အခန်း (၁၄၃)
Vol. 15 Ch. 143
🌹Chapter 143
စမ့်ရှန်းမင် ခေါင်းညိတ်လိုက်သည်။
“အဲ့ဒီအစီအစဉ် မဆိုးဘူး”
အခြားသူတွေလည်း ကန့်ကွက်မှုမရှိသဖြင့် အစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်ခဲ့ကြပါသည်။
သူတို့အစီအစဉ် ချောချောမွေ့မွေ့ အောင်မြင်လိမ့်မည်ဟု နတ်ဆိုးဘုရင်အားလုံး ထင်ထားခဲ့ကြသည်။ မြို့တွင်းရှိ နတ်ဆိုးကျင့်ကြံသူတိုင်းက ကျုံးရှောင်းရှောင်းကို နက်နက်ရှိုင်းရှိုင်း မုန်းတီးကြသဖြင့် တစ်ပြားတစ်ချပ်မှ ထုတ်ပေးချင်ကြမှာ မဟုတ်ဘဲ နတ်ဆိုးဘုရင်များနှင့် ပူးပေါင်းကြမှာ သေချာသလောက် ရှိပါသည်။
သို့သော် နတ်ဆိုးကုန်သည်များက ဝေ့လည်ကြောင်ပတ် လုပ်နေကြပြီး သူတို့ လုပ်လက်စ အရောင်းအဝယ်များကို မစွန့်လွှတ်နိုင်ဟု ငြင်းဆန်ခဲ့ကြသည်။ အသက်အန္တရာယ် ခြိမ်းခြောက်ခံရသည့်တိုင်အောင် သူတို့အရောင်းအဝယ်များကို အောင်မြင်အောင် ဆောင်ရွက်ချင်နေကြပါသေးသည်။
ထိုဖြစ်ရပ်ကြောင့် နတ်ဆိုးဘုရင် ၆ ပါးစလုံး အံ့အားသင့်မှင်သက်သွားခဲ့ရပြီး နောက်တစ်ကြိမ် စုဝေးကာ ဆွေးနွေးတိုင်ပင်ကြရပြန်သည်။
စိတ်ဆတ်အလွယ်ဆုံးဖြစ်သည့် ဖုန့်ကျင်းရှားက ထိုသတင်းကြားပြီး စိတ်မထိန်းနိုင်ဘဲ စားပွဲကို ဒေါသတကြီး ထုရိုက်ပစ်လိုက်သည်။
“တော်တော်သတ္တိတွေ ကောင်းနေကြပါလား! ငါတို့ကို လွန်ဆန်ရဲကြတယ်ပေါ့၊ ဒင်းတို့ ဦးခေါင်းခွံတွေကို ငါ ရိုက်ခွဲပစ်မှာ မကြောက်ကြဘူးလား!”
ယိုပီလောလည်း မျက်မှောင်ကြုတ်လျက် မေးလိုက်ပါသည်။
“သူတို့က ဘာလို့ ငါတို့နဲ့ မပူးပေါင်းချင်ရတာလဲ၊ နောက်ကွယ်မှာ ကျုံးရှောင်းရှောင်းက ဘာအကျိုးခံစားခွင့်တွေ ပေးထားလို့လဲ”
စမ့်ရှန်းမင်က သူလျှိုများစေလွှတ်ကာ စုံစမ်းခိုင်းထားပြီးသားဖြစ်သဖြင့် အဖြေပေးနိုင်ခဲ့ပါသည်။
“ကျုံးရှောင်းရှောင်းက သူတို့ကို ဘာမှ ပေးမထားဘူး၊ သူတို့ဖာသာ အလုပ်လုပ်ချင်ကြရုံပဲ”
ယိုပီလော ရယ်မောလိုက်သည်။
“ဒါဆိုလွယ်တာပေါ့! သုံးရက်အတွင်း သူတို့ဘယ်လောက်ရှာနိုင်မှာ မို့လို့လဲ၊ သူတို့ ရှာနိုင်တာထက် နှစ်ဆလောက် ပိုပေး လိုက်မယ်!”
