← Chapters

အခန်း (၁၃၈)

Vol. 14 Ch. 138

အခန်း (၁၃၈)

Vol. 14 Ch. 138

🌹Chapter 138

သူမကို လင်းယွမ် မဆီမဆိုင် လာရစ်နေသည်ဟု ယန်ရုန်ရုန် ခံစားလိုက်ရသည်။

သို့သော် အပြင်လူတွေ ရှိနေသေးသဖြင့် စိတ်ရှိတိုင်း လုပ်ပစ်လိုက်လို့မရပေ။ ထို့ကြောင့် ယန်ရုန်ရုန် ဒေါသကိုချုပ် တည်းရင်း လင်းယွမ်ကို ချော့ဖို့ ကြိုးစားလိုက်ပါသည်။

“မဟုတ်တာတွေ မပြောပါနဲ့၊ ကျွန်မ ယိုပီလောကို သိတောင်မသိဘူး၊ သူ့ကို ဘာလို့ ‘စွဲလမ်း’ရမှာလဲ”

လင်းယွမ် မယုံသင်္ကာဖြစ်နေဆဲပင်။

“အဲ့တာဆို ခုနက သူ့ကို တဏှာမျက်လုံးနဲ့ ဘာလို့ကြည့်နေတာလဲ”

ယန်ရုန်ရုန် ဆွံ့အသွားခဲ့ရသည်။ သူမ စက္ကန့်ဝက်လောက် ကြည့်လိုက်မိရုံနှင့် လင်းယွမ်အမြင်မှာတော့ ‘တဏှာမျက် လုံး’ ဖြစ်သွားရလေသည်။

“သူစိတ်ညှို့တဲ့အတတ်ကို သုံးခဲ့တာလေ”

ယန်ရုန်ရုန် ရှင်းပြလိုက်သည်။

“အဲ့တာကြောင့် ကျွန်မလည်း စိတ်ညှို့ခံရမလို ဖြစ်သွားခဲ့တာ”

လင်းယွမ်က ဆက်ပြီး စစ်ဆေးမေးမြန်းခဲ့သည်။

“သူ့အပေါ် ဘာစိတ်မှမရှိဘူးဆိုရင် အဲ့လောက်လွယ်လွယ် စိတ်ညှို့ခံရပါ့မလား! မင်းက စိတ်ဓာတ်ပျော့ညံ့တဲ့သူ! လှေနံနှစ်ဖက်နင်းတဲ့သူ! အသစ်တွေ့ရင် အဟောင်းပစ်တတ်တဲ့သူ!”

ယန်ရုန်ရုန့်ခေါင်းပေါ် စွပ်စွဲစကားများ တန်းစီကျလာခဲ့ကာ ချက်ချင်းဆိုသလို နှလုံးသားမဲ့သည့် ဖောက်ပြန်သူ ချန်းရှစ်မေ့ (ပေါင်ချိန်ထဲက) မိန်းကလေးဗားရှင်း ဖြစ်သွားခဲ့ပါသည်။

လူရှုပ်လူပွေဟု ရုတ်တရက် ခေါင်းစဉ် တပ်ခံလိုက်ရသဖြင့် ယန်ရုန်ရုန် အလွန်မခံမရပ်နိုင်ဖြစ်သွားခဲ့ရသည်။

သူမ ပြန်မချေပနိုင်ခင် လင်းယွမ် အိပ်ရာပေါ် တစ်ဖက်စောင်းကာ ပြိုလဲသွားခဲ့ရသည်။ လက်တစ်ဖက်ဖြင့် အိပ်ရာကိုထောက်ကာ ကျန်လက်တစ်ဖက်ဖြင့် သူ့ရင်ဘတ်ကို ဖိထားခဲ့သည်။

မျက်လုံးတွေ နီမြန်းနေပြီး မျက်နှာက ဖြူဖျော့နေလျက် အချိန်မရွေး သေသွားတော့မည့်အလား အသံက တိုးညှင်းနေခဲ့ပါသည်။

