အခန်း (၁၄၁)
Vol. 15 Ch. 141
🌹Chapter 141
လင်းယွမ် လေးလေးနက်နက် သေချာစဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ကိုယ်လည်းမသိဘူး၊ အသူရာချောက်နက်ထဲက ကိုယ်လွတ်မြောက်လာပြီး မျက်လုံးတွေဖွင့်လိုက်လို့ မင်းကို မြင်လိုက်ရတဲ့ အခိုက်အတန့်ကစပြီး ကိုယ်မင်းကို ထိန်းမနိုင်သိမ်းမရဖြစ်အောင် စွဲလမ်းသွားခဲ့တာ၊ ‘မြင်မြင်ချင်း ချစ်မိတယ်’ဆိုတာ အဲ့တာကို ခေါ်တာထင်တယ်နော်”
ယန်ရုန်ရုန် မချဉ်မငန် ပြန်ပြောလိုက်သည်။
“ကျွန်မ မျက်နှာကို မြင်မြင်ချင်း တဏှာစိတ်ဝင်လာတာဆို ပိုမမှန်ဘူးလား”
လင်းယွမ် ရယ်မောလိုက်ပါသည်။
“ဟား… အဲ့လိုဆိုလည်း မမှားဘူး၊ မင်းမျက်နှာလေးကို ကိုယ်တကယ် သဘောကျတယ်၊ မင်းအသံလေးကော၊ မင်းဒေါသထွက်တဲ့အခါ လုပ်တတ်တဲ့ အမူအရာလေးတွေကော၊ နာကျင်နေတဲ့အချိန် မင်းရဲ့ သနားစရာ မျက်နှာပုံစံလေးကိုကော… ကိုယ့်ကို ရက်ရက်စက်စက် ငြင်းဆန်တဲ့အချိန်မှာတောင် မင်းမျက်နှာပေါ်က အမူအရာလေးတွေကို ကိုယ်သဘောကျတယ်၊ အတိုချုန်းပြောရရင် မင်းနဲ့ပတ်သတ်တာမှန်သမျှကို ကိုယ်သဘောကျနေမှာပဲ”
တစ်ခါတလေ လင်းယွမ် ကိုယ့်ကိုယ်ကိုယ်ပင် ထူးဆန်းသည်ဟု ခံစားမိပါသည်။ သူ့အကြိုက်မှန်သမျှနှင့် ကိုက်ညီမှု ရှိနေသည့် မိန်းကလေးတစ်ယောက် ဒီကမ္ဘာပေါ်မှာ ရှိနေသည်မှာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။
သူမ ဘာပြောပြော၊ ဘာလုပ်လုပ် လင်းယွမ် အမြဲတမ်း သဘောကျနေတတ်သည်။ သူမအနားမှာ ရှိနေသည့် အခါတိုင်း သူ့အကြည့်များက သူမဆီကိုသာ ရောက်ရောက်သွားတတ်သည်။
နှလုံးသားထဲမှ ပေါက်ဖွားလာသည့် သံယောဇဉ်တစ်ခုဟု ဆိုနိုင်သည်။ အချိန်တွေကြာလာသော်လည်း မှေးမှိန်မသွားဘဲ တစ်ဦးနှင့်တစ်ဦး ပတ်သတ်မှုများမှတဆင့် ပိုမိုခိုင်မြဲလာတတ်သော သံယောဇဉ်တစ်ခုပင်။
ယန်ရုန်ရုန်ကတော့ သူ့စကားချိုချိုများကို ရင်ထဲ မထားခဲ့ပါ။ လင်းယွမ်က အမြဲတမ်း ဒီပုံစံပဲဖြစ်သည်။ ကဗျာဆန်ဆန် စကားလုံးများကို စိတ်ရှိတိုင်းပြောတတ်သဖြင့် သူ့စကားတွေကို အတည်ယူဖို့ ခက်ပါသည်။
