← Chapters

အခန်း (၁၃၃)

Vol. 14 Ch. 133

အခန်း (၁၃၃)

Vol. 14 Ch. 133

🌹Chapter 133

ဝိညာဉ် ပြန်လည်ဝင်ရောက်လာသည်နှင့် ဧရာမဖီရှို့နတ်သားရဲကြီး မျက်လုံးများ ဖြည်းညှင်းစွာပွင့်လာခဲ့သည်။

နှစ်ပေါင်းများစွာ ကြာညောင်းခဲ့သည့် အိပ်စက်ခြင်းမှ နောက်ဆုံးတော့ ပြန်လည်နိုးထလာခဲ့ပါပြီ။

ဖီရှို့နတ်သားရဲကို ဖိနှိပ်ထားသည့် ရွှေမျှော်စင်ကြီးတစ်ခုလုံးလည်း စွမ်းအားကြီး ရှေးဟောင်းနတ်သားရဲတစ်ကောင်၏ နိုးထမှုကို ကြောက်ရွံ့နေသည့်အလား တုန်ခါသွားခဲ့သည်။

၎င်း ခန္ဓာကိုယ်ပေါ်မှ ရွှံ့နွံများကို ခါချရင်း ဖီရှို့နတ်သားရဲ ဖြည်းညှင်းစွာထလာခဲ့သည်။ သူ့ဦးခေါင်းနှင့် လှိုဏ်ဂူ၏ မျက်နှာကြက်တို့ ထိရိုက်မိပြီး မျက်နှာကြက်ပေါ်တွင် ဧရာမအပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။

ကျောက်တုံး ကျောက်စများ မိုးရွာသကဲ့ ကျဆင်းလာသဖြင့် ယန်ရုန်ရုန် မပိအောင် အမြန်ရှောင်လိုက်ရသည်။

ဖီရှို့နတ်သားရဲက ၎င်း၏ လက်သည်းဖြင့် ယန်ရုန်ရုန့် ဝတ်ရုံလည်ခွံကို ဆွဲကာ မ,ချီလိုက်ပြီး ကျောပေါ် တင်ပေးလိုက်ပါသည်။

ယန်ရုန်ရုန်လည်း ဟန်ချက်ထိန်းဖို့အတွက် ၎င်း၏ သားမွေးထူထူများကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်ထားရလေသည်။

ဖီရှို့သားရဲက ၎င်းကို နှစ်ပေါင်းများစွာတိုင်အောင် ချုပ်နှောင်ထားခဲ့ပြီး ၎င်း၏ စွမ်းအင်နှင့် အသွေးအသားများကိုပါ စားသုံးခဲ့သည့် ရွှေမျှော်စင်ကြီးကို လွန်စွာစက်ဆုပ်မုန်းတီး သည်။ ထို့ကြောင့် လှိုဏ်ဂူထဲရူးသွပ်စွာဖြင့် အရာအားလုံးကို သောင်းကျန်းဖျက်ဆီးပစ်ခဲ့ပါသည်။

နဂိုကမှ အက်ကြောင်းများထင်နေသည့် ကျောက်သားနံရံများလည်း ဖီရှို့နတ်သားရဲ၏အမျက်ဒေါသကို ခံနိုင်ရည်မရှိတော့ဘဲ မကြာမီ မြေအောက်လှိုဏ်ဂူကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့ရတော့သည်။

ဖီရှို့နတ်သားရဲက ယန်ရုန်ရုန့်ကို ခေါ်ဆောင်ပြီး အပေါ်သို့ ပြန်တက်လာခဲ့သည်။ ရွှေမျှော်စင်အတွင်းရှိ အကာအကွယ် အစီအရင်အားလုံး ပွင့်လာသော်လည်း ဖီရှို့နတ်သားရဲကို မတား ဆီးနိုင်ခဲ့ပေ။

မျှော်စင်ကြီးထဲမှ ဖီရှို့သားရဲ ဖောက်ထွင်းထွက်လာခဲ့ပြီး လေထုထဲတွင်ရပ်တန့်ကာ ၎င်းအမြှီးဖြင့် ရွှေမျှော်စင်ကြီးကို ရိုက်ချပစ်လိုက်ပါသည်။

ရွှေမျှော်စင်ကြီး နှစ်ခြမ်းကွဲသွားပြီး ကမ္ဘာမြေတုန်ခါသွားလောက်သော အသံကြီးနှင့်အတူ ပြိုကျသွားလေတော့သည်။

