အခန်း (၁၄၄)
Vol. 15 Ch. 144
🌹Chapter 144
ယန်ရုန်ရုန် ကျောက်စိမ်းပြားတစ်ချပ်ကို ကိုင်လိုက်ပြီး နတ်အာရုံဖွင့်ကာ စာရင်းဇယားများကို စစ်ကြည့်လိုက်သည်။
နှစ်ရက်အတွင်း ညမဲ့မြို့တော်အတွင်း ဖြစ်မြောက်ခဲ့သည့် ကုန်အရောင်းအဝယ်ပမာဏများက မှင်သက်စရာ ကောင်းလွန်းလှသည်။ ကုန်သည်များက ၎င်းတို့ အသားတင်အမြတ်၏ တစ်ဝက်တိတိကို မြို့စားစံအိမ်သို့ စည်းကမ်းအတိုင်း ဆက်သခဲ့ကြသည်။
ညမဲ့မြို့တော်၏ ယာယီသခင်မတစ်ဦးဖြစ်သည့်အလျောက် ထိုဝိညာဉ်ကျောက်တုံးအားလုံးက ယန်ရုန်ရုန့်လက်ထဲသို့သာ စီးဆင်းလာခဲ့ပါသည်။ သတ်မှတ်ထားသည့် ၅ သန်းပမာဏကို ကျော်လွန်သွားသည်မှာ ကြာခဲ့လေပြီ။
နတ်ဆိုးဘုရင်များနှင့် အလောင်းအစားတွင် သူမ အနိုင်ရသွားခဲ့ပါပြီ။
ယန်ရုန်ရုန် ကျောက်စိမ်းပြားကို အောက်ချလိုက်ပြီး သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လောလောကို လှမ်းကြည့်ကာ ကျေကျေနပ်နပ်ကြီး ပြုံးပြလိုက်သည်။
“ဖီရှို့နတ်သားရဲလို့ မပြောရဘူး၊ ငွေရှာနိုင်စွမ်းကတော့ ရင်သပ်ရှုမောစရာပဲ”
လောလောက ထိုင်ခုံတွင် ပျင်းရိပျင်းတွဲမှီလိုက်ပြီး သုန်သုန်မှုန်မှုန် ပြန်ပြောလိုက်သည်။
“ဒီလိုပါပဲ…”
ယခုအချိန် လောလောရင်ထဲ စိတ်ခံစားချက်ပေါင်းစုံဖြင့် ဗြောင်းဆန်နေပါသည်။ လောလောမှာ နဂိုကတည်းက လာဘ်လာဘများ တိုးပွားစေသည့် ခန္ဓာကိုယ်နှင့် မွေးဖွားလာသူဖြစ်ရာ အလုပ်မလုပ်ဘဲ လမ်းမပေါ်မှာ တောင်းစားလျှင်ပင် အခြားသူတောင်းစားများထက် ဝင်ငွေပိုရမည့်လူမျိုးဖြစ်သည်။
ဒီနှစ်ရက်အတွင်းမှာလည်း နတ်ဆိုးကုန်သည်များထံမှ အမြတ်အစွန်းတွေ ရလာဖို့ မဆိုသလောက်သာ အားစိုက်ထုတ်ခဲ့ရသည်။
ပထမတော့ ဝိညာဉ်ကျောက်တုံးများ အဆက်မပြတ်ဝင်လာသည်ကိုမြင်ပြီး လောလော အလွန်ပျော်ရွှင်ခဲ့ပါသည်။ သို့သော် ထိုဝိညာဉ်ကျောက်တုံးများ အားလုံး သူများအိတ်ကပ်ထဲ ရောက်သွားသောအခါ လောလော အပျော်တွေ ပျက်ကာ တွန့်တိုသောစိတ်များ ဝင်ရောက်လာခဲ့ပြီး ရင်နာသွားခဲ့ရသည်။
ယန်ရုန်ရုန်က သူ့ပခုံးကို ပုတ်ကာ ကျေးဇူးတင်လိုက်သည်။
“ဒီနှစ်ရက်အတွင်း ရှင့်ကျေးဇူးကြောင့် အောင်မြင်ခဲ့တာ၊ ကျေးဇူးအများကြီးတင်ပါတယ်”
လောလောက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပါသည်။
“ပါးစပ်နဲ့ပဲ ကျေးဇူးတင်လို့မရဘူးလေ”
