← Chapters

အခန်း (၁၃၉)

Vol. 14 Ch. 139

အခန်း (၁၃၉)

Vol. 14 Ch. 139

🌹Chapter 139

နတ်ဆိုးဘုရင် ၅ ပါးက အလွန်အမင်း ချမ်းသာကြွယ်ဝကြသော်လည်း ဝိညာဉ်ကျောက်တုံး ၅,၀၀၀,၀၀၀ ဟူသည်မှာ သေးငယ်သည့် ပမာဏ မဟုတ်မှန်း သိကြသည်။

ထို့ကြောင့် ယန်ရုန်ရုန့် စကားကိုကြားသောအခါ သူမ လေလုံးထွားနေသည်ဟုသာ ယူဆလိုက်ကြပါသည်။ သူမက ကျင့်ကြံခြင်းအဆင့်နိမ့်ပါးပြီး နတ်ဆိုးနယ်မြေအတွင်း အခြေအမြစ်မရှိသည့် လူသားတစ်ယောက်သာ ဖြစ်သည်။

ထို့အပြင် နတ်ဆိုးကျင့်ကြံသူများက သူမကို အလွန်ရန်လိုမုန်းတီးကြသည်။ သူမလို လူမျိုး ဒီနေရာမှာ စီးပွားရေး လုပ်မည် ဆိုလျှင် ဘယ်လိုနတ်ဆိုးကမှ လက်ခံကြမှာ မဟုတ်ပါ။ ထို့ကြောင့် ၅ သန်းရဖို့နေနေသာသာ အရှုံးမပေါ်ဖို့ပင် ခက်ခက်ခဲခဲ ကြိုးစားရလိမ့်မည်။

သို့သော် ယန်ရုန်ရုန်တစ်ယောက် ယုံကြည်ချက်ပြည့်ဝနေပုံကိုကြည့်ရင်း နတ်ဆိုးဘုရင်များ သံသယဝင်စ ပြုလာခဲ့ကြသည်။ သူမက လျှို့ဝှက်ဆရာတစ်ဆူ ဖြစ်နေမှာကို စိုးရိမ်မိကြသည်။

ထို့ကြောင့် အကြည့်ချင်းဖလှယ်လိုက်ကြပြီး နောက်ဆုံးတော့ ဝါအရင့်ဆုံးဖြစ်သည့် စမ့်ရှန်းမင်ကပဲ ဝင်ပြောလိုက်ပါသည်။

“သခင်မလေးကျုံးရှောင်းရှောင်းက နတ်ဆိုးအရှင်သခင် အမြတ်တနိုးတန်ဖိုးထားရတဲ့ လူတစ်ယောက်ပါ။ ၅ သန်းမပြောနဲ့ သန်း ၅၀ ဆိုရင်တောင် သခင်မလေးကျုံး တစ်ခွန်းလောက် တောင်းဆိုလိုက်ရုံနဲ့ နတ်ဆိုးအရှင်က ချက်ချင်း ထုတ်ပေးမှာပဲ၊ အဲ့တာကြောင့် ကျွန်တော်တို့နဲ့ အဲ့လို အလောင်းအစားမျိုး လုပ်စရာတောင် မလိုဘူး”

ဖုန့်ကျင်းရှားက တီးတိုးရေရွတ်လိုက်ပါသည်။

“မင်းနောက်မှာ နတ်ဆိုးအရှင်သခင်ရှိနေလို့သာ ငါတို့နဲ့ လာလောင်းရဲတာ မလား!”