သူတို့လို နတ်ဆိုးဘုရင် အဆင့်အတန်းမျိုးအတွက် စည်းစိမ်သုံးပြီးဖြေရှင်းနိုင်သည့် ပြဿနာတိုင်းက အသေးအဖွဲပင်။
သို့သော် စမ့်ရှန်းမင်၏ မျက်နှာ ရုတ်တရက် မှောင်မိုက်သွားခဲ့ပြီး လေသံကလည်း စူးရှလာခဲ့သည်။
“သူတို့က အရောင်းအဝယ် ကြီးကြီးမားမားတွေ လုပ်နေကြတာနော်၊ ငါတွက်ချက်ကြည့်သလောက် ကုန်သည်တစ်ယောက်ချင်းစီတိုင်းက တစ်ရက်ကို ဝိညာဉ်ကျောက်တုံး တစ်သန်းနီးပါး အမြတ်ရနေတာ၊ အဲ့တာကို မင်းက နှစ်ဆ တိုးပေးချင်တယ်ပေါ့၊ မင်းတကယ် ပေးနိုင်ရဲ့လား”
စကားအဆုံးတွင် စမ့်ရှန်းမင်၏ မျက်နှာ အလွန်အကျည်းတန်သွားခဲ့သည်။
ယိုပီလောလည်း ကြက်သေသေသွားခဲ့ပါသည်။
“အသေးစား အရောင်းအဝယ်လေးတွေ လုပ်နေကြတာလို့ပဲ ငါထင်ထားတာလေ၊ အဲ့လောက်ကြီးမားတဲ့ ကုန်သွယ်မှုတွေ ဘယ်ကပေါ်လာတာလဲ”
ဟိုက်မင် လက်ချောင်းကိုက်လျက် မျက်မှောင်ကြုတ်ကာ တီးတိုးပြောလိုက်သည်။
“စမ့်ရှန်းမင် အရင်တုန်းက ခန့်မှန်းခဲ့တဲ့ကိစ္စ မှန်နိုင်တယ်၊ ကျုံးရှောင်းရှောင်းမှာ လာဘ်လာဘတွေ ခေါ်နိုင်တဲ့ လျှို့ဝှက်ရတနာတစ်ခု ကျိန်းသေပေါက် ရှိနေရမယ်၊ အဲ့ဒီရတနာ အခု အာနိသင်ပြနေလို့ ညမဲ့မြို့တော်ဆီ စည်းစိမ်ချမ်းသာတွေ အဆက်မပြတ် ဝင်နေတာ၊ ငါတို့နည်းလမ်းတစ်ခုခုရှာပြီး အဲ့ဒီရတနာကို မဖျက်ဆီးနိုင်သရွေ့ သူ့ကိုတားနိုင်မှာမဟုတ်ဘူး”
စမ့်ရှန်းမင် လက်နောက်ပစ်လျက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ရေရွတ်လိုက်သည်။
“အဲ့တာကြောင့် ကျုံးရှောင်းရှောင်း ဒီလောက် ယုံကြည်ချက် ပြည့်ဝနေတာကိုး၊ အစကတည်းက သူကြိုပြင်ဆင်ထားပြီးသားပဲ၊ ငါတို့တော့ အလှည့်စားခံလိုက်ရပြီ”
ယိုပီလော စိတ်ချဉ်ပေါက်စွာ ဝင်ပြောလိုက်သည်။
“အဲ့လောက် အဖိုးတန်တဲ့ရတနာမျိုး သူဘယ်က ရမှာလဲ၊ နတ်ဆိုးအရှင်သခင် ပေးထားတာပဲဖြစ်မှာ၊ လင်းယွမ်က သူ့ကို တကယ်ကာကွယ်ပေးထားတာပဲ၊ သူ့ကိုယ်စား အရာရာ လိုက်လုပ်ပေးနေတာ”
ဖုန့်ကျင်းရှား စားပွဲကို ထပ်ထုကာ မတ်တပ်ထရပ်လိုက်သည်။
“အဲ့ဒီမိန်းမကို ငါသွားတွေ့ပြီး အဲ့ဒီရတနာ ရအောင် တောင်းမယ်၊ ရွှေအမြုတေအဆင့်ရှိတဲ့ လူသားမိန်းမတစ်ယောက်ကို သတ်ရတာ ငါ့အတွက် ပုရွက်ဆိတ်တစ်ကောင်သတ်ရသလိုပဲ!”
