အခန်း (၁၃၄)
Vol. 14 Ch. 134
🌹Chapter 134
အစောပိုင်း လင်းယွမ်ခန္ဓာကိုယ်ထဲ ညမဲ့မြို့စား၏ နတ်ဆိုးစွမ်းအင်များ ဖောက်ဝင်သွားသည်ကိုမြင်ပြီး ယန်ရုန်ရုန် အမှန်တကယ် ထိတ်လန့်သွားခဲ့ပါသည်။
သို့သော် ခပ်မြန်မြန်ပဲ ဆင်ခြင်တုံတရား ပြန်ဝင်လာခဲ့သည်။ လင်းယွမ်၏ စွမ်းအား အစစ်အမှန်နှင့်သာဆို သူသာ ခွင့်မပြုလျှင် ညမဲ့မြို့စားက သူ့အားထိခိုက်အောင် လုပ်နိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်လှပါ။
လင်းယွမ် ‘ဒဏ်ရာရရှိပြီးနောက်’ ဆက်လက် မခုခံသည့်အပြင် အပေါစား ဇာတ်ညွှန်းထဲမှ ထွက်လာသည်ဟု ထင်ရသော စာသားများကိုလည်း တဖွဖွ ရွတ်ပြနေသဖြင့် ယန်ရုန်ရုန့် သံသယများကို အတည်ပြုနိုင်ခဲ့ပါသည်။
လင်းယွမ် ဟန်ဆောင်နေခြင်းသာ ဖြစ်လိမ့်မည်။
ယန်ရုန်ရုန့် စကားကြောင့် ညမဲ့မြို့စား ကြက်သေသေသွားခဲ့ရသည်။ လင်းယွမ်၏အပြုအမူများ ထူးဆန်းနေသည်ကို သူလည်း ရိပ်စားမိခဲ့သည်။
‘ငါ့ကို ချက်ချင်းသတ်ပစ်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်က ဘာလို့ ရုတ်တရက်ကြီး ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်လိုက်တာလဲ…’
သူ့ကို စည်းဝိုင်းထဲ မျှားခေါ်ဖို့ လင်းယွမ် အနစ်နာခံခဲ့ခြင်းဖြစ်မည်ဟု ညမဲ့မြို့စား ထင်ထားခဲ့သော်လည်း ယခုမူ ဇာတ်ကြောင်းအစုံအလင်ကို သိလိုက်ရပါပြီ။
လင်းယွမ်က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူ့အတွက် ယန်ရုန်ရုန် စိတ်မကောင်းဖြစ်လာအောင် ဟန်ဆောင်နေခြင်းပင်။
အဓိပ္ပာယ်မဲ့လှသည့် လုပ်ရပ်ကြောင့် ညမဲ့မြို့စား ဒေါသအလွန်ထွက်သွားပြီး မေးလိုက်ပါသည်။
“ငါ ဒီမှာ အသက်လုပြီး တိုက်ပွဲဝင်နေရတာ! မင်းတို့က ငါ့ကို မင်းတို့အချစ်ဇာတ်လမ်းအတွက် လာအသုံးချနေတာလား!”
လင်းယွမ် သက်ပြင်းချလိုက်ပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။
“ဘာလို့အဲ့လောက်မြန်မြန် ရိပ်မိသွားတာလဲ၊ ကိုယ့်အချစ်လေးကတော့ တကယ် ပါးနပ်ပါပေတယ်၊ ကိုယ်ချစ်ရတဲ့လူလို့ မပြောရဘူး”
ထို့နောက် လင်းယွမ် ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်ပါသည်။
ညမဲ့မြို့စား အမျက်ဒေါသပိုကြီးသွားခဲ့သည်။
“မင်း ငါပြောနေတာကော ကြားရဲ့လား!”