လင်းယွမ် တစ်ခုခုဝင်ပြောဖို့ ကြံလိုက်သော်လည်း ယန်ရုန်ရုန်က တားလိုက်ပါသည်။ ဒီပြဿနာကို သူမဖာသာ ဖြေရှင်းနိုင်သည်။ သူ့အကူအညီကို မလိုအပ်ပေ။

ယန်ရုန်ရုန် တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါသည်။

“ဒါရှင်တို့နဲ့ ကျွန်မကြားက အလောင်းအစားပဲ၊ လင်းယွမ် ဝင်ပါမှာမဟုတ်ဘူး၊ ကျွန်မပြောတာမယုံဘူးဆိုရင် ရှင်တို့နဲ့ စာချုပ်တစ်ခု ချုပ်လို့ရတယ်၊ ပြီးရင် သဘောတူညီချက်ကို မချိုးဖျက်ပါဘူးလို့ ကျွန်မ တာအိုနှလုံးသားကို တိုင်တည်ပြီး ကျိန်ဆိုပြမယ်၊ အဲ့တာဆို ရှင်တို့ဘာမှ စိတ်ပူဖို့မလိုတော့ဘူးလေ”

ဒီတစ်ခါတော့ ဖုန့်ကျင်းရှား ဘာမှ အထွန့်တက်စရာ မရှိတော့ပေ။

စမ့်ရှန်းမင်က သူမကို သေချာအကဲခတ်လိုက်ပြီး ဇဝေဇဝါဖြစ်သွားဟန်ဖြင့် ဆိုလိုက်ပါသည်။

“ကျွန်တော့်စကားက ရိုင်းပျသလိုဖြစ်သွားရင် စိတ်မရှိပါနဲ့ သခင်မလေးကျုံး၊ ဒါပေမယ့် သခင်မလေးကျုံးက စီးပွားရေးလုပ်တတ်မယ့် ပုံစံမျိုး မဟုတ်ဘူးနော်၊ ဘာလို့ အဲ့လောက်တောင် ယုံကြည်ချက် ပြည့်ဝနေရတာလဲ”

ယန်ရုန်ရုန် ပြုံးလိုက်သည်။

“အဲ့တာ ရှင်တို့ ဂရုစိုက်ရမယ့်ကိစ္စမဟုတ်ဘူး၊ ရှင်တို့ အလောင်းအစား လုပ်ဖို့ သဘောတူသလား ဆိုတာပဲ ကျွန်မကို ပြောပါ”

သူတို့ကို မခံချင်စိတ်ဖြစ်လာအောင် သူမ ရန်စနေမှန်း စမ့်ရှန်းမင်သိပါသည်။ ထို့ကြောင့် အဖြေချက်ချင်း မပေးသေးဘဲ ပြန်မေးလိုက်သည်။

“သခင်မလေးကျုံး နိုင်သွားရင် ကျွန်တော်တို့ဘက်က ဘာပြန်ပေးရမှာလဲ”

“ကျွန်မနိုင်သွားရင် ရှင်တို့ နတ်ဆိုးဘုရင် ၆ ပါး တစ်ယောက်ချင်းစီကနေ ပစ္စည်းတစ်ခုစီ လိုချင်တယ်၊ စိတ်မမပူပါနဲ့ ရှင်တို့အသက်အန္တရာယ်ဖြစ်စေမယ့် ပစ္စည်းမျိုး မတောင်းဘူး”

ယန်ရုန်ရုန် ဖြေလိုက်သည်။

စမ့်ရှန်းမင် မျက်မှောင်ကြုတ်သွားခဲ့ပါသည်။ သူတို့ထံမှ ဒီလူသားမိန်းကလေး တောင်းဆိုမည့် အရာများက မရိုးရှင်းနိုင်ဟု သံသယဖြစ်မိသည်။ ထို့ကြောင့် ကျန်နတ်ဆိုးဘုရင် ၄ ပါးဘက်သို့ လှည့်ကာ တီးတိုးမေးလိုက်ပါသည်။

“မင်းတို့ဘယ်လို သဘောရလဲ”

