ခုန်အုပ်ဖို့ ထပ်ကြိးစားပါသည်။ ယန်ရုန်ရုန် နောက်သို့ခြေတစ်လှမ်းဆုတ်ကာ ရှောင်လိုက်ရာ လင်းနို့ကြီး၏ လက်သည်းများက နှာဖျားထိပ်မှ သီသီလေး လွဲချော်သွားခဲ့သည်။
ထို့နောက် ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ သေရည်ပုလင်းတစ်လုံးကို ထုတ်လိုက်ပြီး လင်းနို့ကြီးအား ရိုက်ချပစ်လိုက်ပါသည်။
လင်းနို့ကြီးက လက်ဖြင့်ကာဖို့ ကြိုးစားလိုက်ရာ သေရည်ပုလင်းကွဲထွက်သွားပြီး သူ့တစ်ကိုယ်လုံး သေရည်များ စိုရွှဲသွားခဲ့လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး စူးရှသော သေရည်နံ့များဖြင့် ဖုံးလွှမ်းသွားခဲ့ပါသည်။
သွေးစိမ်းရှင်ရှင်ထွက်နေသည့် ဒဏ်ရာများကို လျစ်လျူရှုလျက် လင်းနို့ကြီး အစွယ်ဖြဲလျက် ထပ်ခုန်အုပ်ဖို့ ကြိုးစားပြန်သည်။ သူ့ကို ဒဏ်ရာအပြင်းအထန်ရရှိအောင် လုပ်ခဲ့သည့် လူသားအား သတ်ပစ်ဖို့ ဆုံးဖြတ်ထားပုံပေါ်ပါသည်။
ဒီတစ်ခါတော့ ယန်ရုန်ရုန် မရှောင်တော့ပေ။ ဝူဝမ်ဓားဖြင့် လင်းနို့ကြီးကို ခုတ်ချပစ်လိုက်သည်။ လင်းနို့ကြီးက သူ့လက်သည်းများဖြင့် ဓားသွားကို ဖမ်းဆုပ်ပစ်လိုက်ပါသည်။ သူ့ခွန်အားကို အထင်သေးရဲသည့်လူသားအား မာန်ဖီကာ ကဲ့ရဲ့လှောင်ပြောင်လိုက်သေးသည်။
ယခင်တစ်ခေါက်က မီးအလင်းရောင်များကြောင့် ထိုလူသား အလစ်တိုက်ခိုက်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ယခုတစ်ခါတော့ သူမကိုထပ်ပြီး အခွင့်သာခွင့် မပေးနိုင်တော့ပေ။
အကွာအဝေးက အလွန်နီးကပ်နေဖြင့် ယန်ရုန်ရုန် မရှောင်နိုင်ပါ။ လင်းနို့ကြီးက ပါးစပ်ဟလျက် သူမခေါင်းကို ဝါးမျိုပစ်ဖို့ ကြိုးစားပါသည်။ အလွန်ပြင်းထန်သည့် အပုပ်နံ့တစ်ခုက ယန်ရုန်ရုန့်မျက်နှာကို လာရောက်ရိုက်ခတ်ခဲ့သည်။
ယန်ရုန်ရုန်စောင့်မျှော်နေသည်ကလည်း ထိုအခိုက်အတန့်ကိုပင်။
ယန်ရုန်ရုန် မီးအလင်းတောက် အဆောင်စက္ကူတစ်ခုကို ထပ်ထုတ်လိုက်ပြီး လင်းနို့ကြီးထံ ပစ်လိုက်ပါသည်။ အကွာအဝေးက နီးကပ်လွန်းသဖြင့် နှစ်ယောက်စလုံး မရှောင်နိုင်ပါ။
သေရည်များဖြင့် ဖုံးလွှမ်းနေသော လင်းနို့ကြီး၏ သားမွေးများကို မီးစတစ်စထိလိုက်သည်နှင့် ချက်ချင်းဆိုသလို တစ်ကိုယ်လုံး မီးဟုမ်းဟုမ်း တောက်လောင်သွားခဲ့လေသည်။
