← Chapters

အခန်း (၁၃၆)

Vol. 14 Ch. 136

အခန်း (၁၃၆)

Vol. 14 Ch. 136

🌹Chapter 136

ယန်ရုန်ရုန့် မူလအစီအစဉ်အရဆို ‘အပြင်းအထန် နာမကျန်းဖြစ်နေသည်’ဟု ဆင်ခြေပေးကာ လင်းယွမ်ကို ဝိညာဉ်ဆေး ထွက်ရှာခိုင်းဖို့ ရည်ရွယ်ထားခဲ့သည်။

ညမဲ့မြို့တော်တွင် သူမတစ်ယောက်တည်း ကျန်ခဲ့သည့်အခါ ညမဲ့မြို့စားက အခွင့်အရေးကို အရယူပြီး သူမကို တိုက်ခိုက်ဖို့ ကြိုးစားမှာ သေချာပါသည်။ သို့မဟုတ် သူမ စိတ်ကို လှည့်စားပြီး သူ့ရုပ်သေးရုပ်အဖြစ် သိမ်းပိုက်ဖို့ ကြိုးစားလိမ့်မည်။

ရုပ်သေးရုပ်အဖြစ် သိမ်းပိုက်ဖို့ မအောင်မြင်လျှင်တောင် သူမကို သတ်ပစ်ပြီး လင်းယွမ်၏ စိတ်ဓာတ်ခွန်အားကို ပြိုလဲသွားအောင် လုပ်နိုင်ပါသည်။

သို့သော် အစီအစဉ်မှန်လျှင် ချောချောမွေ့မွေ့အောင်မြင်တတ်သည်က ရှားသည်။

လောလော ရုတ်တရက် ပေါ်လာခြင်းကြောင့် ယန်ရုန်ရုန့် အစီအစဉ်များ ပြောင်းလဲသွားခဲ့ရသည်။ လောလော၏ အချုပ်အနှောင်များကို ချိုးဖျက်ပေးဖို့အတွက် ယန်ရုန်ရုန် အချိန်မတိုင်ခင် ညမဲ့မြို့စားနှင့် ရင်ဆိုင်ခဲ့ရသည်။

ယခု ညမဲ့မြို့စားသေဆုံးသွားသောအခါ သူ့လက်အောက် ငယ်သားများကလည်း နစ်မြုပ်နေသည့် လှေတစ်စင်းပေါ်မှ ကြွက်များကဲ့သို့ ဦးတည်ရာမဲ့ ထွက်ပြေးကုန်ကြပါပြီ။

ညမဲ့မြို့တော်ကြီးလည်း သခင်မရှိသည့် နယ်မြေတစ်ခု ဖြစ်လာခဲ့လေပြီ။

လေထုအခြေအနေ ပြောင်းလဲသွားသည်ကို အာရုံခံမိကာ အခြားနတ်ဆိုးဘုရင် ၆ ပါးကလည်း ချက်ချင်း စစ်ချီလာခဲ့ကြသည်။ နေ့လယ်ခင်းအချိန် ရောက်သည်နှင့် ညမဲ့မြို့တော်သို့ စစ်တပ်ကိုယ်စီဖြင့် ရောက်ရှိလာခဲ့ကြပါပြီ။

ထိုအချိန်တွင် ယန်ရုန်ရုန်ကတော့ လောလော၊ လျို့လန်၊ ငှက်ပေါက်လေးတို့နှင့်အတူတူ ညမဲ့မြို့စားစံအိမ်ရှိ နံရံများ၊ ကြမ်းပြင်များ၏ အက်ကြောင်းများထဲမှ ဝိညာဉ်ကျောက်တုံးများကို ဆွဲခွာရင်း အလုပ်များနေခဲ့ပါသည်။

ညမဲ့မြို့စားက အလွန်အမင်း ချမ်းသာလှသည်။ မလိုအပ်သည့်‌ တစ်နေ့တာ အသုံးအဆောင်ပစ္စည်းများက အကောင်းဆုံး ဖြစ်ရုံသာမကဘဲ အိပ်ခန်းအတွင်းရှိ နံရံအက်ကြောင်းများထဲမှာပင် ဝိညာဉ်ကျောက်တုံးများကို စုပြုံထည့်ထားပါသည်။

နတ်ဆိုးဘုရင် ၆ ပါးရောက်လာသည့်အကြောင်းကို ကြားသောအခါ လောလော လက်ကအလုပ်ကို မနားဘဲ ပါးစပ်ဖြင့် တအံ့တဩ ရေရွတ်လိုက်မိသည်။

