← Chapters

အခန်း (၁၃၂)

Vol. 14 Ch. 132

အခန်း (၁၃၂)

Vol. 14 Ch. 132

🌹Chapter 132

လင်းယွမ် အလေးအနက် စဉ်းစားသုံးသပ်ချင်ယောင် ဆောင်လိုက်ပြီး အချိန်အတန်ကြာမှ ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ”

ညမဲ့မြို့စားက မျှော်လင့်ချက် သိပ်မထားခဲ့ပါ။ လင်းယွမ်၏ စရိုက်ကို သူကောင်းကောင်းကြီးသိသဖြင့် ဒီလို ကမ်းလှမ်းချက်မျိုးကို အလွယ်တကူ လက်ခံမှာ မဟုတ်မှန်း ညမဲ့မြို့စား နားလည်သည်။

ထို့ကြောင့် အဆိုးဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း လင်းယွမ်၏ လျင်မြန်သော သဘောတူညီချက်ကြောင့် ညမဲ့မြို့စား အံ့အားသင့် မှင်သက်သွားခဲ့ရလေသည်။

အံ့အားသင့်သွားရုံသာမကဘဲ အလွန်လည်း ပျော်ရွှင်သွားခဲ့ရသည်။ သူ့မျက်နှာပေါ်တွင်း အပြုံးစစ်တစ်ခု ပေါ်လာပြီး ချက်ချင်းပြောလိုက်သည်။

“အဲ့တာဆို ကျွန်တော်အဲ့ဒီကို အခုပဲသွား…”

လင်းယွမ်က စကားဖြတ်ပြောလိုက်သည်။

“ဒါပေမယ့် ငါတောင်းဆိုစရာတစ်ခု ရှိတယ်”

ညမဲ့မြို့စား မျက်နှာပေါ်မှ အပြုံး အနည်းငယ် တုန်ယင်သွားခဲ့သည်။

‘ငါထင်သားပဲ! ဒီကောင်က ကိုင်တွယ်ဖို့လွယ်တဲ့ကောင် မဟုတ်ဘူး!’

ညမဲ့မြို့စား သတိကြီးကြီးထားပြီး မေးလိုက်ပါသည်။

“နတ်ဆိုးအရှင်က… ကျွန်တော့်ကို ဘာများ တောင်းဆိုချင်လို့လဲ”

လင်းယွမ် ခပ်ပါးပါး ပြုံးလိုက်သည်။

“ရှင်းပါတယ်၊ ဒီမှာ မတ်တပ်ရပ်ပြီး တစ်ကနေ တစ်သောင်းအထိ ရေလိုက်၊ ပြီးရင် တစ်သောင်းကနေ တစ်အထိ ပြန်ရေ၊ အဲ့တာဆို ပြီးပြီ”

ညမဲ့မြို့စား: “…”

သူ့မျက်နှာပေါ်မှာ အပြုံးမရှိတော့ပါ။ နံပါတ်ရေတွက်ခြင်းက ရိုးရှင်းသည့် တာဝန်တစ်ခုဖြစ်သော်လည်း ယခုအချိန်မှာ မျှော်စင်ကို သွားပြီး ကျုံးရှောင်းရှောင်းကို တားဆီးဖို့က အလွန်အရေးကြီးနေသည်။

ညမဲ့မြို့စား ဒီမှာ နံပါတ်ရေတွက်ပြီးချိန်တွင် မျှော်စင်ထဲက ကျုံးရှောင်းရှောင်းတို့လည်း လုပ်စရာရှိသည်ကို လုပ်ပြီးသွားလောက်ပါပြီ။

ညမဲ့မြို့စားမျက်နှာ အလွန်ရှုံ့တွသွားခဲ့သည်။

“အရှင့်ကို ကျွန်တော် ဖီရှို့သားရဲတစ်ဝက်ပေးမယ်လို့ သဘောတူပြီးသွားပြီ မဟုတ်လား၊ အရှင်လုပ်ဖို့လိုတာဆိုလို့ ခေါင်းညိတ်လိုက်ဖို့ပဲ၊ အဲ့တာဆို နှစ်ဦးနှစ်ဖက် အဆင်ပြေသွားပြီလေ”

