အခန်း (၁၄၆)
Vol. 15 Ch. 146
🌹Chapter 146
ယန်ရုန်ရုန်က သူ့အတွက် အမှန်တကယ် စိတ်ပူနေသည့်ပုံစံမျိုးဖြင့် ပြောနေသော်လည်း ယိုပီလော သံသယဝင်လာမိပါသည်။
‘ဧကန္တ ငါ့သရုပ်မှန်ကို သူသိသွားပြီမို့လို့ ရည်ရွယ်ချက်ရှိရှိ အရှက်ခွဲနေတာလား၊ မဟုတ်ရင် အဲ့လောက် ကျက်သရေမရှိတဲ့ နာမည်မျိုး ဘာလို့ပေးရတာလဲ’
ယန်ရုန်ရုန့်၏ မျက်နှာကို သေချာအကဲခတ်ရင်း ယိုပီလော မေးလိုက်ပါသည်။
“ကြက်ဥပုပ်အပြင် တခြား ဆိုးရွားတဲ့ နာမည်တွေ ရှိပါသေးတယ်၊ အဲ့တစ်ခုကိုမှ ဘာလို့ရွေးလိုက်တာလဲ”
ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။
“ကြက်ဥပုပ်ဖြစ်ရမယ်လို့ တစ်ခါမှ မပြောဖူးပါဘူး၊ ရှင်မကြိုက်ဘူး ဆိုရင် တခြားနာမည်ပေးလည်း ရတယ်လေ၊ ခွေးဥတို့၊ နံစော်ဥတို့၊ လိပ်ဥတို့ ကြိုက်တာ ရွေးလို့ရတယ်”
ယိုပီလော: “…”
‘အဲ့ဒီနာမည်တွေက ပိုတောင်ဆိုးနေသေးတယ်!’
ယိုပီလော ဆက်ပြီး စမ်းသပ်လိုက်ပါသည်။
“နာမည်တွေအကုန်လုံးမှာ ‘ဥ’ဆိုတာ ဘာလို့ပါနေတာလဲ”
ယန်ရုန်ရုန် ပြန်ပြောလိုက်သည်။
“ဪ အဲ့တာဆို ရှင်က ‘ဥ’ဆိုတဲ့ စကားလုံးကို သဘောမကျတာပေါ့၊ အဲ့တာဆို နံစော်ခွေးတို့ နံစော်လိပ်တို့ ပြောင်းလိုက်မယ်လေ၊ ‘ဥ’မပါတော့ဘူးဆိုတော့ ရှင့်အကြိုက်ဖြစ်သွားပြီပေါ့”
ထို့နောက် သူ့အတွက်နာမည်စဉ်းစားပေးရသည်မှာ စိတ်ရှုပ်စရာကောင်းသည်ဟန်ဖြင့် မျက်မှောင်ပင် ကြုတ်ပြလိုက်သေးသည်။
သူမ ရည်ရွယ်ချက်ရှိရှိလုပ်နေသည်ဟု ယိုပီလော ပိုပိုပြီး ယုံကြည်လာခဲ့ပါပြီ။ သူအရွဲ့တိုက်ကာ ပြောလိုက်သည်။
“အဲ့တာဆို ‘နံစော်လိပ်ခွေး’လို့ပဲ ခေါ်လိုက်ပါတော့လား”
ယန်ရုန်ရုန် မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။
“ဪ ရှင်က အဲ့နာမည်ကြိုက်တယ်ပေါ့! အဲ့တာဆိုလည်း နံစော်လိပ်ခွေးလို့ပဲ ခေါ်ကြတာပေါ့၊ ရှင်နဲ့ အရမ်းလိုက်တာပဲ!”
ယိုပီလော: “…”
‘ဒီလောက် စုတ်ပဲ့တဲ့ နာမည်က ငါနဲ့ အရမ်းလိုက်တယ်ပေါ့!’