ယန်ရုန်ရုန် လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
“ရှင့်ရွှေအကြေးခွံကို ကျွန်မ ပြန်ပေးပြီးသားလေ၊ အဲ့ဒီအတွက် ရှင့်ဘက်ကလည်း ကျွန်မကို ဝိညာဉ်ကျောက်တုံးတွေ ရှာပေးခဲ့တယ်လေ၊ နှစ်ဦးနှစ်ဖက် မျှမျှတတပဲ မဟုတ်ဘူးလား”
လောလော မငြင်းခုံနိုင်ခင် ယန်ရုန်ရုန် စကားလုကာ ဆက်ပြောလိုက်သည်။
“ဒါပေမယ့် ရှင်ဘယ်လောက်ထိ ကြိုးစားထားရလဲဆိုတာ ကျွန်မသိပါတယ်၊ အဲ့တာကြောင့် လွန်ခဲ့တဲ့ နှစ်ရက်တုန်းက မြို့စားစံအိမ် နံရံတွေထဲကနေ တူးထားတဲ့ ဝိညာဉ်ကျောက်တုံးတွေအကုန်လုံး ရှင့်ကိုပေးမယ်၊ အပိုဆုပေးတယ်လို့ပဲ သဘောထားလိုက်ပေါ့”
ပြောပြောဆိုဆိုနှင့် ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ ဝိညာဉ်ကျောက်တုံးအနည်းငယ်ကို ထုတ်ပေးလိုက်ပါသည်။
လောလော၏ မျက်လုံးများလည်း ချက်ချင်းဆိုသလို အရောင်တောက်သွားခဲ့ရသည်။ သူခါးမတ်မတ် ထထိုင်ကာ ဝိညာဉ်ကျောက်တုံးများကို လက်နှစ်ဖက်စလုံးဖြင့် သိမ်းကျုံးပွေ့ယူလိုက်လေသည်။
“ဒါတွေအားလုံး ငါ့အတွက်လား”
လောလော စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ယန်ရုန်ရုန် ခေါင်းညိတ်လိုက်ပါသည်။
“ဒါပေါ့၊ ရှင့်ဘက်က တာဝန်ကျေရင် ကျွန်မဘက်ကလည်း ပစ်မထားပါဘူး”
တစ်နည်းအားဖြင့် ဆိုရလျှင် သူမက လောလော၏ ဘော့စ်ဖြစ်သည်။ ဘော့စ်တစ်ယောက်က လက်အောက်ငယ်သားများ အပေါ် အကြွင်းမဲ့အာဏာရှိသော်ငြား လက်အောက် ငယ်သားများ၏ ခံစားချက်ကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုအပ်ပါသည်။
ထို့ကြောင့် ရံဖန်ရံခါ သင့်တော်သလို ဘောနပ်စ်ပေးတတ်ရသည်။ ထိုအခါ လက်အောက်ငယ်သားများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရုံသာမကဘဲ သစ္စာစောင့်သိမှုကိုလည်း ပိုမိုခိုင်မြဲစေပါလိမ့်မည်။
မြို့စားစံအိမ် နံရံများမှ တူးဖော်ထားသည့် ထိုဝိညာဉ်ကျောက်တုံးများကြောင့်ပဲ မူလက ယန်ရုန်ရုန့်ကို လောလော အလောင်းအစားလုပ်ဖို့ ကမ်းလှမ်းခဲ့ရခြင်းဖြစ်သည်။
ယခု သူ့ဘက်က အလောင်းအစားကို ရှုံးနိမ့်သွားသော်လည်း သူလိုချင်သည့်အရာကို ပိုင်ဆိုင်လိုက်ရပါသည်။ ထို့ကြောင့် လောလောရင်ထဲ အံ့အားလည်းသင့်မိသလို ပျော်လည်းပျော်ရွှင်မိသည်။
ယန်ရုန်ရုန့်ကို ကြည်နူးရီဝေစွာ ကြည့်ရင်း သူအခိုင်အမာ ပြောဆိုလိုက်သည်။
“ခုချိန်ကစပြီး မင်းပြောသမျှ နားထောင်ပါ့မယ်!”