“တော်တော်မြန်ကြတာပဲ”

ယန်ရုန်ရုန်က ဝိညာဉ်ကျောက်တုံးတစ်တုံးကို ဆွဲခွာလိုက်ပြီး သန့်ရှင်းသွားအောင် အဝတ်စ သုတ်ကာ ချန့်ခွင်းအိတ်ထဲ ပစ်ထည့်လိုက်ပါသည်။ ထို့နောက် အေးအေးလူလူ ပြောလိုက်သည်။

“ညမဲ့မြို့တော်က နတ်ဆိုးနယ်မြေထဲမှာ အကြွယ်ဝဆုံး မြို့တော်ကြီးပဲလေ၊ ဘယ်သူက မလိုချင်ဘဲ နေမှာလဲ”

ညမဲ့မြို့တော်ကြီး ဒီလောက်ထိ ချမ်းသာကြွယ်ဝနေရခြင်းက ဖီရှို့သားရဲကြောင့်ဖြစ်သည်။ ယခု လောလော၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့ ပြန်လည်ပေါင်းစည်းသွားပြီဖြစ်သဖြင့် ညမဲ့မြို့တွင် ကြာကြာ ဆက်နေထိုင်တော့မှာ မဟုတ်ပါ။

လောလော မရှိတော့သည့်အခါ ညမဲ့မြို့တော်ကလည်း ယခင်ကလို လာဘ်လာဘများကို စုပ်ယူနိုင်တော့မည် မဟုတ်ဘဲ တဖြည်းဖြည်း ဆုတ်ယုတ်သွားရပါလိမ့်မည်။

သို့သော် ထိုအချက်ကို အပြင်လူတွေ မသိကြပါ။ နတ်ဆိုးဘုရင် ၆ ပါးအတွက်ကတော့ ညမဲ့မြို့တော်ကြီးက ရတနာသိုက်ကြီးဖြစ်ကာ ထိုမြို့တော်ကို သိမ်းပိုက်လိုက်လျှင် နတ်ဆိုးနယ်မြေအတွင်း အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာလိမ့်မည်။

ထိုစည်းစိမ်များကို အသုံးချပြီး ကျင့်ကြံခြင်းအဆင့်မြင့်သည့် ကျင့်ကြံသူများကို ထပ်မံခေါ်ယူကာ စစ်သည်တော်များ ထပ်မံမွေးထုတ်လျက် နတ်ဆိုးအရှင်သခင်၏ ပလ္လင်ကို လုဖို့အတွက် ခြေတစ်လှမ်း ပိုမိုနီးစပ်သွားပါလိမ့်မည်။

လောလော မျက်လုံးများ ဂနာမငြိမ်ဖြစ်သွားပြီး ရုတ်တရက် ကမ်းလှမ်းလိုက်လေသည်။

“အလောင်းအစား လုပ်ကြမလား၊ ညမဲ့မြို့တော် ဘယ်သူ့လက်ထဲ ရောက်သွားမလဲဆိုတာ ခန့်မှန်းကြမယ်လေ”

ယန်ရုန်ရုန်က စိတ်မဝင်စားသဖြင့် လက်ခါပြလိုက်သည်။

“လိုချင်တဲ့သူ ယူသွားလို့ရတယ်၊ ကျွန်မနဲ့ ဘာမှ မဆိုင်ဘူး၊ ကျွန်မ သွားလေ့ကျင့်တော့မယ်”

ယန်ရုန်ရုန် ထွက်သွားသည်ကိုမြင်ပြီး လောလော အမြန်အော်ခေါ်လိုက်ပါသည်။

“ခဏနေပါဦး! မင်းနိုင်တယ်ဆိုရင် မင်းကို ရွှေအကြေးခွံတစ်ခု ပေးမယ်လေ!”

ယခုမှ ယန်ရုန်ရုန် စိတ်ဝင်စားသွားခဲ့သည်။ သူမမှာ ရွှေအကြေးခွံတစ်ခု ရှိနေပြီးသားဖြစ်သဖြင့် နောက်တစ်ခု အလောတကြီး မလိုအပ်သေးပါ။

သို့သော် လောလော ဘယ်လောက်ထိ ကပ်စေးနည်းတတ်မှန်း သူမ ကောင်းကောင်းသိသည်။ သူ့ထံမှ အကြေးခွံတစ်ခုကို တောင်းရခြင်းက သူ့အသားကို ဖြတ်ထုတ်ရသလိုပင်။ လောလော သူမလက်ထဲ ရွှေအကြေးခွံတစ်ခု နာနာကျင်ကျင် ထည့်ပေးရမည့် မြင်ကွင်းကို မြင်ယောင်ကြည့်မိပြီး ယန်ရုန်ရုန် အလွန်စိတ်ဝင်စားသွားခဲ့ရခြင်း ဖြစ်ပါသည်။