လင်းယွမ် ဇဝေဇဝါဖြစ်ချင်ယောင် ဆောင်လိုက်ပါသည်။ “ငါလည်း သဘောတူပြီးပြီလေ၊ မင်းလုပ်ဖို့ လိုတာဆိုလို့ ငါခိုင်းတဲ့အတိုင်း တစ်ကနေ တစ်သောင်းအထိ ရေဖို့ပဲ၊ အဲ့လို အသေးအဖွဲတာဝန်လေးကိုတောင် မလုပ်နိုင်ဘူးလား၊ အဲ့လောက်လေးတောင် လုပ်မပေးနိုင်ရင် ငါမင်းနဲ့ ဘယ်လိုယုံကြည်ပြီး လက်တွဲရမလဲ”

အကြောင်းမရှိ အကြောင်းရှာပြီး အပြစ်ပုံချခံလိုက်ရသဖြင့် ညမဲ့မြို့စား ဒေါသတွေ ဆူပွက်လာပါပြီ။ ယခုလောက်ဆို သူ့ကို လင်းယွမ် သွားခွင့်ပေးဖို့ အစီအစဉ်မရှိမှန်း ညမဲ့မြို့စား သိလိုက်ရပါပြီ။

ညမဲ့မြို့စား၏ နောက်ကျောမှ ဧရာမ အနက်ရောင် လင်းနို့အတောင်ပံနှစ်ဖက် ပေါက်လာခဲ့သည်။ သူ့မျက်လုံးများ သွေးချင်းနီသွားပြီး နှုတ်ခမ်းထောင့်မှ စူးစူးရှရှ အစွယ်နှစ်ဖက် ထွက်လာခဲ့သည်။

သူ့လက်ချောင်းများကလည်း ချွန်ထက်နေသော လက်သည်းများအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် အနက်ရောင် သားမွေးများ ပေါက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်မှ အလွန်အားကောင်းပြင်းထန်သော နတ်ဆိုးစွမ်းအင်များ ဖြာထွက်လာခဲ့ပါသည်။

ထိုနတ်ဆိုးစွမ်းအင်၏ အချက်ပြမှုကို အာရုံခံမိပြီး မြို့စားစံအိမ်အတွင်းရှိ အစေခံများ၊ အစောင့်များအားလုံး ရုတ်တ ရက် ရပ်တန့်သွားကြသည်။ ထို့နောက် အရပ်ရှစ်မျက်နှာစလုံးမှ ရာချီထောင်ချီသော နတ်ဆိုးကျင့်ကြံသူများ ပေါ်လာပြီး လင်းယွမ်ကို ဝန်းရံလိုက်ကြပါသည်။

ရန်သူများ၏ အလယ်ဗဟိုတွင် တစ်ကိုယ်တည်း ရပ်တည်နေရသော်လည်း လင်းယွမ် ကြောက်ရွံ့မှု စိုးစင်းမျှ မရှိချေ။ ညမဲ့မြို့စားကို အေးအေးလူလူ ကြည့်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်ပါသည်။

“မင်းပုန်ကန်ဖို့ ကြံနေတာလား”

ညမဲ့မြို့စား၏ သွေးချင်းနီနေသော မျက်လုံးများတွင် အငြှိုးအတေးများဖြင့် ပြည့်နှက်နေသည်။ သူအံကြိတ်ရင်း ပြောလိုက်ပါသည်။

“မင်းငါ့လက်ကို တွန်းအားပေးခဲ့တာ!”

ထိုအဖြေကို လင်းယွမ် ကျေနပ်သွားပုံရသည်။

“ဟုတ်တယ်၊ ပုန်ကန်မှ မင်းအသက်ရှင်နိုင်ချေ ရှိတော့မယ့် အခြေအနေထိရောက်အောင် ငါတွန်းအားပေးခဲ့တာ၊ ကဲ အခု ငါ့ကို မြန်မြန်တိုက်ခိုက်တော့လေ”

လင်းယွမ်၏ ပေါ့ပျက်ပျက် အမူအရာကြောင့် ညမဲ့မြို့စား ဒေါသပိုထွက်သွားခဲ့ရသည်။ သူအမိန့်တစ်ချက် ပေးလိုက်ရာ စံအိမ်အတွင်းရှိ အစေခံနှင့်အစောင့်တိုင်း လင်းယွမ်ကို တစ်ပြိုင်တည်း ခုန်အုပ်လိုက်ကြလေသည်။

