← Chapters

အခန်း (၁၄၂)

Vol. 15 Ch. 142

အခန်း (၁၄၂)

Vol. 15 Ch. 142

🌹Chapter 142

နတ်ဆိုးဘုရင် ၆ ပါး ညမဲ့မြို့တော်အတွင်း အခြေချပြီးနောက် မြို့စားစံအိမ်ကို သေသေချာချာ စောင့်ကြည့်နေခဲ့ကြသည်။ ကျုံးရှောင်း ဘယ်လိုလုပ်ငန်းမျိုး လုပ်မလဲ သူတို့ စိတ်ဝင်စားနေကြပါသည်။

ထိုအလောင်းအစားကိစ္စက ညမဲ့မြို့တော်အတွင်း တောမီးလို ပျံ့နှံ့သွားခဲ့သည်။

ယိုပီလော မျှော်လင့်ထားခဲ့သည့်အတိုင်း အားလုံးဖြစ်လာခဲ့ပါသည်။ နတ်ဆိုးကျင့်ကြံသူများက လူသားမိန်းကလေး တစ်ယောက်ကို ညမဲ့မြို့စားအဖြစ် လက်မခံနိုင်ပါ။

ထို့ကြောင့် အားလုံး စိတ်ပိုင်းဖြတ်ခဲ့ကြသည်။ ကျုံးရှောင်းရှောင်း ဘယ်လိုလုပ်ငန်းမျိုးပဲ လုပ်ပါစေ သူတို့ တစ်ပြားတစ်ချပ်မှ သုံးမှာ မဟုတ်ပါ။ ထို့အပြင် ကျုံးရှောင်းရှောင်း ဆိုင်တစ်ခုခုဖွင့်လိုက်သည်နှင့် ဝင်ရောက် နှောင့်ယှက် ဖျက်ဆီးဖို့အထိပါ အချို့နတ်ဆိုးများက ကြံစည်ထားကြပါသည်။ သူမ အရာရာ ဆုံးရှုံးသွားသည်ကို သူတို့ မြင်ချင်ကြသည်။

သို့သော် တစ်ရက်တာ ကုန်ဆုံးသွားသော်လည်း ညမဲ့မြို့တော်ကြီး တိတ်ဆိတ်နေဆဲပင်။

ကျုံးရှောင်းရှောင်းက စီးပွားရေးလုပ်ဖို့ မအောင်မြင်ရုံတင်မဟုတ်ဘဲ မြို့စားစံအိမ် အပြင်ဘက်သို့ ခြေတစ်လှမ်းတောင် ထွက်မလာသေးခြင်းပင်။

ညမဲ့မြို့တော်အတွင်းရှိ နတ်ဆိုးများ အလွန်စိတ်ဝင်စားသွားခဲ့ကြသည်။ သုံးရက်အတွင်း ဝိညာဉ်ကျောက်တုံး ၅ သန်းကို ရအောင်ရှာမည်ဟု သူမကိုယ်တိုင်ပဲ ကတိပေးခဲ့ခြင်း မဟုတ်လား၊

သို့မဟုတ် မဖြစ်နိုင်မှန်း နားလည်သွားပြီး အရှုံးပေးလိုက်ခြင်းပဲလား။

ဖုန့်ကျင်းရှား၏ အောင်ပွဲခံအပြုံးက အလွန်ကျယ်ဝန်းလှသည်။

“ကျုံးရှောင်းရှောင်း ကျိန်းသေပေါက် အရှုံးပေးချင်နေတာပဲ၊ ငါပြောသားပဲ၊ သူက ဘာမှအသုံးမကျတဲ့ သာမန်လူသားတစ်ယောက်ပါလို့၊ ငါတို့နတ်ဆိုးနယ်မြေထဲမှာ စီးပွားရေး လာလုပ်လို့ရမယ်ထင်နေလား၊ တော်တော်ရူးသွပ်တဲ့ စိတ်ကူးပဲ!”

