အခန်း (၁၄၅)
Vol. 15 Ch. 145
🌹Chapter 145
ယိုပီလောကို ယန်ရုန်ရုန် အခန်းထဲ တွဲကူ ပို့ပေးခဲ့ပါသည်။
သူ့ကို ယန်ရုန်ရုန် ထပ်လွှတ်ချလိုက်မည်စိုးသဖြင့် ယိုပီလော နတ်ဆိုးစွမ်းအင်ကို တိတ်တဆိတ် အသုံးပြုကာ သူ့ကိုယ်အလေးချိန်ကို လျှော့ချထားလိုက်သည်။ ထို့ကြောင့် နှစ်ယောက်သား အခန်းထဲ ချောချောမွေ့မွေ့ ဝင်နိုင်ခဲ့ပါသည်။
ယိုပီလောကို ကုတင်အနိမ့်လေးတစ်လုံးပေါ်တွင် နေရာချပေးခဲ့ပြီး ယန်ရုန်ရုန်လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။
ယိုပီလောက အမြန်လှမ်းမေးလိုက်သည်။
“ခင်ဗျားဘယ်သွားမလို့လဲ”
သူ့အသံက အားနည်းနေပြီး မျက်ဝန်းများကလည်း ခိုကိုးရာမဲ့နေခဲ့သည်။ ယန်ရုန်ရုန် စွန့်ပစ်သွားမှာကို ကြောက်ရွံ့နေသည့်အလား အလွန်သနားစရာကောင်းနေပါသည်။
ယန်ရုန်ရုန့်နှလုံးသားလည်း အတိုင်းအဆမရှိ နူးညံ့ပျော့ပြောင်းသွားခဲ့ရသည်။ သူမ သိမ်သိမ်မွေ့မွေ့ ရှင်းပြလိုက်ပါသည်။
“ရှင့်ဒဏ်ရာတွေကို သန့်ရှင်းရေးလုပ်ပေးဖို့ ရေနွေးသွားပြင်ခိုင်းမလို့ပါ၊ ကျွန်မ ပြန်လာမယ် စိတ်မပူနဲ့နော်”
ယိုပီလောက မှာလိုက်သည်။
“ကျွန်တော်ဒီမှာရှိနေတဲ့အကြောင်း ဘယ်သူ့မှ မပြောနဲ့နော်၊ ခင်ဗျားအန္တရာယ်ဖြစ်မှာ စိတ်ပူလို့ပါ”
သူမကိုသာ အမှန်တကယ် အန္တရာယ်မဖြစ်စေချင်လျှင် သူဒီအထိ ရောက်လာခဲ့မှာမဟုတ်ပါ။ သို့သော် ယခုချိန်တွင် ယန်ရုန်ရုန့်စိတ်က မြူဆိုင်းနေသဖြင့် ရှင်းရှင်းလင်းလင်း တွေးတောနိုင်စွမ်း မရှိပေ။
ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါပြီ၊ ကျွန်မ ဂရုစိုက်ပါ့မယ်”
ယန်ရုန်ရုန်ထွက်သွားသည်နှင့်တစ်ပြိုင်တည်း ယိုပီလော မတ်တပ်ထရပ်လိုက်ပါသည်။
သူ့ဒဏ်ရာမှ သွေးများစိမ့်ထွက်နေဆဲဖြစ်သော်လည်း နာကျင်မှုပင် မခံစားရသကဲ့သို့ ပြုမူနေသည်။
အခန်းထဲရှိ ပစ္စည်းဖွက်ထားနိုင်သော နေရာမှန်သမျှကို ပိုက်စိပ်တိုက်ရှာဖွေခဲ့သော်လည်း ထျန်အဆင့်ရှိ နတ်ရတနာ၏ အရိပ်အယောင်ကိုပင် ရှာမတွေ့ခဲ့ပါ။ လျှို့ဝှက်ခလုတ်တွေ၊ လျှိ့ဝှက်အခန်းတွေကိုလည်း ရှာမတွေ့ခဲ့ပေ။
‘ထျန်အဆင့်နတ်ရတနာကို ကိုယ်နဲ့မကွာ ဆောင်ထားတာများလား…’