ဖုန့်ကျင်းရှား လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

“လောင်းလိုက်မယ်လေ! သူ့ရဲ့ ဘာမဟုတ်တဲ့ အစွမ်းအစနဲ့ ညမဲ့မြို့တော်ထဲမှာ ဝိညာဉ်ကျောက်တုံး ၅ သန်းရအောင် ရှာနိုင်မယ်ဆိုတာ ငါလုံးဝ အယုံအကြည် မရှိဘူး”

ယန်ရုန်ရုန့်ကို ဖုန့်ကျင်းရှား မုန်းတီးနေသည်မှာ အတော်ကြာနေပါပြီ။ သူမကို စိတ်ဖျော်ဖြေဖို့အတွက်သာ အသုံးပြုသင့်သော အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ဟု ဖုန့်ကျင်းရှား သတ်မှတ်ထားသည်။

သူ့အမြင်တွင် သူမလို လူသားတစ်ယောက်က သခင်ဖြစ်သူ၏ ကစားစရာဖြစ်ရုံနှင့်တင် ကျေနပ်သင့်ပြီး နတ်ဆိုးဘုရင်မ ဖြစ်လာဖို့အထိ စိတ်မကူးသင့်ပေ။ ညမဲ့မြို့တော်ကဲ့သို့ မြို့တစ်ခုကို သိမ်းပိုက်ဖို့ဆို ပို၍ပင် ဝေးပါသေးသည်။ သူမက ကိုယ့်အဆင့်ကိုယ် နားမလည်သူဖြစ်သည်။

‘နတ်ဆိုးအရှင်သခင်ကြောင့်သာမဟုတ်ရင် နတ်ဆိုးနယ်မြေထဲမှာ သူလုပ်ချင်တိုင်း လုပ်လို့ရမယ်လို့ထင်နေတာလား!’

ဖုန့်ကျင်းရှားက ဒီအလောင်းအစားကို အခွင့်အရေးတစ်ခုအဖြစ်ယူကာ သူမကို သင်ခန်းစာကောင်းကောင်းပေးဖို့ ရည်ရွယ်ထားပါသည်။

အခြားနတ်ဆိုးဘုရင်များကလည်း ထိုနည်းလည်းကောင်း တွေးမိကြသည်။ သို့သော် သူတို့က ဖုန့်ကျင်းရှားထက် သတိပိုကြီးကြပါသည်။

ရောက်လာစဉ်ကတည်းက တိတ်ဆိတ်နေခဲ့သည့် နတ်ဆိုးဘုရင် ဟိုက်မင် နောက်ဆုံးတော့ ဝင်ပြောလိုက်သည်။

“သူ့ကမ်းလှမ်းချက်ကို ငါတို့လက်ခံလို့ရမယ်ထင်တယ်”

အခြားနတ်ဆိုးဘုရင် ၄ ပါး သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။ ဟိုက်မင်က လင်းယွမ်ကို လှမ်းကြည့်လိုက်ပါသည်။ သူ့နှုတ်က တစ်စုံတစ်ခု ပြောချင်နေသော်လည်း နတ်ဆိုးအရှင်သခင်ရှေ့တွင် ထုတ်မပြောဝံ့သည့်ပုံစံမျိုး ပေါက်နေသည်။

ထိုအခြေအနေကိုမြင်ပြီး အခြားသူတွေလည်း ဒီနေရာက တိတ်တဆိတ်ဆွေးနွေးလို့ကောင်းသည့်နေရာ မဟုတ်မှန်း နားလည်သွားကြပါသည်။

ထို့ကြောင့် ယန်ရုန်ရုန့်ကို စမ့်ရှန်းမင် လှည့်ပြောလိုက်သည်။

“ကျွန်တော်တို့ ဒီကိစ္စကို ဆွေးနွေးဖို့လိုတယ်၊ ကျေးဇူးပြုပြီး အခါးရည်သောက်ချိန်လေးတစ်ခု ပေးပါဦး”