သို့သော် စမ့်ရှန်းမင်ကတော့ သူ့လောက် မပျော်နိုင်သေးပါ။

“အဲ့လောက်မရိုးရှင်းဘူးလို့ ငါခံစားနေရတယ်၊ သူတစ်ခုခု တိုးတိုးတိတ်တိတ် ကြံစည်နေတာကော မဖြစ်နိုင်ဘူးလား၊ ခဏလောက် ဆက်စောင့်ကြည့်ရအောင်”

ဒီလိုနှင့် နောက်တစ်ရက် ကုန်ဆုံးသွားခဲ့သည်။ ကျုံးရှောင်းရှောင်းကတော့ ထွက်မလာသေးပေ။

ယခုတော့ ဝါရင့် စမ့်ရှန်းမင်ပင် သံသယဖြစ်လာမိပါပြီ။

“သူတကယ် အရှုံးပေးလိုက်တာများလား”

ဖုန့်ကျင်းရှား အားရပါးရ ရယ်မောပစ်လိုက်သည်။

“သူ့အကြောင်း ငါသိတာ ကြာလှပြီ၊ ဒီမိန်းမက အပြောပဲရှိတာပါ၊ အခွံသက်သက်ပဲ၊ မင်းတို့ကသာ သူအရူးလုပ်တာကို ခံနေရတာ၊ သူ့မှာ လျှို့ဝှက်ရတနာတွေ ရှိနေတယ်လို့ တကယ်ကြီး ထင်ခဲ့ကြတာလား”

ဖုန့်ကျင်းရှား၏ ကဲ့ရဲ့စကားကို စမ့်ရှန်းမင် လျစ်လျူရှုလိုက်ပြီး အခြားနတ်ဆိုးဘုရင် ၄ ပါးကို လှည့်မေးလိုက်ပါသည်။

“မင်းတို့ကော ဒီ နှစ်ရက်အတွင်း ညမဲ့မြို့ထဲ တစ်ခုခု မူမမှန်တာ တွေ့မိကြသေးလား”

ယိုပီလောမှအပ အားလုံး ခေါင်းခါလိုက်ကြသည်။ ယိုပီလောက တစ်ခုခု ပြောချင်နေပုံရသော်လည်း တွန့်ဆုတ်နေပါသည်။

စမ့်ရှန်းမင်က ချက်ချင်း စစ်ဆေးမေးမြန်းလိုက်သည်။ “မင်းတစ်ခုခု တွေ့ထားလို့လား၊ မျိုသိပ်မထားစမ်းပါနဲ့ ပြောစရာရှိတာ ပြောစမ်း”

ယိုပီလော “မျိုသိပ်ထားတာမဟုတ်ဘူး၊ ဒီတိုင်း… ကျုံးရှောင်းရှောင်းနဲ့ မဆိုင်လောက်ဘူးထင်လို့ မပြောခဲ့တာ”

ဟိုက်မင် “မင်းဘာတွေ့ခဲ့လို့လဲ”

“ဒီနှစ်ရက်အတွင်း ညမဲ့မြို့ထဲမှာရှိတဲ့ ဆိုင်တွေဆီ ငါလိုက်စစ်ဆေးခဲ့တယ်၊ ခုတလော… ညမဲ့မြို့ပြင်က နတ်ဆိုးတွေ မြို့ထဲကို အဝင်အထွက် များလာသလို ခံစားရလို့”

ယိုပီလော ပြန်ဖြေလိုက်သည်။

“ဘာလာလုပ်ကြတာလဲ” ဟိုက်မင်က ထပ်မေးသည်။

“ကျုံးရှောင်းရှောင်းကိုပဲ အာရုံစိုက်ထားလို့ သူတို့ကို ငါသိပ်ဂရုမစိုက်ခဲ့မိဘူး၊ အဲ့တာကြောင့် သူတို့ဘာလာလုပ်တာလဲ ငါလည်း မသိဘူး”

ထိုအတွေးဖြင့် ယိုပီလော အနည်းငယ် နောင်တရသွားခဲ့သည်။ ထိုနတ်ဆိုးများကို သူမ မေးခွန်းအနည်းငယ် မေးမြန်းခဲ့သင့်သည်။ သူမ၏ ညှို့ဓာတ်နှင့်သာဆို ဘယ်လိုအချက် အလက်မျိုးကိုမဆို အလွယ်တကူ ရရှိနိုင်ပါသည်။

