အခန်း (၁၃၇)
Vol. 14 Ch. 137
🌹Chapter 137
နတ်ဆိုးအရှင်သခင်၏ ကျန်းမာရေးအတွက် စိတ်ပူသည်ဟူသော အကြောင်းပြချက်ဖြင့် နတ်ဆိုးဘုရင် ၆ ပါး ညမဲ့မြို့တော်အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်လာခဲ့ကြသည်။
မြို့တော်အတွင်းတွင် နတ်ဆိုးဘုရင်များကို ယှဉ်နိုင်သူမရှိသဖြင့် နတ်ဆိုးဘုရင်များအားလုံး မြို့စားစံအိမ်ဆီသို့ ချောချောမွေ့မွေ့ ရောက်ရှိလာခဲ့ကြပါသည်။
သို့သော် လင်းယွမ်၏ ခွန်အားကို သူတို့ကောင်းကောင်း နားလည်သဖြင့် ‘ဒဏ်ရာအပြင်းအထန်’ ရရှိထားသည်ဟုဆိုသော်လည်း သူတို့ အထင်မသေးရဲကြပေ။
စံအိမ်အတွင်းသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်တည်း နတ်ဆိုးဘုရင် ၆ ပါးစလုံး ရန်လိုမှုတို့ကို လျှော့ချလိုက်ပြီး အတော်လေး ငြိမ်သက်သွားခဲ့ကြသည်။ ၎င်းတို့၏ နတ်ဆိုးစစ်သူကြီးများ၊ နတ်ဆိုးစစ်သည်တော်များကို စံအိမ်အပြင်ဘက်မှာ ထားခဲ့ကြပါသည်။
ယခုဆို ယန်ရုန်ရုန်လည်း လင်းယွမ်ဘေးသို့ ရောက်နေပြီဖြစ်သည်။
လင်းယွမ်က သေတစ်ဝက်ရှင်တစ်ဝက် ပုံစံဖြင့် အိပ်ရာထဲ လှဲလျောင်းနေသည်။ သူ့ရင်ဘတ်ကြွက်သားများ ပေါ်နေစေဖို့အတွက် ဝတ်ရုံကို တမင်တကာ ဟထားခဲ့သည်။ သူ့ဆံပင်ကောက်ကောက်များကို ဖရိုဖရဲ ဖြန့်ထားပြီး မျက်နှာမှာ ဖြူဖျော့လျက် အသက်ရှူသံတွေလည်း အပ်ချည်မျှင်ပမာ ပါးလွှာနေခဲ့ပါသည်။
အိပ်ရာဘေးသို့ ရောက်လာသော ယန်ရုန်ရုန့်ကို ကြည့်ရင်း လင်းယွမ် အားနည်းချည့်နဲ့စွာ တိုးတိုးလေး ပြောလိုက်သည်။
“အချစ်လေး… ကိုယ် ကျော်ဖြတ်နိုင်တော့မယ် မထင်ဘူး”
ယန်ရုန်ရုန် ခါးကုန်းလိုက်ပြီး သူ့ဝတ်ရုံကို ဆွဲပိတ်ပေးလိုက်သည်။
“ရှင်သေတော့မှာဆိုရင် စကားနည်းနည်းလောက် လျှော့ပြောသင့်တာပေါ့”
လင်းယွမ်က ဒါကို အခွင့်ကောင်းယူပြီး သူမလက်ကို ဆွဲယူကာ သူ့ပါးဖြင့် သူမလက်ဖမိုးလေးကို ပွတ်သပ်လိုက်ပါသည်။ ထို့နောက် သနားစရာကောင်းစွာ ပြောလိုက်သည်။
“ကိုယ်တကယ် သေရတော့မှာ၊ နည်းနည်းလောက် သိမ်သိမ်မွေ့မွေ့ ဆက်ဆံပေးလို့မရဘူးလား”
ယန်ရုန်ရုန် လက်ကို ပြန်ဆွဲယူဖို့ ကြိုးစားသော်လည်း လင်းယွမ်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပါသည်။
