အခန်း (၁၂၄)
Vol. 13 Ch. 124
🌹Chapter 124
ဒေါက် ဒေါက်!
တံခါးခေါက်သံကြောင့် ယန်ရုန်ရုန်နှင့် လောလောတို့၏ စကားဝိုင်း ရုတ်တရက် ရပ်တန့်သွားခဲ့ပါသည်။
လောလောက မေးလိုက်သည်။
“ဘာလဲ”
“ကျွန်တော်က မြို့စားသခင်ကြီးရဲ့ အစေခံပါ၊ ဧည့်သည်အတွက် သေရည်လာပို့ပေးတာပါ”
ယန်ရုန်ရုန့်ကို လောလော လှမ်းကြည့်လိုက်သည်။ သူမ တားဆီးမည့်ပုံမပေါ်သဖြင့် လောလော တံခါးဆီလျှောက်သွားကာ ဖွင့်ပေးလိုက်ပါသည်။
အပြင်ဘက်တွင် ရပ်နေသည့် အစေခံက သေရည်အိုးတစ်လုံးကို လက်နှစ်ဖက်စလုံးဖြင့် ကိုင်ထားပြီး တလေးတစား ပြောလိုက်ပါသည်။
“ဒါ ဧည့်သည်အတွက် ပို့ပေးလိုက်တဲ့ သေရည်ပါ”
“စံအိမ်ထဲက သေရည်တွေအကုန် ကုန်သွားပြီမဟုတ်ဘူးလား၊ ဒီသေရည်အိုးက ဘယ်ကရောက်လာတာလဲ”
လောလောက မေးသည်။
“မြို့စားသခင်ကြီးက အပြင်ကနေ ဈေးကြီးပေးပြီး ဝယ်ထားတာပါ၊ ကျွန်တော်အထဲကို ပို့ပေးမယ်နော်”
အစေခံက ပြောပြောဆိုဆိုနှင့် ဂူထဲကို လှမ်းချောင်းကြည့်လိုက်ပါသည်။
ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ ဒီဂူထဲဝင်သွားကြပြီး အချိန်အတော်ကြာသည်အထိ ပြန်ထွက်မလာကြသေးမှန်း ညမဲ့မြို့စား သိထားပါသည်။ ထို့ကြောင့် ထိုဂူထဲတွင်ရှိနေသည့် ဧည့်သည်က သူတို့ရှာဖွေနေသည့်လူဖြစ်မည်ဟု ခန့်မှန်းမိခဲ့သည်။
သူကိုယ်တိုင် လာ၍မဖြစ်သဖြင့် အစေခံတစ်ယောက်ကိုသာ စေလွှတ်ပြီး ထောက်လှမ်းခိုင်းလိုက်ရသည်။
“မလိုဘူး ငါ့ကိုပဲပေးခဲ့”
လောလောက သေရည်အိုးကို လှမ်းယူလိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်ပါသည်။
ထို့နောက် သေရည်အိုးကို အဖုံးဖွင့်ကာ အနံ့ခံကြည့်လိုက်ရာ မျက်လုံးများ မှေးစင်းသွားခဲ့သည်။
“ဒီသေရည်က ‘အိပ်မက်သုံးထောင်’နဲ့တော့ ယှဉ်လို့မရဘူး၊ ဒါပေမယ့် သောက်လို့တော့ ရပါသေးတယ်”
ထိုသို့ပြောပြီးနောက် တစ်ခွက်ငှဲ့ကာ တစ်ယောက်တည်း ပျော်ပျော်ကြီး သောက်လိုက်လေတော့သည်။ သေရည်တစ်ခွက် သောက်ပြီးခါမှ ဂူထဲတွင် အခြားသူတွေရှိနေသေးမှန်း လောလော သတိရသွားသည်။
လင်းယွမ်နှင့် ယန်ရုန်ရုန်တို့ကို ကြည့်ကာ အလွန်တွန့်တိုသည့် လေသံဖြင့် မေးလိုက်ပါသည်။
“သေရည်က အရမ်းကြီးတော့ မကောင်းဘူး၊ မင်းတို့ သောက်ချင်လား”
ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ ဘာမှမပြောနိုင်ခင် လျို့လန်က စိတ်မရှည်စွာ အော်ပြောလိုက်သည်။
“ငါသောက်မယ်!”