လင်းယွမ်က ရှောင်လည်းမရှောင် လှုပ်လည်းမလှုပ်ဘဲ ငြိမ်သက်စွာ ဆက်ရပ်နေခဲ့ပါသည်။ သို့သော် သူ့ခန္ဓာကိုယ်ဘေးပတ်ပတ်လည်တွင် သွေးနီရောင် နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာပြီး ပါးလွှာသော အကာအရံတစ်ခုအဖြစ် စုစည်းသွားခဲ့သည်။

ထိုအကာအရံကို ရန်သူများ ထိလိုက်မိသည်နှင့်တစ်ပြိုင် တည်း အားလုံး လေထဲမှာ ရပ်တန့်သွားခဲ့ကြပြီး မျက်နှာများကလည်း တောင့်တင်းအေးခဲကုန်ကြလေသည်။

ထို့နောက် ၎င်းတို့၏ ခန္ဓာကိုယ်များ အရည်ပျော်ကျလာပြီး နတ်ဆိုးစွမ်းအင် အစိမ်းသက်သက်များအဖြစ်အသွင်ပြောင်း ကာ အနီရောင်အကာအရံကြီး၏ စုပ်ယူမှုကို ခံလိုက်ရလေသည်။ စက္ကန့်ပိုင်းအတွင်း ရန်သူတိုင်း ပျောက်ကွယ်သွားပြီး လင်းယွမ်အတွက် အားဖြည့်စာများ ဖြစ်သွားလေတော့ သည်။

ထိုမြင်ကွင်းကို မြင်ပြီး ညမဲ့မြို့စားကြီး ကြက်သီးမွေးညှင်းများ ထသွားလောက်အောင် ကြောက်ရွံ့သွားခဲ့သည်။ လင်းယွမ်ကို သူ့လူတွေ ယှဉ်နိုင်မှာ မဟုတ်မှန်း မျှော်လင့်ထားပြီးသားဖြစ်သော်လည်း ဒီလောက်မြန်မြန် သုတ်သင်ခံလိုက်ရမည်ဟု မထင်ထားခဲ့ချေ။

လင်းယွမ်မှာ ဒဏ်ရာမရခဲ့သည့်အပြင် ယခင်ကထက်ပင် ပိုမိုသန်မာသွားခဲ့သည်။

ညမဲ့မြို့စား ထွက်ပြေးချင်စိတ်များ တဖွားဖွားပေါ်လာခဲ့ပါသည်။ ဖီရှို့သားရဲက အဖိုးတန်သော်လည်း သူ့အသက်က ပိုအဖိုးတန်သည်။ အသက်ဆက်ရှင်နိုင်မှသာ စည်းစိမ်ကို ခံစားနိုင်ပါလိမ့်မည်။

သူ့အတွေးများကို ဖောက်ထွင်းမြင်နိုင်သည့်အလား လင်းယွမ် ပြုံးကာ မေးလိုက်သည်။

“မင်းထွက်ပြေးဖို့ စဉ်းစားနေတာလား”

ညမဲ့မြို့စား အားတင်းပြီး တည်ငြိမ်ချင်ယောင် ဆောင်လိုက်သည်။

“မင်းကိုငါ မယှဉ်နိုင်မှန်းသိတယ်၊ ဒါပေမယ့် အဲ့လောက်ထိ စိတ်ကြီးဝင်မနေစမ်းပါနဲ့၊ ဒါငါ့ပိုင်နက်ပဲ၊ ဘယ်လောက်စွမ်းအားကြီးတဲ့ နဂါးဖြစ်နေပါစေ မြွေတစ်ကောင်ကို သူ့ရဲ့ ပိုင်နက်ထဲမှာ အနိုင်မယူနိုင်ဘူး၊ ဒီနေရာကြီးတစ်ခုလုံးကို ‘ဝိညာဉ်လောင် အရိုးခွင်း အစီအရင်’နဲ့ ခင်းကျင်းထားတာ”