အပြင်ဘက်တွင် ကောင်းကင်ကြီးတစ်ခုလုံး တိမ်နက်များဖြင့် ဖုံးလွှမ်းနေသည်။ ဖီရှို့သားရဲပေါ်လာသည်နှင့် တစ်ပြိုင်နက်တိမ်နက်များထဲ ပုန်းကွယ်နေခဲ့သည့် မိုးကြိုးများဆင်းသက်လာခဲ့ပြီး ဖီရှို့နတ်သားရဲကို ပြင်းထန်စွာ ရိုက်ခတ်ပစ်ခဲ့ပါသည်။

ထိုမြင်ကွင်းကို ယန်ရုန်ရုန် ကောင်းကောင်းကြီး ရင်းနှီးနေ သည်။

‘ကောင်ကင်ဘုံမိုးကြိုးပဲ!’

ဖီရှို့သားရဲကို မိုးကြိုးပစ်ချသောအခါ ယန်ရုန်ရုန်ပါ ကြားညပ်ထိမှန်သွားခဲ့သည်။ ယန်ရုန်ရုန် ခေါင်းတွေ တစ်ပတ်လည်အောင် မူးဝေသွားပြီး ဆံပင်တွေလည်း တွန့်လိမ်ကောက်ကွေးကုန်ကာ ခန္ဓာကိုယ်မှ မီးခိုးများပင် ထွက်လာခဲ့ပါသည်။

သူမဝတ်ရုံထဲ ဝင်ပုန်းနေသည့် ငှက်ပေါက်ကလေးပင် မိုးကြိုးလက်မှ မလွတ်ခဲ့ပါ။ ၎င်း၏ အဝါရောင် ငှက်မွေးများချက် ချင်းမည်းနက်သွားပြီး အရပ်ရှစ်မျက်နှာစလုံးသို့ကျွတ်ထွက် ကုန်လေသည်။

ငှက်ပေါက်လေး ခေါင်းကို အုပ်လျက် ကြောက်လန့်တကြား အော်ဟစ်လိုက်ပါသည်။

“ကယ်ကြပါဦး!!! ငါ ကြက်ကြော်ဖြစ်တော့မယ်!!!”

သေလောက်အောင် နာကျင်သော မိုးကြိုးဒဏ်ကို သည်းခံရင်း ယန်ရုန်ရုန် အဆောင်စက္ကူတစ်ရွက်ကို ဆွဲထုတ်ကာ မန္တန်တစ်ခု ရွတ်လိုက်ပြီး ကောင်းကင်ဘုံမိုးကြိုး၏ တစ်စိတ်တစ်ပိုင်းကို အဆောင်စက္ကူအတွင်း ထည့်သွင်းလိုက်ပါသည်။ ထို့နောက် ငှက်ပေါက်လေးနှင့်အတူတူ ဖီရှို့သားရဲပေါ်မှ ခုန်ချလိုက်သည်။

လေထဲတွင် ယန်ရုန်ရုန် ဓားသိုင်းတစ်ခု ထုတ်သုံးလိုက်ရာ ချန့်ခွင်းအိတ်ထဲမှ ဝူဝမ်ဓား ပျံထွက်လာခဲ့သည်။ ငှက်ပေါက်လေးနှင့်အတူတူ ယန်ရုန်ရုန် ဝူဝမ်ဓားအပေါ် ဆင်းသက်လိုက်ပါသည်။ ဝူဝမ်ဓားကလည်း ယန်ရုန်ရုန်တို့ကို ကောင်းကင်ဘုံမိုးကြိုးများနှင့် ဝေးရာထံသို့ ခေါ်ဆောင်သွားခဲ့လေသည်။

ထိုအချိန်တွင် သူ့ထံပျံသန်းလာသည့် ယန်ရုန်ရုန့်ကို မြင်ပြီး လင်းယွမ် ခပ်ပါးပါး ပြုံးလိုက်ပါသည်။

“အချိန်ကိုက်ပဲ”

ညမဲ့မြို့စားကို သူပြန်လွှတ်ပေးလိုက်ပြီး သွေးနီရောင်နတ်ဆိုးစွမ်းအင်များကိုလည်း ပြန်လည် ရုတ်သိမ်းလိုက်ပါသည်။ ညမဲ့မြို့စား ပြန်လည်လွတ်လပ်သွားသည်နှင့်တစ်ပြိုင်တည်း လင်းယွမ်ကို အရူးမျက်ကန်းတိုက်ခိုက်ဖို့ ကြိုးစားပြန်သည်။