လောလော မျက်နှာပျက်သွားပြီး ခက်ထန်စွာ ဆုံးမလိုက်သည်။
“ကလေးတွေက သောက်လို့မရဘူး!”
လျို့လန် မကျေနပ်စွာ ပြန်ငေါက်လိုက်သည်။
“ငါက ကလေးမဟုတ်ဘူး! သောက်ချင်တယ်လို့!”
“လောလောဆယ်တော့ မင်းက ကလေးပဲ၊ ဘာသေရည်မှ သောက်လို့မရဘူး!”
ပြောပြောဆိုဆိုနှင့် လောလော သူ့ချန့်ချွင်းအိတ်ထဲ သေရည်အိုးကို ထည့်သိမ်းလိုက်ပါသည်။
လျို့လန် နှုတ်ခမ်းစူကာ သူ့ကို စိုက်ကြည့်လိုက်သည်။
“ကပ်စေးနည်းတဲ့ကောင်!”
လောလော မကြားချင်ယောင် ဆောင်လိုက်ပြီး ယန်ရုန်ရုန့်ကို တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါသည်။
“ဒီကို ရောက်နေကြတာ ကြာပြီနော်၊ ညမဲ့မြို့စား သံသယဝင်နေလောက်ပြီထင်တယ်”
လင်းယွမ်က ဂရုမစိုက်ပေ။
“ဂရုစိုက်စရာလား၊ သူ့ဖာသာသူ သံသယမကလို့ ဝင်ချင်တာ ဝင်ပါစေ”
ညမဲ့မြို့စားမှာ အစကတည်းက မကောင်းကြံစည်ဖို့ ရည်ရွယ်ထားပြီးသားဖြစ်သည်။ ယန်ရုန်ရုန် ဘာမှမလုပ်လျှင်တောင် ညမဲ့မြို့စားက သူတို့ကို ဒီတိုင်း လွှတ်ပေးမှာ မဟုတ်ပါ။ ထို့ကြောင့် စိတ်ပူနေ၍ ဘာမှ မထူးနိုင်ပေ။
လောလော မျက်နှာအနည်းငယ် ပျက်သွားသည်ကို သတိထားမိပြီး ယန်ရုန်ရုန် ရုတ်တရက် မေးလိုက်ပါသည်။
“ရှင်ကျွန်မတို့ကို နှင်ထုတ်နေတာလား”
လောလောက ချက်ချင်း ငြင်းဆန်လိုက်သည်။
“မဟုတ်တာ! ဒီမှာ မင်းတို့ ဒီမှာနေချင်သလောက် နေလို့ရတယ်၊ ဒါပေမယ့်… ဒီမှာ စားစရာတွေ သေရည်တွေ ဘာမှမရှိတော့ဘူးလေ၊ ဒီမှာ ဆက်နေမယ်ဆိုရင်တောင် အလကား ထိုင်နေကြရမှာ၊ မင်းတို့အပေါ် ဧည့်ဝတ်မကျေရာ ကျမှာစိုးလို့ပါ”
သူ့စကားများကြောင့် ယန်ရုန်ရုန့် သံသယများကို အတည်ပြုနိုင်ခဲ့ပါသည်။ ဒီကောင်က သူမတို့ကို တကယ် နှင်ထုတ်ချင်နေသည်။ အကြောင်းအရင်းကိုလည်း သူမ ခန့်မှန်းနိုင်ပါသည်။
ယန်ရုန်ရုန် အရွဲ့တိုက်ကာ မေးလိုက်သည်။
“ရှင်ခုနက သေရည်တစ်အိုး ရလိုက်တာပဲ မဟုတ်ဘူးလား၊ စားစရာ မရှိတော့ဘူးဆိုရင်တောင် သောက်စရာတော့ရှိသေးတယ်လေ”
လောလော သူ့ချန့်ခွင်းအိတ်ကို ချက်ချင်း ဆုပ်ကိုင်ကာ ကာကွယ်လိုက်သည်။
“ဒီသေရည်က အကောင်းစား မဟုတ်ဘူးလို့၊ မင်းတို့ အဆင့်အတန်းနဲ့ မတန်ပါဘူး”
လင်းယွမ်က မညှာမတာ ဝင်ပြောလိုက်သည်။
“မင်းနှမြောနေတာပါ”
လောလောက မခံချင်စိတ်ဖြင့် ငြင်းသည်။
“ဘာမှ မဟုတ်ဘူး!”
