← Chapters

အခန်း (၁၄၀)

Vol. 14 Ch. 140

အခန်း (၁၄၀)

Vol. 14 Ch. 140

🌹Chapter 140

နတ်ဆိုးဘုရင် ၆ ပါး မြို့စားစံအိမ်မှ ထွက်သွားခဲ့ကြသည်။ သို့သော် ညမဲ့မြို့တော်အတွင်းမှ ထွက်မသွားသေးပေ။ မြို့တော်အတွင်း ယာယီတည်းခိုဖို့ နေရာတစ်ခု ရှာခဲ့ကြပါသည်။

ယန်ရုန်ရုန့် အကြံအစည်ကို လင်းယွမ်နားလည်သည်။ ဖီရှို့နတ်သားရဲ၏ အကူအညီဖြင့်သာဆိုလျှင် ဝိညာဉ်ကျောက်တုံး ၅ သန်းရဖို့ စိတ်ပူစရာမလိုအပ်ပါ။

သို့သော် လင်းယွမ် မကျေမနပ်ဖြစ်မိဆဲပင်။

“သူတို့တောင်းဆိုတာကို မင်းသဘောမတူခဲ့သင့်ဘူး”

နတ်ဆိုးနယ်မြေအတွင်းမှ ထွက်သွားရမည်ဟူသော တောင်းဆိုချက်ကို လင်းယွမ်ရည်ညွှန်းမှန်း ယန်ရုန်ရုန် သိပါသည်။ ထို့ကြောင့် သူမ ပေါ့ပေါ့တန်တန် ပြောလိုက်သည်။

“ဘာမှမဖြစ်ပါဘူး၊ ရှုံးသွားလည်း နတ်ဆိုးနယ်မြေထဲကနေ ထွက်သွားရုံပဲလေ၊ ကျွန်မအတွက် အရှုံးမရှိဘူး၊ ပြီးတော့ ဒီပွဲမှာ ကျွန်မ နိုင်မှာသေချာသလောက်ရှိတယ်၊ အဲ့တာကြောင့် သူတို့တောင်းဆိုတာကို သဘောတူလိုက်လို့ ဘာမှ ဆုတ်ယုတ် မသွားဘူး”

သူမကို လင်းယွမ် စိုက်ကြည့်လိုက်သည်။

“မင်းကိုယ့်အတွက် နည်းနည်းလေးတောင် စဉ်းစားပေးဖူးရဲ့လား၊ မင်း နတ်ဆိုးနယ်မြေထဲကနေ ထွက်သွားမယ်ဆိုရင် ကိုယ်ဆက်ဘာလုပ်ရမှာလဲ”

ယန်ရုန်ရုန် အေးအေးလူလူ ပြန်ဖြေလိုက်သည်။

“ရှင့်ဖာသာရှင် လုပ်ချင်တာလုပ်လေ”

လင်းယွမ် နှုတ်ခမ်းများ တွန့်သွားပြီး ကိုယ့်ကိုယ်ကိုယ်သရော်သော လှောင်ပြုံးမျိုး ပြုံးလိုက်သည်။

“ကိုယ့်ကို တကယ် လုံးဝ ဂရုမစိုက်ဘူးလား”

သူ့မျက်နှာပေါ်က အပြုံးကြောင့် ကျီစယ်နေသည်ဟု ထင်ရသော်လည်း သူအတည်ပေါက် မေးနေခြင်းဖြစ်မှန်း ယန်ရုန်ရုန် ခံစားနိုင်သည်။ သူမ ဂရုမစိုက်ကြောင်း ပြောလိုက်လျှင် လင်းယွမ်ကြေကွဲသွားမှာ သေချာပါသည်။

သို့သော် သူမ အမှန်အတိုင်းဖြေဖို့သာ ရွေးချယ်ခဲ့သည်။

“ဟုတ်တယ် တကယ် ဂရုမစိုက်ဘူး”

လင်းယွမ်မျက်နှာပေါ်မှ အပြုံးပျောက်ကွယ်သွားပြီး မျက်လုံးများကလည်း အထီးကျန်ဆန်ကာ နာကျင်သွားပါသည်။ သူတိုးညှင်းစွာ ရေရွတ်လိုက်သည်။

“ကိုယ့်ကို စိတ်ကျေနပ်အောင် နည်းနည်းလေးတောင် ချော့ပြောလို့ မရဘူးလား”