ဖုန့်ကျင်းရှားကတော့ မမှုပေ။

“ဒီတိုင်း နတ်ဆိုးတွေ အဝင်အထွက်များတာ ဘာထူးဆန်းလို့လဲ၊ ညမဲ့မြို့တော်က အကြီးကြီးလေ၊ နေ့တိုင်း မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေ သောက်စားပျော်ပါးဖို့ ဝင်ထွက်နေကြတာပဲဟုတ်တာ၊ ဘာသတိထားစရာလိုလို့လဲ”

စမ့်ရှန်းမင်က စိတ်ပူစွာ ပြောလိုက်သည်။

“သူတို့ စီးပွားရေးလုပ်ဖို့ ရောက်လာကြတာဖြစ်မှာ စိုးရိမ်မိတာ”

ဖုန့်ကျင်းရှား ဂရုမစိုက်သေးပေ။

“အဲ့တော့ကော ဘာဖြစ်လဲ၊ သူတို့က နတ်ဆိုးတွေလေ၊ သူတို့ ဖောက်သည်တွေက တခြား နတ်ဆိုးတွေပဲဖြစ်မှာ၊ ကျုံးရှောင်းရှောင်း တစ်ပြားတစ်ချပ်မှ ရမှာမဟုတ်ဘူး”

ဖုန့်ကျင်းရှား၏ စကားကို ကြားပြီး ယိုပီလော မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။

သူမ အမြန်ပြောလိုက်ပါသည်။

“ညမဲ့မြို့တော်မှာ ဥပဒေတစ်ခုရှိမှန်း ငါမေ့သွားတယ်! ဒီမြို့မှာ စီးပွားရေး လာလုပ်တဲ့ နတ်ဆိုးတိုင်း သူတို့ရဲ့ အသားတင်အမြတ် တစ်ဝက်တိတိကို ညမဲ့မြို့စားဆီ စီမံခန့်ခွဲရေး အခွန်အနေနဲ့ ဆက်သရတယ်၊ အရင်ညမဲ့မြို့စားက သေသွားပြီး လင်းယွမ်က ကျုံးရှောင်းရှောင်းလက်ထဲ ညမဲ့မြို့ကို အပ်လိုက်ပြီဆိုတော့ အဲ့ဒီ အခွန်တွေ ကျုံးရှောင်းရှောင်းလက်ထဲ ဝင်တော့မယ့်သဘောပေါ့!”

အသားတင်အမြတ်၏ တစ်ဝက်တိတိကို အခွန်အဖြစ်ပေးဆောင်ရခြင်းက အခြားနေရာမှာဆို ခြိမ်းခြောက်ငွေညှစ်နေခြင်းဟု ဆိုနိုင်သည်။ သို့သော် ဒီမြို့က ညမဲ့မြို့တော်ဖြစ်ပါသည်။ ညမဲ့မြို့တော်တွင် ဘယ်လိုစီးပွားရေးမဆို အတိုင်းထက်အလွန် အောင်မြင်ဖို့ ရာနှုန်းပြည့်သေချာသည်။

ထို့ကြောင့်ပဲ ပေးဆောင်ရမည့် အခွန်က ဘယ်လောက်ပဲများပြားနေပါ‌စေ နတ်ဆိုးပေါင်းများစွာက ညမဲ့မြို့တော်မှာသာ စီးပွားရေး လာလုပ်နေကြရခြင်းပင်။

ဖန့်ကျင်းရှား အပြုံး ချက်ချင်းပျောက်ကွယ်သွားကာ ထစ်ငေါ့စွာ မေးလိုက်သည်။

“အဲ့…အဲ့ဒီနတ်ဆိုးတွေ စီးပွားရေး လာလုပ်တာဆိုရင်တောင် အသေးအဖွဲ ကုန်ဖလှယ်တာမျိုးပဲ ဖြစ်မှာပါ ဟုတ်တယ်မလား”

စမ့်ရှန်းမင် ချက်ချင်း အမိန့်ပေးလိုက်သည်။

“ကြိုတင်ကာကွယ်ထားတော့ ပိုကောင်းတာပေါ့ကွာ၊ ဒီ နှစ်ရက်အတွင်း ညမဲ့မြို့ထဲ ဝင်လာတဲ့ နတ်ဆိုးတိုင်းကို ဖမ်းဆီးစစ်ဆေးကြစမ်း! သူတို့ ဘာလာလုပ်ကြတာလဲဆိုတာ သိရအောင် လုပ်၊ ကျုံးရှောင်းရှောင်းလက်ထဲ ဝိညာဉ်ကျောက်တုံးတွေ အပ်ဖို့လာခဲ့တာဆိုရင် ဘာမှ သက်ညှာမနေနဲ့၊ အကုန် သတ်ပစ်လိုက်!”

