← Chapters

အခန်း (၁၂၆)

Vol. 13 Ch. 126

အခန်း (၁၂၆)

Vol. 13 Ch. 126

🌹Chapter 126

တစ်ချိန်တည်းမှာပင် ထိုသို့ဖြစ်နိုင်ခြေမရှိဟု ယန်ရုန်ရုန် တွေးမိပြန်သည်။ လောလောက ဘယ်လောက်ပဲ ကပ်စေးနည်းနေပါစေ သာမန်ပိုးသားလက်ကိုင်ပဝါ တစ်ထည်လောက်ကိုတော့ မစွန့်လွှတ်ဘဲ မနေနိုင်လောက်ပေ…

လင်းယွမ်က ထိုင်ခုံတွင် ပျင်းရိပျင်းတွဲ ကျောမှီလိုက်ပါသည်။ လင်းယွမ် ဘာမှမလုပ်ဘဲ ဒီအတိုင်းထိုင်နေခြင်း ဖြစ်သော်လည်း နတ်ဆိုး အစောင့်များက အလွန်ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

လင်းယွမ် ဖြည်းညှင်းစွာ မေးလိုက်ပါသည်။

“မင်းတို့က ဒီအရှင်သခင်ကို ဘယ်လိုလူစားမျိုးများ ထင်နေလဲ၊ ငါ့ရဲ့ခန်းဆောင်က မင်းတို့ စိတ်တိုင်းကျ ဝင်ရှာလို့ရတဲ့နေရာလား”

နတ်ဆိုးအစောင့်က တုန်ယင်စွာ ပြောလိုက်သည်။

“ဒါ မြို့စားသခင်ကြီးရဲ့ အမိန့်-…”

လင်းယွမ် ချက်ချင်းဖြတ်ပြောလိုက်ပါသည်။

“ဒါဆိုလည်း မင်းတို့မြို့စားသခင်ကြီးကို ကိုယ်တိုင် လာခိုင်းလိုက်၊ မင်းတို့က ငါနဲ့စကားပြောဖို့ အဆင့်မမီဘူး”

နတ်ဆိုးအရှင်သခင်၏ အကြွင်းမဲ့စွမ်းအားကို နတ်ဆိုးအစောင့်များ နားလည်ကြပါသည်။ ထို့ကြောင့် တစ်ခွန်းမှ ထပ်မပြောရဲကြတော့ဘဲ ခေါင်းငုံ့လျက် ပြန်ထွက်သွားခဲ့ကြသည်။

သိပ်မကြာလိုက်ဘဲ ထိုအကြောင်းကိုကြားပြီး ညမဲ့မြို့စား သုတ်သုတ်ပျာပျာ ရောက်ရှိလာခဲ့သည်။ နတ်ဆိုးအစောင့်များကို မျက်စောင်းဖြင့်ကြည့်ကာ သူဝင်မပါဘဲ အသေးအဖွဲကိစ္စများကိုပင် မကိုင်တွယ်နိုင်သည့် အမှိုက်သရိုက်များဟု စိတ်ထဲမှ ကျိန်ဆဲလိုက်ပါသည်။

ယခု ယန်ရုန်ရုန် အိပ်စက်အနားယူနေပြီဖြစ်သဖြင့် ဧည့်ခန်းထဲတွင် လင်းယွမ်တစ်ယောက်တည်းသာ ရှိတော့သည်။ လင်းယွမ်က လမင်းနီပန်းအိုးတစ်အိုးနှင့် ကစားနေပါသည်။ ထိုပန်းက လရောင်နီနီအောက်တွင်သာ ဖူးပွင့်တတ်ပြီး နတ်ဆိုးနယ်မြေအတွင်းမှာသာ တွေ့ရတတ်သည့် ပန်းတစ်မျိုးဖြစ်သည်။

လင်းယွမ် ပန်းဖူးတစ်ဖူးကို ဆွဲနှုတ်လိုက်ပြီး ပွင့်ဖတ်များကို တစ်ခုချင်း ဆွဲလှန်နေပါသည်။ သူ့ဖြူဖြူဖွေးဖွေး လက်ချောင်းထိပ်များတွင် အနီရောင်ပန်းဝတ်ရည်အချို့ စွန်းထင်းနေသည်။ အခန်းထဲဝင်လာသည့် ခြေသံများကို ကြားသော်လည်း ခေါင်းမော့မကြည့်အားဘဲ ပျင်းရိပျင်းတွဲ ပြောလိုက်ပါသည်။