သူ့ကိုယ် သူ ဖောက်ခွဲပစ်ဖို့ အောင်မြင်လုနီးပါးဖြစ်နေပါပြီ။ ယခုအချိန်မှ ထွက်ပြေးသွားလျှင်တောင် စွမ်းအားမဲ့ ဒုက္ခိတတစ်ယောက်အဖြစ် အသက်ဆက်ရလိမ့်မည်။ အားကြီးသူသာ ရှင်သန်ရသည့် နတ်ဆိုးနယ်မြေအတွင်း ဘယ်လိုလမ်းကိုပဲရွေးရွေး သူသေဆုံးမှာ သေချာနေပါပြီ။

ထို့ကြောင့် ထွက်ပြေးလည်း ဘာမှမထူးနိုင်တော့ပေ။ လင်းယွမ်ကို သေလောက်အောင် မုန်းတီးသဖြင့် သူသေဆုံးရမည် ဆိုလျှင်တောင် လင်းယွမ်ကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားပါမည်။

ညမဲ့မြို့စား၏ တိုက်ခိုက်မှုကို လင်းယွမ်က ရှောင်လည်းမရှောင် ခုလည်းမခုခံခဲ့ပေ။ ညမဲ့မြို့စား ပစ်လွှတ်သည့် နတ်ဆိုးစွမ်းအင်များက လင်းယွမ် ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီး သွေးများ နေရာတိုင်းကိုပက်စင်သွားခဲ့ပါသည်။

ထိုမြင်ကွင်းကို ယန်ရုန်ရုန်လည်း မြင်လိုက်ရလေသည်။

ယန်ရုန်ရုန် နှစ်ခါပြန်မတွေးဘဲ ချန့်ခွင်းအိတ်ထဲမှ အဆောင်စက္ကူတစ်ခုကို ထပ်ထုတ်လိုက်ပါသည်။ ညမဲ့မြို့စားကို သတ်ဖို့ ရည်ရွယ်ထားပြီးကတည်းက ကြယ်စင်ခုနစ်ပွင့် အဆောင်စက္ကူကို အသုံးချဖို့ သူမ စီစဉ်ထားခဲ့သည်။

ထိုအဆောင်စက္ကူက ကြယ်စင်ခုနစ်ပွင့်၏ စွမ်းအားများကို အသုံးချပြီး သတ်မှတ်ထားသည့် စည်းဝိုင်းအတွင်းရှိ လူတိုင်းကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ ထိုအဆောင်စက္ကူကို ပိုမိုအားကောင်းလာစေဖို့ သူမကိုယ်တိုင် မွမ်းမံပြင်ဆင်ထားသဖြင့် သေစေနိုင်လောက်အောင် စွမ်းအားကြီးမားနေပါပြီ။

ညမဲ့မြို့စား စည်းဝိုင်းထဲ ရောက်သည်နှင့် ထွက်ပြေးလွတ် မြောက်ဖို့ မဖြစ်နိုင်တော့ပေ။

ယန်ရုန်ရုန် ထိုစည်းဝိုင်းကို ရက်အတော်ကြာအောင် ပြင်ဆင်ခဲ့ရသည်။ မကြာသေးခင်က ကောင်းကင်ဘုံမိုးကြိုး၏ အစွမ်းကိုပါ အဆောင်စက္ကူထဲ ထည့်သွင်းခဲ့သဖြင့် အဆောင်စက္ကူ၏ စွမ်းအားက ပိုမိုကြီးမားသွားခဲ့ပြီး ‘ကြယ်စင် ခုနစ်ပွင့် ကောင်းကင်ဘုံမိုးကြိုးအဆောင်’အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

ယန်ရုန်ရုန် ထိုအဆောင်စက္ကူကို ညမဲ့မြို့စားထံ ပစ်လွှတ် လိုက်ပြီး လက်ကွက်ဖြင့် အစီအရင်ကိုဖွင့်လိုက်သည်။ အစီအရင် စတင်အသက်ဝင်လာခဲ့ပါပြီ။

‘ကြယ်စင်ခုနစ်ပွင့် ကောင်းကင်ဘုံမိုးကြိုး’ စည်းဝိုင်းကြီး ကျယ်ပြန့်သွားခဲ့ပြီး ညမဲ့မြို့စားနှင့် လင်းယွမ်တို့ နှစ်ဦးစလုံးကို လွှမ်းမိုးသွားလေသည်။

တစ်စုံတစ်ခု မူမမှန်သည်ကို ညမဲ့မြို့စား သတိထားမိပြီး ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး ပိန်းပိတ်အောင် မှောင်မိုက်သွားသည်ကို မြင်လိုက်ရပါသည်။

ညမဲ့မြို့စား ကိုယ်တွင်းရှိ နတ်ဆိုးစွမ်းအင်များကို အသုံးပြုကာ ပါးစပ်ထဲ လျှာပြန်ပေါက်စေခဲ့ပြီး လင်းယွမ်ကို လှည့်မေးလိုက်သည်။

“မင်း ဘာလုပ်လိုက်တာလဲ!”