ထိုစကားလုံးများ ထွက်လာသည်နှင့် မမြင်ရသည့် စွမ်းအားကြီးတစ်ခုကြောင့် ညမဲ့မြို့စား အနောက်သို့ လွင့်ထွက်သွားခဲ့ရသည်။ ကြမ်းပြင်ပေါ်အရှိန်ဖြင့်ကျကာ နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့ပါသည်။
လင်းယွမ်က သူ့ကို ပြုံးတစ်ဝက်မဲ့တစ်ဝက်ဖြင့် ငုံ့ကြည့်ရင်း အေးစက်စွာ မေးလိုက်သည်။
“မင်း ဘာပြောလိုက်တာ”
အလွန်ကြီးမားသည့် နတ်ဆိုးစွမ်းအင်တစ်ခု၏ဖိနှိပ်မှုကြောင့် ညမဲ့မြို့စား လက်ချောင်းတစ်ချောင်းပင် မလှုပ်နိုင်တော့ပါ။ ယခုအချိန်မှာ သူ့အဖြစ်က စဉ့်တီတုံးပေါ်ရောက်နေသည့် ငါးတစ်ကောင်လိုပင် ငါးစိမ်သည် ချမ်းသာပေးမှ အသက်ဆက်ရှင်နိုင်ပါတော့မည်။
ညမဲ့မြို့စား ရင်ထဲ အကြောက်တရားများ ဝင်ရောက်လာခဲ့သည်။ နောက်ဆုံးတော့ သူနှင့် လင်းယွမ်တို့ စွမ်းအားချင်း ဘယ်လောက်ကွာခြားမှန်း နားလည်သွားခဲ့ပါပြီ။
အနည်းဆုံးတော့ သူ့ကိုယ်သူ ဖောက်ခွဲပြီး လင်းယွမ်အား ဒုက္ခိတဖြစ်အောင် ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ချက်လေး တစ်ခုထားရှိခဲ့သည်။ ယခုမူ ထိုမျှော်လင့်ချက်လေးပါ ပျက်သုဉ်းသွားခဲ့ရပါပြီ။
အကြွင်းမဲ့စွမ်းအား၏ ရှေ့မှောက်တွင် သူ့ကိုယ်သူပင် မဖောက်ခွဲနိုင်တော့ပေ။
သူ့ကိုယ် သူ ဖောက်ခွဲလိုက်လျှင်တောင် လင်းယွမ် အယားပြေရုံလောက်သာ ရှိလိမ့်မည်။ သူက ကြွက်တစ်ကောင်ဖြစ်ကာ လင်းယွမ်က ကြောင်တစ်ကောင်ဖြစ်သည်။ သူ့တိုက်ခိုက်မှု ‘အောင်မြင်’ခဲ့ရသည့် တစ်ခုတည်းသော အကြောင်းအရင်းက လင်းယွမ် ရည်ရွယ်ချက်ရှိရှိ ‘အောင်မြင်ခွင့်’ပေးခဲ့ခြင်းကြောင့်သာ…။
သားကောင်ကို မသတ်ခင် ထိုသားကောင်၏ အဓိပ္ပာယ်မဲ့သော ရုန်းကန်မှုကို အရသာခံနေသည့် ကြောင်တစ်ကောင်လိုပင်။
မျှော်လင့်ချက်အားလုံးက ပုံရိပ်ယောင်ပမာ ဖြစ်ခဲ့သည်။ ညမဲ့မြို့အတွင်းသို့ လင်းယွမ်ဝင်ရောက်လာစဉ်ကတည်းက ညမဲ့မြို့စား၏ ကံကြမ္မာကို သတ်မှတ်ပြီးသွားပါပြီ။
သွေးနီရောင် နတ်ဆိုးစွမ်းအင်များက ညမဲ့မြို့စား၏ လည်ပင်းကို ညှစ်ထားသဖြင့် အသက်တစ်ချက်ရှူဖို့ အလွန်ခက်ခဲနေခဲ့သည်။ လင်းယွမ် ပိုမိုအေးစက်နက်ရှိုင်းသော လေသံဖြင့် ထပ်မေးလိုက်ပါသည်။
“မင်း ဘာပြောလိုက်တာ”
ညမဲ့မြို့စား ပါးစပ်ကို အားတင်းကာ ဖွင့်လိုက်ပြီး တစ်လုံးချင်း ခက်ခက်ခဲခဲ ပြောလိုက်သည်။
“အား… ကျွန်…ကျွန်တော် မှားပါတယ်… ကျေး…ကျေးဇူးပြုပြီး… အသက် ချမ်းသာပေးပါ”