“ကိုယ်မင်းကို အရမ်းချစ်ခဲ့တာ၊ ကိုယ်အရာရာပေးဆပ်ခဲ့ပါလျက်နဲ့… ကိုယ့်ရှေ့မှာ တခြားသူတွေနဲ့ ရှုပ်ပွေရက်တယ်… ကိုယ့်နှလုံးသားကို ရိုက်ခွဲပစ်လိုက်တာပဲ… နာလိုက်တာ၊ အသက်တောင်မရှူနိုင်တော့ဘူး… ဒီတိုင်းသေသွားလိုက်တာပဲ ကောင်းပါတယ်”

လင်းယွမ်၏သရုပ်ဆောင်ချက်များက အလွန်ပီပြင်လွန်းသဖြင့် နတ်ဆိုးဘုရင် ၅ ပါးပင် မှင်သက်သွားခဲ့ရသည်။

ပုံမှန်ဆို ဆုံးဖြတ်ချက်ပြတ်သားပြီး ရက်စက်တတ်သည့် နတ်ဆိုးအရှင်သခင်က ဒီလိုပြဇာတ်ကတတ်သည့် ‘ဒရမ်မာကင်း’ ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။

ယန်ရုန်ရုန် ခံစားချက်မဲ့စွာ ပြောလိုက်သည်။

“နာရင် သမားတော်သွားပြလေ”

လင်းယွမ် နှလုံးသားကို ဆုပ်ကိုင်ရင်း သူမကို မော့ကြည့်လိုက်ပါသည်။

“ကိုယ့်ဒဏ်ရာကို ဥုံဖွလုပ်ပေးရင် နာမှာ မဟုတ်တော့ဘူး”

‘သူ့အကြံက ဒါကိုး…’

ယန်ရုန်ရုန် ပြတ်ပြတ်သားသား အဖြေပေးလိုက်သည်။

“ဆုတောင်းလိုက်”

လင်းယွမ် မိုးကြိုးပစ်ချခံလိုက်ရသလို တွန့်လိမ်သွားခဲ့သည်။ မျက်နှာလည်း ပိုဖြူဖပ်သွားပြီး ဘယ်ညာ ယိမ်းထိုးသွားခဲ့ပါသည်။

သူရင်နာစွာ ပြောလိုက်သည်။

“ဒီလို အသေးအဖွဲ တောင်းဆိုချက်လေးတောင် ကိုယ့်ကို လိုက်လျော မပေးနိုင်ဘူးလား… ကိုယ်သေသေရှင်ရှင် မင်းဂရုမစိုက်တော့ဘူးပေါ့၊ ကိုယ့်ကို တကယ် မချစ်တော့ဘူးပဲ!”

ဒီနေ့ သူလိုချင်သည့်အရာကို မရမချင်း ဆက်သရုပ်ဆောင်ဖို့ လင်းယွမ် ဆုံးဖြတ်ထားပြီးသားဖြစ်မှန်း ယန်ရုန်ရုန် နောက် ဆုံးတော့ နားလည်သွားခဲ့ပါပြီ။ ထို့ကြောင့် သူမ ရည်ရွယ် ချက်ရှိရှိ ပြောလိုက်သည်။

“ကျွန်မကို ဘာလို့ အဲ့လိုထင်ရတာလဲ၊ ကျွန်မကို ရှင်အဲ့လောက် အယုံအကြည်နည်းတာလား… ရှင့်အပေါ် ကျွန်မ ထင်ထားခဲ့တာတွေ မှားသွားပြီထင်တယ်၊ တကယ်စိတ်ပျက်မိတယ်!”