ပထမတော့ ယန်ရုန်ရုန်က ဉာဏ်နီဉာဏ်နက်များလွန်းသဖြင့် လူကောင်းသူကောင်း မဖြစ်နိုင်ဟု လောလော ထင်ခဲ့မိသည်။ ယခုတော့ မြင့်မြတ်သူတစ်ယောက်ကို သေးသိမ်သည့်စိတ်နှင့် အထင်သေးခဲ့မိခြင်းသာ ဖြစ်ပါလိမ့်မည်။ ယန်ရုန်ရုန်က လူကောင်းတစ်ယောက်ဖြစ်မှန်း သိသာသည်။
သူ့ဝိညာဉ်ကျောက်တုံးများကို သုတ်သုတ်ပျာပျာကောက်သိမ်းရင်း လောလော ထွက်သွားဖို့ ပြင်လိုက်ပါသည်။ မသွားခင် စားပွဲပေါ်တွင်ရှိနေသည့် တစ်ဝက်ကျန် အခါးရည်ခွက်ကို ကုန်အောင် သောက်သွားဖို့ မမေ့ခဲ့ပါ။
ယန်ရုန်ရုန်သာ စောင့်ကြည့်မနေလျှင် စားပွဲပေါ်က သစ်သီးဗန်းကိုပါ သိမ်းကျုံးသွားမှာ သေချာသလောက်ရှိသည်။
လောလော၏ ကပ်စေနည်းတတ်ပုံကို ယန်ရုန်ရုန် အတော်လေး အသားကျနေပါပြီ။ ဒီကောင်က ငွေမရှိသူမဟုတ်ဘဲ ငွေသုံးရမှာကို မုန်းတီးခြင်းသာ။
အခြားသူတွေအဖို့ ငွေက ငွေသာဖြစ်သော်လည်း သူ့အဖို့တော့ ငွေက အသက်နှင့်ညီမျှသည်။ သူ့ငွေကို သုံးစွဲခိုင်းခြင်းက သူ့အသက်ကို နှုတ်ယူနေခြင်းနှင့် အတူတူပင်။
ယန်ရုန်ရုန် ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်ပြီး အထဲဝင်ကာ ကျင့်ကြံဖို့ ပြင်လိုက်ပါသည်။ ခုတလော သူမ အခါအခွင့်သင့်တိုင်း ကျင့်ကြံလေ့ ရှိသည်။
ယခု သူမ ဝိညာဉ်ရင်းမြစ်များ အကောင်းပကတိ ပြန်လည်ကောင်းမွန်သွားပြီဖြစ်ရာ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပြီး ပိုမိုသန်မာလာစေဖို့ သူမ ကြိုးစားရပါတော့မည်။
သို့သော် သူမ မတ်တပ်ရပ်လိုက်စဉ်မှာပင် ခြံဝန်းအပြင်ဘက်မှ တစ်ခုခုပြုတ်ကျသံတစ်သံကို ကြားလိုက်ရသည်။
ယန်ရုန်ရုန် ချက်ချင်း သတိကြီးသွားခဲ့ပြီး ဝူဝမ်ဓားကို ဆွဲထုတ်ကာ တံခါးဆီ ပြေးသွားခဲ့ပါသည်။
“အပြင်က ဘယ်သူလဲ!”သူမ အော်မေးလိုက်သည်။
အပြင်ဘက်မှ လှုပ်လှုပ်ရွရွအသံများ ကြားရပြီးနောက် လူတစ်ယောက်၏ အားနည်းချည့်နဲ့နေသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ကယ်…ကယ်ပါဦး…”