“အဲ့တာဆို သေရည်ကို ထုတ်လိုက်လေ!”
လောလော ရူးချင်ယောင် စဆောင်လေသည်။
“ဘယ်ကသေရည်လဲ၊ အားလုံး ထင်ယောင်ထင်မှား ဖြစ်နေကြပြီထင်တယ်”
ယန်ရုန်ရုန် မယုံကြည်နိုင်လွန်းသဖြင့် ရယ်ပင်ရယ်မောမိသည်။
“အဲ့ဒီသေရည်က ရှင်ဝယ်ထားတာတောင် မဟုတ်ဘူး၊ ဘာလို့ အဲ့လောက် ကပ်စေးနည်းနေရတာလဲ”
လောလော လိပ်ပြာမလုံဖြစ်လာပြီး စကားလမ်းကြောင်းလွှဲလိုက်ပါသည်။
“တကယ် ဘာသေရည်မှ မကျန်တော့ဘူး၊ ရေဆာတယ်ဆိုရင် အခါးရည် ယူလာခိုင်းလိုက်မယ်လေ”
ယန်ရုန်ရုန် ပြစ်တင်ဝေဖန်လိုက်သည်။
“ရှင့်လောက် ကပ်စေးနည်းတဲ့လူမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ ဒါများ ကိုယ့်ကိုယ်ကိုယ် ရှေးဟောင်း နတ်သားရဲလို့ ခေါ်နေသေးတယ်!”
ယန်ရုန်ရုန် သေရည်အမှန်တကယ် မသောက်ချင်ပါ။ လောလောကို စမ်းသပ်ချင်ရုံသာဖြစ်သည်။ လောလောက သူမထင်ထားသည်ထက် အဆပေါင်းများစွာ ကပ်စေးပိုနည်းနေပါသည်။
ထို့ကြောင့်လည်း သူမတို့ ရောက်လာတုန်းက စားပွဲတစ်ခုလုံးပြောင်ရှင်းနေခြင်း ဖြစ်ပါလိမ့်မည်။ သူ့အစားအသောက်များကို လုစားမည်စိုးသဖြင့် သူမတို့မလာခင် အစားအသောက်တွေအားလုံးကို ဖွက်ထားခြင်း ဖြစ်ရမည်။
လင်းယွမ် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
“အဲ့တာကြောင့် ဖီရှို့သားရဲဖြစ်နေတာ၊ သူ့လက်ထဲတစ်ခုခု ရောက်သွားရင် ပြန်ရဖို့ စိတ်မကူးနဲ့တော့၊ သူက အဝင်ပဲရှိတယ် အထွက်မရှိဘူး”
ဒီတစ်ခါတော့ လောလော မငြင်းဆန်သဖြင့် လင်းယွမ်၏ စကားကို ထောက်ခံသည့်သဘောဖြစ်နေသည်။ ရှေးဟောင်း နတ်သားရဲဟု ဆိုသော်လည်း သားရဲတစ်ကောင်က သားရဲတစ်ကောင်ပင်။ သားရဲတစ်ကောင်၏ အကြီးမားဆုံး လက္ခဏာက ၎င်းတို့၏ အလိုရမ္မက်ကို ထိန်းချုပ်ဖို့ ခက်ခဲခြင်းဖြစ်သည်။