ထိုအချိန်တွင် ငှက်ပေါက်လေး အတောင်တဖျပ်ဖျပ်ခတ်လျက် ပြူတင်းပေါက်မှ ဝင်လာပြီး အသည်းအသန် တကျိကျိ အော်ပြောနေသည်။ လင်းယွမ်က သူ့စကားကို နားမလည်သော်လည်း ယန်ရုန်ရုန်ကတော့ နားလည်သည်။
နတ်ဆိုးဘုရင် ၆ ပါး စံအိမ်အတွင်းသို့ ဝင်ရောက်လာပြီး သူတို့ရှိရာထံသို့ ဦးတည်လာကြပြီဖြစ်ကြောင်း အသိပေးနေခြင်းပင်။
အိပ်ရာထဲလဲနေသည့်လူကို ယန်ရုန်ရုန် ကြည့်လိုက်ရင်း ဟာသဇာတ်မြူးကြည့်နေရသလို လေသံမျိုးဖြင့် ပြောလိုက် ပါသည်။
“ရှင့်ရဲ့ ‘မဟာစစ်သူကြီး’ခြောက်ပါး ရောက်လာတော့မယ်နော်၊ ရှင့်ကို ဒီလိုပုံစံမျိုးနဲ့ မြင်သွားစေချင်လို့လား”
အမှန်တော့ နတ်ဆိုးဘုရင် ၆ ပါး စံအိမ်ထဲ ခြေလှမ်းလိုက်ကတည်းက လင်းယွမ် သူတို့ကို အာရုံခံနိုင်ခဲ့ပါသည်။ သို့သော် သူ ဂရုမစိုက်ပေ။
“ကိုယ် ဒဏ်ရာရထားတဲ့အကြောင်းကြားပြီး အခွင့်ကောင်း ယူဖို့ လာခဲ့ကြတာဖြစ်မယ်၊ အချစ်လေး ကိုယ့်ကို ကာကွယ်ပေးရမယ်နော်!”
ဆိုးရွားလှသည့် လင်းယွမ်၏ သရုပ်ဆောင်စွမ်းရည်ကို ယန်ရုန်ရုန် ဝေဖန်ဖို့ ကြံလိုက်စဉ် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။
နတ်ဆိုးဘုရင် ၆ ပါး ရောက်ရှိလာခဲ့ပါပြီ။ ယန်ရုန်ရုန် ချက်ချင်းအချိုးပြောင်းကာ လင်းယွမ်ကို တမင်တကာ ကမ်းလှမ်းလိုက်သည်။
“ကျွန်မရှင့်ကို ကာကွယ်ပေးလို့ ရတယ်၊ ဒါပေမယ့် ညမဲ့မြို့တော်ကို ကျွန်မလက်ထဲ ထည့်ပေးပါမယ်လို့တော့ ကတိပေးရမယ်”
လင်းယွမ် မဆိုင်းမတွ သဘောတူလိုက်လေသည်။
“ရှောင်းရှောင်းအပိုင်ပဲ! အားလုံး ရှောင်းရှောင်းအပိုင်ပဲ! ကိုယ့်စည်းစိမ်၊ ကိုယ့်ဝိညာဉ်၊ ကိုယ့်ခန္ဓာ၊ ကိုယ်ပိုင်ဆိုင်သမျှအရာအားလုံးကို ရှောင်းရှောင်းပဲ ပိုင်တယ်!”
တံခါးဝကို ရောက်လာသည့် နတ်ဆိုးဘုရင် ၆ ပါးလည်း ထိုစကားများကို ကြားသွားခဲ့ပါသည်။ အားလုံး ချက်ချင်းဆိုသလို ကယောင်ချောက်ချားဖြစ်ကာ အရိုအသေပြုဖိ့ပင် မေ့လျော့သွားကြပြီး အိပ်ခန်းထဲ သုတ်သုတ်ပျာပျာ ပြေးဝင်လာခဲ့ကြသည်။
အားလုံးထဲတွင် စိတ်ဆတ်အလွယ်ဆုံးဖြစ်သည့် ဖုန့်ကျင်းရှားက ဦးစွာ ပြောလိုက်သည်။
“နတ်ဆိုးအရှင် အဲ့လိုလုပ်လို့ လုံးဝ မဖြစ်ဘူးနော်!”