ဖုန့်ကျင်းရှား လှည့်ထွက်သွားဖို့ ကြံလိုက်စဉ် စမ့်ရှန်းမင်၏ အသံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
“ရပ်လိုက်စမ်း! ပီလော ပြောတာ မင်းမကြားဘူးလား၊ အဲ့ဒီရတနာကို နတ်ဆိုးအရှင်သခင်ကိုယ်တိုင် ပေးထားတာ ဖြစ်နိုင်ပါတယ်ဆိုနေမှ၊ သူ့ဆီက အတင်းအကြပ်လုယူဖို့ ကြိုးစားရင် နတ်ဆိုးအရှင်သခင် ဒီတိုင်း ရပ်ကြည့်နေမယ် ထင်နေလား၊ မင်းတစ်စစီဖြစ်ပြီး ပြန်လာရလိမ့်မယ်!”
ဖုန့်ကျင်းရှား ခြေလှမ်းကို ချက်ချင်း ရပ်တန့်ကာ မကျေမနပ် ပြန်ထိုင်နေလိုက်ရပါသည်။
“အဲ့တာဆို ဘာဆက်လုပ်ရမှာလဲ၊ သူနိုင်သွားတာကို ဒီတိုင်း ထိုင်ကြည့်နေကြမှာလား”
ယိုပီလော ခေတ္တစဉ်းစားကာ ပြောလိုက်သည်။
“ငါတို့ မူလအစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြမယ်၊ မြို့ထဲက ကုန်သည်တိုင်းကို သုံးရက်လောက် ဖမ်းချုပ်ထားမယ်၊ သတ်မှတ်ထားတဲ့ အချိန်ကာလပြီးမှ ပြန်လွှတ်ပေးလိုက်မယ်၊ သူတို့ အသာတကြည် အဖမ်းမခံဘူးဆိုရင် သတ်သာပစ်လိုက်၊ ထောင်ထျဲသားရဲ ဝင်ရှုပ်ဖို့ကြိုးစားရင် ငါတို့ခြောက်ယောက် ပူးပေါင်းပြီး နှိမ်နင်းကြမယ်”
နတ်ဆိုးဘုရင် ၆ ပါးနှင့် ထောင်ထျဲသားရဲတို့ တိုက်ပွဲဖြစ်ပွားလျှင် ညမဲ့မြို့တော်ကြီးလည်း မြို့ပျက်တစ်ခုအဖြစ် ပျက်စီးပြိုလဲသွားလိမ့်မည်။
သို့သော် အခြားအကြံအစည်များ မအောင်မြင်တော့သည့်အခါ ကျုံးရှောင်းရှောင်းလက်ထဲ မြို့တော်ကို ထည့်ပေးလိုက်ရမည့်အစား ဒီတိုင်း ဖျက်ဆီးပစ်လိုက်ခြင်းက သူတို့အတွက် ပိုခံသာစေပါသည်။
သို့သော် ဟိုက်မင်က သက်ပြင်းချလိုက်လေသည်။
“အသုံးမဝင်ပါဘူး”
စမ့်ရှန်းမင်ကလည်း လေးလေးလံလံသက်ပြင်းချကာ ထောက်ခံသည်။
“ဟုတ်တယ် အသုံးမဝင်တော့ဘူး”
ဖုန့်ကျင်းရှား ဇဝေဇဝါဖြစ်သွားသည်။
“ဘာကို အသုံးမဝင်တာလဲ၊ အချိန် သုံးရက်မှာ တစ်ရက်ကျန်သေးတယ်လေ! နောက်ဆုံးရက်မှာ အားလုံးကို ဖမ်းချုပ်ထားလိုက်ရင် သူဘာလုပ်နိုင်ဦးမှာလဲ!”