ယန်ရုန်ရုန် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ရှင်တော်တော် ထူးဆန်းတာပဲ၊ တခြားသူတွေသာဆို သူတို့ရဲ့ ခံစားချက်တွေ လှည့်စားခံရမှန်းသိရင် အချစ်ကနေ အငြှိုးတရားအဖြစ်တောင် ပြောင်းလဲသွားနိုင်တယ်၊ ရှင်ကတော့ ကျွန်မကို မမုန်းတဲ့အပြင် အရင်အခြေအနေကို ပြန်ရောက်အောင် ဘာလို့ ခေါင်းမာမာနဲ့ ကြိုးစားနေတာလဲ၊ ကိုယ့်ကိုယ်ကိုယ် သိက္ခာကျတယ်လို့ မခံစားရဘူးလား”
လင်းယွမ် ထပ်မံရယ်မောလိုက်သည်။
“ကိုယ်မင်းကို မမုန်းခဲ့ဖူးဘူးလို့ ဘာလို့ တပ်အပ်ပြောနိုင်ရတာလဲ”
ရွှမ်တောင်ထိပ်တွင် အခြားယောက်ျားသုံးဦးနှင့် ထိပ်တိုက်ဆုံခဲ့ရပြီး သူမအကြောင်းကို အမှန်အတိုင်း သိခဲ့ရစဉ်က မုန်းတီးလွန်းသဖြင့် နေရာမှာတင် လည်ပင်းညှစ်သတ်ချင်စိတ်များပင် ပေါ်လာခဲ့ပါသည်။ သို့သော် ထိုခံစားချက်က တခဏတာမျှ ဖြစ်ပေါ်လာသော ဒေါသကြောင့်သာ။ သူမကို အမှန်တကယ် မသတ်ရက်ခဲ့ပါ။
ထို့နောက်ပိုင်း အခြားသူတွေရှေ့မှာ ‘ကျုံးရှောင်းရှောင်း’ကို တမင်တကာ မုန်းတီးချင်ယောင် ဆောင်ပြရပြီး ဖမ်းမိလျှင် ချက်ချင်းသတ်ပစ်မည်ဟု အကြိမ်ကြိမ်ကြုံးဝါးခဲ့တုန်းကလည်း သူ့နှလုံးသားက သူမကို ချစ်မြတ်နိုးနေဆဲဖြစ်မှန်း ကိုယ့်အကြောင်းကိုယ် နားလည်ခဲ့သည်။
သူ့နှုတ်မှ ထွက်လာသည့် စကားလုံးများက ဘယ်လောက်ပဲ အဆိပ်ပြင်းခဲ့ပါစေ သူမဘေးကင်းလုံခြုံမှုအတွက် အမြဲ တမ်းစိုးရိမ်ပူပန်ခဲ့ရသည်။
အထူးသဖြင့် ချင်းရှားလျှို့ဝှက်နယ်မြေအတွင်း သူမ ထောင်ထျဲသားရဲ၏ ဝါးမျိုခြင်းကို ခံလိုက်ရသောအခါ လင်းယွမ် ရင်ထဲ စူးနင့်သွားခဲ့ပြီး အရိုးထဲထိအေးစိမ့်ကာ ရူးသွပ်လုနီး ပါးဖြစ်ခဲ့ရသည်။ သူ့ဘဝမှာ ထိုကဲ့သို့ အကြောက်တရားမျိုး တစ်ခါမှ မခံစားခဲ့ရဖူးပေ။
ထိုအဖြစ်အပျက်နှင့် ကြုံရခါမှ အကြောက်တရားဟူသည်ကို သူနားလည်ခဲ့ရသည်။ သူမ သေဆုံးသွားမှာကို ကြောက်ရွံ့ခဲ့သည်။ သူမကို တစ်သက်လုံး ထပ်မမြင်နိုင်တော့မှာ ကြောက် ရွံ့ခဲ့သည်။ သူတို့နှစ်ဦး ထပ်ပြီးမဆုံစည်းနိုင်တော့မှာကို ကြောက်ရွံ့ခဲ့ရပါသည်။
ကံကောင်းစွာဖြင့် သူမ မသေဆုံးခဲ့ပါ။ သူအကြောက်ရွံ့ဆုံးအရာ အမှန်တကယ်ဖြစ်မလာခဲ့ပေ။
ထိုကိစ္စတွေ ပြီးဆုံးသွားသည်မှာ ကြာပြီဖြစ်သော်လည်း ပြန်တွေးမိတိုင်း သူ့နှလုံးသား နက်နက်ရှိုင်းရှိုင်းထဲကြောက်ရွံ့ချောက်ချားမိဆဲပင်။ ထိုအဖြစ်ကို ထပ်ပြီးမမှတ်မိချင်တော့ပါ။