သူမ ကျိန်းသေပေါက် အခွင့်ကောင်းယူပြီး သူ့ကို စော်ကားနေခြင်းဖြစ်သည်။ သူ့သရုပ်မှန်ကို ကျုံးရှောင်းရှောင်း သိသွားလောက်ပါပြီ။
သရုပ်မှန်ပေါ်သွားပြီဖြစ်သဖြင့် ဆက်ပြီး ဟန်ဆောင်နေဖို့ မလိုတော့ပါ။ ယိုပီလော၏ ရင်ထဲ သတ်ဖြတ်ချင်စိတ်များ တဖွားဖွားပေါ်လာခဲ့သည်။
ဒီကိုလာခဲ့ရသည့် မူလရည်ရွယ်ချက်မှာ ထျန်အဆင့်ရှိ နတ်ရတနာကို ခိုးယူဖို့ပင်။ ပထမတော့ ကျုံးရှောင်းရှောင်းကို ညှို့ယူပြီး သူလိုသလို ထိန်းချုပ်နိုင်သည့် ရုပ်သေးရုပ်အဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ထားခဲ့ပါသည်။
ဒီလိုသာဆို နတ်ရတနာကို ခိုးယူနိုင်ရုံတင်မကဘဲ ကျုံးရှောင်းရှောင်းကို အသုံးချပြီး လင်းယွမ်ကိုလည်း သုတ်သင်နိုင်ကာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်ချနိုင်ပါလိမ့်မည်။
သို့သော် အခြေအနေက ပြောင်းလဲသွားခဲ့လေပြီ။ ယိုပီလော မူလအစီအစဉ်ကို ဖျက်သိမ်းရပါတော့မည်။
အပေါ်ယံမှာတော့ စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် ပုံစံမျိုး လုပ်ပြလိုက်သည်။
“ရပါတယ်၊ ခေါ်ချင်သလိုသာ ခေါ်ပါတော့၊ ခင်ဗျားသဘောပဲလေ”
သို့သော် နောက်ကွယ်တွင်တော့ ကျုံးရှောင်းရှောင်း သတိမဲ့သွားသည်နှင့်တစ်ပြိုင်တည်း ဇက်ချိုးသတ်ပစ်ဖို့ ယိုပီလော နတ်ဆိုးစွမ်းအင်များကို စုစည်းနေခဲ့ပါပြီ။
သို့သော် စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ ယိုပီလော ကြက်သေသေသွားခဲ့ရသည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးစွမ်းအင်များကို ထူးဆန်းသည့် စွမ်းအားတစ်ခုက ပိတ်လှောင်ထားမှန်း ခံစားမိလိုက်သည်။ ယိုပီလော ဘယ်လောက်ပဲ ကြိုးစားပါစေ သူ့နတ်ဆိုးစွမ်းအင်များကို ထုတ်မသုံးနိုင်ခဲ့ပါ။
ယန်ရုန်ရုန်ကတော့ ယိုပီလော မူမမှန်သည်ကို မသိချင်ယောင် ဆောင်လိုက်ပြီး ချိုချိုမြိန်မြိန်ပြုံးလိုက်ပါသည်။
“နံစော်လိပ်ခွေးလေး! ဆေးမြန်မြန်သောက်လေ၊ ဒါက အကိုက်အခဲပျောက်ဆေး၊ ဒီဆေးသောက်လိုက်ရင် ဒဏ်ရာက နာမှာမဟုတ်တော့ဘူး”
ပြောပြောဆိုဆိုနှင့် ဆေးလုံးတစ်လုံးထုတ်ကာ ယိုပီလော နှုတ်ခမ်းနား တေ့ပေးလိုက်ပါသည်။
သူမ တိုက်သည့်အရာမှန်သမျှကို ယိုပီလောမသောက်ချင်ပါ။ အဆိပ်ခတ်ထားမှာ စိုးရိမ်ရသည်။
“မနာတော့ပါဘူး၊ ဆေးလည်း သောက်စရာမလိုဘူး၊ ကျေးဇူးတင်ပါတယ်”
ယန်ရုန်ရုန်ကတော့ လက်မခံနိုင်ပေ။