ထောင်ထျဲသားရဲတစ်ကောင်၏ အလိုရမ္မက်က လောဘနှင့် အစားကြီးခြင်းဆိုလျှင် ဖီရှို့သားရဲတစ်ကောင်၏ အလိုရမ္မက်က ဥစ္စာပစ္စည်း ပိုင်စိုးလိုစိတ်ကြီးမားခြင်းပင်။ လက်ထဲ ရောက်ရှိလာသည့်အရာမှန်သမျှကို မည်သူ့ကိုမှ မျှဝေလိုစိတ် မရှိပါ။ သဘာဝဖြစ်သဖြင့် ပြောင်းလဲ၍လည်း မရနိုင်ပေ။
ထိုပိုင်စိုးလိုစိတ်မှ ကပ်စေးနည်းခြင်းနှင့် သဘောထားသေးသိမ်ခြင်းတို့ ပေါက်ဖွားလာရသည်။
ယန်ရုန်ရုန့်ကိုခေါ်ပြီး လင်းယွမ် ပြန်ဖို့ ပြင်လိုက်သည်။
“ဒီမှာ သေရည်တစ်ခွက်တောင် သောက်လို့မရဘူး၊ ထားလိုက်ပါတော့ ပြန်ကြစိုံ”
သူတို့ ပြန်ဖို့ပြင်နေသည်ကို မြင်ပြီး လောလော အမှန်တကယ် ပျော်ရွှင်သွားပါသည်။ သူတို့ကို တံခါးထိရောက်အောင် ပျော်ပျော်ကြီး လိုက်ပို့ပေးလိုက်ပြီး သတိလည်းပေးလိုက်သည်။
“ဒီနေ့ည ပြူတင်းပေါက်တွေ မပိတ်နဲ့နော်၊ ငါလာခဲ့မယ်”
ယန်ရုန်ရုန်က မေးသည်။
“ဒီတိုင်း တံခါးကနေ ဝင်လာလို့ မရဘူးလား”
လောလောက ခေါင်းခါသည်။
“တံခါးကို သုံးရင် စံအိမ်ကလူတွေ သတိထားမိသွားလိမ့်မယ်လေ၊ ပြူတင်းပေါက်ကနေ တက်ရင် ပိုဘေးကင်းတာပေါ့”
သူ့တွေးခေါ်ပုံကို ယန်ရုန်ရုန် နားမလည်နိုင်သော်လည်း အသေးအဖွဲကိစ္စအတွက် အာညောင်းမခံနိုင်တော့ပါ။ ယန်ရုန်ရုန်၊ လျို့လန်နှင့် လင်းယွမ်တို့ ဂူထဲမှ ပြန်ထွက်လာကြပြီး ကိုယ့်ဂူကိုယ် ပြန်လာခဲ့ကြသည်။
ညမဲ့မြို့တော်၏ မြို့စားက နတ်ဆိုးဘုရင် ၇ ပါးအနက် အချမ်းသာဆုံးဖြစ်သည်။ ထို့ကြောင့် မြို့တော်ထဲတွင် ရှိနေသည့် သေရည်အားလုံးကို အကုန်အကျခံပြီး ဝယ်ယူခဲ့ပါသည်။ ယခု ဧည့်သည်တော်များအားလုံး သေရည်သောက်သုံးနိုင်ပြီ ဖြစ်ကာ ရေကန်ထဲကိုပင် သေရည်များ ပြန်ဖြည့်တင်းပြီးသွားပါပြီ။
ထို့ကြောင့် နတ်ဆိုးမလေးများကလည်း သေရည်ကန်ပေါ်တွင် ဆက်လက်ကပြဖျော်ဖြေခဲ့ကာ ညစာစားပွဲကြီးကို ဘာမှမဖြစ်ခဲ့သလို ဆက်ကျင်းပခဲ့ကြသည်။