သူမ ပြုံးလိုက်သည်။

“ကိုယ့်စကားကိုယ် တည်ပါစေနော်”

လောလော လက်ဖဝါးနှစ်ဖက်ကို ပွတ်လိုက်သည်။

“ဒါပေမယ့် မင်းရှုံးရင်တော့…”

ယန်ရုန်ရုန် ချန့်ခွင်းအိတ်ကို ပုတ်ပြကာ ပြောလိုက်သည်။

“ကျွန်မရှုံးရင် ခုနက တူးထားတဲ့ ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံးကိုပေးမယ်”

လောလော မျက်လုံးများ ချက်ချင်း အရောင်တောက်သွားခဲ့သည်။

“သဘောတူတယ်!”

သူတို့ ဝိညာဉ်ကျောက်တုံးများ တူးဖော်နေကြသည်မှာ နေ့တစ်ဝက်ခန့် ရှိနေပါပြီ။ နံရံများတွင်လည်း ဗလာကျင်း ဖြစ်နေလေပြီ။

ယန်ရုန်ရုန်နှင့် လောလောတို့နှစ်ယောက် အမြန်နှုန်းချင်း တူညီကြသော်လည်း ယန်ရုန်ရုန့်တွင် စစ်ကူအနေဖြင့် လျို့လန်နှင့် ငှက်ပေါက်လေးတို့ ရှိနေသည်။

ထို့ကြောင့် သူမ ရရှိလိုက်သည့် ဝိညာဉ်ကျောက်တုံးပမာဏက လောလောထက် အများကြီး ပိုများပါသည်။ ထိုဝိညာဉ်ကျောက်တုံးများကို ကြည့်ရင်း လောလော သွားရည်ကျနေသဖြင့် အလောင်းအစားလုပ်ဖို့ ကမ်းလှမ်းလိုက်ခြင်းဖြစ် သည်။

လောလော အမြန်ပြောလိုက်သည်။

“ညမဲ့မြို့ကို လင်းယွမ်ပဲ သိမ်းပိုက်ထားမယ်လို့ ငါလောင်းတယ်!”

ယန်ရုန်ရုန် သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။

“ရှင် တော်တော်ဉာဏ်များတာပဲ!”

လင်းယွမ်၏ စရိုက်အရဆိုလျှင် သူပိုင်ဆိုင်ထားသည့်အရာကို အခြားလူတွေလက်ထဲ အပါခံမှာမဟုတ်ပါ။ ဖီရှို့သားရဲ မရှိတော့သဖြင့် ညမဲ့မြို့တော် ယခင်ကလောက် မကြီးပွားနိုင်တော့လျှင်တောင် နတ်ဆိုးဘုရင် ၆ ပါးကို အလကားသက် သက် အကျိုးအမြတ်ပေးနိုင်မှာ မဟုတ်ပေ။

ဖြစ်နိုင်ချေအရှိဆုံးက ညမဲ့မြို့တော်ကို လင်းယွမ် သူ့ပိုင်နက်အဖြစ် သိမ်းပိုက်လိုက်ခြင်းသာ။

ယန်ရုန်ရုန်နှင့် လောလောတို့ နှစ်ယောက်စလုံး ထိုအချက်ကို နားလည်မှန်း သိသာပါသည်။ လောလောက ရယ်မောလိုက်လေသည်။

“စိတ်တော့ မကောင်းဘူး၊ ငါက နှုတ်မြန်တယ်”

ယန်ရုန်ရုန် စိတ်ရှုပ်သွားသော်လည်း ပွဲမစခင်က စည်းမျဉ်းစည်းကမ်း မသတ်မှတ်ထားသဖြင့် ရလဒ်ကို လက်ခံလိုက်ရပါသည်။ သူမ မကျေမနပ် ပြောလိုက်သည်။

“အဲ့တာဆို လင်းယွမ် ညမဲ့မြို့တော်ကို သူများလက်ထဲ အပ်လိမ့်မယ်လို့ ကျွန်မ လောင်းတယ်”

လောလော ယုံကြည်မှုဖြင့် တစ်ကိုယ်လုံး တောက်ပနေလေသည်။ ဒီပွဲမှာ သူ ရှုံးနိမ့်စရာအကြောင်းမရှိပါ။