“ရှင့်မျက်နှာကို ကြည့်ပါဦး၊ ဒီလောက်ဖြူဖပ်နေတာ အရမ်းနာနေလို့ ဖြစ်မှာပေါ့၊ ကျွန်မစိတ်ပူမှာစိုးလို့ ရှင်မနာဘူးလို့ လိမ်နေတာ ကျွန်မသိတယ်နော်၊ အဲ့လိုလုပ်စရာမလိုပါဘူး၊ နာရင် နာတယ်ပေါ့၊ လူစွမ်းကောင်းလုပ်နေစရာမလိုဘူး”
“အဲ့လိုမဟုတ်…”
ယိုပီလောငြင်းဖို့ ကြိုးစားလိုက်သော်လည်း ပါးစပ်ဟပြီး စကားကို ဆုံးအောင်မပြောနိုင်ခင်မှာပင် ယန်ရုန်ရုန်က သူ့မေးကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ့ပါးစပ်ထဲ ဆေး လုံးကိုပစ်ထည့်ကာ သိမ်သိမ်မွေ့မွေ့ ပြောလိုက်ပါသည်။
“စကားနားထောင်နော်၊ ဆေးသောက်ပြီး အိပ်လိုက်တော့၊ နိုးလာရင် အားလုံး အဆင်ပြေသွားလိမ့်မယ်”
ယိုပီလော ကြောက်လန့်တကြားဖြစ်ကာ မျက်လုံးများ ပြူးကျယ်သွားသည်။ ဆေးလုံးကို ထွေးထုတ်ဖို့ အသည်းအသန် ကြိုးစားသော်လည်း ယန်ရုန်ရုန်က သူ့ပါးစပ်ကို အတင်း အကြပ် အုပ်ထားခဲ့ပါသည်။
ဆေးလုံးက သူ့ပါးစပ်ထဲ ခပ်မြန်မြန်ပဲ အရည်ပျော်သွားပြီး လည်ချောင်းမှတဆင့် ခန္ဓာကိုယ်ထဲ စီးဝင်သွားလေတော့သည်။
ဘယ်လိုဆေးလုံးမှန်း ယိုပီလော မသိနိုင်သော်လည်း သူ့အတွက် ကောင်းကျိုးပေးနိုင်သည့် ဆေးလုံးမဟုတ်သည်ကိုတော့ ခန့်မှန်းစရာပင်မလိုပါ။ ဒေါသကြောင့် ယိုပီလော အငွေ့တထောင်းထောင်းထသွားပြီး ယန်ရုန်ရုန် လက်ဖယ်ပေးလိုက်သည်နှင့် တစ်ပြိုင်တည်း သူကျိန်ဆဲလေတော့သည်။
“မသာမ! နင်ငါ့ကို ဘာတွေတိုက်လိုက်တာလဲ!”
ယန်ရုန်ရုန် အံ့အားသင့်သွားသည့်ပုံစံဖြင့် မျက်လုံးပြူးသွားသည်။
“ဘာလို့ စကားကို အဲ့လို ရိုင်းရိုင်းစိုင်းစိုင်း ပြောရတာလဲ”
သူမျိုချလိုက်သည့် ဆေးလုံးကြောင့် အသက်ပင်ဆုံးရရှုံးသွားနိုင်မှာကို ယိုပီလော ကြောက်ရွံ့နေပါသည်။
သေရေးရှင်ရေး အခြေအနေမှာ သူဆက်ပြီး ဟန်မဆောင်နိုင်တော့ဘဲ ခံစားချက်များ ပွင့်ထွက်လာလေတော့သည်။
“ငါနင့်ကို ဆဲရုံတင်မဟုတ်ဘူး သတ်ပါသတ်ပစ်မှာ! ပြောစမ်း နင်ငါ့ကို ဘာတွေတိုက်လိုက်တာလဲ၊ ငါ့ကို အဆိပ်တိုက်ပြီး သတ်ဖို့ကြံနေတာလား!”
ယန်ရုန်ရုန် စိတ်ပျက်သွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“ကျွန်မကို ဘာလို့ အဲ့လို ထင်ရတာလဲ၊ ကျွန်မတိုက်လိုက်တဲ့ ဆေးက တကယ် အကိုက်အခဲပျောက်ဆေးပါ၊ ရှင့်ကို ထိခိုက်စေဖို့ မရည်ရွယ်ဘူး”
သူ့နာကျင်မှုတွေ အနည်းငယ်သက်သာလာသည်ကို ယိုပီလော အမှန်တကယ် ခံစားမိပါသည်။ သူအနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့သည်။
‘ငါ ထင်တာ မှားသွားတာလား...’