ယန်ရုန်ရုန် ပြဿနာမရှိကြောင်း ပြန်ပြောလိုက်သည်။ ဒီလိုနှင့် နတ်ဆိုးဘုရင် ၅ ပါး အခန်းအပြင်ဘက်သို့ ပြန်ထွက်လာခဲ့ကြလေတော့သည်။

--- --- ---

စောစောက ကန်ထုတ်ခံလိုက်ရသည့် ယိုပီလောတစ်ယောက် အခန်းထဲ ပြန်မဝင်ရဲသဖြင့် ခြံဝန်းထဲမှာသာ စောင့်နေခဲ့ပါသည်။ နတ်ဆိုးဘုရင် ၅ ပါး ပြန်ထွက်လာသည်ကို မြင်ပြီး သူမ ချက်ချင်း ပြေးလာခဲ့သည်။

“ဘာလို့ အကုန်ပြန်ထွက်လာကြတာလဲ၊ နတ်ဆိုးအရှင်သခင်က ဘယ်သူ့ကို ညမဲ့မြို့တော် ပေးလိုက်ပြီလဲ”

စမ့်ရှန်းမင်က အားလုံးရှင်းပြလိုက်ပါသည်။

ယိုပီလော မျက်မှောင်ကြုတ်သွားခဲ့သည်။

“အဲ့ဒီမိန်းမက ဘာလို့ အဲ့လိုအလောင်းအစားမျိုး လုပ်ရဲနေတာလဲ၊ ဧကန္တ လျှို့ဝှက်ရတနာတစ်ခုခု ရှာတွေ့ထားလို့များလား”

စမ့်ရှန်းမင်လည်း အလွန်အမင်း သံသယဖြစ်နေပါသည်။

“ငါလည်း အဲ့လိုထင်မိတယ်၊ လာဘ်လာဘကို တိုးပွားစေတဲ့ ရတနာတွေအကြောင်း ငါကြားဖူးတယ်၊ ဒါပေမယ့် အတိုင်းအတာတစ်ခုအထိပဲ၊ ဘယ်လိုရတနာဖြစ်ဖြစ် ၃ ရက်အတွင်း ဝိညာဉ်ကျောက်တုံး ၅ သန်း ရအောင်တော့ လုပ်ပေးနိုင်မှာ မဟုတ်လောက်ဘူး”

ထို့နောက် ဟိုက်မင်ကို လှည့်မေးလိုက်သည်။

“ခုနက မင်းဘာပြောဖို့ ကြံနေတာလဲ”

ပတ်ဝန်းကျင်တွင် သူစိမ်းတွေမရှိတော့ဘဲ သူတို့ နတ်ဆိုးဘုရင် ၆ ပါးသာ ရှိတော့သဖြင့် ဟိုက်မင် ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါသည်။

“ငါတို့ အလောင်းအစားကို လက်ခံလို့ရတယ်၊ ဒါပေမယ့် ငါတို့ဘက်ကလည်း တစ်ခုပြန်တောင်းဆိုရမယ်၊ ကျုံးရှောင်းရှောင်း ရှုံးသွားမယ်ဆိုရင် နတ်ဆိုးနယ်မြေထဲကနေ ချက်ချင်းထွက်သွားခိုင်းရမယ်၊ ပြီးရင် ဘယ်တော့မှ ပြန်လာခွင့်မရှိတော့ဘူး”

ဖုန့်ကျင်းရှားက ချက်ချင်း ဝင်ပြောသည်။

“ဒီတိုင်း ထွက်သွားခိုင်းလိုက်တာ သူ့အတွက် လွယ်လွန်းပါတယ်၊ ငါတို့ သူ့ရဲ့ ကျင့်ကြံခြင်းကိုပါ ဖျက်ဆီးပစ်ရမယ်!”