လက်ရှိလင်းယွမ်အတွက် ယန်ရုန်ရုန် အသက်ရှင်နေပြီး သူ့ဘေးနားမှာ ရှိနေသေးသရွေ့ အရာအားလုံး ပြည့်စုံနေပါပြီ။ သူ့ခံစားချက်များကို ယန်ရုန်ရုန်လှည့်စားခဲ့သော်လည်း ချစ်သူရည်းစားများ စိတ်ကောက်သည့် အခိုက်အတန့်လေး တစ်ခုဟုသာ မှတ်ယူခဲ့သည်။ အော်ဟစ်ဆဲဆိုမှုများ ပြီးဆုံးသွားသည့်အခါ တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ပေးပြီး အချစ်တွေ ပိုတိုးလာပါလိမ့်မည်။ ထို့ကြောင့် သူ့ရင်ထဲ အငြှိုးအတေးမထားခဲ့ပေ။
သို့သော် ယန်ရုန်ရုန်ကတော့ သူ့အတွေးအခေါ်ကို နားမလည်နိုင်ပါ။ သူမ မေးလိုက်သည်။
“ကျွန်မကို မုန်းတယ်ဆိုရင် ဘာလို့ အနားမှာ ခေါ်ထားသေး တာလဲ”
လင်းယွမ် အေးအေးလူလူ ပြန်ဖြေလိုက်သည်။
“သေချာနားထောင်၊ ကိုယ်မင်းကို ‘မုန်းခဲ့တာ’၊ အခု မမုန်းတော့ဘူး၊ အခု ကိုယ်တို့ဘဝက သာသာယာယာပဲလေ၊ မင်းနဲ့ နေ့တိုင်းအတူတူ ရှိခွင့်ရမယ်ဆိုရင် ရန်ဖြစ်နေရတာတောင် ကိုယ့်အတွက် ပျော်ရွှင်စရာကောင်းတယ်၊ တစ်သက်လုံး ကိုယ့်ဘဝကို မပြောင်းလဲဘဲ ဒီလိုလေးပဲနေသွားချင်တယ်”
ယန်ရုန်ရုန် လေးလေးနက်နက် သတိပေးလိုက်သည်။
“ကျွန်မ ရှင့်ကို မချစ်ဘူးနော်”
လင်းယွမ် ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။
“ကိုယ်သိပါတယ်”
“ကျွန်မဆီက ခံစားချက်ပါတဲ့ ဘာတုန့်ပြန်မှုမှ ရမှာမဟုတ်ဘူး”
လင်းယွမ် သက်ပြင်းချလိုက်သည်။
“ကိုယ်သိပါတယ်”
ယန်ရုန်ရုန် မျက်မှောင်များ ပိုကြုတ်သွားခဲ့ရသည်။
“ရှင်တကယ် ထူးဆန်းတာပဲ”
ကမ္ဘာကြီးထဲတွင် အရူးတစ်ယောက်မှအပ ကိုယ့်အတွက် အကျိုးအမြတ်မရနိုင်သည့် အရာတစ်ခုအတွက် အရာရာပေးဆပ်မည့်လူမျိုး မရှိနိုင်လောက်ပါ။ လင်းယွမ်က အရူးမဟုတ်ပေ။ အလွန်ဉာဏ်နီဉာဏ်နက်များသူ ဖြစ်သည်။
ထိုစဉ် လင်းယွမ် သမ်းဝေလိုက်သည်။
“ကိုယ့်အချစ်လေး အားကုန်ခံမနေစမ်းပါနဲ့၊ ရှောင်းရှောင်း နှလုံးသားမဲ့တဲ့ စကားတွေ ဘယ်လောက်ပဲပြောပြော ကိုယ့်ကို လက်လျှော့အောင် လုပ်နိုင်မှာမဟုတ်ဘူး၊ ဘာမှပြောစရာမရှိတော့ရင် အိပ်ရာထဲလာပြီး ကိုယ်နဲ့ ခဏလောက်အိပ်စမ်းပါ၊ ကိုယ်အိပ်ငိုက်လာပြီ”
ယန်ရုန်ရုန် ငြင်းလိုက်သည်။
“ကျွန်မ မအိပ်ချင်သေးဘူး၊ ကိုယ့်ဖာသာကိုယ်အိပ်”
ထို့နောက် ယန်ရုန်ရုန် အခန်းထဲမှ လှည့်ထွက်လာခဲ့ပါသည်။