သို့သော် ချက်ချင်းဆိုသလိုပင် ယိုပီလော ခေါင်းတွေ မူးဝေလာခဲ့ကာ ဦးနှောက်တစ်ခုလုံး လေးလံထိုင်းမှိုင်းသွားခဲ့ပါသည်။ တစ်စုံတစ်ခုမှားယွင်းနေသည်ကို ချက်ချင်း နားလည်လိုက်ရသည်။ ထိုဆေးက ကျိန်းသေပေါက် ပုံမှန်မဟုတ်ပါ။
ယိုပီလောခက်ခက်ခဲခဲ ထထိုင်လိုက်ပြီး ယန်ရုန်ရုန့်ထံ လက်လှမ်းဖို့ ကြိုးစားကာ ကျိန်ဆဲလိုက်သည်။
“မသာမ! နင်ငါ့ကို လိမ်တယ်! ဆေးကို နင်အဆိပ်ခတ်ထားတာ!”
ယန်ရုန်ရုန် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး ရှင်းပြလိုက်သည်။
“ကျွန်မ မလိမ်ဘူး၊ ဆေးက တကယ် အကိုက်အခဲသက်သာတဲ့ဆေး၊ ဒါပေမယ့် ဘေးထွက်ဆိုးကျိုး သေးသေးလေးတစ်ခုတော့ ရှိတယ်၊ ဆေးသောက်ပြီးရင် ခဏလောက် အိပ်ပျော်သွားရုံပဲ”
ထိုစကားကို ကြားပြီး ယိုပီလော စိတ်ပိုချောက်ချားသွားခဲ့သည်။
“အပျက်မ! နင်ငါ့ကို ဆေးခတ်တယ်ပေါ့! ငါဘယ်သူမှန်း နင်အစကတည်းက သိနေတာမလား! ငါ့ကို အန္တရာယ်ပြုဖို့ အခွင့်အရေးရအောင် တမင်တကာ မသိချင်ယောင် ဆောင်ခဲ့တာမလား! ငါနင့်ကို သတ်ပစ်မယ်!”
ယန်ရုန်ရုန့်ထံ သူပြေးသွားဖို့ ကြံလိုက်ပါသည်။ သို့သော် ခြေတွေလက်တွေအကုန် အားနည်းနေသဖြင့် မတ်တပ်ပင် မရပ်နိုင်တော့ချေ။
ယိုပီလောတစ်ယောက် ကုတင်နိမ့်ပေါ်မှ လိမ့်ကျပြီးကြမ်း ပြင်ပေါ် ဘုန်းခနဲမြည်အောင် ပြုတ်ကျသွားလေတော့သည်။
ယခုတော့ ယိုပီလော အမှန်တကယ် ကယောင်ချောက်ချားဖြစ်နေပါပြီ။
‘ဘာတွေဖြစ်နေတာလဲ…! ငါ့နတ်ဆိုးစွမ်းအင်တွေ ထုတ်သုံးလို့မရရုံတင်မဟုတ်ဘူး တစ်ကိုယ်လုံးလည်း ချည့်နဲ့သွားသလိုပဲ!’