ကျူးကျော်ဝင်ရောက်လာသူများကို လင်းယွမ်လှည့်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်ပါသည်။
“မင်းတို့ကို ဘယ်သူ ဝင်ခွင့်ပေးလို့လဲ”
ထိုအကြည့်တစ်ချက်ကြောင့် နတ်ဆိုးဘုရင် ၆ ပါးစလုံး အရိုးထဲထိ အေးစိမ့်သွားကြသည်။ နတ်ဆိုးအရှင်သခင်နဲ့ အဝေးဆုံးမှာ နေဖို့ မသိစိတ်များမှ လှုံံ့ဆော်နေခဲ့ပါသည်။
နတ်ဆိုးဘုရင် အားလုံး ပြိုင်တူ ဒူးထောက်ချလိုက်ကြသည်။
“ဒီငယ်သားတို့ နတ်ဆိုးအရှင်ကို ဂါဝရပြုပါတယ်”
လင်းယွမ်က သူတို့နှင့် အချိန်ဖြုန်းဖို့ စိတ်မဝင်စားသဖြင့် ချက်ချင်း နှင်ထုတ်လိုက်သည်။
“ထွက်သွားကြစမ်း”
နတ်ဆိုးဘုရင် ၆ ပါး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဒီအထိတောင် ရောက်လာကြပြီဖြစ်သဖြင့် လက်ချည့်ဗလာ ပြန်သွားလို့ မဖြစ်ပါ။ ညမဲ့မြို့တော်၏ ပိုင်ဆိုင်မှုကို အပြီးအသတ် ဆုံးဖြတ်ရပါမည်။
ထိုစဉ် ယိုပီလော ရှေ့ထွက်လာခဲ့သည်။ သူမက နတ်ဆိုးဘုရင် ၆ ပါးအနက် တစ်ဦးတည်းသော မိန်းကလေးဖြစ်ပြီး ပန်းပွင့်လို အလှတရားမျိုးကို ပိုင်ဆိုင်ထားကာ ရင်သက်ရှုမောစရာ ခန္ဓာကိုယ်အသွင်အပြင်ရှိသည်။ သူမ မျက်ဝန်းများက စမ်းရေလို တည်ငြိမ်သဖြင့် သူမကို နူးညံ့သိမ်မွေ့ပြီး အန္တရာယ်မရှိသူတစ်ယောက်ဟု ထင်ရစေသည်။
သို့သော် လက်တွေ့မှာတော့ သူမက နတ်ဆိုးဘုရင် ၆ ပါးအနက် စွမ်းအားအကြီးမားဆုံး သုံးပါးထဲတွင် ပါဝင်ပါသည်။ သူမ၏ အပြင်ပန်းအသွင်အပြင်ကို ကြည့်ပြီး အထင်သေးရဲကြသူတိုင်း ဆိုးရွားသည့် ကံကြမ္မာနှင့် ရင်ဆိုင်ရလိမ့်မည်။
ယိုပီလောက ခေါင်းကို မဝံ့မရဲမော့ကာ အိပ်ရာထဲလှဲနေရသည့် နတ်ဆိုးအရှင်သခင်ကို ကြည့်လိုက်ပါသည်။ ဖြူဖြူဖျော့ဖျော့ သူ့မျက်နှာနှင့် ကျန်းမာရေးမကောင်းသော အသွင်အပြင်ကို မြင်ပြီး လေထုထဲမှာလည်း ခါးခါးသက်သက် ဆေးရနံ့များရနေသဖြင့် ကောလဟာလများ မှန်ကန်သည်ဟု ကောက်ချက်ချလိုက်သည်။
လင်းယွမ် အမှန်တကယ် ဒဏ်ရာရရှိထားခြင်းဖြစ်ပါလိမ့်မည်။
သို့သော် ယိုပီလော သတိမမဲ့ရဲပါ။ သူမ တလေးတစား ပြောလိုက်ပါသည်။
“နတ်ဆိုးအရှင်ရဲ့ ဒဏ်ရာတွေအကြောင်း ကြားပြီး ကျွန်မတို့ စိုးရိမ်ပူပန်လို့ ရောက်လာခဲ့ကြတာပါ၊ အရှင် သက်သာရဲ့လား၊ အရှင်ဆန္ဒရှိရင် ကျွန်မဆီမှာ အရှင့်ကို သက်သာစေမယ့် ဆေးဝါးတွေ ရှိတယ်နော်”
ပြောပြောဆိုဆိုနှင့် ယိုပီလော ဆေးပုလင်းနှစ်ပုလင်းကို ထုတ်ကာ ရှေ့ဆက်တိုးလာခဲ့သည်။ သူမလက်ကို မြှောက်လျက် ဆေးပုလင်းများကို လင်းယွမ်ထံ ဆက်သလိုက်ပါသည်။
သူမလက်ပေါ်မှ ဝတ်ရုံစများ အောက်သို့လျှောကျသွားပြီး နှင်းလိုဖြူဖွေးနူးညံ့သည့် လက်ကောက်ဝတ်လေးများ အထင်းသား ပေါ်လာခဲ့သည်။
ထိုစဉ် ယိုပီလောထံ ယန်ရုန်ရုန် အလိုလိုအကြည့်ရောက်သွားခဲ့ပြီး စိတ်တွေ ရီဝေယိမ်းယိုင်လာခဲ့သည်။