ထိုသို့ဖြစ်နိုင်ချေများသည်ဟု ယိုပီလော ခံစားမိသည်၊။ ထျန်အဆင့်ရှိသော နတ်ရတနာဟူသည် တစ်သက်မှာ တစ်ခါပင် တွေ့ဖို့ ခဲယဉ်းလှသည့် ရတနာတစ်ခုဖြစ်ပါသည်။ သူသာဆိုလျှင်လည်း အခိုးမခံရအောင် ကိုယ်နှင့်မကွာ သိမ်းထားမိမှာ သေချာသည်။
ယိုပီလော ကုတင်ပေါ်တွင် ပြန်လှဲနေလိုက်ပြီး ယန်ရုန်ရုန့်ထံမှ ချန့်ခွင်းအိတ်ကို ခိုးယူဖို့ စတင်ကြံစည်လေတော့သည်။ ရတနာကို ကိုယ်နှင့်မကွာဆောင်ထားလျှင် ထိုချန့်ခွင်းအိတ်ထဲ ရှိနေမှာ သေချာသလောက် ရှိပါသည်။
ထိုစဉ် ယန်ရုန်ရုန်ကတော့ ရေနွေးကျိုဖို့ အိမ်စေများကို ညွှန်ကြားနေပါသည်။ အိမ်စေများ ထွက်သွားသော်လည်း ယန်ရုန်ရုန် ငြိမ်ငြိမ်သက်သက် မတ်တပ်ရပ်နေမိဆဲပင်။
သူမ အလွန်နေထိုင်မကောင်း ဖြစ်နေပါသည်။ အဖျားရောဂါကဲ့သို့ နေထိုင်မကောင်းခြင်းမျိုး မဟုတ်ဘဲ သူမ ခေါင်းထဲ ဝါဂွမ်းများဖြင့် ပြည့်နေသကဲ့သို့ ခံစားချက်မျိုးကို ခံစားနေရခြင်းပင်။
သူမ ဘာမှမစဉ်းစားလျှင် ပြဿနာမရှိသော်လည်း တစ်စုံတစ်ခုကို ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဖို့ ကြံလိုက်သည်နှင့် အတွေးတွေ ဗြောက်သောက်ဖြစ်ကာ ခေါင်းတွေမူးဝေသွားခဲ့ရသည်။
ထူးဆန်းသည့် တွန်းအားတစ်ခုကြောင့် ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ ဖူရှန်းကြေးမုံကို ထုတ်ယူလိုက်မိသည်။ ထို့နောက် ကြေးမုံမျက်နှာပြင်ပေါ်မှ သူမ ပုံရိပ်ကို စိုက်ကြည့်လိုက်ပါသည်။
ကြေးမုံမျက်နှာပြင်က အလွန်ဝေဝါးနေပြီး သူမ၏ ပုံရိပ်မှာလည်း အလွန်ထူထဲသည့် မြူခိုးမြူငွေ့များကဲ့သို့ ရီဝေနေခဲ့သည်။
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားပြီး ဖူရှန်းကြေးမုံကို စူးစူးစိုက်စိုက် ဆက်ကြည့်လိုက်ပါသည်။ တဖြည်းဖြည်းနှင့် ပုံရိပ်များ ရှင်းလင်းလာပြီး သူမ အာရုံတွေလည်း ချက်ချင်းဆိုသလို ပြန်လည်စူးရှထက်မြက်သွားခဲ့သည်။
ကြေးမုံထဲမျက်နှာပြင်ပေါ်မှ သူမ ပုံရိပ် လုံးဝ ကြည်လင်သွားသောအခါ အသိစိတ်လည်း အပြည့်အဝ ပြန်ဝင်လာသွားခဲ့ပါပြီ။
ဦးနှောက် ပြန်အလုပ်လုပ်ပြီဖြစ်သဖြင့် စောစောက သူမဘာကြောင့် ထူးထူးဆန်းဆန်းပြုမူခဲ့မိမှန်း ချက်ချင်း နားလည်သွားခဲ့သည်။
အားလုံးက ထိုဒုက္ခသည်ပေါ်လာသည့်အချိန်မှ စတင်ခဲ့ခြင်းပင်။