ဒီလိုရွှေတွင်းမျိုးကို လင်းယွမ် သူစိမ်းတစ်ယောက်ထံ ပေးစရာအကြောင်းမရှိပေ။ ထို့ကြောင့် လောလော စိတ်ဝင်တစား မေးကြည့်လိုက်ပါသည်။

“ဟုတ်လား၊ သူဘယ်သူ့ကို ပေးမယ်လို့ မင်းထင်လဲ”

“သေချာပေါက် သူပေးမှာက…”

ယန်ရုန်ရုန် ဇာတ်ရှိန်တက်အောင် စကားကို ခေတ္တရပ်တန့်လိုက်သည်။ လောလော ရင်တထိတ်ထိတ် ဖြစ်နေခါမှ သူမကိုယ်သူမ လက်ညှိုးပြန်ထိုးပြလိုက်ပြီး တောက်ပစွာ ပြုံးလိုက်ပါသည်။

“ကျွန်မကိုပဲ!”

ထိုအပြုံးကြောင့်ပဲ လောလော ကြက်သေသေသွားခဲ့ရသည်။ လင်းယွမ်က အခြားသူတွေအပေါ် ရက်စက်တတ်သော်လည်း ယန်ရုန်ရုန့်ရှေ့တွင်တော့ အမြှီးနှံ့နေတတ်သည့် ခွေးပေါက်လေးတစ်ကောင် ဖြစ်မှန်း လောလော သတိရသွားခဲ့သည်။

ယန်ရုန်ရုန်သာ ညမဲ့မြို့တော်ကို လိုချင်သည်ဟု တစ်ခွန်းပြောလိုက်လျှင် လင်းယွမ် မဆိုင်းမတွ ပေးမှာ သေချာပါသည်။ စောစောက ယန်ရုန်ရုန် စိတ်ဓာတ်ကျပြနေခြင်းမှာ လောလောကို ကျီစယ်ဖို့အတွက်သာ…။

လောလော မခံမရပ်နိုင်ဖြစ်သွားသည်။

“အဲ့လိုလုပ်လို့မရဘူးလေ! အဲ့တာ ညစ်ပတ်တာပဲ!”

ယန်ရုန်ရုန် အားရပါးရ ရယ်မောလိုက်လေသည်။

“လောင်းကြေးကို ဖျက်တာကမှ ညစ်ပတ်တာလေ၊ ဒါပေမယ့် ကျွန်မတို့ လုပ်ထားတဲ့ အလောင်းအစားထဲ ကျွန်မ လင်းယွမ်ဆီကနေ ညမဲ့မြို့ကို မတောင်းရဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်းမှ မပါတာ”

လောလော ဒေါသကြောင့် အငွေ့တထောင်းထောင်း ထနေပါပြီ။ သူ သတိမလွတ်ခဲ့သင့်ပေ။ ဒီမိန်းမက လည်လွန်းသည်။

“လောလောလေး လောလောလေး… ကမ္ဘာကြီးက ရှင်မှတ်မိတာထက် အများကြီး ပိုနက်နဲနေပြီ!”

ယန်ရုန်ရုန် လက်နှစ်ဖက်ကို ကျောနောက်ပစ်ကာ ဆရာကြီးပုံစံဖမ်းပြီး အပြင်သို့ ထွက်သွားလေတော့သည်။

ငှက်ပေါက်လေးက သူမ ပခုံးပေါ် ပျံတက်ကာ စိတ်ဝင်တစား မေးလိုက်သည်။

“စနစ်ပိုင်ရှင် လင်းယွမ်ဆီက ညမဲ့မြို့ကို တကယ်တောင်းမလို့လား”

“ဒါပေါ့!”

ယန်ရုန်ရုန် မဆိုင်းမတွ ပြန်ဖြေလိုက်ပါသည်။

“ဘာလို့ ရုတ်တရက်ကြီး လိုချင်နေတာလဲ၊ လောလောနဲ့ အလောင်းအစားလုပ်ထားတာ နိုင်ဖို့အတွက်လား”

ငှက်ပေါက်လေးက မေးသည်။

အလောင်းအစားနိုင်ဖို့ တစ်ခုတည်းအတွက်တော့ မဟုတ်သည်မှာ သေချာသည်။ နတ်ဆိုးဘုရင် ၆ ပါးကို ဒေါသထွက်သွားစေဖို့အတွက် ယန်ရုန်ရုန် ညမဲ့မြို့တော်ကို အဓိက လိုချင်ခြင်း ဖြစ်ပါသည်။