ယန်ရုန်ရုန် သက်ပြင်းချလိုက်သည်။

“ဘာလို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေမှာလဲ၊ သဘောမကျဘူးဆို မကျဘူးပေါ့”

သူမ၏ သဘောထားက ယခင်ကတည်းက သိသာခဲ့ပါသည်။ ဒါကိုလင်းယွမ်လည်း နားလည်မှာ သေချာသည်။ သို့သော် အမှန်တရားကို သူလက်ခံဖို့ ငြင်းဆန်နေသည်။ သူ့အပေါ် ယန်ရုန်ရုန် ခံစားချက်မရှိကြောင်းကို သူကိုယ်တိုင်က အသိအမှတ် မပြုလျှင် ပြန်ချစ်လာလိမ့်မည်ဟု ထင်နေသည့်ပုံစံပင်။

လင်းယွမ် ထုတ်မပြောနိုင်လောက်အောင် ဝမ်းနည်းသွားခဲ့ပြီး မျက်လွှာချကာ တီးတိုးရေရွတ်လိုက်ပါသည်။

“ဒါပေမယ့် အရင်တုန်းက ကိုယ့်ကို အရမ်းချစ်တယ်လို့ တဖွဖွ ပြောခဲ့ဖူးတယ်လေ၊ ကိုယ့်အသက်ကို ကယ်ဖို့အတွက် အဆုံးမဲ့အသူရာ ချောက်နက်ထဲကိုတောင် မင်းစွန့်စွန့်စားစား ဆင်းလာခဲ့တာ၊ ကိုယ့်ကို ကယ်တင်ပေးဖို့အတွက် မင်းဝိညာဉ်ရင်းမြစ်ကိုပါ အပျက်စီး ခံခဲ့တာ…၊ ပြီးတော့ ကိုယ့်နားမှာ တစ်သက်လုံးနေပါ့မယ်လို့ ကတိလည်း ပေးခဲ့တယ်၊ အဲ့ဒီကတိကို ပြန်ရုတ်သိမ်းလို့ မရဘူးလေ”

ယခင်တုန်းက စနစ်မစ်ရှင်များ အောင်မြင်ဖို့အတွက် ယန်ရုန်ရုန် အချစ်အတွက် ဘာမဆို စွန့်စားရဲသည့် ‘အချစ်ရူး’တစ်ယောက်လို ဟန်ဆောင်ခဲ့ရသည်။ အမှန်တကယ်တော့ ထိုပုံစံကို သူမ အစက်ဆုပ်ဆုံးဖြစ်သည်။

‘စနစ်မစ်ရှင်’များအကြောင်း သူမ ထုတ်ပြောလို့မရသော် လည်း သူမမဟုတ်သည့် အခြားသူတစ်ယောက်အဖြစ် ဆက်ပြီး ဟန်ဆောင်လိုစိတ်မရှိတော့ပါ။

ထို့ကြောင့် သူမ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“ရှင့်ကို အသူရာချောက်နက်ထဲကနေ ကယ်ခဲ့တာက ကျွန်မမှာ တခြား အကြံအစည်ရှိနေလို့ပဲ၊ ရှင့်ကို ချစ်တယ်လို့ ပြောခဲ့တုန်းကလည်း ကျွန်မ လိမ်ခဲ့တာ၊ လင်းယွမ်… အစကနေ အဆုံးအထိ ကျွန်မရှင့်ကို လုံးဝ သဘောမကျခဲ့ဖူးဘူး”

လင်းယွမ် သူမကို စိုက်ကြည့်ရင်း ကြက်သေသေသွားခဲ့သည်။

အချိန်အတော်ကြာမှ အလွန်တိုးညှင်းစွာ သူမေးလိုက်ပါသည်။

“အဲ့တာဆို မင်းတကယ်ချစ်တာက ဘယ်သူလဲ၊ ရှန်းဝမ်ချင်းလား”

ယန်ရုန်ရုန် မေးခွန်းတစ်ခုဖြင့် ပြန်လည် တုန့်ပြန်ခဲ့သည်။

“ကျွန်မက ဘာလို့ တခြားတစ်ယောက်ကို ချစ်မှဖြစ်မှာလဲ၊ ကိုယ့်ကိုယ်ကိုယ် ချစ်လို့ကော မရဘူးလား”