ရန်သူများ လိုက်လာသဖြင့် ပြေးစရာနေရာမရှိဘဲ စံအိမ်ထဲဝင်လာခဲ့ရခြင်းဖြစ်သည်ဟု သူဆိုခဲ့သည်။ သို့သော် မြို့စားစံအိမ်က လုံခြုံရေးအလွန်တင်းကြပ်သောကြောင့် သာမန်နတ်ဆိုးများပင် မဝင်နိုင်ပေ။
ထိုလူက “ဒဏ်ရာအပြင်းအထန်”ရထားသဖြင့် လမ်းပင်ကောင်းကောင်းမလျှောက်နိုင်သင့်ပါ။ ထို့ကြောင့် စံအိမ်ထဲ ဝင်လာနိုင်ဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
စံအိမ်အစောင့်များကို ကျော်ဖြတ်ပြီး တိတ်တဆိတ်ခိုးဝင်လာနိုင်သဖြင့် ထိုလူက သူပြောသလို အားနည်းပျော့ညံ့နေခြင်း မဖြစ်နိုင်မှန်း သေချာသွားပါပြီ။
အရေးအကြီးဆုံးက ထိုလူ့ကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် သူမ စိတ်တွေထိန်းမနိုင်သိမ်းမရဖြစ်ကာ သူ့ကို စွဲလမ်းသွားမိသည်။ ထိုလူ ဘာတွေပဲပြောပြော သူမ စဉ်းစားဆုံးဖြတ်ဉာဏ်မရှိတော့ဘဲ အကြွင်းမဲ့ ယုံကြည်မိပါသည်။
ထိုကဲ့သို့ ‘ပြုစား’ခံရသော ခံစားချက်မျိုးကို လွန်ခဲ့သည့် နှစ်ရက်ခန့် ယိုပီလောနှင့် ဆုံခဲ့စဉ်က ယန်ရုန်ရုန် ခံစားခဲ့ရဖူးသည်။ ထိုအချိန်တုန်းကလည်း ယိုပီလောကြောင့် သူမစိတ်တွေ လွတ်သွားတော့မလို ဖြစ်သွားခဲ့ရသည်။ ဒီလူကလည်း သူမကို ထိုကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေပါသည်။
ယိုပီလောက လိင်ပြောင်းနိုင်သည်ဟူသော လင်းယွမ်၏ စကားကို ယန်ရုန်ရုန် သတိရသွားသည်။ ထို့ကြောင့် ထိုဒုက္ခသည်က ယိုပီလောဖြစ်နိုင်လိမ့်မည်ဟု အမြန်ကောက်ချက်ချမိပါသည်။
သံသယတစ်ခုရှိလာပြီဖြစ်သဖြင့် အတည်ပြုဖို့ နည်းလမ်းရှာရပေတော့မည်။
-
ယန်ရုန်ရုန် ရေနွေးကိုယူပြီး အခန်းထဲ ပြန်ဝင်လာခဲ့ပါသည်။ အိပ်ရာထဲတွင် လှဲလျောင်းနေသည့် လူကိုကြည့်ပြီး စိုးရိမ်တကြီး အမြန်မေးလိုက်သည်။
“ဘယ်လိုနေသေးလဲဟင် ဒဏ်ရာက နာနေသေးလား”
ယိုပီလော အားနည်းစွာ ပြုံးလိုက်ပါသည်။
“စိတ်မပူပါနဲ့၊ ကျွန်တော်က သန်မာပါတယ်၊ ဒီလောက်နဲ့ မသေနိုင်ဘူး”
“ဒဏ်ရာကို ကျွန်မ ဆေးကြောပေးမယ်နော်”
ပြောပြောဆိုဆိုနှင့် သူ့ဝတ်ရုံကို ချွတ်ပေးဖို့ ယန်ရုန်ရုန် လက်လှမ်းလိုက်ပါသည်။
ယိုပီလောကလည်း သူမကို မတားပေ။ ငြိမ်ငြိမ်သက်သက် လှဲလျောင်းနေပြီး သူမက်မွန်ပွင့် မျက်ဝန်းများဖြင့် သူမကို မျက်တောင်မခတ် ငေးကြည့်နေခဲ့သည်။