လင်းယွမ် သွေးအလိမ်းလိမ်းထွက်နေသော ဒဏ်ရာများကို လက်ဖြင့်ဖိရင်း မြေကြီးပေါ် သနားစရာကောင်းစွာ လဲကျသွားခဲ့သည်။

သို့သော် သူ့မျက်နှာပေါ်မှ သက်တောင့်သက်သာ အပြုံးကမူ ပျောက်ကွယ်မသွားသေးပေ။

“ငါ့အချစ်လေးက မင်းအသက်ကို လိုချင်နေတာလေ၊ အဲ့တာကြောင့် သူ့ဆန္ဒကို ငါဖြည့်ဆည်းပေးမှဖြစ်မှာပေါ့”

ထို့နောက် လင်းယွမ် ပါးစပ်ထဲမှ သွေးအနည်းငယ်ထွေးထုတ်လိုက်ပြီး အချိန်မရွေး သေသွားတော့မည့်ပုံစံမျိုး လုပ်ပြလိုက်သည်။

လင်းယွမ်နှင့် ကျုံးရှောင်းရှောင်းတို့ ဆင်ထားသည့် ထောင် ချောက်ထဲ သူရောက်ရှိသွားခြင်းဖြစ်မှန်း ညမဲ့မြို့စားနောက် ဆုံးတော့ နားလည်သွားခဲ့ရပါပြီ။ သူ့ရင်ထဲက အငြှိုးတရားများ ပိုမိုတောက်လောင်လာခဲ့သည်။

“အားလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရတဲ့ နတ်ဆိုးအရှင် သခင်က မိန်းမတစ်ယောက်အတွက် ငါးစာအဖြစ်ခံတဲ့ အချစ်ရူးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး!”

လင်းယွမ်ကတော့ ထိုလှောင်ပြောင်သရော်သည့် စကားလုံးများကို မမှုခဲ့ပါ။ ညကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး လွမ်းဆွတ်တမ်းတစွာ ရေရွတ်လိုက်သည်။

“ဒီနေ့ည ကြယ်လေးတွေ အရမ်းလှနေတာ… ငါ့အချစ်လေးရဲ့ မျက်ဝန်းတွေလေးလိုပဲ…”

လင်းယွမ် သွေးထွက်လွန်ပြီး စိတ်ကယောင်ချောက်ချားဖြစ်နေသည်ဟု ညမဲ့မြို့စား ထင်သွားသည်။

‘ဒီလောက် မှောင်နေတဲ့ အမှောင်ထုထဲ ဘယ်ကကြယ်ရှိလို့လဲ!’

သို့သော် သိပ်မကြာလိုက်ဘဲ အပေါ်ဘက်မှ ရွှေရောင်အလင်း တန်းတစ်ခုကျဆင်းလာပြီး ညမဲ့မြို့စား၏ပခုံးကို ထိုးဖောက်သွားခဲ့သည်။ ညမဲ့မြို့စား နာကျင်မှုဖြင့် အော်ဟစ်လိုက်မိပြီး ခြေလှမ်းများလည်း နောက်ဆုတ်သွားခဲ့ရသည်။

အပေါ်သို့ မော့ကြည့်လိုက်ရာ မှောင်မိုက်နေသော ကောင်း ကင်တွင် ရွှေရောင်ကြယ်စင် ခုနစ်ပွင့် ပေါ်လာသည်ကို မြင်လိုက်ရသည်။ သူဘယ်ကိုပဲ ထွက်ပြေးပါစေ ကြယ်စင်များက သူ့နောက်ကို လိုက်လာပြီး နတ်စွမ်းအားတမျှ ကြီးမားသည့် စွမ်းအားများဖြင့် တိုက်ခိုက်နေလေသည်။

သာမန်အခြေအနေတွင် ထိုတိုက်ခိုက်မှုများကို နတ်ဆိုးဘုရင်တစ်ပါးက အလွယ်တကူ ကာကွယ်နိုင်ပါလိမ့်မည်။ သို့သော် ညမဲ့မြို့စားက ဒဏ်ရာအပြင်းအထန်ရရှိထားပြီး မသေရုံတမယ် အခြေအနေမျိုးကို ရောက်ရှိနေသဖြင့် ထွက်ပြေးဖို့သာ တတ်နိုင်တော့သည်။