သို့သော် သူမ ချက်ချင်းပင် အသိစိတ်ပြန်ကပ်သွားခဲ့သည်။ သူမမှာ ဖူရှန်းကြေးမုံ ရှိနေပါသေးသည်။ ၎င်း၏ ဂုဏ်သတ္တိများကို လောလောနှင့်အတူ စမ်းသပ်ပြီးနောက် ထိုကြေးမုံက ပုံရိပ်ယောင်များကို ဖောက်ထွင်းမြင်နိုင်ရုံသာမကဘဲ စိတ် ဓာတ်ခွန်အားကိုလည်း အားဖြည့်ပေးကြောင်း သိခဲ့ရသည်။
ထို့ကြောင့် ဖူရှန်းကြေးမုံကို ဆောင်ထားလျှင် ပုံရိပ်ယောင်နှင့် စိတ်ညှို့သည့်အတတ်များအား ခံနိုင်ရည် ပိုရှိသွားစေသည်။
ယိုပီလောက တဏှာနတ်ဆိုးမများအနက် စွမ်းအားအကြီးမားဆုံး နတ်ဆိုးမဖြစ်သည်။ ထို့ကြောင့် သူမ အစွမ်းကို ထုတ်သုံးဖို့ပင် မလိုအပ်ဘဲ သူမ၏လှုပ်ရှားမှုတိုင်းတွင် ညှိ့ဓာတ်တစ်ခု အလိုလို ပါဝင်နေသည်။ ထိုဆွဲဆောင်မှုကြောင့်ပဲ ယန်ရုန်ရုန် ညှို့ယူခံရလုနီးပါး ဖြစ်သွားခဲ့ရသည်။
ယန်ရုန်ရုန် ဘာမှမပြောနိုင်ခင် လင်းယွမ်က ထိုအဖြစ်ကို ရိပ်စားမိပြီး ချက်ချင်း ဒေါသထွက်သွားခဲ့ပါသည်။ ယိုပီလောကို မယားခိုးတစ်ယောက်လို ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။
“မင်းက ငါ့လူကို မြှူဆွယ်ရဲတယ်ပေါ့”
ယိုပီလော ကြက်သေသေသွားခဲ့သည်။ သူမ၏ ညှို့အားကို ရည်ရွယ်ချက်ရှိရှိ ထုတ်သုံးခဲ့ပြီး လင်းယွမ်၏ နှလုံးသားကို ဖမ်းစားဖို့ အမှန်တကယ် ကြိုးစားခဲ့ပါသည်။ ယခင်တုန်းကလည်း လင်းယွမ်အပေါ်မှာ အတတ်ပေါင်းစုံ သုံးခဲ့ဖူးသည်။ သို့သော် တစ်ကြိမ်တစ်ခါမှ အလုပ်မဖြစ်ခဲ့ပါ။
လင်းယွမ်က ဘယ်မိန်းမကိုမှ မမြင်နိုင်သည့် မျက်ကန်းတစ်ယောက်လိုပင်။ ကျုံးရှောင်းရှောင်းကြောင့်သာမဟုတ်လျှင် လင်းယွမ် မိန်းမတွေကိုကော စိတ်ဝင်စားရဲ့လားဟု သူမ သံသယဖြစ်မိလောက်သည်။
ယခင်တုန်းက အကြိမ်ကြိမ်ကျရှုံးဖူးသဖြင့် ဒီတစ်ခါလည်း ယိုပီလော မျှော်လင့်ချက်သိပ်မထားဘဲ ကံစမ်းကြည့်ရုံသာ ဖြစ်သည်။ သူမကို လင်းယွမ် ချစ်မိသွားလောက်သည့်အထိ လုပ်ဖို့ မရည်ရွယ်ထားပါ။ သူမအပေါ် အခြား နတ်ဆိုး ဘုရင်များထက် စေတနာအနည်းငယ် ပိုလာလျှင်ပင်လုံလောက်ပါပြီ။
မအောင်မြင်လျှင်လည်း ယခင်တုန်းကလိုပဲ နှင်ထုတ်ခံရခြင်းလောက်နှင့် အဆုံးသတ်သွားလိမ့်မည်ဟု ယူဆခဲ့သည်။
သို့သော် လင်းယွမ်၏ တုန့်ပြန်မှုက သူမမျှော်လင့်ထားသည်ထက် အများကြီး ပိုဆိုးရွားနေပါသည်။ လင်းယွမ်က ငါးစာ မဟပ်သည့်အပြင် သူ့မိန်းကလေးကို ခိုးယူဖို့ ကြိုးစားနသည်ဟုပါ စွပ်စွဲနေလေသည်။
ယိုပီလော အနိုင်ကျင့်ခံနေရသလို ခံစားရကာ ကိုယ့်ကိုယ်ကိုယ် ချက်ချင်း ကာကွယ်လိုက်ပါသည်။
“ကျွန်မ ဘယ်သူ့ကိုမှ မမြှူဆွယ်ပါဘူး၊ ကျွန်မနှလုံးသားကို နတ်ဆိုးအရှင်တစ်ယောက်ပဲ ပိုင်ဆိုင်တာပါ၊ တခြားသူတွေကို ဘာလို့ မြှူဆွယ်ရမှာလဲ!”