ယန်ရုန်ရုန့်ကို မော့ကြည့်ပြီး သူ့ကိုဘာတွေလုပ်လိုက်သလဲ ယိုပီလော မေးမြန်းချင်ခဲ့ပါသည်။ သို့သော် သူ့ခေါင်းတွေ ပတ်ချာလည်နေသဖြင့် ဆက်ပြီးထိန်းမထားနိုင်တော့ပေ။ မျက်လုံးများ ရုတ်တရက်ပိတ်သွားပြီး သတိလစ် မေ့မျောသွားလေတော့သည်။
ယန်ရုန်ရုန် ဒူးထောက်ထိုင်ချလိုက်ပြီး ယိုပီလော၏ မျက်နှာကို လက်ဖြင့် စမ်းကြည့်လိုက်ပါသည်။ အပြင်ပန်းမှ ရုပ်ဖျက်ထားသည့် အရိပ်အယောင်ကို မတွေ့ရပေ။
သူမ မျှော်လင့်ထားသည့်အတိုင်းပင်။ ကျင့်ကြံသူတစ်ယောက် ရုပ်ဖျက်ဖို့ နည်းလမ်းပေါင်းစုံရှိပါသည်။
အထူးသဖြင့် ယိုပီလောလို လှည့်စားခြင်းအတတ်ကို အထူးပြုသည့် တဏှာနတ်ဆိုးမတစ်ကောင်အတွက် အသွင်သဏ္ဌာန်ပြောင်းလဲခြင်းက ရေသောက်ရသလို လွယ်ကူလွန်းသည်။ သာမန်လူတွေ သတိထားမိနိုင်ဖို့လည်း အလွန်ခက်ခဲလွန်းပါသည်။
ယန်ရုန်ရုန် ဖူရှန်းကြေးမုံကို ထုတ်လိုက်ပြီး ယိုပီလော၏ မျက်နှာတည့်တည့်သို့ ရွယ်လိုက်သည်။
ကြေးမုံ၏ မျက်နှာပြင်ပေါ်တွင် ယိုပီလော၏ လက်ရှိ ယောက်ျားမျက်နှာ ပေါ်လာပါသည်။ သို့သော် ယန်ရုန်ရုန် မြင်ဖူးသည့် မိန်းမမျက်နှာအဖြစ် ခပ်မြန်မြန်ပဲ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ဆွဲဆောင်မှုရှိသည့် ယောက်ျား၊ မိန်းမ မျက်နှာပေါင်းများစွာအဖြစ် အကြိမ်ကြိမ်ပြောင်းလဲနေခဲ့ပါသည်။
ယခင်က ယိုပီလော မျက်နှာပေါင်းများစွာကို အသုံးပြုပြီး လူတွေကို လှည့်စားခဲ့ဖူးပုံပင်။
နောက်ဆုံးတော့ ကြေးမုံမျက်နှာပြင်ပေါ်တွင် ပါးရေများတွန့်နေပြီး မျက်တွင်းများကျနေသော ဆံပင်ဖြူဖြူ ဝဝဖိမ့်ဖိမ့် နတ်ဆိုးမအိုကြီးတစ်ယောက်၏ ပုံရိပ် ပေါ်လာခဲ့ပါသည်။
ကြေးမုံမျက်နှာပြင်ပေါ်ရှိ နတ်ဆိုးမအိုကြီး၏ ပုံရိပ်ကို ယန်ရုန်ရုန် အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့သည်။
‘ဧကန္တ ဒါ ယိုပီလောရဲ့ အသွင်အစစ်အမှန်များလား’
ကြေးမုံထဲက သူ့အသွင်မှာ အတော်လေး အသက်ကြီးနေပုံရပါသည်။
သို့သော် စောစောက ယိုပီလော၏အပြုအမူ၊ အပြောအဆိုများကို အကဲခတ်ကြည့်လျှင် ငယ်ငယ်ရွယ်ရွယ် ချောချော မောမော ယောက်ျားလေးတစ်ဦးဖြစ်သည်ဟု အမှန်တကယ် ထင်ချင်စရာကောင်းလှသည်။ ဒီလောက်ထိ အသက်ကြီးနေလိမ့်မည်ဟု ဘယ်လိုမှ မှန်းဆနိုင်မှာ မဟုတ်ပါ။
‘စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ ဒါကိုပြောတာပဲဖြစ်မယ်!’
ယန်ရုန်ရုန် ကြေးမုံကို ပြန်သိမ်းလိုက်ပြီး ယိုပီလောကို ကြိုးတုပ်ကာ အကြောသေအဆောင်စက္ကူ နှစ်ရွက်ကို သူ့ကိုယ်ပေါ် ကပ်ထားလိုက်သည်။ ထို့နောက် အခြားအခန်းတစ်ခန်းသို့ တရွတ်တိုက် ဆွဲခေါ်သွားလေတော့သည်။