အခန်း (၁၃၁)
Vol. 14 Ch. 131
🌹Chapter 131
ယန်ရုန်ရုန်နှင့် လောလောတို့နှစ်ယောက် လှေကားအတိုင်း အောက်သို့ ဆက်ဆင်းလာခဲ့ကြသည်။
အောက်ဘက်သို့ ရောက်လာလေလေ ပတ်ဝန်းကျင် အပူချိန်က ပိုမို ကျဆင်းလာလေလေပင်။ လှေကားထစ်၏ ဘေးတစ်ဖက်တစ်ချက်ရှိ မညီမညာ ကျောက်သားနံရံများက စိုထိုင်းလာပြီး ရံဖန်ရံခါ အစိမ်းရောင် ရေညှိများ တက်နေသည်ကိုပင် မြင်ရပါသည်။
လေထုထဲတွင်လည်း အသားပုပ်နံ့ကဲ့သို့ ထူးထူးဆန်းဆန်း ရနံ့တစ်ခု ပျံ့နှံ့လာခဲ့သည်။
ယန်ရုန်ရုန် အသက်ရှူနှုန်းကို ထိန်လိုက်ပြီး ထိုရနံ့ဆိုးကို အများကြီး မရှူရှိုက်မိအောင် ကြိုးစားလိုက်ရသည်။
စဦးပိုင်းတွင်တော့ အမှောင်ထုထဲ ဆိတ်ငြိမ်မှုကို ဖြိုခွင်းရန်အတွက် ယန်ရုန်ရုန့်ကို လောလော အာလာပသလ္လာပ စကားများ ပြောနေခဲ့သေးသည်။ သို့သော် ပန်းတိုင်နှင့် နီးကပ်လာလေလေ လောလော ပိုမို တိတ်ဆိတ်လာလေလေပင်။
နောက်ဆုံးတော့ လောလောထံမှ စကားပြောသံ လုံးဝ ရပ်တန့်သွားခဲ့ပြီး ခေါင်းငုံ့ကာသာ ရှေ့ဆက်လျှောက်နေခဲ့ပါသည်။
“ရောက်ပြီ”
လောလော ရုတ်တရက် ပြောလိုက်သည်။
ယန်ရုန်ရုန် ရှေ့သို့လှမ်းကြည့်လိုက်ရာ ပိန်းပိတ်အောင် မှောင်မိုက်နေသော အမှောင်ထုမှအပ အခြားဘာမှ မမြင်ရပေ။ တစ်စုံတစ်ခုက အသားဝါးစားနေသကဲ့သို့ တိုးတိုးညှင်းညှင်း အသံများကိုသာကြားနေရကာ အလွန်းကျောချမ်းစရာ ကောင်းလှပါသည်။
ယန်ရုန်ရုန် ဇဝေဇဝါဖြစ်နေစဉ် လောလောက သူ့လက်ထဲတွင် ကိုင်ထားသည့် မီးလင်းပုလဲလုံးကို ရှေ့သို့ လှမ်းပစ်လိုက်ပါသည်။
မီးလင်းပုလဲက အမှောင်ထုထဲ တိုးဝင်သွားပြီး ကြမ်းပြင်ပေါ်ကျသွားသည်နှင့်တစ်ပြိုင်တည်း နဂိုက တိတ်ဆိတ်တည်ငြိမ်နေခဲ့သည့် ကြမ်းပြင်ကြီးတစ်ခုလုံး ရုတ်တရက် လှုပ်ခါလာခဲ့လေသည်။
ချက်ချင်းဆိုသလို ကြမ်းပြင်ပေါ်မှ အနက်ရောင်လင်းနို့ပေါင်းများစွာ အပေါ်သို့ ပျံတက်လာခဲ့ပါသည်။
ယန်ရုန်ရုန်မြင်ခဲ့သည့် ‘ကြမ်းပြင်’မှာ အမှန်တကယ် ကြမ်းပြင်မဟုတ်ဘဲ အနက်ရောင်လင်းနို့ပေါင်းများစွာ အတူတူ စုဝေး နားခိုနေကြသည့် လင်းနို့သိုက်ကြီးတစ်ခု ဖြစ်နေပါသည်။ အလွန်မှောင်မိုက်နေခြင်းကြောင့် ယန်ရုန်ရုန် သတိမထားမိခဲ့ခြင်းသာ။
လင်းနို့များ ပျံတက်သွားပြီး မီးလင်းပုလဲလုံးလည်း ရပ်တန့်သွားသောအခါ ပုလဲလုံး၏ အလင်းရောင်ကြောင့် ရှေ့က မြင်ကွင်းကို ယန်ရုန်ရုန် ထင်ထင်ရှားရှား မြင်လိုက်ရပါပြီ။
ယန်ရုန်ရုန် ကြက်သေသေသွားခဲ့ရသည်။
ညစ်ပတ်ပေရေနေသော ရွှံ့အိုင်ကြီးထဲတွင် ဖီရှို့သားရဲတစ်ကောင် လှဲလျောင်းနေပါသည်။