ဒါက နှစ်ယောက်အကြား ပိုမိုနီးစပ်သွားစေဖို့ အခွင့်ကောင်းတစ်ခုဖြစ်သည်။ သူမ ဒဏ်ရာကို ဆေးကြောပေးနေစဉ် သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ထုတ်ကြွားဖို့ ရည်ရွယ်ထားသည်။ သူမ လက်ကလေးနှင့် ပွတ်တိုက်မိသွားအောင် ဖန်တီးပြီး သူမ ရှက်သွေးဖြာနေစဉ် စကားချိုချိုလေးများ ပြောလိုက်မည်။
ထိုအခါ သူ့ကို အရူးအမူး စွဲလမ်းသွားမှာ သေချာပါသည်။
သို့သော် စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ ယိုပီလော ရင်ဘတ်ပေါ် အလွန်ပူပြင်းစူးရှသည့် နာကျင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယိုပီလော အသက်ရှူမှားသွားပြီး အောက်ငုံ့ကြည့်လိုက်ရာ ယန်ရုန်ရုန်က ပူခြစ်တောက်လောင်နေသော ပဝါတစ်ထည်ကို သူ့ဒဏ်ရာပေါ် ပစ်တင်လိုက်ခြင်းဖြစ်မှန်း မြင်လိုက်ရပါသည်။
ထိုပဝါက ရေနွေးပူပူထဲမှ ထွက်လာခါစဖြစ်သဖြင့် ဒဏ်ရာအစိမ်းသက်သက် မဆိုဦးနှင့် သာမန်အရေပြားကိုတောင် လောင်ကျွမ်းသွားစေနိုင်သည်။
သူ့အသားတွေ အပြုတ်ခံလိုက်ရပြီဟု ယိုပီလော ထင်လိုက်မိပြီး နာကျင်မှုကြောင့် ဇောချွေးများ ပြန်လာခဲ့သည်။
မသိစိတ်မှ သူမလက်ကို တွန်းထုတ်ပစ်လိုက်ချင်သော်လည်း ‘ဒဏ်ရာရထားသော ဒုက္ခသည်’အဖြစ် ဟန်ဆောင်ရမည်ဖြစ်မှန်း ပြန်သတိရသွားခဲ့သည်။
သရုပ်ဆောင်မှုပီပြင်စေဖို့အတွက် အံကြိတ်လျက် တီးတိုးညည်းတွားလိုက်ရပါသည်။
“နာ…နာတယ်!”
ယန်ရုန်ရုန် လေးလေးနက်နက် အကြံပြုလိုက်သည်။
“ပူတာသိပါတယ်၊ ဒါပေမယ့် မတတ်နိုင်ဘူး၊ ဒဏ်ရာ ပိုးမဝင်အောင် ဒီလိုလုပ်မှဖြစ်မှာ၊ ခဏလောက် သည်းခံလိုက်ပါ၊ ခဏနေရင် ပြီးသွားလိမ့်မယ်”
‘အရှင်လတ်လတ် အပြုတ်ခံနေရတာကို ဘယ်လိုသည်းခံရမှာလဲ!’
ယိုပီလော အံကြိတ်ကာ “ခပ်နွေးနွေးလေးဆို ရပါပြီ၊ ဓားဒဏ်ရာပဲဥစ္စာ ဘာပိုးမှ မဝင်နိုင်ဘူး၊ ပြီးတော့ ပဝါက အရမ်းပူနေတာ ခင်ဗျားလက်တွေ အပူလောင်သွားရင် ဘယ်လိုလုပ်မလဲ”
ယန်ရုန်ရုန် ဖြူစင်စွာ ပြုံးလိုက်ပြီး
“ကျွန်မ ဘာမှမဖြစ်ပါဘူး! လက်အိတ်တွေ ဝတ်ထားတယ်လေ၊ ဒီလက်အိတ်တွေမှာ အပူဒဏ်ခံနိုင်တဲ့ မှော်သင်္ကတတွေ ပါတယ်လေ”
သက်သေပြသည့်အနေဖြင့် လက်အိတ်ဝတ်ထားသည့် သူမလက်များကို ရမ်းပြလိုက်သေးသည်။
ယိုပီလော ဆဲချင်သွားပါသည်။
‘သူ့ကျတော့ လက်အိတ်ဝတ်ရကောင်းမှန်းသိပြီး ငါ့ကိုတော့ အရှင်လတ်လတ် ရေနွေးနဲ့ ပြုတ်နေတာပေါ့!’
