← Chapters

အခန်း (၁၄၇)

Vol. 15 Ch. 147

အခန်း (၁၄၇)

Vol. 15 Ch. 147

🌹Chapter 147

ယိုပီလော သတိပြန်လည်လာသောအခါ မီးရောင်မှိန်မှိန်လင်းနေသည့် အခန်းကျဉ်းလေးတစ်ခန်းထဲ ရောက်နေမှန်း သိလိုက်ရသည်။

အခန်းထဲတွင် ပြူတင်းပေါက်မရှိသလို တံခါးကိုလည်း တင်းကြပ်စွာ ပိတ်ထားသည်။ တစ်ခုတည်းသော အလင်းရောင်ဟူ၍ နံရံပေါ်တွင် တလှပ်လှပ်တောက်နေသည့် မီးတုတ်တစ်ချောင်းသာ ရှိပါသည်။

ယိုပီလောတစ်ယောက် ကုတင်တစ်လုံးပေါ်တွင် လှဲလျောင်းနေရပြီး ခြေလက်များကို ကြိုးတုပ်ခံထားရသည့်အပြင် အကြောသေအဆောင်စက္ကူများလည်း အကပ်ခံထားရသဖြင့် ကြွက်သားတစ်မျှင်ပင် မလှုပ်ရှားနိုင်ပါ။

သူ့အခြေအနေက စဉ့်တီတုံးပေါ်ရောက်နေပြီး အသတ်ခံရဖို့သာ စောင့်မျှော်နေရသည့် ငါးတစ်ကောင်လိုပင်။

ထိတ်လန့်စရာ ပိုကောင်းသည်က သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးစွမ်းအင်များကို ယခုအချိန်ထိ ထုတ်မသုံးနိုင်သေးပေ။ နတ်ဆိုးစွမ်းအင်များသာမရှိလျှင် ယိုပီလောမှာ သာမန်လူတစ်ယောက်နှင့် မခြားနားလှပါ။

“ဪ နိုးလာပြီလား”

အသံလာရာဘက်သို့ ယိုပီလော ချက်ချင်း လှည့်ကြည့်လိုက်ရာ နံရံဘေးက ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်ရင်း ကျင့်ကြံနေသော ယန်ရုန်ရုန့်ကို မြင်လိုက်ရပါသည်။

သူမ ဘယ်အချိန်ကတည်းက ရောက်နေမှန်း ယိုပီလော မသိနိုင်ပါ။ သို့သော် ယန်ရုန်ရုန် မျက်လုံးများ ဖွင့်လိုက်သည်နှင့် သူမ ဘေးပတ်လည်ရှိ ဝိညာဉ်စွမ်းအင်အနည်းငယ်မှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပါသည်။

သူမကို မြင်လိုက်ရသည်နှင့် ယိုပီလော သွေးတွေ ပွက်ပွက်ဆူလာခဲ့သည်။ ရင်ထဲက ဒေါသများကို ဖွင့်ချပြီး သူမကို အော်ဟစ်ဆဲဆိုချင်ခဲ့သော်လည်း သူ့အခြေအနေသူ သတိရသွားခဲ့ပါသည်။

သူက စဉ့်တီတုံးပေါ်မှ ငါးတစ်ကောင်ဖြစ်ကာ ကျုံးရှောင်းရှောင်းက ဓားတစ်လက်ဖြစ်သည်။

သူမကို ဒေါသထွက်သွားအောင် အလွန်အကျွံ တွန်းပို့မိလိုက်ပါက သူ့ကိုချက်ချင်း သတ်ပစ်လိုက်နိုင်ပါသည်။

ထို့ကြောင့် ဒေါသကို မျိုသိပ်ရင်း အပြုံးတစ်ခုကို ခက်ခက်ခဲခဲ ဖော်ဆောင်ကာ နူးနူးညံ့ညံ့မေးလိုက်ပါသည်။

“ရှောင်းရှောင်း… ငါတို့ဘယ်ရောက်နေတာလဲ၊ ငါ့ကိုဘာလို့ ကြိုးတုပ်ထားတာလဲ၊ ပြီးတော့ ငါ့ကိုယ်ထဲက နတ်ဆိုးစွမ်းအင်တွေ… ဘာလို့ထုတ်သုံးလို့မရတာလဲ”

ယန်ရုန်ရုန် တစ်ခုခုကို သတိရသွားသကဲ့သို့ နဖူးကိုရိုက်ကာ ရေရွတ်လိုက်ပါသည်။

“ဪ ကျွန်မ မေ့တော့မလို့၊ ရှင့်ဒဏ်ရာကို ဆေးပေးတုန်းက နတ်ဆိုးစွမ်းအင်ချုပ်နှောင်တဲ့ အမှုန့်တချို့ ရေနွေးထဲ ထည့်ဖျော်ခဲ့သေးတယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့၊ ရှင့်နတ်ဆိုးစွမ်းအင်တွေကို ယာယီသုံးလို့မရအောင်ပဲ တားဆီးပေးတာပါ၊ ရှင်မသေပါဘူး”