ယန်ရုန်ရုန် တံခါးကို လက်တစ်ဖက်ဖြင့် တွန်းဖွင့်ရင်း အပြင်သို့ ချောင်းကြည့်လိုက်ရာ လှေကားထစ် အောက်ဘက်ရှိ ပန်းခင်းပေါ်တွင် လူတစ်ယောက် လဲကျနေသည်ကို မြင်လိုက်ရသည်။
ထိုလူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာကလည်း ပန်းချီကားတစ်ချပ်ပမာ နူးညံ့ချောမွတ်နေပါသည်။ သူ့ဆံနွယ်နက်နက်များက ရှုပ်ပွနေပြီး မျက်နှာကလည်း ဖြူဖပ်နေကာ နှုတ်ခမ်းများ ပြာနေပါသည်။ နှုတ်မှလည်း နာနာကျင်ကျင် ညည်းတွားနေပုံရသည်။
သူ့ရင်ဘတ်တွင် ဒဏ်ရာတစ်ခုရှိနေပြီး ဝတ်ရုံလည်ခွံတွင် သွေးများစွန်းထင်းနေသည်။ ရုတ်တရက် ကြည့်လိုက်လျှင် ဆီးနှင်းပေါ်တွင် ဖူးပွင့်နေသည့် အနီရောင် ပန်းပွင့်လေးများကဲ့သို့ ရင်သပ်ရှုမောဖွယ်ကောင်းကာ ကျိုးပဲ့လွယ်သည့် အလှတရားမျိုး ရှိနေပါသည်။
ယန်ရုန်ရုန် သူ့အနားကို ချက်ချင်းမကပ်ခဲ့ပေ။ သေချာအကဲ ခတ်ပြီး မေးမြန်းလိုက်ပါသည်။
“ရှင်ဘယ်သူလဲ”
ထိုလူ မော့ကြည့်လာပြီး ဝမ်းနည်းညှိုးငယ်နေသော မျက်နှာဖြင့် တောင်းပန်လိုက်သည်။
“ကျွန်တော့်နောက်မှာ ရန်သူတွေ လိုက်လာလို့… ရွေးချယ်စရာမရှိဘဲ စံအိမ်ထဲ ဝင်ပုန်းခဲ့ရတာပါ၊ ကျွန်တော် လူဆိုးမဟုတ်ပါဘူး၊ ဒီမှာ ခဏပဲ ပုန်းမှာပါ၊ ကျေးဇူးပြုပြီး ဘယ်သူ့ကိုမှ မပြောလိုက်ပါနဲ့”
သူ့မျက်ဝန်းများနှင့် ဆုံတွေ့သောအခါ ယန်ရုန်ရုန့်စိတ်များ ရုတ်တရက် ရီဝေသွားခဲ့သည်။ သူမ ဗလုံးဗထွေးလေသံဖြင့် ပြန်ပြောလိုက်သည်။
“ရှင့်ဒဏ်ရာတွေ အရမ်းနက်မယ့်ပုံပဲ၊ သေချာမကုသရင် အသက်အန္တရာယ်ရှိနိုင်တယ်”
ထိုလူက အခွင့်ကောင်းယူပြီး ဆက်တောင်းပန်ခဲ့သည်။
“အဲ့တာဆို ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါလား”
တစ်စုံတစ်ခု မူမမှန်သည်ကို ယန်ရုန်ရုန် ခံစားမိသည်။ သို့သော် သူမဦးနှောက်ထဲ မြူဆိုင်းနေသကဲ့သို့ ရီဝေလွန်းလှသဖြင့် သေချာစဉ်းစားဖို့ ခက်ခဲနေခဲ့ပါသည်။ ဒီလူက လူကောင်းဖြစ်ကြောင်း မသိစိတ်မှ တွန်းအားပေးနေသဖြင့် သူ့ကို သေခွင့်မပြုသင့်ဟု ခံစားနေရသည်။