“ငါသာ အဲ့ဒီအစီအရင်ကို ဖွင့်လိုက်ရင် စံအိမ်ကြီးနဲ့ ရွှေမျှော်စင်ကြီးတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်၊ အထဲမှာ ရှိနေတဲ့ သက်ရှိမှန်သမျှ ဝိညာဉ်လောင်ကျွမ်းပြီး အရိုးတွေ ထိုးခွင်းခံရတဲ့ နာကျင်မှုမျိုး သေတဲ့အထိ ခံစားသွားရလိမ့်မယ်၊ မင်းက သေရမှာမကြောက်ဘူးဆိုတာ ငါသိတယ်၊ ဒါပေမယ့် ကျုံးရှောင်းရှောင်းက မျှော်စင်ထဲမှာ ရှိနေတုန်းပဲဆိုတာ မမေ့လိုက်နဲ့၊ အဲ့ဒီ အစီအရင်ကို ဖွင့်လိုက်တာနဲ့ သူအသက်ရှင်နိုင်မှာ မဟုတ်ဘူး၊ မင်းက သူ့ကို အရမ်းချစ်တာဆိုတော့ ဒီတိုင်းလက်လွှတ်ချင်မှာ မဟုတ်ဘူးမလား”

လင်းယွမ် မျက်လုံးများ မှေးစင်းသွားသည်။

“မင်းပြောတာ မှန်ပါတယ်၊ ငါသူ့ကို လက်မလွှတ်နိုင်ဘူး၊ ဒါပေမယ့်…”

ညမဲ့မြို့စား၏ စိတ်ချောက်ချားမှုများ အထွတ်အထိပ်သို့ ရောက်သွားစေဖို့အတွက် လင်းယွမ် စကားကို တမင်တကာ ရပ်တန့်လိုက်သည်။ ညမဲ့မြို့စား၏ ကြောက်ရွံ့မှုကို အရသာခံပြီးမှ လင်းယွမ် ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။

“ဒါပေမယ့် ငါအခြိမ်းခြောက်ခံရတာကို အမုန်းဆုံးပဲ”

ထိုစကားအဆုံးသတ်သည်နှင့် သွေးနီရောင် နတ်ဆိုးစွမ်းအင်များက အလွန်ရှည်လျားသည့် မြွေနဂါးအသွင်ပြောင်းသွားပြီး ညမဲ့မြို့စား၏ ခန္ဓာကိုယ်ကို ချက်ချင်း ရစ်ပတ် စည်းနှောင်လိုက်လေသည်။ ညမဲ့မြို့စား အသည်းအသန် ရုန်းကန်ပြီး မြွေနဂါး၏ အချုပ်အနှောင်ကို ချိုးဖျက်ဖို့အတွက် ကိုယ်တွင်းရှိ နတ်ဆိုးစွမ်းအင်များကို အသုံးချဖို့ ကြိုးစားပါသည်။

သို့သော် သူရုန်းကန်လေလေ မြွေနဂါး၏ ရစ်ပတ်မှုက ပိုမို တင်းကြပ်လာလေလေပင်။ သူ့လင်းနို့အတောင်ပံများ ကျိုးပဲ့သွားပြီး ခြေချောင်းလက်ချောင်းများလည်း မြင်မကောင်းအောင် တွန့်လိမ်ကောက်ကွေးသွားသည်။ တစ်ကိုယ်လုံးရှိ အရိုးများလည်း ကြက်သီးထစရာ တဂျွတ်ဂျွတ်မြည်သံနှင့်အတူ ကျိုးကြေသွားခဲ့ပါသည်။

ထို့အပြင် သူ့ကိုယ်တွင်းရှိ နတ်ဆိုးစွမ်းအင်များကို မြွေနဂါးကြီးက စုပ်ယူနေမှန်း ညမဲ့မြို့စား စိတ်ချောက်ချားစွာ သိလိုက်ရသည်။

လင်းယွမ်၏ စွမ်းအင်များ ပိုမိုမြင့်တက်လာလေလေ သူ့စွမ်းအင်များ ယုတ်လျော့လာလေလေ ဖြစ်သဖြင့် မကြာမီ သူပျောက်ကွယ်သွားရတော့မည်ဖြစ်မှန်း ညမဲ့မြို့စား နားလည်သွားခဲ့ရသည်။

ဝိညာဉ်လောင်၊ အရိုးခွင်း အစီအရင်ကို ဖွင့်ဖို့ နှုတ်က ကြိုးစားလိုက်သော်လည်း သူပါးစပ်ဟလိုက်သည်နှင့် သွေးနီရောင် နတ်ဆိုးစွမ်းအင်အချို့က သူ့ပါးစပ်ထဲ ဝင်ရောက်ကာ လျှာကို ဆွဲဖြတ်ပစ်လိုက်လေသည်။