“မင်းစံအိမ်ထဲ သူခိုးတစ်ယောက် ဝင်လာတယ်လို့ကြားတယ်၊ အဲ့တာကို ငါ့ခန်းဆောင်မှာ ရှာဖို့ လူတွေလွှတ်လိုက်တယ်ပေါ့၊ ဒီအရှင်သခင်က သူခိုးနဲ့ ပတ်သတ်နေတယ်လို့ ဆိုလိုချင်တာလား”

ညမဲ့မြို့စားက အမြန်ရှင်းပြလိုက်ပါသည်။

“ဒီငယ်သား အဲ့လိုသံသယမျိုး တစ်ခါမှ မဝင်ဖူးပါဘူး! အရှင် အတွေးလွန်နေတာပါ! လူတွေလွှတ်လိုက်ရတာက သူခိုးဖမ်းဖို့ ဆိုတာထက် အရှင့်ရဲ့ ဘေးကင်းလုံခြုံမှုအတွက်ဆို ပိုမှန်ပါလိမ့်မယ်၊ အဲ့ဒီသူခိုးက လက်ကိုင်ပဝါတစ်ထည်ပဲ ခိုးသွားတာဆိုပေမယ့် ဘယ်ကရောက်လာတာလဲ စွမ်းအားဘယ်လောက် ကြီးသလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးလေ”

“အဲ့တာကြောင့် အရှင့်အတွက် စိတ်အနှောင့်အယှက်ပေးမယ့်လူ ဖြစ်လာနိုင်လို့ ဒီငယ်သားလူတွေလွှတ်ပြီး အလျှင်အမြန်ရှာဖွေခိုင်းလိုက်ရတာပါ၊ ဒီနေရာမှာ သူခိုးပုန်းမနေမှန်း သေချာသွားရင် အရှင်နဲ့ သခင်မလေး‌ရှောင်းရှောင်းတို့လည်း စိတ်အေးလက်အေး နားလို့ရတာပေါ့၊ မဟုတ်ဘူလား”

လင်းယွမ် မဲ့ပြုံးပြုံးလိုက်သည်။

“သူခိုးတစ်ယောက်ကို ဒီအရှင်က ကြောက်ရွံ့ရမယ်တဲ့လား”

ညမဲ့မြို့စား မျက်နှာလိုမျက်နှာရ ပြုံးလိုက်ပါသည်။

“ဘယ်ဟုတ်ပါ့မလဲ၊ အဲ့လို သူခိုးတစ်ယောက်ကို အရှင်ကြောက်ရွံ့မှာ မဟုတ်မှန်း ဒီငယ်သားနားလည်ပါတယ်၊ ဒါပေမယ့် သခင်မလေးရှောင်းရှောင်းက နာမကျန်းဖြစ်နေပြီး အားနည်းနေတာလေ၊ သူခိုးကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရရင် ကျန်းမာရေး ပိုထိခိုက်သွားမှာစိုးလို့ပါ”

လင်းယွမ် သေသေချာချာ စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။

“အဲ့တာတော့ ဟုတ်ပါတယ်၊ အဲ့ဒီသူခိုးကို မြန်မြန်ရှာတွေ့လေ ကောင်းလေပဲ၊ ရှာချင်လည်းရှာပါ၊ ဒါပေမယ့် တစ်ခုတော့ ရှိတယ်၊ ဘယ်လိုပဲရှာရှာ အသံမထွက်စေနဲ့၊ တစ်ယောက် ယောက်ကြောင့် ရှောင်းရှောင်း အိပ်ရာနိုးသွားရင် ဒီလမင်းနီ ပန်းတွေလိုမျိုး အလောင်းတောင်မကျန်ဘဲ ဇာတ်သိမ်းသွားအောင် လုပ်ပစ်မယ်”

ထို့နောက် ပွင့်ဖတ်နီများကို ကြမ်းပြင်ပေါ် ပစ်ချပြလိုက်သည်။ ကြမ်းပြင်ပေါ် ပြန့်ကျဲနေသည့် ပွင့်ဖတ်များကို ကြည့်ရင်း နတ်ဆိုးအစောင့်များ အရိုးထဲထိ အေးစိမ့်သွားကာ အသက်ပင်ဝဝ မရှူရဲကြတော့ပေ။