ဒီလူ့ကို သူမ ကယ်တင်ပေးရပါမည်။
ယန်ရုန်ရုန် ဝူဝမ်ဓားကို ပြန်သိမ်းလိုက်ပြီး လှေကားအောက်သို့ဆင်းလာကာ ထိုလူ့နား ချဉ်းကပ်လာခဲ့သည်။
ထိုလူ့ ဝတ်ရုံပေါ်တွင် ပန်းပွင့်ဖတ်ကလေးများ ကပ်နေကာ ဆံနွယ်များမှလည်း ပန်းရနံ့များ သင်းပျံ့နေပါသည်။ သူ၏ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်လို မျက်ဝန်းလေးများက ယန်ရုန်ရုန့်ကို နက်ရှိုင်းစွာ ငေးကြည့်နေခဲ့သည်။
ရှုပ်ပွနေသော ပန်းခင်းပေါ်တွင် သွေးစွန်းနေသော ဝတ်ရုံဖြူနှင့် လှဲလျောင်းနေသော သူ့ပုံစံမှာ နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိကာ လက်ရာမြောက်သော မင်ဆေးပန်းချီကားတစ်ချပ်ဟုပင် ထင်ရလောက်သည်။
ယန်ရုန်ရုန့် စိတ်များ ပိုမို ဝေဝါးလာခဲ့သည်။ ပန်းခင်းပေါ်တွင် လဲကျနေသည့်လူကို သူမ ဆွဲထူပေးလိုက်ပါသည်။
ထိုလူက အခြားသူမဟုတ်ဘဲ နတ်ဆိုးဘုရင် ၆ ပါးထဲမှ တစ်ပါးဖြစ်သည့် ယိုပီလောပင်။
ယိုပီလောက ယန်ရုန်ရုန့်ကို အားပြုကာမှီလိုက်ပြီး ညာဘက်လက်ဖြင့် သူမခါးကို ဖက်လိုက်ပါသည်။ ထို့နောက် လက် ချောင်းများကို လှုပ်ရှားလိုက်ပြီး သူမ၏ချန့်ခွင်းအိတ်ကိုထိကာ ခိုးယူဖို့ ကြိုးစားလိုက်သည်။
သို့သော် ယန်ရုန်ရုန် လှေကားအတက်တွင် ရုတ်တရက် ခလုတ်တိုက်မိပြီး ဟန်ချက်ပျက်ကာ ယိုပီလောနှင့်အတူ လှေကားထစ်တည့်တည့်သို့ လဲကျသွားလေတော့သည်။
ယိုပီလောက ဟန်ချက် ပြန်ထိန်းချင်သော်လည်း ‘ဒဏ်ရာရထားသည့် ဒုက္ခသည်’အဖြစ် ဟန်ဆောင်ရမည်ကို သတိရကာ ရှင်သန်လိုစိတ်ကို ချုပ်တည်းလျက် ယန်ရုန်ရုန်နှင့်အတူ သူ့ခန္ဓာကိုယ်ကို လှေကားပေါ်သို့ လဲကျခွင့် ပြုလိုက်ရသည်။
ကံဆိုးစွာဖြင့် ယိုပီလော၏ ခါးက လှေကားထစ်၏ ထောင့်ချွန်နှင့် ဝင်တိုက်မိသွားသည်။ သူ့ခန္ဓာကိုယ်ကို နတ်ဆိုးစွမ်းအင်များက ကာကွယ်ပေးထားသော်လည်း ပြင်းထန်လှသော နာကျင်မှုကြောင့် ယိုပီလော နှုတ်ခမ်းများ ရှုံ့တွသွားပြီး သရုပ်ပျက်တော့မလိုပင်ဖြစ်ကာ မျက်နှာကို မနည်း ထိန်းချုပ်လိုက်ရပါသည်။