သူအရာရာကို နောင်တရနေပါပြီ။ လင်းယွမ်၏ စွမ်းအားများက သူမျှော်လင့်ထားသည်ထက် အများကြီး ပိုသာလွန်နေသည်။ အစကတည်းကသာ ကြိုသိခဲ့လျှင် ဒီလို စိတ်လိုက် မာန်ပါ လုပ်ခဲ့မိမည်မဟုတ်ပါ။
ဖီရှို့သားရဲကို လင်းယွမ်ထံ ဆက်သရမည်ဆိုလျှင်လည်း ကိစ္စမရှိပေ။ စည်းစိမ်ချမ်းသာနှင့်ယှဉ်လိုက်လျှင် အသက်ရှင်နိုင်ဖို့ကသာ ပိုအရေးကြီးပါသည်။
လင်းယွမ် အားနည်းနည်းလောက် ထပ်စိုက်ထုတ်လိုက်ပါက ညမဲ့မြို့စား ဇက်ကျိုးသွားတော့မှာ သေချာသည်။ သို့သော် ညမဲ့မြို့စားကို လင်းယွမ် ရုတ်တရက် လွှတ်ပေးလိုက်လေသည်။
ညမဲ့မြို့စားလည်း အသက်ကို အသည်းအသန်ရှူရင်း သူ့တောင်းပန်စကားကို လင်းယွမ် လက်ခံလိုက်ပြီဟု ထင်သွားကာ စိတ်အေးသွားခဲ့ပါသည်။
သို့သော် စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ သူ့ကို သွေးနီရောင်နတ်ဆိုးစွမ်းအင်များက လေထဲ ဆွဲမြှောက်ပစ်လိုက်သည်။ အကူအညီမဲ့နေသော ငှက်ပေါက်လေးတစ်ကောင်ကဲ့သို့ ယန်ရုန်ရုန့်ရှေ့တွင် ညမဲ့မြို့စား တန်းလန်းဖြစ်နေခဲ့ပါသည်။
လင်းယွမ် ဓားမြှောင်တစ်လက်ကို ထုတ်ပေးလိုက်ပြီး ယန်ရုန်ရုန့်ကို အနောက်မှ ဖက်ကာ သူမလက်ထဲ ဓားမြှောင်ကို ထည့်ပေးလိုက်ပါသည်။ ထို့နောက် သူမလက်ကို ညမဲ့မြို့စား၏ မျက်လုံးတည့်တည့်သို့ ရွယ်စေပြီး တီးတိုးပြောလိုက်သည်။
“မင်းသူ့ကို သတ်ချင်နေတာဆို၊ အခု ကိုယ်တိုင် သတ်လို့ရပြီလေ”
ဓားမြှောင်၏ စူးရှသော ဓားသွားထိပ်က ညမဲ့မြို့စား၏ မျက်လုံးနှင့် တစ်လက်မပင် မခြားတော့ချေ။
ညမဲ့မြို့စား ချောက်ချားစွာ ရှောင်ရှားဖို့ ကြိုးစားသော်လည်း သွေးနီရောင် နတ်ဆိုးစွမ်းအင်များက သူ့ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားသဖြင့် မျက်တောင်ပင် မခတ်နိုင်တော့ပါ။ နတ်ဆိုးစွမ်းအင်များက သူ့မျက်ခွံကို အတင်းအကြပ်ဆွဲလှန်ထားသည်။
ညမဲ့မြို့စားတစ်ယောက် ရှေ့တည့်တည့်တွင် ရှိနေသည့် ဓားမြှောင်ထိပ်ကို ကြည့်နေရကာ သူ့မျက်လုံးများ သွေးချင်းနီလာပြီး သွေးပျက်ချောက်ချားမှုတွေလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပါသည်။
“မလုပ်ပါနဲ့! ငါ့ကို မသတ်ပါနဲ့! ငါမှားသွားပါတယ်! ငါမှားသွားပါတယ် ကျုံးရှောင်းရှောင်း! ငန်းသားစားချင်တဲ့ ဖားပြုတ်တစ်ကောင်လို မင်းကို မမျှော်မှန်းခဲ့သင့်ဘူး! ငါအကြိမ်တစ်ထောင်မက သေသင့်တယ်! ငါမင်းဆီမှာ ကျွန်ခံပါ့မယ်! မင်းပြောသမျှ လုပ်ပေးမယ်! မင်းအတွက် သစ္စာအရှိဆုံး ခွေးတစ်ကောင်လည်း ဖြစ်ပေးမယ်! ငါ့ အသက်ကို… ကျေးဇူးပြုပြီး ချမ်းသာပေးပါ!”