တစ်ကိုယ်လုံး အညစ်အကြေးများဖြင့် ဖုံးလွှမ်းနေပြီး အကြေးခွံများလည်း ကွာကျကာ မည်းနက်နေသည့် အသားများ အထင်းသားပေါ်နေသည်။ ၎င်း၏ ခြေချောင်းများပေါ်ရှိ အဖြူရောင်အရေပြားများကလည်း စတင်ပုပ်သိုးနေပြီဖြစ်ကာ အန်ချင်စရာကောင်းလောက်သော အပုပ်နံ့များ ထောင်းထောင်းထနေခဲ့လေသည်။
အနက်ရောင် လင်းနို့များက ၎င်း၏ ပုပ်သိုးနေသော အသားများကို စားသုံးနေကြသည်။
ယန်ရုန်ရုန် သိချင်နေခဲ့သည့် မေးခွန်းတစ်ခုအတွက် အဖြေရလိုက်ပါပြီ။ ထိုလင်းနို့များက ဖီရှို့သားရဲ၏ အသားကို စားရင်း အသက်ဆက်နေခဲ့ကြခြင်းပင်။
ရှေးဟောင်း နတ်သားရဲတစ်ကောင်က ဒီလောက်ထိ အခြေအနေ ဆိုးရွားသွားလိမ့်မည်ဟု ယန်ရုန်ရုန် တစ်ခါမှ မတွေးမိခဲ့ဖူးပေ။ သူမ လောလောကို လှည့်ကြည့်လိုက်မိသည်။
လောလော မျက်နှာပေါ်တွင် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတို့ ကင်းစင်နေသည်။ ရှေ့ကမြင်ကွင်းကို တိတ်တဆိတ် ခေတ္တ ငေးကြည့်နေခဲ့ပြီးနောက် အနံ့ဆိုးများထွက်နေသော ရွှံ့နွံထဲ ဆင်းသွားခဲ့ပါသည်။
အနက်ရောင် လင်းနို့များက ထွက်သွားချင်ပုံမရဘဲ လေထဲမှာ ဝဲပျံနေကြသေးသည်။ ဖီရှို့အသားကို အချိန်အတော်ကြာအောင် စားသုံးခဲ့ကြသဖြင့် ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များက အဆမတန်မြင့်တက်နေခဲ့ပြီး လင်းနို့တစ်ကောင်ချင်းစီတိုင်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှနေပါပြီ။
၎င်းတို့ စားသောက်နေသည်ကို ရုတ်တရက် လာနှောင့်ယှက်နေသော ယန်ရုန်ရုန်နှင့် လောလောတို့ကိုလည်း ကျေနပ်ပုံ မပေါ်ကြပေ။
ဖီရှို့ခန္ဓာကိုယ်အနား ချဉ်းကပ်လာသော လောလောကို မြင်ပြီး သူတို့အစာကို လာလုယူဖို့ ကြံနေသည်ဟု လင်းနို့များ ထင်သွားကြသည်။ ထို့ကြောင့် စူးစူးဝါးဝါးအော်ဟစ်လျက် အတောင်ပံများကိုခတ်ရင်း လောလောထံ တဟုန်ထိုး ပျံသန်းလာခဲ့ကြပါသည်။
လောလော စိတ်ရွှင်မနေပါ။
သူ့ကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအင်များ လေပြင်းမုန်တိုင်းတစ်ခုလို ကြမ်းတမ်းစွာ ဖြာထွက်သွားခဲ့သည်။ အနက်ရောင်လင်းနို့များ သူ့အနား မကပ်နိုင်ခင််မှာပင် ကြောက်မက်စရာကောင်းသည့် စွမ်းအင်တစ်ခုကြောင့် လွင့်ထွက်သွားကြပြီး လေထဲမှာပင် အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ကြပါသည်။
မိုးပေါ်မှ အသားစများနှင့် သွေးများ မိုးရွာသွန်းသလို ကျလာခဲ့သည်။
လင်းနို့များ၏ အကြွင်းအကျန်များနှင့် မထိမိစေဖို့အတွက် ယန်ရုန်ရုန် ချက်ချင်း နောက်ဆုတ်လိုက်ပါသည်။