တစ်ကိုယ်ကောင်းဆန်သည်ဟု ထင်ရသော်လည်း သူမ၏ ခံစားချက်အစစ်အမှန်ပင်။ လင်းယွမ်ဖြစ်စေ၊ ရှန်းဝမ်ချင်းဖြစ်စေ၊ ဟမ်ယဲ့ဖြစ်စေ၊ ရှုယင်ဖြစ်စေ အားလုံးကိုရည်ရွယ် ချက်တစ်ခုတည်းကြောင့် သူမ ချဉ်းကပ်ခဲ့ရခြင်း ဖြစ်သည်။

သူတို့အပေါ် ဘယ်လောက်ပဲ ကောင်းပြခဲ့ပါစေ နောက်ဆုံးမှာတော့ သူမကိုယ်ကျိုးအတွက်သာ သူမကြိုးစားခဲ့ခြင်းဖြစ်သည်။

သူမအမြဲတမ်း ချစ်မြတ်နိုးခဲ့သူက သူမကိုယ်တိုင်ပင်။

ထို့ကြောင့်ပဲ ရှန်းဝမ်ချင်း၏ အချစ်စစ်က ဘယ်သူဖြစ်နေပါစေ သူမ ဂရုမစိုက်ခဲ့ပါ။ လင်းယွမ် ဘယ်လောက်ပဲ အေးစက်ပြီး နှလုံးသားမဲ့ခဲ့ပါစေ သူမ ဂရုမစိုက်ခဲ့ပါ။ သူမ၏ မေတ္တာတရားများကို ဟမ်ယဲ့ ရန်လိုမှုဖြင့် တုန့်ပြန်ခဲ့သော်လည်း သူမ ဂရုမစိုက်ခဲ့ပါ။ သူမကို စတွေ့သည့်အချိန်မှစလို့ ရုပ်သေးရုပ်တစ်ရုပ်သဖွယ် အသုံးချခဲ့သည့် ရှုယင်၏ လုပ်ရပ်များကိုလည်း သူမ ဂရုမစိုက်ခဲ့ပါ။

သူမ ဂရုစိုက်သည့် တစ်ခုတည်းသောအရာက စနစ်မစ်ရှင် အောင်မြင်ဖို့သာ။

သူတို့နှလုံးသားထဲ ဘာတွေပဲ ခံစားနေရပါစေ သူမနှင့် မသက်ဆိုင်ပေ။

လင်းယွမ် ထပ်မံ မှင်သက်သွားခဲ့ရသည်။ ထိုအဖြေကို သူတကယ် မျှော်လင့်မထားခဲ့ပါ။

ဒီလောက်ထိ ပွင့်ပွင့်လင်းလင်း ပြောပြီးခဲ့ပြီဖြစ်သဖြင့် သူမ၏ သရုပ်မှန်ကို လင်းယွမ်မြင်သွားလောက်ပြီဟု ယန်ရုန်ရုန် ယူဆခဲ့သည်။

လင်းယွမ်ရှေ့သို့ ‘ကျုံးရှောင်းရှောင်း’အဖြစ် ပထမဆုံးအကြိမ် ရောက်လာခဲ့စဉ်က ဖြူရှင်ရိုးသားသည့် ပုံစံမျိုး ဟန်ဆောင်ပြခဲ့သည်။

သူ့နားမှာ အမြဲတမ်းလိုလို ကပ်နေတတ်ကာ သူ့အတွက် အရာအားလုံးကို ပေးဆပ်ခဲ့သည်။ အခြားသူတွေ သူမကို ဘယ်လိုပဲ မြင်နေပါစေ သူမ ဂရုမစိုက်ခဲ့ပါ။ သူမ မျက်ဝန်းများနှင့် နှလုံးသားတို့က လင်းယွမ်အတွက်သာ ဖြစ်ခဲ့သည်။

သို့သော် ထို ‘ကျုံးရှောင်းရှောင်း’ဟူသည်မှာ လင်းယွမ်အတွက် ယန်ရုန်ရုန် သီးသန့်ဖန်တီးပေးခဲ့သည့် သရုပ်တစ်ခုသာ ဖြစ်သည်။ လင်းယွမ် အသူရာချောက်နက်အတွင်းမှ လွတ်မြောက်လာခါစက သူ့နှလုံးသားထဲ အငြှိုးတရားများဖြင့် ပြည့်နှက်နေကာ ကလဲ့စားချေဖို့သာ ဆန္ဒရှိခဲ့သည်။

ထို့ကြောင့် ရိုးသားဖြူစင်ပြီး သဘောထားကြည်ဖြူသည့် ကျုံးရှောင်းရှောင်းဟူသည့် မိန်းကလေးက သူ့ဒဏ်ရာများအတွက် ကုစားရာဖြစ်ခဲ့ပါသည်။