လင်းယွမ် ရုတ်တရက် ရပ်တန့်သွားသည်။ ယန်ရုန်ရုန့်လက်လည်း လေထဲမှာ ရပ်တန့်သွားခဲ့ပါသည်။
လင်းယွမ် မျက်မှောင်ကြုတ်သွားသည်ကို ယန်ရုန်ရုန်မျက်လုံးထောင့်မှ မြင်နေရသည်။
လင်းယွမ် အဓိပ္ပာယ်ပါသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ရှောင်းရှောင်းကို မင်းကြံစည်နေမှန်း ငါမသိခဲ့ဘူး၊ အဲ့တာကြောင့် သူမင်းကို အဲ့လောက် သတ်ပစ်ချင်နေတာကိုး”
ထို့နောက် ယန်ရုန်ရုန့်ပါးကို သူ့မျက်နှာနှင့် ထိကပ်လိုက်ပြီး နူးညံ့သိမ်မွေ့စွာ မေးလိုက်ပါသည်။
“အချစ်လေး ကိုယ့်ကို အဲ့ဒီအကြောင်း ဘာလို့မပြောပြခဲ့တာလဲ”
ယန်ရုန်ရုန် မျက်နှာသေဖြင့် ပြန်ဖြေလိုက်သည်။
“နားငြီးလိုက်တာ”
ထို့နောက် ယန်ရုန်ရုန် လက်ကွက်တစ်ခုကို ထုတ်သုံးလိုက်ပြီး လင်းယွမ်ကို ကြယ်စင်ခုနစ်ပွင့် ကောင်းကင်ဘုံမိုးကြိုး စည်းဝိုင်းထဲမှ ထုတ်ပစ်လိုက်သည်။ မျက်စိတစ်မှိတ်အချိန်အတွင်း သူမအနားမှ လင်းယွမ် ပျောက်ကွယ်သွားခဲ့ပါသည်။
လင်းယွမ်မရှိတော့သောအခါ ညမဲ့မြို့စားကို ဖမ်းချုပ်ထားသည့် နတ်ဆိုးစွမ်းအင်များလည်း ပျောက်ကွယ်သွားခဲ့ပြီး ညမဲ့မြို့စား ပြန်လည် လွတ်မြောက်သွားခဲ့သည်။
ညမဲ့မြို့စား အပျော်လွန်သွားလေသည်။ လင်းယွမ်မရှိတော့သဖြင့် ဒီမိန်းမကို သတ်ပစ်လိုက်လျှင် သူအလွယ်တကူ ထွက်ပြေးနိုင်ပါလိမ့်မည်။ သူ့အမြင်မှာတော့ ကျုံးရှောင်းရှောင်းက အသုံးမဝင်သည့် လူသားမိန်းကလေးတစ်ယောက်သာ ဖြစ်သည်။
ယခု ကျုံးရှောင်းရှောင်း ကျင့်ကြံခြင်းအဆင့် အနည်းငယ်တက်လာလျှင်တောင် သူ့ကို ယှဉ်နိုင်ဦးမှာ မဟုတ်ပါ။ ကျုံးရှောင်းရှောင်းကို သတ်ဖို့ဆိုသည်မှာ သူ့အတွက် ကလေးကစားစရာဖြစ်ပါလိမ့်မည်။
ညမဲ့မြို့စားက နတ်ဆိုးစွမ်းအင်များကို မရေမတွက်နိုင်သော အနက်ရောင်လင်းနို့များအဖြစ် အသွင်ပြောင်းကာ ယန်ရုန်ရုန့် တစ်စစီဆွဲဆုတ်ပစ်ဖို့ စေလွှတ်လိုက်သည်။
သို့သော် ယန်ရုန်ရုန့်ကို မထိနိုင်ခင်မှာပင် ကောင်းကင်ပေါ်မှ ကျလာသည့် ကြယ်စင်နတ်စွမ်းအင်များကြောင့် လင်းနို့များ အမှုန့်ကြေသွားရသည်။ ထို့နောက် ကောင်းကင်ဘုံမိုးကြိုးများစွာ ကျဆင်းလာခဲ့ပြန်သည်။
ညမဲ့မြို့စား မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ကြောက်လန့်တကြား ရှောင်ရှားလိုက်ရသည်။ မြေကြီးကို ကောင်းကင်ဘုံမိုးကြိုး ထိမှန်သွားသော်အခါ မြေကြီးများ အက်ကွဲပြီး ပြိုကျကုန်ပါသည်။