ရေနွေးကို အနည်းငယ် အအေးခံဖို့ ယိုပီလော အတင်းတောင်းဆိုခဲ့ပါသည်။
ယန်ရုန်ရုန် သက်ပြင်းချလိုက်သည်။
“ဟုတ်ပါပြီ”
ထို့နောက် ရေနွေးကို အနည်းငယ်အအေးခံကာ ပဝါဖြင့်စိမ်လျက် သူ့ဒဏ်ရာကို ဆက်သန့်ရှင်းပေးခဲ့ပါသည်။ ထို့နောက် သူမ မေးလိုက်ပါသည်။
“ရှင့်နာမည်ကို ကျွန်မ မမေးရသေးဘူးနော်”
ယိုပီလော နာမည်အရင်းကို ထုတ်ပြော၍မရပေ။ ထို့အပြင်သူ့မှာ အကြံကောင်းတစ်ခုလည်း ရှိနေပါသည်။
“အမှန်အတိုင်း ပြောရရင်… ကျွန်တော် အတိတ်မေ့နေတာ၊ အတိတ်ကအကြောင်းတွေ ဘာမှမမှတ်မိတော့ဘူး၊ ကျွန်တော် သတိရလာတဲ့ အချိန်ကတည်းက ကျွန်တော့်အပေါ် ကောင်းတဲ့သူဆိုလို့ ခင်ဗျားတစ်ယောက်တည်းရှိတယ်… ကျွန်… ကျွန်တော် ခင်ဗျားကို အရမ်းသဘောကျတာပဲ”
သူ့မျက်နှာ ရှက်သွေးဖြာ ပန်းရောင်သန်းသွားခဲ့ပြီး မျက်ဝန်းတွေမှာလည်း မေတ္တာများဖြင့် ပြည့်ဝနေပါသည်။
ယန်ရုန်ရုန်လည်း ရှက်သွေးဖြာသွားသည်။
“ဒါပေမယ့် နာမည်မရှိလို့မဖြစ်ဘူးလေ၊ ကျွန်မရှင့်ကို ဘယ်လိုခေါ်ရမှန်းမသိဘဲ ဖြစ်နေမှာပေါ့၊ ကျွန်မ နာမည်ပေးကြည့်လိုက်ရမလား”
ယိုပီလော နူးညံ့သိမ်မွေ့စွာ ပြန်ပြောလိုက်သည်။
“ပေးကြည့်လေ၊ ခင်ဗျားက စိတ်ထားအရမ်းကောင်းတော့ ခင်ဗျားပေးတဲ့ နာမည်လေးက လှမှာသေချာပါတယ်”
ယန်ရုန်ရုန် ရှက်ကိုးရှက်ကန်း ပြောလိုက်ပါသည်။
“အဲ့တာဆို ရှင့်ကို ကြက်ဥပုပ်လေးလို့ ခေါ်မယ်”
ယိုပီလော: “…”
နားကြားမှားသည်အထင်နှင့် သူပြန်မေးလိုက်ရသည်။
“ဘာဖြစ်တယ်”
“ရှင့်နာမည်က ကြက်ဥပုပ်လေးဖြစ်သွားပြီလို့ ပြောလိုက်တာလေ”
ယန်ရုန်ရုန် လေးလေးနက်နက်ရှင်းပြလိုက်သည်။
“ရှင်မကြိုက်လောက်မှန်း ကျွန်မသိတယ်၊ ဒါပေမယ့် ဆိုရိုးစကား ရှိသလိုပဲ နာမည်ဆိုးလေလေ မွေးရလွယ်လေလေတဲ့၊ ရှင်က ဒဏ်ရာအပြင်းအထန်ရထားပြီး ရန်သူတွေကလည်း လိုက်ရှာနေတုန်းပဲဆိုတော့ ဘယ်လောက်ကြာကြာ အသက်ရှင်ရမှန်းတောင် သိမှာမဟုတ်ဘူး၊ အဲ့တာကြောင့် နာမည်ဆိုးဆိုးပေးလိုက်ရင် ကံကောင်းလာနိုင်တယ်လေ”