နတ်ဆိုးဘုရင် ၆ ပါး ၎င်းတို့၏ နတ်ဆိုးစစ်သူကြီးများနှင့် စစ်သည်တော်များကို အသီးသီးအမိန့်ပေးလိုက်ကြပါသည်။

သို့သော် ညမဲ့မြို့ထဲတွင် မဟာအဟန့်အတားကြီးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ အခြားမဟုတ်ဘဲ လျို့လန်ပင်။

ဒီသုံးရက်အတွင်း မြို့ထဲ သွားချင်သည့်နေရာသွားလို့ရသည်ဟု လျို့လန်ကို သူ့ ‘မေမေ’က ခွင့်ပြုထားသည်။ မြို့ထဲတွင် ပြဿနာရှာနေသည့် နတ်ဆိုးများကို တွေ့တိုင်း လွတ်လွတ်လပ်လပ် စားပစ်နိုင်သည်ဟုလည်း မှာထားသည်။ ထို့ကြောင့် လျို့လန် အလွန် ပျော်ရွှင်သွားခဲ့ရပါသည်။

သူ့အတွက်တော့ ညမဲ့မြို့တော်အတွင်းရှိ နတ်ဆိုးတိုင်းက မုန့်ပဲသရေစာများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် သူ့မုန့်ပဲသရေစာများကို ဘယ်သူမှ လာမလုနိုင်အောင် သေချာ စောင့်ကြည့်ထားရပါမည်။

လမ်းမပေါ်တွင် နတ်ဆိုးစစ်သည်တော်များနှင့် လျို့လန် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့သည်။ သူ့အသွင်အစစ်အမှန် ဖြစ်‌သော ထောင်ထျဲသားရဲအဖြစ်ပင် အသွင်ပြန်ပြောင်းကာ နတ်ဆိုးစစ်သည်တော်များကို တစ်ကျိုက်တည်း ဝါးမျို ပစ်ခဲ့ပါသည်။ ရာချီသော နတ်ဆိုးစစ်သည်တော်များ စက္ကန့်ပိုင်းအတွင်း လျို့လန်၏ သရေစာဖြစ်သွားကာ နတ်ဆိုး စစ်သူကြီး တစ်ပါးပင် လက်မောင်းတစ်ဖက် ပြတ်ထွက်သွားပြီး ထွက်ပြေးသွားခဲ့ရသည်။

အဖမ်းခံထားရသည့် နတ်ဆိုးကုန်သည်များကလည်း ထောင်ထျဲသားရဲကို ကြည့်ရင်း ခိုက်ခိုက်တုန်နေကြပါပြီ။ ထောင်ထျဲသားရဲက ခေါင်းငုံ့ပြီး ၎င်းတို့ကို အနံ့ခံသောအခါ မျက်နှာ များ ပြာနှမ်းလျက် လိပ်ပြာလွင့်မတတ် ဖြစ်သွားကြသည်။

ထောင်ထျဲသားရဲက နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း နတ်ဆိုးကုန်သည်များကိုပါ စားပစ်ချင်နေပါသည်။ သို့သော် ‘ပြဿနာရှာသည့် နတ်ဆိုးများကိုသာ စားရမည်’ဟု သူ့မေမေ မှာထားသည်။ ဒီနတ်ဆိုးကုန်သည်များက ရိုးရိုးသားသား စီးပွားရေး လုပ်နေကြသူများဖြစ်သဖြင့် သူစားလို့ မရပေ။

ထို့ကြောင့် လျို့လန် စိတ်ပျက်လက်ပျက်ဖြင့် အမြှီးရမ်းရင်း လှည့်ထွက်လာခဲ့ရတော့သည်။ ထောင်ထျဲသားရဲကြီး မရှိတော့ခါမှ နတ်ဆိုးကုန်သည်များလည်း သေမင်းလက်ထဲမှ လွတ်မြောက်လာခဲ့မှန်း နားလည်ကာ လေးဖက်ထောက်လျက်သား ထွက်ပြေးကုန်ကြတော့သည်။