လင်းယွမ်က လှမ်းမေးလိုက်သည်။
“ဘယ်သွားမလို့လဲ”
“လောလောကို သွားရှာမလို့”
ဒါကိုကြားတော့ ဝိညာဉ်ကျောက်တုံး ၅ သန်းကိစ္စ ဆွေးနွေးဖို့ဖြစ်မှန်း လင်းယွမ်နားလည်သွားသည်။ ထို့ကြောင့် ဆက်မတားတော့ဘဲ အိပ်ရာထဲ ပြန်လှဲနေလိုက်ကာ ဝတ်ရုံထဲမှ လက်ကိုင်ပဝါလေးတစ်ထည်ကိုထုတ်ပြီး နှာခေါင်းနား ကပ်လိုက်သည်။ လက်ကိုင်ပဝါလေးတွင် ယန်ရုန်ရုန့် ကိုယ်သင်းရနံ့လေးများ သင်းပျံ့နေပါသည်။
ထိုလက်ကိုင်ပဝါက ယန်ရုန်ရုန့် လက်ကိုင်ပဝါဖြစ်သည်။ သူမလက်ကို တစ်ကြိမ်လောက်သုတ်ပြီး မေ့လျော့ကာ ချန်ထားခဲ့သဖြင့် လင်းယွမ် ခိုးသိမ်းထားခဲ့ပါသည်။ ယခု ထိုလက်ကိုင်ပဝါလေးကို ဖြန့်လိုက်ပြီး သူ့မျက်နှာပေါ်အုပ်ကာ မျက်လုံးများမှိတ်လိုက်ရာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။
ယန်ရုန်ရုန်လည်း လောလောကို ရှာတွေ့သွားပြီး သူမကို လင်းယွမ်က ညမဲ့မြို့တော်ပေးလိုက်ပြီဖြစ်ကြောင်းပြောပြခဲ့သည်။ လောလော အလောင်းအစားရှုံးနိမ့်သွားပြီဖြစ်သဖြင့် သူ့ဝတ်ရုံထဲမှ ရွှေအကြေးခွံတစ်ခုကို တွန့်ဆုတ်စွာထုတ်ပေးလိုက်ရပါသည်။
ယန်ရုန်ရုန် ရွှေအကြေးခွံကို လှမ်းယူလိုက်သည်။ ထုံးစံအတိုင်းပဲ လောလောက အလွန်နာကျင်နေသည့် မျက်နှာထားဖြင့် ရွှေအကြေးခွံကို လက်ထဲခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားဆဲပင်။ သူ့မျက်နှာကို ကြည့်ပြီး ယန်ရုန်ရုန် ရယ်ချင်သွားရသည်။
ထိုမျက်နှာကို သေချာအရသာခံပြီးမှ ယန်ရုန်ရုန် လက်လွှတ်ကာ ပြောလိုက်သည်။
“ဒီရွှေအကြေးခွံကို ကျွန်မ မယူတော့လို့ရတယ်၊ ဒါပေမယ့် ကျွန်မအတွက် ရှင်တစ်ခုခု ပြန်လုပ်ပေးရမယ်”
အကြေးခွံကို ပေးစရာမလိုကြောင်း ကြားလိုက်သည်နှင့် လောလောချက်ချင်း ပြန်ဆွဲယူလိုက်ပါသည်။ ထို့နောက် ယန်ရုန်ရုန်၏ တောင်းဆိုချက်ကို မေးမြန်းလိုက်သည်။
“ကျွန်မ ၃ ရက်အတွင်း ဝိညာဉ်ကျောက်တုံး ၅ သန်းရအောင် ရှာမယ်လို့ လူတချို့နဲ့ အလောင်းအစားလုပ်ထားတယ်၊ အဲ့တာကြောင့် ရှင့်အကူအညီကို လိုတယ်”
၅ သန်းဟူသည့်ပမာဏက ကြောက်စရာကောင်းသည့် ပမာဏတစ်ခုဖြစ်သော်လည်း လောလောအတွက်တော့ ပမွှားသာသာ ရှိပါသည်။ ထို့ကြောင့် မဆိုင်းမတွ သဘောတူလိုက်သည်။
“ရတယ်!”