နတ်ဆိုးအရှင်သခင်ကို ကျေးဇူးတင်ပြီးနောက် ညမဲ့မြို့စားက အစောင့်များကို မျက်လုံးဖြင့် အချက်ပြလိုက်သည်။

အစောင့်များက ချက်ချင်း နားလည်သွားပြီး ခန်းဆောင်ထဲ စတင်ရှာဖွေခဲ့ပါသည်။ ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ နေထိုင်သည့် နေရာက သေးလည်းမသေး ကြီးလည်းမကြီးပါ၊ ဗဟိုခန်းဆောင်၊ နောက်ဖေးခြံနှင့် အရံခန်းဆောင်များ အားလုံးကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြသည်။ သို့သော် ဘာမှ မတွေ့ခဲ့ကြပေ။

နတ်ဆိုးအစောင့်များအားလုံး လက်ချည့်ဗလာဖြင့် ပြန်ရောက်လာခဲ့ကြပါသည်။ နတ်ဆိုးအစောင့်များ ညမဲ့မြို့စား၏မျက်နှာကိုပင် မော့မကြည့်ရဲကြတော့ဘဲ လျှောက်လမ်းထဲ ခေါင်းငုံ့ကာ မတ်တပ်ရပ်နေခဲ့ကြသည်။

ညမဲ့မြို့စားလည်း ထိုရလဒ်ကြောင့် အံ့အားသင့်သွားခဲ့ပါသည်။

‘ဘာလို့ ရှာမတွေ့တာလဲ၊ ငါခန့်မှန်းတာ မှားသွားတာလား၊ လောရှို့က ဒီမှာတကယ် မရှိဘူးလား’

လင်းယွမ် ခါးအနည်းငယ် မတ်လိုက်ပြီး ညမဲ့မြို့စားကို စိုက်ကြည့်လိုက်သည်။

“အခု ဘာပြောစရာ ရှိသေးလဲ”

ညမဲ့မြို့စားက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ဒီမှာ သူခိုးရှိနေတဲ့ပုံ မပေါ်ဘူး၊ ဒီငယ်သား စိတ်သက်သာရာ ရသွားပါပြီ”

လင်းယွမ် အေးစက်စွာ ရယ်မောလိုက်သည်။

“မင်းက စိတ်သက်သာရာရသွားပေမယ့် ငါ စိတ်မသက်သာနိုင်ဘူး၊ မင်းက မင်းလူတွေကို တခမ်းတနားခေါ်လာပြီး ဒီမှာ လာရှာတယ်၊ တစ်နည်းအားဖြင့် ငါက သံသယရှိသူလို့ လူတိုင်းကို ကြေညာလိုက်သလိုပဲ၊ ငါက အသည်းငယ်တယ် အဲ့လိုကိစ္စမျိုးကို သည်းမခံနိုင်ဘူး”

လင်းယွမ် ပြဿနာရှာဖို့ အကြောင်းပြချက်ပေးနေမှန်း ညမဲ့မြို့စား ကောင်းကောင်းနားလည်ပါသည်။ သို့သော် သူ့ဘက်က သူခိုးရှာဖို့ မအောင်မြင်ခဲ့သဖြင့် ဒီပွဲမှာ အရေးနိမ့်သူဖြစ်သွားပါပြီ။ ထို့ကြောင့် အရှုံးကို လက်ခံဖို့သာ ရှိတော့သည်။

“အရှင် စိတ်ကျေနပ်အောင် ဒီငယ်သား ဘာများဆောင်ရွက်ပေးရမလဲ”

“ရှင်းပါတယ်၊ မင်းက လောရှို့ဆိုတဲ့ သူခိုးကို ရှာချင်နေတာမဟုတ်လား၊ ဒီမှာ ရှာလို့မတွေ့ဘူးဆိုတော့ တခြားနေရာမှာ ပုန်းနေတဲ့သဘောပဲလေ၊ စံအိမ်ထဲက နေရာတိုင်းကို ရှာပြီးပြီလို့ မင်းလူတွေက ပြောပေမယ့် မင်းတို့မရှာရသေးတဲ့နေရာ တစ်နေရာရှိမှာ သေချာတယ်၊ မြို့စားရဲ့ ခန်းဆောင်ပဲ”