ပြဿနာကို ယန်ရုန်ရုန် ပြောင်းပြန်လှန်ပစ်လိမ့်မည်ဟု ထင်မထားသည့် လင်းယွမ်တစ်ယောက် ကြက်သေသေသွားခဲ့ပြီး ထစ်ငေါ့စွာ ပြန်ပြောလိုက်ပါသည်။

“ကိုယ်…ကိုယ်အဲ့လို မဆိုလိုပါဘူး”

ယန်ရုန်ရုန် အေးစက်စွာ ပြုံးလိုက်သည်။

“ကျွန်မအပေါ် အဲ့လောက် ယုံကြည်မှုကင်းမဲ့နေမှတော့ ရှင့်ပိုင်ဆိုင်မှုတွေလည်း မလိုချင်တော့ဘူး၊ ညမဲ့မြို့တော်ကို ရှင်ပဲ ပြန်ယူလိုက်တော့!”

ဖရဲသီးစားရင်း ပွဲကြည့်ကောင်းနေသည့် နတ်ဆိုးဘုရင် ၅ ပါး ချက်ချင်းဆိုသလို အသိစိတ်ပြန်ကပ်သွားကြသည်။

‘ဟုတ်သားပဲ! ငါတို့ ညမဲ့မြို့တော်ကို တောင်းဖို့ လာခဲ့ကြတာလေ!’

လင်းယွမ်နှင့် ကျုံးရှောင်းရှောင်းတို့၏ဒရမ်မာထဲ စီးမျောသွားသဖြင့် သူတို့လာခဲ့ရသည့်အကြောင်းအရင်းကိုပင် မေ့လျော့သွားခဲ့ကြရသည်။

ယန်ရုန်ရုန် လှည့်ထွက်သွားဖို့ ပြင်လိုက်သောအခါ လင်းယွမ်က သူမလက်ကို အမြန်လှမ်းဆွဲပြီး သနားစရာကောင်းစွာ တောင်းပန်လိုက်ပါသည်။

“ကိုယ်ယုံပါတယ်! ကိုယ်ယုံပါတယ်! ညမဲ့မြို့ကရှောင်းရှောင်း အပိုင်ဖြစ်နေပြီပဲဥစ္စာ၊ စိတ်မဆိုးနဲ့တော့နော်”

စိတ်ဆတ်တတ်သည့် ဖုန့်ကျင်းရှားက မနေနိုင်ဘဲ ဝင်ပြောလိုက်ပါသည်။

“နတ်ဆိုးအရှင်! ညမဲ့မြို့တော်ကို နတ်ဆိုးမျိုးနွယ်ကပဲ ပိုင်ဆိုင်သင့်တာလေ၊ ဘာလို့ အပြင်လူတစ်ယောက်ကို ပေးလိုက်ရတာလဲ”

လင်းယွမ်၏ သနားစရာကောင်းသော မျက်နှာထား ချက် ချင်းပျောက်ကွယ်သွားသည်။ ဖုန့်ကျင်းရှားကို အေးစက်စက် မျက်လုံးများဖြင့် အန္တရာယ်ကြီးစွာကြည့်ကာ မေးလိုက်သည်။

“မင်း ဘယ်သူ့ကို အပြင်လူလို့ ခေါ်လိုက်တာလဲ”

ဖုန့်ကျင်းရှားက စိတ်ဆတ်တတ်သော်လည်း ဦးနှောက်တော့ မမဲ့ပေ။ ထို့ကြောင့် အမြန်ရှင်းပြလိုက်သည်။

“သခင်မလေးရှောင်းရှောင်းအပေါ် နတ်ဆိုးအရှင်မေတ္တာရှိမှန်း ကျွန်တော်သိပါတယ်၊ ဒါပေမယ့် သူက လူသားတစ်ယောက်လေ၊ သူ့ကို ဒီလောက်အရေးပါတဲ့ နယ်မြေတစ်ခု ပေးလိုက်ရင်… အများပြည်သူကို ရှင်းပြဖို့ ခက်သွားလိမ့်မယ်၊ နတ်ဆိုးနယ်မြေအတွင်းမှာ အရှင့်ရဲ့ ဂုဏ်သိက္ခာပါ ထိခိုက်လာနိုင်တယ်”