ထိုရိုးသားဖြူစင်သည့် ကျုံးရှောင်းရှောင်းကို လင်းယွမ် မြတ်နိုးသည်။ သို့သော် ထိုမိန်းကလေးက စိတ်ကူးယဉ် ဇာတ်ကောင်တစ်ကောင်သာဖြစ်ပါသည်။ ထိုအချက်ကို လင်းယွမ်အား နားလည်စေချင်သည်။ သူမက ကျုံးရှောင်းရှောင်း မဟုတ်တော့ပေ။ ထိုဇာတ်ကောင်အဖြစ် သူမ ဆက်သရုပ်မဆောင်နိုင်တော့ပါ။

လင်းယွမ် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ကိုယ်မင်းအပေါ် ကောင်းကောင်းဂရုမစိုက်ခဲ့မိလို့ မင်းအရမ်းစိတ်ဆိုးပြီး ကိုယ့်ကိုထားခဲ့တာလို့ ထင်ထားခဲ့တာ…”

ယန်ရုန်ရုန် ရိုးရိုးသားသား ပြန်ပြောလိုက်ပါသည်။

“ရှင့်နားမှာ နေခဲ့ရတဲ့ နှစ်တွေအတွင်း ကျွန်မတကယ်လည်း ဒုက္ခအများကြီးခံစားခဲ့ရတယ်”

“ကိုယ့်ကို ရုတ်တရက် ထားခဲ့ရတဲ့အကြောင်းအရင်းက ကိုယ့်ကို စိတ်ကုန်သွားလို့၊ တခြားတစ်ယောက်ကို ချစ်မိသွားလို့ မဟုတ်ဘဲ… မင်းလိုချင်တဲ့အရာကို ရသွားလို့ပေါ့၊ အဲ့တာကြောင့် ကိုယ်က မင်းအတွက် ဘာမှ အသုံးမဝင်တော့လို့ ထားခဲ့တာပေါ့၊ ဟုတ်လား”

ယန်ရုန်ရုန် ခေါင်းညိတ်ကာ အတည်ပြုပေးလိုက်သည်။

“အမှန်ပဲ”

လင်းယွမ်ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိသည်။ ထို့နောက်အရွဲ့တိုက်ကာ ပြောလိုက်သည်။

“မင်း တော်တော် ရိုးသားတာပဲ!”

“ကျွန်မ လိမ်ညာစရာမှ မလိုတော့တာ”

ယန်ရုန်ရုန် တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်ပါသည်။

“ကိုယ့်ကို ဆက်လိမ်နေလည်း မင်းအတွက် ဘာအကျိုးအ မြတ်မှ မရနိုင်တော့ဘူးလို့ ခံစားရလို့ အားကုန်ခံပြီးတောင် မလိမ်ချင်တော့လား”

လင်းယွမ်၏ လေသံက စူးရှပြီးရန်လိုနေသော်လည်း ယန်ရုန်ရုန် စိတ်မဆိုးပါ။

သူမ ခေါင်းထပ်ညိတ်လိုက်သည်။

“အင်း အဲ့တာကြောင့်လည်း ပါတယ်”

ဒါတွေအကုန်ပြောပြီးလျှင် လင်းယွမ် ကျိန်းသေပေါက် အမျက်ဒေါသကြီးမားသွားလိမ့်မည်ဟု ယန်ရုန်ရုန် ထင်ခဲ့သည်။ သူက နတ်ဆိုးအရှင်သခင်တစ်ပါးဖြစ်သဖြင့် သူ့ခံစားချက်ကို သူများက အရုပ်လိုကစားသွားသည့်အဖြစ်အား လက်ခံနိုင်မည် မထင်ပါ။

ထို့ကြောင့် သူမကို လင်းယွမ် ကလဲ့စားပြန်ချေတော့မည်အထင်နှင့် အရာရာပြင်ဆင်ထားခဲ့သည်။ သူ့ကို အနိုင်မယူနိုင်လျှင်တောင် လျို့လန်နှင့် လောလောတို့ကို ဆင့်ခေါ်နိုင် သည်။ ရှေးဟောင်းသားရဲနှစ်ကောင်၏ စွမ်းအားနှင့်သာဆို အနည်းဆုံးတော့ သူမ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်နိုင်ပါသည်။

လင်းယွမ် သူမကို ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ အချိန်အကြာကြီးငေးကြည့်နေခဲ့သည်။