ညမဲ့မြို့စား မျက်နှာအနည်းငယ်ပျက်သွားခဲ့သည်။

“သူခိုးတစ်ယောက်က ဒီငယ်သားခန်းဆောင်မှာ ဘာလို့ ပုန်းနေရမှာလဲ”

လင်းယွမ်က ပြန်ချေပလိုက်သည်။

“အဲ့တာဆို မင်းက ဘာကိုကြည့်ပြီး ငါ့ခန်းဆောင်မှာ သူခိုးရှိနေတယ်လို့ သံသယဝင်ခဲ့တာလဲ၊ မင်းက စံအိမ်တစ်ခုလုံးကို ပိုက်စိပ်တိုက်ရှာချင်နေတာဆိုမှတော့ သေချာရှာသင့်တာပေါ့၊ ငါ့ခန်းဆောင်ဖြစ်ဖြစ် မင်းခန်းဆောင်ဖြစ်ဖြစ် ရှင်းရှင်း လင်းလင်းဖြစ်သွားအောင် အားလုံးရှာရမှာပဲ!”

ညမဲ့မြို့စား ဆွံ့အသွားခဲ့သည်။

လင်းယွမ်က မတ်တပ်ရပ်လိုက်ပါသည်။

“ငါလည်း အားနေတာနဲ့အတော်ပဲ၊ ငါကိုယ်တိုင် မင်းတို့နဲ့လိုက်ပြီး ရှာပေးမယ်၊ သွားကြစို့”

ညမဲ့မြို့စားကို ငြင်းဆန်ခွင့်ပင် မပေးတော့ဘဲ လင်းယွမ် အပြင်ထွက်သွားလေသည်။ မြို့စားလည်း ရွေးချယ်စရာ မရှိဘဲ နတ်ဆိုးအစောင့်များနှင့်အတူ နောက်မှ လိုက်သွားခဲ့ရပါသည်။

အားလုံး ထွက်သွားသောအခါ လူရိပ်တစ်ခုက ပြူတင်းပေါ်မှတဆင့် ခန်းဆောင်ထဲ ကျော်ဝင်လာခဲ့သည်။

ကုတင်ပေါ်တွင် မျက်လုံးမှိတ်ကာအနားယူနေသော ယန်ရုန်ရုန်လည်း ရုတ်တရက် မျက်လုံးများပွင့်သွားခဲ့သည်။ သူမ အမှန်တကယ် အိပ်ပျော်နေခြင်းမဟုတ်ဘဲ အိပ်ချင်ယောင် ဆောင်နေခြင်းသာဖြစ်သည်။

ခြုံထားသည့်စောင်ကို ဘေးဖယ်လိုက်ပြီး ငုတ်တုပ်ထထိုင်ကာ ပြူတင်းပေါက်ထံ လှမ်းကြည့်လိုက်ပါသည်။ ထိုအခါ ခိုးကြောင်ခိုးဝှက် ဝင်လာသည့် လောလောကို မြင်လိုက်ရလေသည်။

“ရှင်က အပြောနဲ့အလုပ် တကယ်ညီတာပဲ”

ပြူတင်းပေါက်ကို သုံးမည်ဟု ပြောခဲ့ကာ တကယ်လည်း ပြူတင်းပေါက်ကိုပဲ သုံးခဲ့ပါသည်။

အပြင်ဘက်ကို တစ်ကြိမ်နှစ်ကြိမ်လောက် ထပ်ကြည့်လိုက်ပြီး ဘယ်သူမှ မရှိတော့မှန်း သေချာကာမှ လောလော သက်ပြင်းချနိုင်ပါသည်။ ကုတင်ဘေးသို့ ခြေဖျား‌ထောက်ကာ ရောက်လာပြီး တီးတိုးပြောလိုက်သည်။

“လန့်လွန်းလို့ သေတော့မှာပဲ”

ညစာစားပွဲတွင် ညမဲ့မြို့စား သံသယဝင်နေလောက်ပြီဖြစ်မှန်း လောလောခန့်မှန်းနိုင်ခဲ့သည်။ ထို့ကြောင့် ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ ထွက်သွားပြီး သိပ်မကြာဘဲ သူလည်း ညစာစားပွဲမှ ထွက်လာခဲ့ပါသည်။