သို့သော် လင်းနို့များ၏ အပိုင်းအစများက အနက်ရောင်နတ်ဆိုးစွမ်းအင်များအဖြစ် အသွင်ပြောင်းသွားပြီး ကျောက်သားနံရံများအတွင်း တိုးဝင်သွားလေသည်။
နံရံများ ပြင်းထန်စွာ လှုပ်ခါလာပြီး အပေါ်ဘက်မှ ကျောက်တုံးကျောက်စိုင်များ ပြိုကျလာခဲ့ပါသည်။
ယန်ရုန်ရုန် အမှောင်ထုထဲ မော့ကြည့်လိုက်သည်။ သူမ ဘာမှ မမြင်နိုင်သော်လည်း မျှော်စင်ကြီး၏ အကာအကွယ် အစီအရင်များ ပွင့်သွားပြီဖြစ်မှန်း အာရုံခံနိုင်ပါသည်။
အနက်ရောင်လင်းနို့များက အကာအကွယ် အစီအရင်၏ တစိတ်တပိုင်းဖြစ်ပုံရသည်။
ဖီရှို့သားရဲ၏ ခန္ဓာကိုယ်ကို အနက်ရောင်လင်းနို့များက စားသုံးပြီး ဝိညာဉ်စွမ်းအင်များကို စုပ်ယူသည်။ ထိုစွမ်းအင်များကို မျှော်စင်ကြီးက တဖန် ပြန်လည်စုပ်ယူပြီး ‘လာဘ်လာဘ’အဖြစ် ပြောင်းလဲကာ ညမဲ့မြို့စားကြီးထံ အဆုံးမဲ့ စည်းစိမ်များကို ဆောင်ကျဉ်းပေးခဲ့သည်။
မျှော်စင်ကြီး၏ သခင်ဖြစ်သည့်အလျောက် မျှော်စင်ထဲ တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာပြီဖြစ်မှန်း ညမဲ့မြို့စား သိရှိပြီးလောက်ပါပြီ။ ထို့ကြောင့် မျှော်စင်ထံ အနှေး နှင့်အမြန် ရောက်လာမှာ သေချာသည်။
ယန်ရုန်ရုန်နှင့် လောလောတို့အတွက် အချိန်မရှိတော့ပေ။
ယန်ရုန်ရုန် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ ကျောက်သားနံရံများပေါ်မှ သံကြိုး ၁၂ ချောင်း ထိုးထွက်နေပြီး ရွှံ့နွံများထဲ တိုးဝင်နေသည်ကို တွေ့လိုက်ရသည်။
လောလောကမူ သူ့ခန္ဓာကိုယ်ထံ ရီဝေစွာ ဆက်လက်လျှောက်လှမ်းနေပါသည်။ အခြေအနေတွေ ဆိုးရွားနေလိမ့်မည်ဟု နဂိုကတည်းက မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ကို အမှန်တကယ် မျက်လုံးဖြင့် တပ်အပ်မြင်လိုက်ရသောအခါ ဒေါသထွက်မိဆဲပင်။
‘ငါဘာအမှားလုပ်မိလို့လဲ၊ ငါ့မှာ ဘာအပြစ်ရှိလို့ ခန္ဓာနဲ့ ဝိညာဉ်ကို ခွဲထုတ်ခဲ့ရတာလဲ၊ ဝိညာဉ်ကိုသာ ခွဲမထုတ်ခဲ့ရင် ငါ့ခန္ဓာကိုယ် ဒီနေရာမှာ ပိတ်လှောင်ခံထားရမှာ မဟုတ်ဘူး၊ ညမဲ့မြို့စားရဲ့ အသုံးချခံဖြစ်လာမှာ မဟုတ်သလို စက်ဆုပ်စရာ သတ္တဝါတွေရဲ့ အစာလည်း ဖြစ်လာမှာ မဟုတ်ဘူး’
လောလော ရင်ထဲတွင် ထိန်းချုပ်မရသည့် အငြှိုးတရားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရွှံ့နွံထဲမှ အကြေးခွံတစ်ခုကို ကောက် ယူလိုက်ပြီး ဖီရှို့သားရဲ၏ခန္ဓာကိုယ်အပေါ် ဖြည်းညှင်းစွာ ပြန်ကပ်ပေးလိုက်ပါသည်။
ထို့နောက် တစ်လုံးချင်း ပီပီသသ ရေရွတ်လိုက်သည်။
“ကောင်းကင်ဘုံက… မတရားလိုက်တာ!”