ညစာစားပွဲက အလွန်ဆုံး ၂ နာရီခန့်သာကြာမည်ဟု ယန်ရုန်ရုန် ခန့်မှန်းထားသော်လည်း ထင်မထားစွာဖြင့် အရုဏ်တက်ချိန်အထိ ကြာမြင့်ခဲ့သည်။ လျို့လန်ကလည်း အရုဏ်တက်ချိန်အထိတိုင်အောင် စားသောက်ခဲ့ပါသည်။ သူမတို့ စားပွဲပေါ်မှ အစားအသောက်များကို မကြာခဏ ပြန်ဖြည့်တင်းခဲ့ရသည်။
နေထွက်ခါနီးပြီဖြစ်သော်လည်း ညစာစားပွဲက အဆုံးသတ်ဖို့ အရိပ်အယောင်မပြသေးပါ။ ဧည့်သည်များကလည်း စိတ်ရိုင်းတွေ ပိုဝင်လာကြပြီး အရှက်အကြောက်တွေ ကင်းကုန်ကြပါသည်။ အချို့ နတ်ဆိုးများဆို စိတ်လှုပ်ရှားမှု လွန်ကဲပြီး ကခုန်နေသည့် နတ်ဆိုးမလေးများကို ဆွဲခေါ်ကာ မြင်မကောင်းသည့်အရာများ ပြုလုပ်ကြလေသည်။
ယန်ရုန်ရုန့်အတွက် မျက်စိစပါးမွေးစူးစရာ ဖြစ်သော်လည်း လင်းယွမ်ကတော့ အသားကျနေပြီးသားဖြစ်သည်။
နတ်ဆိုးမျိုးနွယ်များက ၎င်းတို့၏ စိတ်ဆန္ဒများကို အလို လိုက်တတ်သည်။ ထိုကဲ့သို့ အလိုလိုက်ခြင်းကို ရှက်စရာကောင်းသည်ဟု မထင်မိကြပါ။ ၎င်းတို့၏ ရင်ထဲက ဆန္ဒကို လိုက်လျောပြီး သာယာမှုရှာဖွေခြင်းက နတ်ဆိုးအားလုံးအတွက် အဓိကကျပါသည်။
လင်းယွမ်က ယန်ရုန်ရုန့် နားရွက်နားကပ်ကာ တီးတိုးမေးလိုက်သည်။
“ရှောင်းရှောင်းကော စမ်းကြည့်ချင်လား”
သူဘာကိုဆိုလိုမှန်း ယန်ရုန်ရုန် ပြန်မေးစရာပင်မလိုပါ။ သူ့ကို ချက်ချင်း တွန်းထုတ်ပစ်လိုက်သည်။
“သွားစမ်းပါ!”
လင်းယွမ် ခပ်သဲ့သဲ့ ရယ်မောလိုက်ပါသည်။
“ရှက်နေတာလား”
ယန်ရုန်ရုန် သူ့ကို လျစ်လျူရှုလိုက်ပြီး စားပွဲကို လက်ဖြင့်ထောက်ကာ မတ်တပ်ရပ်လိုက်ပါသည်။
“ကျွန်မ ပြန်တော့မယ်”
အစားအသောက်ထဲ ခေါင်းစိုက်နေသည့် လျို့လန်လည်း မျှော်လင့်တကြီး မော့ကြည့်လာပါသည်။
“သားတို့ ပြန်ရတော့မှာလား၊ ခဏလောက် ဆက်နေလို့ မရဘူးလား၊ သားဗိုက်မဝသေးဘူး”
ယန်ရုန်ရုန် “ငါပင်ပန်းနေလို့ အိပ်ချင်နေပြီ၊ နင်ဒီမှာ နေချင်နေခဲ့လေ၊ ဗိုက်ပြည့်မှ ပြန်လာခဲ့ပေါ့”