လင်းယွမ် သရော်လိုက်သည်။
“ခုနက ရှောင်းရှောင်းအပေါ်မှာ မင်းစိတ်ညှို့တဲ့အတတ်တွေ သုံးနေတာ ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာနော်၊ မင်းကြောင့် သူစိတ်ညှို့ခံရတော့မလို့၊ ငါဒီမှာ အရှင်လတ်လတ်ရှိနေသေးလျက်နဲ့ ငါ့ရှေ့မှာ ရှောင်းရှောင်းကို မြှူဆွယ်ရဲတယ်ပေါ့! မင်းငါ့ကို လုံးဝ မလေးစားဘူးလား”
သူ့တွေးခေါ်ပုံကို ယိုပီလော နားမလည်နိုင်တော့ပေ။ သူမက လင်းယွမ်ကို မြှူဆွယ်ဖို့ ကြိုးစားခဲ့သော်လည်း ကျုံးရှောင်း ရှောင်းကို မြှူဆွယ်နေသည်ဟု စွပ်စွဲခံရသည်။ တစ်ခါတရံ သူမ လိင်ကို ပြောင်းလဲတတ်သော်လည်း ကျုံးရှောင်းရှောင်းက သူမကြိုက်တတ်သည့် ပုံစံမျိုးမဟုတ်ပေ။
ယိုပီလော ဆက်ရှင်းပြချင်ခဲ့သော်လည်း သူမ ဘာမှမပြောနိုင်ခင် အလွန်အားကောင်းသည့် နတ်ဆိုးစွမ်းအင်တစ်ခု၏ ရစ်ပတ်ခြင်းကို ခံရကာ အိပ်ခန်းအပြင်ဘက်သို့ ကိုင်ပေါက်ခံလိုက်ရပါသည်။
လင်းယွမ် နတ်ဆိုးစွမ်းအင်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ချက် ချင်း သေလုမျောပါးပုံစံ ပြန်ဖြစ်သွားသည်။ ထို့နောက် ယန်ရုန်ရုန့်လက်ကလေးကို လှမ်းကိုင်ကာမေးလိုက်ပါသည်။
“ခုနက သူ့ကို ရှောင်းရှောင်း စွဲလမ်းသွားတာလား၊ သူ့ကို သဘောကျလို့လား၊ သူ့အတွက်နဲ့ ကိုယ့်ကို ထားခဲ့တော့မှာလား”
ယန်ရုန်ရုန် ဆွံ့အသွားခဲ့သည်။
“ကျွန်မ မိန်းကလေးချင်း မကြိုက်တတ်ဘူး”
လင်းယွမ်က ချက်ချင်းပြောလိုက်သည်။
“ယိုပီလောက လိင်ပြောင်းနိုင်တယ်လေ၊ သူယောက်ျားတစ်ယောက် ဖြစ်သွားရင်ကော ရှောင်းရှောင်း သဘောကျမှာလား”
ယန်ရုန်ရုန် အံ့အားသင့်သွားခဲ့သည်။ ယိုပီလောတွင် ထိုကဲ့သို့ စွမ်းရည်မျိုးရှိကြောင်း သူမ မသိခဲ့ပါ။ ယန်ရုန်ရုန် စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားသော်လည်း ထိုစက္ကန့်ပိုင်းနှင့်တင် လင်းယွမ်ပေါက်ကွဲဖို့ လုံလောက်ခဲ့ပါသည်။
“မင်းသူ့ကို တကယ်စွဲလမ်းသွားတာပဲ! ကိုယ့်ကို မချစ်တော့ဘူးပေါ့!”