ကျန်နတ်ဆိုးဘုရင် ၄ ပါးလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြပါသည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ကျွန်တော်တို့က အရှင့်အတွက် စိတ်ပူလို့ အကြံပေးတာပါ”

သူတို့ဘာတွေကြံစည်နေသလဲ လင်းယွမ်ကောင်းကောင်းကြီး နားလည်ပါသည်။ သို့သော် ပြဿနာမရှာခဲ့ဘဲ အေးအေးလူ လူသာ မေးလိုက်သည်။

“အဲ့တာဆို ညမဲ့မြို့တော်ကို ဘယ်သူပိုင်ဆိုင်သင့်တယ်လို့ မင်းတို့ထင်လို့လဲ”

ဖုန့်ကျင်းရှားက အမြန်ပြောလိုက်သည်။

“ကျွန်တော်တို့ နတ်ဆိုးမျိုးနွယ်မှာ အားကြီးသူသာ ကြီးစိုးရစမြဲမဟုတ်လား၊ အဲ့တာကြောင့် ပြိုင်ပွဲတစ်ခု ကျင်းပသင့်ပါတယ်၊ ပြိုင်ပွဲမှာ အနိုင်ရတဲ့လူက ညမဲ့မြို့တော်ကို ပိုင်စိုးသင့်တယ်”

ဖုန့်ကျင်းရှား ယုံကြည်မှု အပြည့်ရှိပါသည်။ တစ်ယောက်ချင်းတိုက်ပွဲတွင် သူ့ကို အခြား နတ်ဆိုးဘုရင် ၅ ပါးစလုံး အနိုင်ယူနိုင်မှာ မဟုတ်ပါ။

လင်းယွမ် ခပ်ပါးပါး ပြုံးလိုက်သည်။

“မင်းပြောတာ အဓိပ္ပာယ်တော့ ရှိသားပဲ”

ဖုန့်ကျင်းရှား အပျော်လွန်သွားသည်။ သူ့အကြံကို လင်းယွမ်သဘောတူလိုက်ပြီဟု ယူဆခဲ့ပါသည်။

သို့သော် လင်းယွမ်က ချက်ချင်းဆက်ပြောလိုက်သည်။

“အဲ့တာဆို မင်းတို့ ငါနဲ့ လာယှဉ်ကြလေ၊ ငါ့ကို အနိုင်ယူနိုင်တဲ့သူက ညမဲ့မြို့တော်ကို ပိုင်ဆိုင်ရမယ်”

ဖုန့်ကျင်းရှား ချက်ချင်း ပါးစပ်ပိတ်သွားခဲ့ပါသည်။ သူဘယ် လောက်ပဲ ယုံကြည်မှုရှိနေပါစေ လင်းယွမ်ကိုတော့ မယှဉ်ရဲပေ။

အခြားနတ်ဆိုးဘုရင်တွေလည်း ပြန်မဖြေရဲကြတော့ပါ။ လင်းယွမ်ကို သူတို့ အနိုင်ယူနိုင်လျှင် ယခုအချိန်ထိ သူ့လက်အောက်ငယ်သားများအဖြစ် ရှိနေကြဦးမှာ မဟုတ်ပါ။

အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် စမ့်ရှန်းမင်က ဝင်ပြောလိုက်ပါသည်။ နတ်ဆိုးဘုရင်များအနက် အသက်အကြီးဆုံးဖြစ်သဖြင့် သူ့စကားလုံးများက ပါးနပ်မှုရှိပါသည်။