ဟိုက်မင်က ခေါင်းခါသည်။

“သူ့ကျင့်ကြံခြင်းကို ဖျက်ဆီးလိုက်လည်း ဘာမှမထူးနိုင်ဘူး၊ နတ်ဆိုးအရှင်သခင် အနားမှာ ရှိနေသေးသရွေ့ သူစွမ်းအားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘယ်သူမှ သူ့ကို ထိနိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် သူနတ်ဆိုးနယ်မြေထဲကနေ ထွက်သွားရမယ်ဆိုရင်တော့ နတ်ဆိုးအရှင်သခင်က သူ့နောက် လိုက်သွားမှာ သေချာသလောက်ရှိတယ်၊ အဲ့တာဆို နတ်ဆိုးနယ်မြေက ငါတို့အပိုင်ဖြစ်မသွားနိုင်ဘူးလား”

“နတ်ဆိုးအရှင်သခင် သူ့နောက်လိုက်မသွားဘူးဆိုရင်တောင် ကိစ္စမရှိဘူး၊ နတ်ဆိုးအရှင်သခင်ရဲ့ အကာအကွယ်မပါဘဲ ကျုံးရှောင်းရှောင်း တစ်ယောက်တည်း ထွက်သွားရင် သတ်ပစ်ဖို့က လွယ်လွယ်လေးပဲ၊ ပြီးရင် ကျုံးရှောင်းရှောင်း သေသွားတာ လူသား ကျင့်ကြံသူတွေကြောင့်လို့ အပြစ်လွှဲချလိုက်မယ်၊ အဲ့တာဆို နတ်ဆိုးအရှင်သခင် ရူးသွပ်သွားပြီး ကလဲ့စားချေဖို့ လူသားနယ်မြေကို တိုက်ခိုက်မှာ သေချာတယ်၊ သူတို့အချင်းချင်း သတ်ဖြတ်နေတာကို ငါတို့ ဒီတိုင်း ထိုင်ကြည့်နေပြီး ရလာတဲ့ အကျိုးအမြတ်တွေကို ဝင်ရိတ်သိမ်းရုံပဲလေ”

ဖန့်ကျင်းရှား စိတ်လှုပ်ရှားလွန်သဖြင့် ဟိုက်မင်၏ ပခုံးကို ရိုက်လိုက်ပါသည်။

“မဟောင်တဲ့ခွေးက ပိုကိုက်တတ်တယ်ဆိုတဲ့ ဆိုရိုးစကားက တကယ်မှန်တာပဲ၊ မင်းဒီလောက်ထိ ဉာဏ်နီဉာဏ်နက်များလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ ငါမင်းကို အထင်သေးခဲ့မိပြီ!”

ဟိုက်မင် သူ့ကို လျစ်လျူရှုလိုက်ပြီး ဆက်ပြောလိုက်သည်။

“ငါတို့လုပ်ဖို့လိုတာဆိုလို့ ၃ရက်အတွင်း ကျုံးရှောင်းရှောင်း ၅ သန်း ရမလာအောင် တားဆီးဖို့ပဲ”

ယိုပီလောက ခပ်ပါးပါး ပြုံးလိုက်သည်။

“လွယ်ပါတယ်၊ သူနဲ့ အလောင်းအစားလုပ်ထားတဲ့အကြောင်း နတ်ဆိုးတိုင်း သိသွားအောင် ညမဲ့မြို့တော်ထဲမှာ ငါသတင်းဖြန့်လိုက်မယ်၊ ဘယ်နတ်ဆိုးကမှ လူသားတစ်ယောက်ကို ညမဲ့မြို့စား ဖြစ်လာစေချင်မှာ မဟုတ်ဘူး၊ ပြီးရင် ငါတို့ ဘာမှဆက်လုပ်စရာတောင်မလိုဘူး၊ ကျုံးရှောင်းရှောင်း တစ်ပြားတစ်ချပ်မှ မရအောင် နတ်ဆိုးတွေက နည်းလမ်းပေါင်းစုံသုံးပြီး တားကြလိမ့်မယ်”

ဖုန့်ကျင်းရှား လက်ဖဝါးနှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ပွတ်လိုက်ပါသည်။

“အမှန်ပဲ! ဒါနတ်ဆိုးနယ်မြေလေ ငါတို့ပိုင်နက်ပဲ! ဒီမှာ သူစီးပွားရေးလုပ်ချင်တယ်ဆိုရင် ငါတို့ခွင့်ပြုပေးမှ ရမှာပေါ့!”