ညမဲ့မြို့စားသေဆုံးသွားပြီးနောက် သူ့ချန့်ခွင်းအိတ်ကို ယန်ရုန်ရုန် သိမ်းပိုက်ခဲ့ပါသည်။ ထိုအိတ်ထဲတွင် ရတနာပေါင်းစုံနှင့် ပြည့်နှက်နေပြီး ထိုဆေးမှုန့်ကလည်း တစ်ခုအပါအဝင်ဖြစ်သည်။

ယိုပီလော ဒေါသထွက်လွန်းသဖြင့် အံတွေကြိတ်လိုက်မိသည်။

‘ဒီမိန်းမ တမင်တကာ လုပ်နေတာပဲ!’

သူ့သရုပ်မှန်ကို ကျုံးရှောင်းရှောင်း အစောကြီးကတည်းက သိပြီးသားဖြစ်သော်လည်း သူသတိမဲ့သွားသည့်အချိန်အထိ ရူးချင်ယောင် ဆောင်ပြခဲ့ကာ သူ့ဒဏ်ရာများထဲ ဆေးခတ်ပြီး စွမ်းအားမဲ့အောင် ဖန်တီးခဲ့သည်။

သို့သော် ယိုပီလော ဒေါသကို ထုတ်ပြလို့မဖြစ်သေးပေ။

သူတောင်းပန်လိုက်ပါသည်။

“ငါတို့မှာ ရန်ငြှိုးရန်စလည်းမရှိပါဘူး၊ ငါ့ကို အရင်လွှတ်ပေးနော်၊ ပြီးမှ စကားအေးဆေး ပြောလို့ရတယ်”

ယန်ရုန်ရုန် ခေါင်းခါလိုက်သည်။

“လွှတ်ပေးလို့မရဘူး၊ လွှတ်ပေးလိုက်ရင် ရှင်ထွက်ပြေးသွားမှာပေါ့”

ယိုပီလောက ချက်ချင်း ကတိပေးလိုက်ပါသည်။

“ထွက်မပြေးဘူးလို့ ငါကျိန်တယ်!”

ယန်ရုန်ရုန် ခေါင်းခါနေဆဲပင်။

“လူတွေရဲ့ သစ္စာစကားဆိုတာ အလိမ်အညာတွေချည့်ပဲ၊ ကျွန်မ ရှင့်ကို မယုံဘူး”

သူ့ကို ကျုံးရှောင်းရှောင်း ချက်ချင်း သတ်ဖို့အစီအစဉ်မရှိသေးမှန်း မြင်သဖြင့် လွတ်လမ်းရှိသေးသည်ဟု ယိုပီလော ခံစားလိုက်ရသည်။ ထို့ကြောင့် လေသံကို ပိုပျော့အောင် ပြောလိုက်ပါသည်။

“ဒါပေမယ့် ငါ့ကို ဒီတိုင်းတစ်သက်လုံး ချုပ်နှောင်ထားလို့တော့ မရဘူးလေ၊ မင်းဘာလိုချင်လဲ ဆိုတာသာ ပြောလိုက်၊ ငါဖြည့်ဆည်းပေးနိုင်တဲ့အရာဆိုရင် ကျိန်းသေပေါက် ဖြည့်ဆည်းပေးမယ်”

ယန်ရုန်ရုန် မျက်လုံးများ ဝိုင်းစက်သွားသည်။

“တကယ်လား၊ ကျွန်မတောင်းဆိုတာ မှန်သမျှကို ဖြည့်ဆည်းပေးမှာလား၊ ကျွန်မနဲ့ တစ်သက်လုံးအတူတူ နေခိုင်းရင်ကော တကယ်အတူတူနေပေးမှာလား”

ယိုပီလော ကြက်သေသေသွားသည်။ သူ့သရုပ်မှန်ကို ကျုံးရှောင်းရှောင်း သိသွားပြီဟု ထင်ထားခဲ့သော်လည်း ယခု သူမပုံစံက သူ့ကို အမှန်တကယ် စွဲလမ်းနေသည့်ပုံစံမျိုးပင်။

သို့သော် သူတွေးမိပါသည်။ ‘သာမန်မိန်းမတစ်ယောက်က သူချစ်တဲ့ယောက်ျားကို ကြိုးတုပ်ထားပါ့မလား’

ဘယ်လိုပဲဖြစ်ဖြစ် ယိုပီလော အပြုံးမပျက်ဘဲ ပြန်ဖြေလိုက်သည်။

“ဒါပေါ့! ငါမင်းကို စတွေ့လိုက်တဲ့အချိန်ကတည်းက သဘောကျခဲ့တာ၊ မင်းနားမှာ တစ်သက်လုံး ပျော်ပျော်ကြီးနေပေးနိုင်တယ်”

ယန်ရုန်ရုန် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

“နံစော်လိပ်ခွေးလေး၊ ကျွန်မလည်း ရှင့်ကို သဘောကျပါတယ်!”