ထိုစကားလုံးများကြောင့် ကောင်းကင်ဘုံ ဒေါသထွက်သွားသည့်အလား အရုဏ်တက်ခါစပြုနေသည့် ကောင်းကင်ကြီးတစ်ခုလုံး အနက်ရောင်တိမ်တိုက်များ ရုတ်ရက် လွှမ်းမိုးလာခဲ့သည်။ တိမ်တိုက်များအကြား တစ်ချက်တစ်ချက် လင်းလက်နေသည့် လျှပ်စီးများကိုလည်း မြင်နေရပါသည်။
မြေအောက်နက်နက်ရှိုင်းရှိုင်းထဲ ရောက်နေသော်လည်း ကော်းကင်ဘုံ၏သတိပေးချက်ကို ယန်ရုန်ရုန် ခံစားနေရသည်။
သို့သော် သူမ မမှုခဲ့ပါ။ ကျောက်သားနံရံများထံ အမြန်ပြေးသွားလိုက်ပြီး သံကြိုးများကို သေချာ စစ်ဆေးကြည့်လိုက်သည်။ သံကြိုးတိုင်းတွင် မှော်သင်္ကေတများ ရေးထွင်းထားသည်ကို မြင်လိုက်ရပါသည်။
ထိုမှော်သင်္ကေတများက ထောင်ထျဲသားရဲနှင့် ဖူရှန်းကြေးမုံတို့ကို ချုပ်နှောင်ထားခဲ့သည့် မှော်သင်္ကေတများနှင့် အလွန့် အလွန် ဆင်တူနေလေသည်။
--- --- ---
ညမဲ့မြို့စားက သူ့ခန်းဆောင်တွင် ရှီနေဆဲဖြစ်သည်။ လင်းယွမ်၏ စောင့်ကြည့်မှုအောက်တွင် နတ်ဆိုးအစောင့်များက နေရာတိုင်းကို ပိုက်စိပ်တိုက် ရှာဖွေနေပါသည်။ သို့သော် ဘာမှ မတွေ့ရပါ။
သို့သော် လင်းယွမ်က လက်မလျှော့သေးဘဲ အစောင့်များကို သေချာမရှာဖွေဟု အပြစ်တင်ကာ ဒုတိယအကြိမ် ထပ်ရှာခိုင်းခဲ့သည်။
တစ်စုံတစ်ခု မူမမှန်သည်ကို မြို့စား စတင်ခံစားနေရပါပြီ။ လင်းယွမ် ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲနေသည်ဟု သူ သံသယ ဖြစ်မိသည်။ သို့သော် အကြောင်းအရင်းကို သူ မသိပါ။ ထို့ကြောင့် ဒီတိုင်း စောင့်ကြည့်နေရုံသာ ရှိခဲ့သည်။
ထိုအချိန်တွင် မျှော်စင်ကြီး၏ အကာအကွယ် အစီအရင်များ ပွင့်သွားသည်ကို ညမဲ့မြို့စား အာရုံခံလိုက်မိပါသည်။
တစ်စုံတစ်ယောက်တော့ မျှော်စင်ထဲ ကျူးကျော်ဝင်ရောက်နေလေပြီ။
မျှော်စင်ကြီးထံ အမြန်ဆုံးသွားဖို့ ညမဲ့မြို့စား ကြံလိုက်သည်။ သို့သော် လင်းယွမ်က ယန်ရုန်ရုန့် အစီအစဉ်များကို အပျက် အစီးမခံနိုင်သဖြင့် ညမဲ့မြို့စားရှေ့တွင် ပိတ်ရပ်လိုက်ပါသည်။
ရှေ့တွင် ရပ်နေသည့် နတ်ဆိုးအရှင်သခင်ကို ကြည့်ရင်း ညမဲ့မြို့စား တိုးညှင်းစွာ ပြောလိုက်သည်။
“ကျွန်တော် အရေးတကြီး ဆောင်ရွက်စရာကိစ္စအချို့ရှိလို့ပါ၊ နတ်ဆိုးအရှင် လမ်းဖယ်ပေးဖို့ တောင်းဆိုပါတယ်”