သို့သော် ယန်ရုန်ရုန်ကတော့ ထိန်းချုပ်မထားနိုင်ပေ။ ခလုတ်တိုက်မိသောအခါ လက်တွေလေထဲ ယက်ကန်ယက်ကန် ဖြစ်သွားပြီး မှီရာလှမ်းဆွဲလိုက်ရာ ယိုပီလော၏ ဝတ်ရုံလည်ခွံကို လှမ်းဆွဲမိခဲ့သည်။
ထို့ကြောင့် သူမ မြေပေါ် ပြုတ်ကျသောအခါ ယိုပီလောအပေါ်တည့်တည့်သို့ ပြုတ်ကျသွားပြီး လက်တစ်ဖက်ကလည်း သူ့ဒဏ်ရာပေါ်တည့်တည့် ကွက်တိ ဖိမိသွားပါသည်။
ယိုပီလော ဒီကိုမလာခင်တုန်းက သရုပ်ဆောင်မှု ပိုမိုပီပြင်စေဖို့အတွက် သူ့ရင်ဘတ်သူ ဓားဖြင့် အမှန်တကယ် ထိုးစိုက်ခဲ့သည်။ ဒဏ်ရာက အသက်အန္တရာယ်ရှိစေလောက်အောင် မနက်ရှိုင်းသော်လည်း သေချာပေါက် နာကျင်ပါသည်။
ယန်ရုန်ရုန့်လက်က အားပါလွန်းသဖြင့် သူ့ဒဏ်ရာထဲ သူမလက်ချောင်းများ နစ်ဝင်သွားတော့မည့်အလား ခံစားလိုက်ရသည်။
ယိုပီလော မထိန်းနိုင်တော့ဘဲ အာခေါင်ခြစ်ကာ အော်ဟစ်မိလေတော့သည်။
“အား!!!”
ယန်ရုန်ရုန် သူ့ကိုယ်ပေါ်မှ သုတ်သုတ်ပျာပျာ ပြန်ဆင်းကာ စိုးရိမ်တကြီး မေးလိုက်သည်။
“ရှင်အဆင်ပြေရဲ့လား”
ယိုပီလော ဆဲချိန်စိတ်ကို မနည်းထိန်းလိုက်ပြီး ခပ်ပါးပါး ပြုံးကာ ပြန်ဖြေလိုက်သည်။
“ကျွန်တော် ဘာမှမဖြစ်ပါဘူး… ဒဏ်ရာ နည်းနည်းနာသွားရုံပဲ…”
ယန်ရုန်ရုန် အကြိမ်ကြိမ်အခါခါ တောင်းပန်လိုက်ပါသည်။
“ကျွန်မတောင်းပန်ပါတယ်! စိတ်မရှိပါနဲ့! တကယ် မရည်ရွယ်ပါဘူး၊ ရှင့်ခန္ဓာကိုယ်က လေးလွန်းတော့ ကျွန်မမထိန်းနိုင်လို့ပါ၊ အဲ့တာကြောင့် လှေကားနဲ့ ခလုတ်တိုက်မိသွားတာ”
ထိုဆင်ခြေကိုကြားပြီး ယိုပီလော ဒေါသပိုထွက်သွားခဲ့ရသည်။ သူမကြောင့် သူ့ဒဏ်ရာတွေ ပိုဆိုးသွားခြင်း ဖြစ်သော် လည်း သူ့ခန္ဓာကိုယ် လေးလွန်းခြင်းကြောင့် ဖြစ်ရသည်ဟု အပြစ်တင်ရဲသေးသည်။
‘သူများကို အပြစ်လွှဲချတဲ့နေရာမှာတော့ ဒီမိန်းမ တကယ့်ဆရာတစ်ဆူပဲ!’