ထို့နောက် ယန်ရုန်ရုန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်ပြီး လောလော သတိပေးလိုက်ပါသည်။
“ငါမင်းကို ၅ သန်းရအောင် ကူညီပေးပြီးရင် ငါ့ဆီက အကြေးခွံတွေ ထပ်မတောင်းရဘူးနော်”
သူ့စကားကို ယန်ရုန်ရုန် စိတ်ဝင်စားသွားသည်။
“ရှင့်အကြေးခွံတွေက ဝိညာဉ်ကျောက်တုံး ၅ သန်းထက် တကယ် တန်ဖိုးရှိတာလား”
လောလော ရွှေအကြေးခွံကို သေချာ ပြန်သိမ်းရင်းလေးလေး နက်နက် ရှင်းပြလိုက်ပါသည်။
“မင်းနားမလည်ပါဘူး၊ ဒီအကြေးခွံတွေက ငါ့အပိုင်လေ၊ ငါပိုင်တဲ့ပစ္စည်းကို အခြားသူတွေဆီ မပေးချင်ဘဲ ပေးနေရတာ ငါ့သဘာဝ မဟုတ်ဘူး၊ ဒါပေမယ့် အဲ့ဒီ ဝိညာဉ်ကျောက်တုံး ၅ သန်းကတော့ မတူဘူး၊ အဲ့ဒီဝိညာဉ်ကျောက်တုံး ၅ သန်းက ငါ့အိတ်ကပ်ထဲ မရောက်သေးဘူးဆိုတော့ ငါ့အပိုင်လို့ ပြောလို့မရဘူး၊ ငါ့အပိုင်မဟုတ်ရင် ငါလည်းဂရုစိုက်စရာ မလိုဘူးလေ”
‘ဖီရှို့နတ်သားရဲ ပီသပါပေတယ်’
ယန်ရုန်ရုန် ချက်ချင်း သတိပေးလိုက်သည်။
“ဒီ ၃ ရက်အတွင်း ရှင်ရထားတဲ့ ဝိညာဉ်ကျောက်တုံးတွေအကုန်လုံးကို ကျွန်မလက်ထဲ ထည့်ရမယ်နော်၊ ခိုးကြောင် ခိုးဝှက်သိမ်းမထားရဘူး နားလည်လား”
ဒီလို ကပ်စေးနည်းပုံမျိုးနှင့်သာဆို သူ့အိတ်ကပ်ထဲ ရောက်သွားသည့်အရာက ပြန်ထွက်လာဖို့ လမ်းစမရှိပါ။
လောလော အလွယ်တကူ သဘောတူလိုက်ပါသည်။
“ကောင်းပြီလေ”
ထို့နောက် သူ စိတ်ဝင်တစား မေးလိုက်သည်။
“မင်းဘယ်သူနဲ့ အလောင်းအစားလုပ်ခဲ့တာလဲ”
“နတ်ဆိုးနယ်မြေထဲက နတ်ဆိုးဘုရင် ၆ ပါးနဲ့”
လောလော ထပ်မမေးနိုင်ခင် သူမ ဆက်ရှင်းပြလိုက်သည်။
“သူတို့ကလည်း ညမဲ့မြို့တော်ကို လိုချင်နေကြတာ၊ ဒါပေမယ့် လင်းယွမ်က ကျွန်မကိုပဲ ပေးတာလေ၊ အဲ့တာကို သူတို့လက်ခံအောင်လို့ သုံးရက်အတွင်း ဝိညာဉ်ကျောက်တုံး ၅ သန်းရအောင် ရှာပြမယ်လို့ စိန်ခေါ်ခဲ့တာ”
အခြေအနေကို လောလော ရုတ်တရက် နားလည်သွားပြီး ဒေါသထွက်သွားခဲ့သည်။
“အဲ့တာဆို ညမဲ့မြို့တော်က မင်းအပိုင် မဟုတ်သေးဘူးဆိုတဲ့ သဘောပေါ့! မင်းငါ့ကို မနိုင်သေးဘူးလေ! မင်းညစ်ပတ်တာပဲ!”
ယန်ရုန်ရုန် ချိုချိုမြိန်မြိန်ပြုံးလိုက်သည်။
“ကျွန်မတို့ လောင်းကြေးထပ်ခဲ့တုန်းက ကျွန်မကို လင်းယွမ် ညမဲ့မြို့တော်ပေးရင် နိုင်မယ်လို့ ရှင်ပဲပြောခဲ့တာလေ၊ အခုလည်း သူကျွန်မကို တကယ်ပေးခဲ့တာပဲ၊ ပိုင်သေးတာ မပိုင်သေးတာက နောက်မှ၊ အဲ့တော့ သဘောတူညီထားတဲ့အတိုင်း ကျွန်မဘက်က အောင်မြင်သွားပြီ၊ အဲ့တာ ညစ်ပတ်တာမှ မဟုတ်တာ~”
လောလော ငိုချင်သွားသည်။ သူအလိမ်ညာခံလိုက်ရရုံတင်မကဘဲ ယခု သူမအတွက်ပါ အလုပ်ကြမ်းလုပ်ပြီး ဝိညာဉ်ကျောက်တုံး ၅ သန်း ရှာဖွေပေးရပါဦးမည်။