လင်းယွမ်က အေးအေးလူလူ မေးလိုက်သည်။
“မင်းပဲ သူခိုးဖမ်းမလို့ဆို၊ သူခိုးကိုတောင် ရှာမတွေ့သေးဘူး ဘယ်သွားမလို့လဲ”
ညမဲ့မြို့စား၏ မျက်နှာ ပိုမို မှောင်မိုက်သွားခဲ့သည်။
ယခုလောက်ဆို သူနားလည်နေပါပြီ။ ကျုံးရှောင်းရှောင်းတို့ မျှော်စင်ထဲ ခိုးဝင်နိုင်ဖို့အတွက် လင်းယွမ် အချိန်ဆွဲပေးနေခြင်းပင်။
အကြောင်းအရင်းကတော့ မျှော်စင်အောက်တွင် ဖုံးကွယ်ထားသည့် ဖီရှို့သားရဲနှင့် သက်ဆိုင်နေမှာ သေချာပါသည်။
ဖီရှို့သားရဲက အဆုံးမရှိနိုင်သော စည်းစိမ်များအတွက် ရင်းမြစ်တစ်ခုဖြစ်သည်။ ဒီကမ္ဘာမှာ ဖီရှို့သားရဲကို မလိုချင်သူ မရှိပါ။ နတ်ဆိုးအရှင်သခင်လည်း ထိုဖီရှို့သားရဲကို သိမ်းပိုက်ချင်နေမှာ သေချာသည်။
လင်းယွမ်ကို သူယှဉ်နိုင်မှာ မဟုတ်မှန်း ညမဲ့မြို့စားနားလည်ပါသည်။ တိုက်ခိုက်လျှင်လည်း ရှုံးနိမ့်ဖို့သာ ရှိသည်။
ထို့ကြောင့် သတ်ချင်ဖြတ်ချင်စိတ်ကို မနည်းချုပ်တည်းရင်း ညမဲ့မြို့စား မျက်လွှာချကာ အညံ့ခံလျက် ကမ်းလှမ်းလိုက်သည်။
“အခြေအနေတွေ ဒီအထိတောင် ရောက်လာမှတော့ ကျွန်တော် ဖုံးကွယ်ထားစရာလိုတော့မယ် မထင်ဘူး၊ ကျွန်တော့် လျှို့ဝှက်ချက်ကို နတ်ဆိုးအရှင် သိပြီးလောက်ကောပေါ့၊ ဟုတ်ပါတယ် ကျွန်တော့်စည်းစိမ်တွေ အားလုံးရဲ့ ရင်းမြစ်က ဖီရှို့နတ်သားရဲပဲ၊ ကျွန်တော်က နတ်ဆိုးအရှင့်အပေါ် သစ္စာရှိပြီးသားပါ၊ အရှင် ဖီရှို့သားရဲကို လိုချင်တယ်ဆိုရင် အစောကြီးကတည်းက ပွင့်ပွင့်လင်းလင်း ပြောခဲ့သင့်တာပေါ့၊ ဖီရှို့သားရဲရဲ့တစ်ဝက်ကို အရှင့်ထံ ကျွန်တော် ဆက်သက်နိုင်တယ်၊ အဲ့တာကြောင့် ကျွန်တော့်ကို ဒီလောက်ထိ အပင်ပန်းခံပြီး စိတ်ဒုက္ခပေးနေဖို့ မလိုပါဘူး”
စည်းစိမ်တစ်ဝက်ကို လက်လွှတ်ရမှာ ညမဲ့မြို့စားအဖို့ နာကျင်စရာကောင်းလှသည်။ သို့သော် အခြေအနေများအရ ဖီရှို့နတ်သားရဲတစ်ကောင်လုံးကို လင်းယွမ်ထံ ဆက်သလိုက်ရမှာထက်စာလျှင် အညံ့ခံပြီး တစ်ဝက်ကို ဆက်သလိုက်ခြင်းက ပိုကောင်းသည်။
ထို့အပြင် သူ့စိတ်ထဲမှာလည်း ကြိုတင်တွက်ချက်ပြီးသားဖြစ်သည်။ လင်းယွမ်ကို အရင်ဆုံး လှည့်စားထားပြီး နောက်မှ သူ့ကိုသတ်ဖို့ အခွင့်အရေးရှာရမည်။ ထိုအခါ ဖီရှို့သားရဲတစ်ကောင်လုံး သူ့လက်ထဲပြန်လည်ရောက်ရှိလာလိမ့်မည်။