နာကျင်မှုကြောင့် လင်းနို့ကြီး မြေပေါ်ပြုတ်ကျပြီး တစ်ကိုယ်လုံး တွန့်လိမ်ကောက်ကွေးနေသည်။ ၎င်း၏ ခန္ဓာကိုယ်က ကျောက်သားနံရံများနှင့် ဝင်တိုက်မိပြီး လှေကားအောက်သို့ လိမ့်ကျသွားလေတော့သည်။ မကြာမီ လှေကားအောက်မှ မီးအလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသော်လည်း လင်းနို့ကြီး၏ အော်ဟစ်သံများမှာမူ မျှော်စင်ထဲ အချိန်အတော်ကြာအောင် ပဲ့တင်သံ ထပ်နေဆဲပင်။
ယန်ရုန်ရုန် ဝူဝမ်ဓားကို ပြန်သိမ်းလိုက်ပြီး ဖူရှန်းကြေးမုံဖြင့် ရှေ့တည့်တည့်ရှိ လှေကားထစ်များကို ချိန်ရွယ်ကြည့်လိုက်သည်။
ကြေးမုံထဲတွင် လှေကားများက လက်တွေ့နှင့် တစ်ထေရာတည်း တူညီနေသော်လည်း လက်တွေ့လှေကားများက အပေါ်ဘက်သို့ တက်နေပုံရပြီး ကြေးမုံထဲရှိ လှေကားထစ်များကတော့ အောက်ကို ဦးတည်နေပုံရပါသည်။
ထို့ကြောင့် သူမ အချိန်အတော်ကြာအောင် တက်လှမ်းခဲ့သော်လည်း အပေါ်သို့ မရောက်နိုင်ခြင်း ဖြစ်ပါလိမ့်မည်။ ဒီလှေကားထစ်များက အပေါ်သို့ ဦးတည်နေခြင်း မဟုတ်ပါ။
ယန်ရုန်ရုန် ဖူရှန်းကြေးမုံကို ပြန်သိမ်းလိုက်ပြီး လာရာလမ်းအတိုင်း ပြန်လှည့်ဖို့ ကြံလိုက်ပါသည်။ သူမ မျက်လုံးထဲတွင် အောက်ဆင်းနေသည်ဟု ထင်ရသည့် လှေကားများက ချက်ချင်းဆိုသလိုပင် အပေါ်တက်နေသည့် လှေကားများအဖြစ် ပြောင်းလဲသွားခဲ့သည်။
လှေကားထစ်ကြီး၏ အသွင်အစစ်အမှန် ပေါ်လာခဲ့ပါပြီ။
သူမ ထိုလှေကားထစ်အတိုင်း ဆက်တက်လာခဲ့ရာ သိပ်မကြာလိုက်ဘဲ သုတ်သုတ်ပျာပျာ ခြေသံအချို့ကို ကြားလိုက်ရသည်။ ယန်ရုန်ရုန် ချက်ချင်း ရပ်တန့်လိုက်ပြီး ဝူဝမ်ဓားကို ဆွဲထုတ်ကာ လှေကားပေါ်သို့ သတိကြီးစွာ စောင့်ကြည့်နေခဲ့သည်။ စက္ကန့်ပိုင်းခန့်ကြာပြီးနောက် လှေကားပေါ်မှ သူမ မြင်ဖူးနေသည့်လူတစ်ယောက် ဆင်းလာခဲ့ပါသည်။
‘လောလောပဲ!’
လောလောက မီးလင်းပုလဲတစ်လုံးကို ဆုပ်ကိုင်ထားသည်။ မီးလင်းပုလဲ၏ တောက်တောက်ပပ အလင်းရောင်က သူ့မျက်နှာပေါ်ရှိ စိတ်ချောက်ချားမှုကို အထင်းသားပေါ်နေစေသည်။
အောက်တွင်ရပ်နေသည့် ယန်ရုန်ရုန့်ကို မြင်လိုက်ရသောအခါ လောလော ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။
“နောက်ဆုံးတော့တွေ့ပြီပေါ့!”