ဖုန့်ကျင်းရှားကိုကြည့်ပြီး စမ့်ရှန်းမင် မဲ့ပြုံးပြုံးရင်း ခေါင်းခါလိုက်သည်။
“မင်းအခြေခံသင်္ချာလေးတောင် မတွက်တတ်ဘူးလား၊ ငါမင်းကို ခုနကတင် ပြောခဲ့တယ်လေ၊ အဲ့ဒီကုန်သည်တွေက တစ်ရက်ကို အနည်းဆုံး တစ်သန်းလောက်ထိ အမြတ် ရနေတာပါဆို၊ အခု ညမဲ့မြို့ထဲ ကုန်သည်ဘယ်နှယောက်လောက် ရှိနေလဲ မင်းသိလား၊ အဲ့ဒီ အကျိုးအမြတ်တွေ အားလုံးကို ပေါင်းလိုက်ရင် သူသတ်မှတ်ထားတဲ့ ၅ သန်းမက ကျော်လွန်သွားလောက်ပြီ၊ သုံးရက်မြောက်နေ့ကိုတောင် မလိုတော့ဘူး၊ သူနိုင်သွားပြီ”
ဖုန့်ကျင်းရှား ကြက်သေသေသွားသည်။ သူတို့ဘက်က ရှုံးနိမ့်လိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။ ယခုလို ခပ်မြန်မြန် ရှုံးနိမ်သွားဖို့ကို ပို၍ပင် မျှော်လင့်မထားခဲ့ပါ။
မယုံကြည်နိုင်စရာကောင်းလွန်းသည်။
ယိုပီလော ဝင်မေးလိုက်သည်။
“ဘယ်လိုရတနာမျိုးက စည်းစိမ်တွေကို အဲ့လောက်မြန်မြန်ရှာပေးနိုင်တာလဲ၊ ဧကန္တ ထျန်အဆင့်ရှိတဲ့ နတ်ရတနာတစ်ခုများလား”
နတ်ဆိုးဘုရင်တိုင်းက ရတနာပေါင်းများစွာကို ပိုင်ဆိုင်ထားသော်လည်း ထျန်အဆင့်ရှိသော နတ်ရတနာများကိုတော့ တစ်ဦးတစ်ယောက်မှ ပိုင်ဆိုင်ထားခြင်းမရှိပါ။ ကျင့်ကြံခြင်းလောကတွင် ထျန်အဆင့်ရှိ နတ်ရတနာတစ်ခု ပေါ်လာတိုင်း သွေးချောင်းစီးအောင် တိုက်ပွဲဝင်ပြီးမှ ပိုင်ဆိုင်ရတတ်သည်။
ကျုံးရှောင်းရှောင်းလို လူမျိုးထံမှာ ထိုကဲ့သို့ နတ်ရတနာမျိုး ရှိနေနိုင်သည်ဟူသော အတွေးက ယိုပီလောကို သွေးများ ဆူပွက်လာစေသည်။ ထို့ကြောင့် သူမ ရုတ်တရက် မတ်တပ် ထရပ်လိုက်ပါသည်။
“ငါသူ့ကို သွားတွေ့မယ်!”
ဖန့်ကျင်းရှားက လှောင်ပြောင်သရော်လိုက်သည်။
“ဟင်း၊ မင်းသူ့ဆီက သွားလုမလို့တော့ မဟုတ်ပါဘူးနော်၊ သူက နတ်ဆိုးအရှင်သခင်ရဲ့ မိန်းမဆိုတာ မမေ့လိုက်နဲ့၊ သူ့ဆီက အဲ့ဒီရတနာကို လုချင်ရင် နတ်ဆိုးအရှင်သခင်ကို အရင် အနိုင်ယူရမှာ၊ မင်းလုပ်နိုင်လို့လား”
ယိုပီလော ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ သူမမျက်ဝန်းများက ညှို့ဓာတ်များဖြင့် ပြည့်ဝနေပါသည်။
“သူ့ဆီက သွားလုမယ်လို့ ဘယ်သူပြောလို့လဲ၊ ယိုပီလောဆိုတဲ့ ငါက လိုချင်တဲ့အရာကို ဘယ်တုန်းကမှ ပင်ပင်ပန်းပန်း လုယူစရာ မလိုခဲ့ဘူး”
နတ်ဆိုးဘုရင်များအားလုံး မျက်နှာ မအီမသာ ဖြစ်သွားကြသည်။ ယိုပီလောအကြောင်းကို အားလုံးကောင်းကောင်းသိကြပါသည်။