ထိုမှ ထွက်လာပြီး ယန်ရုန်ရုန်တို့ ခန်းဆောင်ဆီ တန်းလာခဲ့သော်လည်း သူမနှင့် မတွေ့နိုင်ခင် နတ်ဆိုးအစောင့်များက ဦးစွာ ရောက်ရှိလာကြသည်။ ထို့ကြောင့် ခပ်လှမ်းလှမ်းရှိ ထောင့်တစ်နေရာတွင် ခေတ္တ ပုန်းခိုနေခဲ့ရပြီး အားလုံး ထွက်သွားသည့်အချိန်ကျမှ ထွက်လာနိုင်ခဲ့ပါသည်။

လောလော ရောက်လာလိမ့်မည်ဟု ယန်ရုန်ရုန် မျှော်လင့်ထားပြီးသားဖြစ်သဖြင့် လင်းယွမ်နှင့် ကြိုတင်တိုင်ပင်ပြီး ညမဲ့မြို့စားနှင့် နတ်ဆိုးအစောင့်များကို အဝေးသို့မျှားခေါ်သွားဖို့ စီစဉ်ထားခဲ့ပါသည်။ ထိုအခါ သူမနှင့် လောလောတို့ အလွယ်တကူ လစ်ထွက်နိုင်မည်ဖြစ်သည်။

ယန်ရုန်ရုန် ကုတင်ပေါ်မှ ဆင်းကာ ဖိနပ်စီးလိုက်သည်။ ထို့နောက် အပေါ်ထပ်ဝတ်ရုံကိုခြုံလျက် သူမ စိတ်ထဲ အလွန့်အလွန်သိချင်နေခဲ့သည့် မေးခွန်းတစ်ခုကို မေးလိုက်ပါသည်။

“ရှင် ညမဲ့မြို့စားဆီက တစ်ခုခု ခိုးခဲ့သေးလား”

လောလော သိသိသာသာ မှင်သက်သွားသည်။

“ငါက ဘာခိုးရမှာလဲ”

“ပိုးသားလက်ကိုင်ပဝါတစ်ထည်လေ”

လောလော ခပ်မြန်မြန်ပဲ သတိရသွားပြီး အနီရောင် ပိုးသားလက်ကိုင်ပဝါတစ်ထည်ကို ထုတ်ပြလိုက်သည်။

“ဒါကို ပြောတာလား၊ ဒါညစာစားပွဲမှာ ဧည့်သည်တွေ လက်သုတ်ဖို့ ချပေးထားတဲ့ လက်ကိုင်ပဝါလေ၊ တချို့ဧည့်သည်တွေဆို သုံးပြီး ဒီတိုင်း လွှင့်ပစ်လိုက်ကြတာ၊ ငါက နှမြောလို့ ဒီတိုင်း ထည့်သိမ်းလာခဲ့တာ၊ အဲ့တာ ခိုးမှုမြောက်တယ်လား”

ယန်ရုန်ရုန် ဆွံ့အသွားသည်။

“ရှင်က ဝမ်ပေါင်မျှော်စင်ရဲ့ ပိုင်ရှင်လေ၊ ရှင်မဝယ်နိုင်တဲ့ အရာဆိုတာ ရှိလို့လား၊ သုံးပြီးသား လက်ကိုင်ပဝါကို ခိုးရလောက်တဲ့အထိ လုပ်ဖို့လိုလို့လား”

လောလောက လေးလေးနက်နက် အတည်ပေါက် ပြောလိုက်သည်။

“အိမ်တစ်အိမ်ကို မစီမံဖူးသရွေ့ အသုံးနဲ့အဖြုန်းရဲ့ ကွာခြားချက်ကို မင်းနားလည်မှာမဟုတ်ပါဘူး၊ ဒီလို အကောင်းစား ပိုးသားလက်ကိုင်ပဝါတစ်ထည်က ဈေးကွက်ထဲမှာဆို အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၁ တုံးတန်တယ်၊ လူဆိုတာ အခွင့်ရတိုင်း စုဆောင်းတတ်ရတယ်၊ နောက်ဆို ဒီလက်ကိုင် ပဝါနဲ့ ပါးစပ်တွေဘာတွေ သုတ်လို့ရတာပဲလေ၊ အလကားမဖြစ်ပါဘူး”

All Chapters