အခြေအနေကို ပြောင်းပြန်လှန်နိုင်ဖို့ လင်းယွမ်ထံ ညမဲ့မြို့စား တဟုန်ထိုးပြေးသွားခဲ့သည်။ ထို့နောက် လင်းယွမ်ကို မြေပေါ်မှ ဆွဲထူကာ လည်ပင်းမှချုပ်ကိုင်ရင်း ကောင်းကင်ပေါ်သို့ အော်ပြောလိုက်ပါသည်။

“ကျုံးရှောင်းရှောင်း! မင်းရှိနေတာ ငါသိတယ်နော်! ငါ့ကို ထပ်ထိရဲ ထိကြည့်လိုက်၊ လင်းယွမ်ကို ချက်ချင်း သတ်ပစ်လိုက်မယ်!”

လင်းယွမ် သွေးချောင်းများ ထပ်ဆိုးလိုက်ပြီး မျက်နှာကလည်း စာရွက်တမျှ ဖြူဖပ်နေပါပြီ။ အမှောင်ထဲတွင် ပုန်း ကွယ်နေသည့် ယန်ရုန်ရုန်လည်း ထွက်လာခဲ့ရသည်။

သူမကို မြင်သောအခါ လင်းယွမ်မျက်လုံးများ အရောင်လက်သွားပြီး တိုးညှင်းစွာပြောလိုက်သည်။

“ကိုယ့်ကို အရေးမစိုက်ပါနဲ့… သူ့ကို သတ်မှာသာ သတ်ပစ်လိုက်”

ယန်ရုန်ရုန်က ညမဲ့မြို့စားကို ခံစားချက်မဲ့စွာ ကြည့်ရင်း ပြောလိုက်သည်။

“ရှင် မလွတ်နိုင်ပါဘူး”

ချောင်ပိတ်ခံထားရသည့် ကြွက်တစ်ကောင်ကဲ့သို့ ညမဲ့မြို့စား၏ မျက်ဝန်းများထဲ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“အဲ့တာဆိုလည်း လင်းယွမ်ကို ငါနဲ့အတူ ငရဲဆီ ခေါ်သွားပေးရတာပေါ့!”

လင်းယွမ်ပါးစပ်မှ သွေးတွေ ထပ်ပန်းထွက်လာပြီး အင်အားချည့်နဲ့စွာ ပြောလိုက်သည်။

“ရှောင်းရှောင်း… ဘာမှမဖြစ်ပါဘူး၊ ကိုယ့်အတွက် စိတ်မပူနဲ့တော့နော်၊ ရှောင်းရှောင်းပျော်ဖို့ဆိုရင် ကိုယ်ဘာမဆို ပေးဆပ်ဝံ့ပါတယ်”

ယန်ရုန်ရုန် တိတ်ဆိတ်နေဆဲပင်။

ညမဲ့မြို့စားက ခြိမ်းခြောက်ကာ မေးလိုက်သည်။

“ငါ့ကို လွှတ်ပေးရင် လွှတ်ပေး၊ မလွှတ်ပေးဘူးဆိုရင် လင်းယွမ်နဲ့အတူ သေခိုင်းလိုက်တော့၊ မင်းဘာကို ရွေးမလဲ”

လင်းယွမ်မျက်လုံးများ နီမြန်းသွားခဲ့ပြီး သွေးစများ ပေကျံနေသော နှုတ်ခမ်းဖြင့် ခက်ခက်ခဲခဲ ပြောလိုက်ပါသည်။

“ရှောင်းရှောင်း… ကိုယ် ကတိတည်တယ်နော်၊ အရင်တုန်းက ကိုယ်မှားခဲ့တာတွေ ရှိတာ ဝန်ခံပါတယ်… ဒါပေမယ့် ကိုယ် သေသွားတဲ့နောက် ကိုယ့်ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်၊ ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်ကို နှလုံးသားထဲမှာ သိမ်းထားပေးပါ၊ ကိုယ့်ကို မမေ့လိုက်ပါနဲ့၊ ကိုယ်သေသွားရင်တောင်၊ ကိုယ့်အသွေးအသားနဲ့ ဝိညာဉ်တွေ ဒီကမ္ဘာကြီးကနေ ပျောက်ကွယ်သွားရင်တောင် ကိုယ်မင်းကို ချစ်နေဦးမှာ… တစ်သက်လုံးပဲ”

ယန်ရုန်ရုန် ဆက်နားမထောင်နိုင်တော့ဘဲ မျက်နှာသေဖြင့် မေးလိုက်သည်။

“ရှင် သရုပ်ဆောင်နေတာ မရပ်သေးဘူးလား”

All Chapters