လက်တစ်ဖက် ပြတ်ပြီး ထွက်ပြေးလာရသည့် နတ်ဆိုးစစ်သူကြီးက စမ့်ရှန်းမင်ထံ လာရောက် အစီရင်ခံခဲ့သည်။ စမ့်ရှန်းမင်က အခြားနတ်ဆိုးဘုရင်များကိုပါ ဆင့်ခေါ်လိုက်ပြီး လက်တုန့်ပြန်ဖို့ အစီအစဉ်ကို စတင်ဆွေးနွေးကြပါသည်။

ဖုန့်ကျင်းရှားက ထိုသားရဲကို ထိပ်တိုက်ရင်ဆိုင်ဖို့ စိတ်ပြင်းပြနေသည်။

“သမိုင်းဝင် ထောင်ထျဲသားရဲ ဆိုတာ သေချာရဲ့လား၊ ဒဏ္ဍာရီထဲကလို ကြောက်စရာကောင်းရဲ့လားဆိုတာ ငါကိုယ်တိုင် သွားကြည့်မှနဲ့ တူတယ်”

ယိုပီလောက ချက်ချင်းတားလိုက်သည်။

“အဲ့တာထောင်ထျဲတစ်ကောင်နော်၊ နင်တစ်ယောက်တည်း ယှဉ်နိုင်မှာ မဟုတ်ဘူး”

“မင်းငါ့ကို လာအထင်သေးနေတာလား!”

ဖုန့်ကျင်းရှား ဒေါသတကြီး အော်ဟစ်လိုက်သည်။

ယိုပီလောက နှုတ်ခမ်းနီနီများဖြင့် ပြုံးကာ ပြန်ပြောလိုက်သည်။

“ငါက အမှန်တရား ပြောပြတာလေ”

ဖုန့်ကျင်းရှား အငွေ့ထောင်းထောင်းထအောင် ဒေါသထွက်သွားသည်။ သို့သော် သူဘာမှ ထပ်မပြောနိုင်ခင် စမ့်ရှန်းမင်က အကြံပြုလိုက်ပါသည်။

“ငါတို့ ခြောက်ယောက်စလုံးအတူတူ တိုက်ခိုက်မယ်ဆိုရင်တော့ ထောင်ထျဲသားရဲကို နှိမ်နင်းနိုင်လောက်တယ်”

ဟိုက်မင်က ခေါင်းခါသည်။

“ဒါပေမယ့် ငါတို့ အစွမ်းကုန်သုံးပြီး ထွက်တိုက်လိုက်ရင် ညမဲ့မြို့တစ်မြို့လုံး စုတ်ပြတ်သပ်သွားလိမ့်မယ်၊ ငါတို့ အလောင်းအစားကို နိုင်သွားရင်တောင် မြို့ပျက်ကြီးတစ်ခုကိုပဲ ပိုင်ဆိုင်ရတော့မှာပေါ့၊ တခြားနည်းလမ်းမရှိတော့မှ အဲ့ဒီအစီအစဉ်ကို ရွေးသင့်တယ်”

ဖန့်ကျင်းရှား ခေါင်းကိုက်လာပါပြီ။

“ဟိုဟာမဖြစ်ဘူး ဒီဟာမဖြစ်ဘူးနဲ့! ဖြစ်မယ့် အစီအစဉ်ကိုပဲ ပြောကြပါကွ!”

ဟိုက်မင် သေချာစဉ်းစားလိုက်သည်။

“ငါတို့ ပေါ်တင်လုပ်လို့မရဘူးဆိုတော့ အရိပ်ထဲကပဲ တိတ်တဆိတ် လှုပ်ရှားရမှာပေါ့၊ မြို့ထဲက ကုန်သည်တိုင်းကို သတင်းပို့လိုက်၊ နောက် သုံးရက်အတွင်း မြို့ထဲမှာ ဘာကုန်အရောင်းအဝယ်မှ မလုပ်ရဘူး၊ မြို့ပြင်က ဝင်လာတဲ့ နတ်ဆိုးတွေလည်း အတူတူပဲ၊ ခြိမ်းခြောက်တာပဲဖြစ်ဖြစ် လာဘ်ထိုးတာပဲဖြစ်ဖြစ် ဘယ်လိုကုန်သွယ်မှုမှ မအောင်မြင်အောင် တားဆီးရမယ်”

All Chapters