စမ့်ရှန်းမင် အားလုံးကို ကြည့်လိုက်ပြီး ကန့်ကွက်မှုမရှိကြောင်းသေချာသောအခါ အတည်ပြုလိုက်ပါသည်။

“အဲ့တာဆို သူ့ကို အခုပဲ သွားအကြောင်းကြားလိုက်ကြစို့”

ဖန့်ကျင်းရှားက စိတ်မရှည်စွာ ပြောသည်။

“မြန်မြန်သွားကြမယ်၊ သူစိတ်မပြောင်းခင် မြန်မြန်သဘောတူမှ ဖြစ်မယ်!”

ဒီလိုနှင့် နတ်ဆိုးဘုရင် ၆ ပါး အခန်းထဲ ပြန်ဝင်လာကြပါသည်။ ယန်ရုန်ရုန်က လှောင်ပြောင် သရော်လိုက်သည်။

“အခါးရည်သောက်ချိန် တစ်ဝက်တောင် မပြည့်သေးဘူး၊ ဆုံးဖြတ်ပြီးသွားကြပြီလား၊ မြန်လိုက်တာနော်”

သူမ ကမ်းလှမ်းချက်ကို ပြန်ရုတ်သိမ်းသွားမည်စိုးသဖြင့် ဖုန့်ကျင်းရှား အမြန်ပြောလိုက်ပါသည်။

“ဘာမှ လေကြောရှည်မနေနဲ့၊ ငါတို့ မင်းကမ်းလှမ်းချက်ကို သဘောတူတယ်!”

စမ့်ရှန်းမင်က ဆက်ပြောသည်။

“ဒါပေမယ့် ငါတို့ဘက်ကလည်း တောင်းဆိုစရာရှိတယ်၊ မင်းရှုံးသွားမယ်ဆိုရင် နတ်ဆိုးနယ်မြေကနေ တစ်သက်လုံးထွက်သွားရမယ်၊ ဘယ်တော့မှ ပြန်လာခွင့်မရှိဘူး”

ထိုစကားကိုကြားပြီး လင်းယွမ် သိသိသာသာ မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် သူဘာမှ မပြောနိုင်ခင် ယန်ရုန်ရုန်က ဦးစွာ ပြောလိုက်ပါသည်။

“သဘောတူတယ်!”

ကျုံးရှောင်းရှောင်း အလွယ်တကူ သဘောတူလိုက်သည်ကိုမြင်ပြီး စမ့်ရှန်းမင် ပို၍ပင် သံသယကြီးသွားခဲ့ပါသည်။

‘သူ့မှာ ဝိညာဉ်ကျောက်တုံးတွေ လိုသလောက်ရှာနိုင်တဲ့ လျှို့ဝှက်ရတနာတစ်ခုခု တကယ်ရှိနေတာများလား’

သို့သော် စကားကျွံပြီးသွားပြီဖြစ်သဖြင့် နောက်ပြန်ဆုတ်၍ မရတော့ပေ။ ထို့ကြောင့် နောက်သုံးရက်အတွင်း ကျုံးရှောင်း ရှောင်း မညစ်နိုင်အောင် စောင့်ကြည့်နေဖို့သာ ရှိတော့သည်။

စာချုပ်ကို ချက်ချင်းချုပ်ဆိုခဲ့ကြပြီး အလောင်းအစားက တရားဝင် စတင်ခဲ့ပါပြီ။

All Chapters