ညမဲ့မြို့တော်ကို သိမ်းပိုက်ဖို့ နတ်ဆိုးဘုရင် ၆ ပါး သွေးထွက် သံယို တိုက်ခိုက်နေကြရသော်လည်း သူမကတော့ လက် ချောင်းတစ်ချောင်းပင် လှုပ်စရာမလိုဘဲ ပိုင်ဆိုင်နိုင်သည်။ ထိုအခါ နတ်ဆိုးဘုရင် ၆ ပါး ဘယ်လောက်တောင် ဒေါသထွက်သွားမလဲ ယန်ရုန်ရုန် မြင်ယောင်ကြည့်ရုံနှင့် ပျော်ရွှင်နေပါပြီ။

သူမ ‘ကျုံးရှောင်းရှောင်း’အဖြစ် နေခဲ့ရစဉ်က သူမဘဝကို ထိုနတ်ဆိုးဘုရင်များ တိုက်ရိုက်ကော၊ သွယ်ဝှက်စွာကော ဒုက္ခပေးခဲ့ကြဖူးသည်။

တစ်ယောက်ဆို သူမကို သတ်ဖြတ်ဖို့ လုပ်ကြံသတ်ဖြတ်သူတစ်ဦးပင် စေလွှတ်ဖူးပါသည်။ သူမသာ ကံမကောင်းခဲ့လျှင် ယခုလောက်ဆို အရိုးစုဖြစ်နေလောက်လေပြီ။

ယခု သူမအတွက် အခွင့်အရေးတစ်ခု ရလာခဲ့ပြီဖြစ်သဖြင့် သူတို့ကိုလည်း အလွတ်ပေးစရာအကြောင်း မရှိပါ။

ယန်ရုန်ရုန် လင်းယွမ်ထံ ပေါ့ပေါ့ပါးပါး လျှောက်သွားခဲ့သည်။ ယခု လင်းယွမ်က အိပ်ရာထဲ လှဲလျောင်းရင်း ဒဏ်ရာများ သက်သာအောင် ‘အနားယူ’နေပါသည်။

အမှန်တော့ သူ့ဒဏ်ရာတွေ အားလုံးနီးပါး ပျောက်ကင်းနေပါပြီ။ သူ့ရင်ဘတ်ကို ထိုးဖောက်သွားသည့် တိုက်ချက်က ကြောက်စရာကောင်းမည့်ပုံပေါက်သော်လည်း နတ်ဆိုးအရှင်သခင်တစ်ပါးအတွက် မပြောပလောက်စရာ ဒဏ်ရာတစ်ခု ဖြစ်သည်။

နေ့တစ်ဝက်ခန့် အနားယူလိုက်ရုံနှင့် ဒဏ်ရာအပေါက် ပြန်ပိတ်သွားခဲ့ပြီး ညိုညိုနက်နက် အနာဖေးတစ်ခုသာ ကျန်ခဲ့သည်။ ထိုအနာဖေးကွာကျသွားသည့်အခါ သူအရှင်း ပြန်ကောင်းသွားပါလိမ့်မည်။

သို့သော် လင်းယွမ်က သူ့ကိုယ်သူ ဒဏ်ရာအပြင်းအထန် ရရှိထားသည်ဟု ဆိုပြီး အိပ်ရာထဲလှဲကာ ‘သေချင်ယောင်’ ဆောင်နေပါသည်။

ယန်ရုန်ရုန်၏ အချော့အမြူကို ခံချင်သဖြင့် ဟန်ဆောင်နေခြင်းဖြစ်မှန်း ယန်ရုန်ရုန်ကော၊ လောလောကော သိကြသည်။

သို့သော်လည်း သူစိမ်းများကတော့ ထိုအကြောင်းကို နားမလည်ကြပါ။ လင်းယွမ် အမှန်တကယ် ဒဏ်ရာအပြင်းအထန် ရရှိထားသည်ဟု ညမဲ့မြို့အတွင်းရှိ နတ်ဆိုးကျင့်ကြံသူအားလုံးယုံကြည်နေကြသည်။

ကောလဟာလများ ပြန့်နှံ့သွားသောအခါ ပိုမိုချဲ့ကားခံရပြီး နောက်ဆုံးတော့ မြို့တော်အပြင်ဘက်တွင် ရှိနေသည့် နတ် ဆိုးဘုရင် ၆ ပါးလည်း ထိုသတင်းကို ကြားသွားခဲ့ကြသည်။

All Chapters