“အရှင့်ရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းလှပါတယ်၊ အဲ့တာကြောင့် ညမဲ့မြို့တော်ကို အရှင်ပဲပိုင်စိုးသင့်တယ်၊ ဒါပေမယ့် သခင်မလေးရှောင်းရှောင်းက ခွန်အားနည်းပါးတယ်လေ၊ သူ့လက်ထဲ ညမဲ့မြို့တော် အပ်နှင်းလိုက်ရင် သူ့ကို အန္တရာယ်တောထဲ တွန်းပို့ပေးလိုက်သလို ဖြစ်မသွားနိုင်ဘူးလား”

သူ့စကားက ယန်ရုန်ရုန့် ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ပူပန်နေသည်ဟု ထင်ရသည်။ စမ့်ရှန်းမင် ဆက်ပြောလိုက်ပါသည်။

“ညမဲ့မြို့တော်ကို အရှင်တစ်ယောက်တည်း မစီမံနိုင်ဘူးဆိုရင် အရှင့်ကိုယ်စား ကျွန်တော် ယာယီ စီမံပေးထားနိုင်ပါတယ်”

စမ့်ရှန်းမင်၏ အကြံအစည်များက သူမမျက်နှာတည့်တည့်ကို လာမှန်နေသည်ဟု ယန်ရုန်ရုန် ခံစားလိုက်ရသည်။ ဒီမြေခွေးအိုကြီးက ညမဲ့မြို့တော်ကို သူ့အပိုင်ဖြစ်အောင် သိမ်းပိုက်နေချင်ခြင်းသာ။

‘ကိုယ်စား စီမံပေးမယ်တဲ့လား၊ သူ့လက်ထဲ ရောက်တာနဲ့ တစ်သက်လုံး ပြန်ပေးတော့မှာ မဟုတ်ဘူး!’

အခြားနတ်ဆိုးဘုရင် ၄ ပါးကလည်း စမ့်ရှန်းမင်၏ အကြံအ စည်ကို ဖောက်ထွင်းမြင်နိုင်သဖြင့် စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကြပါသည်။

ယန်ရုန်ရုန် တစ်ခုခု ဝင်ပြောချင်နေသည်ကို လင်းယွမ် ရိပ်စားမိပါသည်။

“အချစ်လေးကကော ဘယ်လို သဘောရလဲ”

ယန်ရုန်ရုန် အစီအစဉ်ဆွဲထားပြီးသားဖြစ်သဖြင့် သွယ်ဝိုက်မနေဘဲ တဲ့တိုးပြောလိုက်သည်။

“ကျွန်မကို ရှင်တို့အားလုံး သဘောမကျမှန်း ကျွန်မသိတယ်၊ အမှန်အတိုင်းပြောရရင် ကျွန်မဘက်ကလည်း ရှင်တို့ကို သဘောမကျပါဘူး”

နတ်ဆိုးဘုရင် ငါးပါး၏ တုန့်ပြန်ပုံများမှာ ခြားနားနေပါသည်။ လှောင်ပြောင်မှု၊ သရော်မှု၊ အထင်သေးမှု စသည်တို့ကို ယန်ရုန်ရုန် ဂရုမစိုက်ခဲ့ပါ။

“ကျွန်မ ညမဲ့မြို့တော်ကို လက်ခံပြီးပြီဆိုတော့ အုပ်ချုပ်ဖို့ ယုံကြည်ချက်အပြည့်ရှိတယ်၊ ကျွန်မပြောတာမယုံရင် အလောင်းအစားတစ်ခု လုပ်ကြမယ်လေ၊ သုံးရက်အတွင်း ညမဲ့မြို့တော်အတွင်းမှာ ဝိညာဉ်ကျောက်တုံး ၅,၀၀၀,၀၀၀ ရလာအောင် လုပ်ပြမယ်၊ ကျွန်မ မအောင်မြင်ဘူးဆိုရင် ဘာတစ်ခွန်းမှထပ်မပြောဘဲ ညမဲ့မြို့တော်ကို ရှင်တို့လက်ထဲ အပ်ပေးမယ်”

All Chapters