ညမဲ့မြို့စား နာကျင်မှုကြောင့် ဝူးဝူးဝါးဝါး အော်ဟစ်နေရသည်။ အနက်ရောင်သွေးများ အဆက်မပြတ် စီးကျနေပြီး သူ့နတ်ဆိုးစွမ်းအင်များလည်း အဆက်မပြတ် ယုတ်လျော့နေခဲ့ပါသည်။ သူ့တစ်ကိုယ်လုံး သည်းမခံနိုင်အောင် နာကျင်နေသော်လည်း သတိမလစ်နိုင်သေးဘဲ အားလုံးကို ခံစားနေရသည်။

သူ မကြာခင်သေရတော့မည်ဟု ထင်နေသော်လည်း လင်းယွမ်က သူ့အသက်ကို မနှုတ်ယူသေးပေ။

လင်းယွမ်က ဆိုသည်။

“ခဏစောင့်ဦး၊ မင်းအသက်က အသုံးဝင်သေးတယ်”

သူ့အသက်က ဘယ်နေရာမှာ အသုံးဝင်နိုင်ဦးမှာလဲ ညမဲ့မြို့စား နားမလည်နိုင်ပါ။ သူသည်းမခံနိုင်တော့ပေ။ ဒီလို ဆိုးဆိုးဝါးဝါး နှိပ်စက်ခံနေရခြင်းထက် သေခြင်းတရားက ပိုသက်သာပါလိမ့်မည်။

နောက်ဆုံးတွင် ညမဲ့မြို့စား ကျယ်ကျယ်လောင်လောင် ဟိန်းဟောက်လျက် ခန္ဓာကိုယ်အတွင်းရှိ လက်ကျန် နတ်ဆိုးစွမ်းအင်များကို ဖောက်ခွဲပစ်ဖို့ ကြိုးစားသည်။ ပေါက်ကွဲအားကြောင့် ညမဲ့မြို့စား၏ အရေပြားများ စုတ်ပြဲသွားပြီး အသားစများ အထင်းသား ပေါ်လာခဲ့သည်။ တစ်ကိုယ်လုံး အရေပြားမရှိ သွေးချင်းနီနေသည့် လူတစ်ဦးဖြစ်နေပါပြီ။

ညမဲ့မြို့စား ကိုယ့်ကိုယ့်ကိုယ် ဖောက်ခွဲပစ်ဖို့ ကြံနေမှန်း လင်းယွမ် ရိပ်စားမိသည်။ နတ်ဆိုးဘုရင်တစ်ပါး၏ ဖောက်ခွဲစွမ်းအားက ကြောက်မက်ဖွယ်ကောင်းသော်လည်း လင်းယွမ်အတွက်တော့ ပြဿနာကြီးကြီးမားမား မရှိပေ။

ထိုပေါက်ကွဲစွမ်းအားကို ဖိနှိပ်ဖို့ လင်းယွမ်ပြင်လိုက်စဉ် အနီးနားမှ ဝိညာဉ်စွမ်းအင်လှိုင်းများ ဖြာထွက်လာသည်ကို ခံစားလိုက်ရသည်။

လင်းယွမ်ရပ်တန့်သွားပြီး ရွှေမျှော်စင်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ပါသည်။

ထိုအချိန်တွင် မျှော်စင်အတွင်း၌ ယန်ရုန်ရုန်တစ်ယောက် သံကြိုးများအပေါ် သွေးစက်များ ချနေပါပြီ။ ထိုအခါ ဖီရှို့သားရဲကို ချုပ်နှောင်ထားသည့် သံကြိုးများ ကြမ်းတမ်းစွာ လှုပ်ခါလာခဲ့သည်။

သံကြိုးများပေါ် ရေးထွင်းထားသည့် မှော်သင်္ကေတများလည်း ချက်ချင်း ပျောက်ကွယ်သွားပြီး သံကြိုးများ အပိုင်းပိုင်းပြတ်တောက်ကာ ရွှံနွံထဲ နစ်သွားခဲ့ပါသည်။

ဖီရှို့သားရဲ၏ ခန္ဓာကိုယ်ပေါ်သို့ လောလော နဖူးကို ထိကပ်လိုက်သည်။ လောလော၏ ခန္ဓာကိုယ် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး နောက်ဆုံးတော့ ဝိညာဉ်အသွင်ပြန်ပြောင်းကာ ဖီရှို့သားရဲခန္ဓာကိုယ်နှင့် ပြန်လည်ပေါင်းစည်းသွားတော့သည်။

All Chapters