သူမကို အထင်သေးလိုက်မိပြီဖြစ်မှန်း ညမဲ့မြို့စား နားလည်သွားခဲ့သည်။ ကျုံးရှောင်းရှောင်း၏ ကျင့်ကြံခြင်းအဆင့်က မမြင့်မားသော်လည်း သူမ ဖန်တီးထားသည့် အစီအရင်များက စွမ်းအားကြီးမားလွန်းသည်။
ထိုကောင်းကင်ဘုံ မိုးကြိုးများက အလွန်ပြင်းထန်လှသည်။ ညမဲ့မြို့စား၏ လက်ရှိ ဒဏ်ရာဒဏ်ချက်များနှင့်သာဆို တစ်ချက်လောက် ထိမှန်သွားရုံနှင့် ဇာတ်သိမ်းသွားနိုင်သည်။
ညမဲ့မြို့စား အသည်းအသန် ရှောင်တိမ်းရင်း ယန်ရုန်ရုန့်၏ တိုက်ခိုက်မှုကို အလွန်သတိထားကာ ခုခံခဲ့သည်။ ကောင်းကင်ဘုံမိုကြိုးများ ပိုမိုသိပ်သည်းလာသောအခါ သူရှောင်တိမ်းနိုင်သည့် နေရာကလည်း ပိုမို ကျဉ်းမြောင်းလာခဲ့ပါသည်။
နောက်ဆုံး မြေစိုင်ကြီး ပြိုကျသွားသောအခါ ညမဲ့မြို့စား ကောင်းကင်ပေါ် ပျံတက်လာခဲ့ရသည်။ သို့သော် ကြယ်စင်များ၊ ကောင်းကင်ဘုံမိုးကြိုးများနှင့် ပိုမိုနီးကပ်နေသဖြင့် ကောင်းကင်က ပို၍ပင် အန္တရာယ်များနေပါသေးသည်။
ကြယ်စင်နတ်စွမ်းအင်များ ရောယှက်ပါဝင်နေသည့် ကောင်းကင်ဘုံမိုးကြိုးက ညမဲ့မြို့စားကို ဧရာမ လျှပ်စီးကျော့ကွင်းကြီးပမာ ဝန်းရံလိုက်သည်။
ညမဲ့မြို့စား ပိတ်မိသွားလေပြီ။
ကြယ်စင်နတ်စွမ်းအင်များ သူ့ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်လာပြီး ကောင်းကင်ဘုံမိုးကြိုးများကလည်း သူ့သွေးကြောများကို ပေါက်ထွက်သွားစေသည်။
ပင့်ကူအိမ်တွင် ပိတ်မိနေသည့် ပိုးကောင်တစ်ကောင်ပမာ ရုန်းကန်လေလေ ဒဏ်ရာတွေ ပိုရလာလေလေဖြစ်ကာ အားအင်တွေလည်း ပိုမို ကုန်ခမ်းလာခဲ့ပါသည်။
သို့သော် မရုန်းကန်လျှင်လည်း ချက်ချင်း ပြာကျသွားလိမ့်မည်။ သူ မသေချင်သေးပါ။ အဓိပ္ပာယ်မဲ့သော သူ့ ရုန်းကန်မှုများကို ကျုံးရှောင်းရှောင်း စောင့်ကြည့်နေမှန်း ညမဲ့မြို့စားသိသည်။ သူ့ကို ကျုံးရှောင်းရှောင်း ဘာကြောင့်သေစေချင်နေမှန်းလည်း ညမဲ့မြို့စား သိပါသည်။
ရှင်သန်လိုစိတ်၏ တွန်းအားပေးမှုကြောင့် ညမဲ့မြို့စား နောက်ဆုံးလက်ကျန် ခွန်အားများကို အသုံးချလျက် စတင် တောင်းပန်လေတော့သည်။
“ကျုံးရှောင်းရှောင်း! မင်းငါ့ကို မုန်းတီးနေမှန်း ငါသိတယ်! ဒါပေမယ့် မင်းကို အနိုင်ကျင့်ခဲ့တာ ငါတစ်ယောက်တည်း မဟုတ်ဘူးလေ! ငါ့ကို သတ်မယ့်အစား မင်းရဲ့ ကျွန်အဖြစ် လက်ခံလိုက်ပါ! အဲ့တာဆို ငါမင်းကို နတ်ဆိုးဘုရင်မ ဖြစ်လာတဲ့အထိ ကူညီပေးမယ်၊ ပြီးရင် မင်းကို အနိုင်ကျင့်ခဲ့သမျှ နတ်ဆိုးတွေအားလုံးကိုလည်း သုတ်သင်နိုင်အောင် ကူညီပေးမယ်! ငါတို့တွေ အတူတူ ပူးပေါင်းလို့ရတယ်လေ!”