လောလောကို ယန်ရုန်ရုန် သေချာ အကဲခတ်ကြည့်လိုက်သည်။ သူ့အဝတ်အစားပေါ်တွင် ဧရာမ လက်သည်းရာကြီး နှစ်ခု ရှိနေပြီး ဆံပင်တွေလည်းရှုပ်ပွနေခဲ့ပါသည်။ သို့သော် အခြား ထူးခြားချက်ဟူ၍ မရှိပေ။
ဖူရှန်းကြေးမုံဖြင့် စစ်ကြည့်သောအခါ လောလော၏ မျက်နှာအစစ်ကို မြင်ရသဖြင့် လောလောအစစ်ဖြစ်မှန်း သေချာသွားပါပြီ။
ယန်ရုန်ရုန် မေးလိုက်သည်။
“ရှင်ဘယ်ရောက်သွားတာလဲ”
လောလောက ပြန်ပြောလိုက်သည်။
“အဲ့တာ ငါ မေးရမှာ! လှေကားအောက်ဘက်ကို ဆင်းသင့်တယ်လို့ ငါပြောနေတာကို မင်းနားမထောင်ဘူး၊ စည်းဗဟိုချက်က အပေါ်ဆုံးမှာရှိနေတယ်ဆိုပြီး အပေါ်တက်မယ်ပဲ လုပ်နေတာ၊ အပေါ်မှာ စည်းဗဟိုချက် ရှိမနေရင် ချက်ချင်း အီးစားပြမယ်လို့တောင် ပြောလို့ ငါလည်းလိုက်သွား… အဲ-အဲလေ မင်းခန့်မှန်းတာ မှန်မလား သိချင်လို့ ငါလည်း လိုက်သွားခဲ့တာ”
“လမ်းတစ်ဝက်လောက် ရောက်တော့ မင်းရုတ်တရက်ကြီး ငါ့ကို လှည့်တိုက်ခိုက်တော့တာပဲ! ကံကောင်းလို့ ငါရှောင်လိုက်နိုင်တယ် ငါမင်းကို နှိမ်နင်းပြီးတော့မှ ဧရာမအနက်ရောင် လင်းနို့ကြီးတစ်ကောင်ဖြစ်နေမှန်း သိလိုက်ရတာ၊ အဲ့တာနဲ့ လင်းနို့ကို သေအောင်သတ်ပြီး မင်းကို ပြန်လာရှာခဲ့တာပဲ၊ မင်းကော အဆင်ပြေရဲ့လား၊ အန္တရာယ်တွေ ဘာတွေနဲ့ ကြုံခဲ့ရသေးလား”
ယန်ရုန်ရုန် ခံစားချက်မဲ့စွာ မေးလိုက်သည်။
“ရှင့်စိတ်ထဲက အတွေးကို တကယ်ကြီးထုတ်ပြောလိုက်တာလား”
လောလော ချက်ချင်း ငြင်းဆန်လိုက်ပါသည်။
“မဟုတ်တာ! ပါးစပ်ကနေ လွှတ်ခနဲထွက်သွားတာပါ!”
ယန်ရုန်ရုန်အေးစက်စက် ရယ်မောလိုက်သည်။
“ဟင်း”
လောလောက မခံချင်စိတ်ဖြင့် ပြန်ချေပလိုက်ပါသည်။
“ငါပြောတာ ယုံစမ်းပါ! ငါက သူများ ချီးစားတာကို မြင်ချင်တဲ့ သတ္တဝါမျိုးမို့လို့လား၊ ငါ့မှာ အဲ့လို ထူးထူးဆန်းဆန်း ဝါသနာမျိုးမရှိဘူး!”
သူ့ဆင်ခြေများကို ယန်ရုန်ရုန် နားထောင်ချင်စိတ်ပင် မရှိပေ။ ထို့ကြောင့် သူမ ကြုံခဲ့ရသည့် အဖြစ်ကို ပြန်ပြောပြလိုက်ပါသည်။
နှစ်ယောက်စလုံး အတိုက်ခိုက်ခံခဲ့ရသဖြင့် မျှော်စင်ထဲတွင် လင်းနို့များ တစ်ကောင်မက ရှိနေသည့်သဘောပင်။
‘လင်းနို့တွေ မျှော်စင်ထဲ ဘယ်လိုရောက်လာတာလဲ၊ ဘာတွေစားပြီး အသက်ဆက်နေကြတာလဲ’
လောလောက ရှေ့မှ ဦးဆောင်ကာ ဆိုသည်။
“အချိန်က အရေးကြီးတယ်၊ ဒီမှာအချိန်ဆွဲနေလို့မဖြစ်ဘူး၊ အောက်ကို မြန်မြန်ဆင်းကြစို့”
ယန်ရုန်ရုန်က မေးလိုက်ပါသည်။
“ဘာလို့ အောက်ကို ဆင်းရမှာလဲ”
စည်းဗဟိုချက်က အပေါ်ဆုံးတွင်ရှိနေမည်အထင်နှင့် ‘လောလော’အတုအယောင်နောက်ကို သူမ လိုက်ခဲ့ခြင်းဖြစ်သည်။
လောလောက မဆိုင်းမတွ ပြန််ဖြေလိုက်ပါသည်။
“ငါ့ခန္ဓာကိုယ်က မျှော်စင်အောက်မှာ ရှိနေလို့ပေါ့!”
ယန်ရုန်ရုန် ဇဝေဇဝါဖြစ်သွားခဲ့သည်။
“မျှော်စင်ရဲ့ အစီအရင်တွေကို အရင်ဖျက်ဆီးပြီးမှ ရှင့်အချုပ်အနှောင်တွေကို ချိုးဖျက်ရမှာ မဟုတ်ဘူးလား”
လောလော၏ ရည်ရွယ်ချက်မှာမူ ရှင်းလင်းလှသည်။
“အဲ့တာတွေ လုပ်နေဖို့ အချိန်မရှိဘူး၊ ငါ့ခန္ဓာကိုယ်ကို အရင်ရှာကြစို့!”