ထို့နောက် သူပြောလိုက်ပါသည်။

“မင်းက တစ်ကိုယ်ကောင်းဆန်ရုံတင်မကဘူး နှလုံးသားလည်းမဲ့တယ်”

ယန်ရုန်ရုန် ဝန်ခံလိုက်သည်။

“ဟုတ်တယ်၊ အဲ့တာ ကျွန်မရဲ့ ပုံစံအစစ်အမှန်ပဲ”

ဒီလို တစ်ကိုယ်ကောင်းဆန်ပြီး နှလုံးသားမဲ့သည့် မိန်းမတစ်ယောက်ကို သဘောကျသည့် ယောက်ျားမျိုး ကမ္ဘာပေါ်တွင် ရှိမည်မထင်ပါ။ သို့သော် လင်းယွမ် ရုတ်တရက် ပြုံးလိုက်ပြီး ခပ်သဲ့သဲ့ ရယ်မောလိုက်ပါသည်။

“မင်းပုံစံအစစ်အမှန်က ဒီလိုကိုး… စိတ်ဝင်စားစရာပဲ၊ ငါမင်းကို ပိုပိုပြီးသဘောကျလာပြီ”

ထိုတုန့်ပြန်မှုကို ယန်ရုန်ရုန် လုံးဝ မျှော်လင့်မထားခဲ့ပေ။ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ယန်ရုန်ရုန် ထပ်ပြောလိုက်သည်။

“ကျွန်မက ကျုံးရှောင်းရှောင်းမဟုတ်ဘူး၊ ရှင်သဘောကျတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး”’

လင်းယွမ် ခေါင်းညိတ်လိုက်သည်။

“ငါ မြင်ပြီးပါပြီ”

သူတို့ ပြန်ဆုံတွေ့သည့်အချိန်ကတည်းက ထိုမိန်းကလေးမှာ သူသိခဲ့သည့် ကျုံးရှောင်းရှောင်းနှင့် အကျင့်စရိုက်ချင်း လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေမှန်း လင်းယွမ် မြင်နိုင်ပါသည်။ သူ မျက်ကန်းမဟုတ်ပေ။

သို့သော် သူဒေါသမထွက်ခဲ့ပါ။ အမှန်တော့ ပိုလို့စိတ်ဝင်စားသွားခဲ့သည်။ ယခင်တုန်းက ကျုံးရှောင်းရှောင်းကိုကော၊ ယခု သူ့ရှေ့မှာ ရှိနေသည့် မိန်းကလေးကိုကော သူစွဲလမ်းမိသည်။

လင်းယွမ်၏ စိတ်ဝင်တစားဖြစ်နေသော မျက်နှာအမူအရာကိုကြည့်ရင်း ယန်ရုန်ရုန် ရှန်းဝမ်ချင်းကို အမှတ်ရမိသည်။ သူတို့ စရိုက်လက္ခဏာများက လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေကြသော်လည်း သူမ၏ သရုပ်မှန်ကို သိရှိသွားကြသောအခါ နှစ်ယောက်စလုံး၏ တုန့်ပြန်ပုံများက ထူးထူးဆန်းဆန်း ဆင်တူနေကြပါသည်။

သူမ ဘယ်သူဘယ်ဝါဖြစ်နေပါစေ နှစ်ယောက်စလုံး မမှုခဲ့ကြပေ။

ယန်ရုန်ရုန် အမှန်တကယ် နားမလည်နိုင်တော့ပါ။

“ကျွန်မ နားမလည်ဘူး၊ ကျွန်မက ဘာများသဘောကျစရာကောင်းနေလို့လဲ”

ရှန်းဝမ်ချင်းနှင့် လင်းယွမ်တို့ကို သူမ ပြုစားပြီး ညှို့ယူထားသည်ဟု သူစိမ်းတွေ ကောလဟာလ လွှင့်ကြသည်မှာ မဆန်းတော့ပါ။

သူမအပေါ် သူတို့တွေ စွဲလမ်းနေပုံက သာမန်အတိုင်းအတာထက် ကျော်လွန်နေပါပြီ။ သူမကိုယ်တိုင်သာ ဝိညာဉ်ပိုးကောင်များအကြောင်း သိမထားလျှင် သူတို့ကို မတော်တ ဆများ ပြုစားထားမိသလားဟု ကိုယ့်ကိုယ်ကိုယ် သံသယဝင်မိလောက်သည်။

All Chapters