ယိုပီလောက တဏှာနတ်ဆိုးမများအနက် စွမ်းအားအကြီးမားဆုံးဖြစ်သည်။ သူမ မျက်ဝန်းများဖြင့် တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် လူတွေကို လိပ်ပြာလွင့်သွားစေလောက်အောင် ညှို့အားပြင်းသည့် ဆွဲဆောင်မှုတစ်ခုကို မွေးရာပါ ပိုင်ဆိုင်ထားသည်။
အရေးအကြီးဆုံးကာ သူမလိင်ကို စိတ်ကြိုက်ပြောင်းလဲနိုင်ပြီး ထူးထူးခြားခြား… ဝါသနာများကိုလည်း ပိုင်ဆိုင်ထားပါသေးသည်။
ဖုန့်ကျင်းရှား မျက်နှာအလွန်ပျက်သွားသည်။
“မင်းသူ့ကို မြှူဆွယ်မလို့လား”
ယိုပီလော ဆံပင်ကို ခါပစ်လိုက်သည်။
“အဲ့လို လုပ်လို့ မရဘူးလား”
လင်းယွမ်က နတ်ဆိုးအရှင်သခင်ဖြစ်ကာ သူ့ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားပြီး စိတ်ဓာတ်ကလည်း ခန့်မှန်းရခက်သဖြင့် ယိုပီလော မမြှူဆွယ်နိုင်ခဲ့သည်မှာ မထူးဆန်းလှပေ။
သို့သော် ကျုံးရှောင်းရှောင်းကမူ သာမန်လူသားတစ်ယောက်သာ ဖြစ်သည်။ ယခင်တစ်ခေါက်တုန်းက သူမ၏ ညှို့အားတွေထဲ ကျုံးရှောင်းရှောင်း ကျရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။
ထို့ကြောင့် ကျုံးရှောင်းရှောင်းကိုသာဆို သူမ ကျိန်းသေပေါက် မြှူဆွယ်နိုင်လိမ့်မည်ဟု ယိုပီလော ယုံကြည်ချက် အပြည့်ရှိပါသည်။
အားလုံးရှေ့မှာပင် ယိုပီလော ပခုံးကျယ်ကျယ်၊ ခါးသွယ်သွယ်၊ ခြေတံရှည်ရှည်နှင့် ခန့်ညားချောမောသည့် ယောက်ျားတစ်ဦးအသွင် ပြောင်းလဲသွားခဲ့သည်။ သူမ… သို့မဟုတ် သူ့မျက်နှာပေါ်မှာ မပျောက်ပျက်သည့် အပြုံးတစ်ခု ရှိနေပြီး မျက်လုံးများကလည်း အလွန်ညှို့အားပြင်းလွန်းပါသည်။
ဖုန့်ကျင်းရှား တံတွေးမျိုချလိုက်မိသည်။
“မင်းတကယ်ကြီး သွားမလို့လား၊ သူက နတ်ဆိုးအရှင်သခင်ရဲ့ အသည်းနှလုံးနော်၊ သူတို့ကို ခွဲဖို့ ကြိုးစားရင် မင်းအသတ်ခံရလိမ့်မယ်”
ယိုပီလော တခစ်ခစ် ရယ်မောလိုက်သည်။
“ငါသူတို့ကို မခွဲပါဘူး၊ ဒီတိုင်း အတူတူ ကစားချင်ရုံပဲ”
ထိုသို့ပြောပြီးနောက် ယိုပီလော ကြော့ကြော့မော့မော့ ထွက်သွားလေတော့သည်။
ဖုန့်ကျင်းရှား သူ့ကျောပြင်ကို လှမ်းကြည့်ရင်း တီးတိုးရေရွတ်လိုက်ပါသည်။
“သူတကယ် အောင်မြင်ပါ့မလား”
ကျန်နတ်ဆိုးဘုရင် ၄ ပါးကလည်း တိတ်ဆိတ်နေကြသည်။ ထျန်အဆင့်ရှိသော နတ်ရတနာကို အားလုံး မက်မောကြသော်လည်း သူတို့မှာ ယိုပီလောလို စွမ်းရည်မျိုးမရှိကြပါ။ ထို့ကြောင့် ဒီတိုင်း စောင့်ကြည့်နေရုံသာ ရှိသည်။