ထိုနာမည်ကိုကြားပြီး ယိုပီလော နှုတ်ခမ်းတွန့်သွားသည်။

‘နင်စောင့်နေလိုက်စမ်းပါ! ဒီအချုပ်အနှောင်ကနေ လွတ်တာနဲ့ နင့်ကိုအရင်ဆုံးသတ်ပစ်မယ်! အဲ့နာမည် ဘယ်တော့မှ ထပ်မခေါ်နိုင်စေရဘူး!’

ယန်ရုန်ရုန် ထိုင်ခုံပေါ်မှ ခုန်ဆင်းကာ သူ့ဘေးနား ခပ်သုတ် သုတ်လျှောက်လာပြီး ချန့်ခွင်းအိတ်ထဲမှ ဓားမြှောင်တစ်လက် ထုတ်လိုက်ပါသည်။

သူ့ကြိုးတွေကို ဖြတ်ပေးဖို့ ကျုံးရှောင်းရှောင်း ဓားထုတ်လိုက်ခြင်းဖြစ်မည်ဟု ယိုပီလော ထင်လိုက်မိသည်။

သို့သော် ဓားမြှောင်က သူ့နှလုံးသားတည့်တည့်သို့ အရှိန်အဟုန်ဖြင့် ကျလာခဲ့ပါသည်။

ယိုပီလောမျက်နှာ ဖြူဆုပ်သွားပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်လေသည်။

“မလုပ်နဲ့!! ကျုံးရှောင်းရှောင်း မင်းဘာလုပ်တာလဲ! အခုချက်ချင်း ရပ်လိုက်စမ်း!!”

ယန်ရုန်ရုန့်လက် ရပ်တန့်သွားသောအခါ ဓားမြှောင်ထိပ်က သူ့ရင်ဘတ်နှင့် တစ်လက်မခန့်သာ ကွာဝေးပါတော့သည်။

“နံစော်လိပ်ခွေးလေး၊ ကျွန်မရှင့်ကို သဘောကျလွန်းလို့ အနားမှာ တစ်သက်လုံး ခေါ်ထားတော့မလို့လေ၊ ရှင့်သွေးတွေ အကုန်လုံးကို စုပ်ထုတ်ပြီး တစ္ဆေရုပ်သေးတစ်ကောင်ဖြစ်အောင် လုပ်လိုက်မလို့၊ အဲ့တာဆို ရှင်ကျွန်မနားကနေ တစ်သက်လုံး ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး”

ပြောပြောဆိုဆိုနှင့် သူမ ရှက်ကိုးရှက်ကန်းပြုံးလိုက်ပြီး ချစ်စိတ်မွှန်နေသည့် ကောင်မလေးတစ်ဦးသဖွယ် ရှက်သွေးဖြာသွားခဲ့ပါသည်။

ယိုပီလော ခေါင်းကြိမ်းသွားပြီး မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်။

“မင်းက လူသားကျင့်ကြံသူမဟုတ်ဘူးလား၊ တစ္ဆေရုပ်သေးဖန်တီးတဲ့ ပညာကို ဘာလို့သိနေတာလဲ!”

ဝိညာဉ်လမ်းစဉ် ကျင့်ကြံသူတွေသာ ထိုပညာကို တတ်ကျွမ်းပါသည်။ လူသားများကတော့ စက်ဆုပ်စရာကောင်းသည့် လမ်းစဉ်ဟု သတ်မှတ်ထားသဖြင့် စိတ်မှန်သည့် လူသားတိုင်း ထိုပညာကို ထိတွေ့မည် မဟုတ်ပါ။

ယန်ရုန်ရုန်လည်း အမှန်တော့ ဘာပညာမှမတတ်ပေ။ သို့သော် သူမ ဟိတ်ဟန်ထုတ်ကာ လုပ်ကြံဇာတ်ခင်းလိုက်ပါသည်။

“ကျွန်မက ဝိညာဉ်ဧကရာဇ်ဘေးမှာ နေခဲ့ဖူးတယ်လေ၊ အဲ့တာကြောင့် သူ့ဆီက ပညာနည်းနည်း သင်ယူနိုင်ခဲ့တာ၊ ဒါပေမယ့် လက်တွေ့တော့ တစ်ခါမှ အသုံးမချဖူးဘူး၊ ရှင်က ကျွန်မရဲ့ ပထမဆုံး တစ္ဆေရုပ်သေးဖြစ်လာမှာ၊ ကျွန်မ အရမ်းပျော်တာပဲ၊ ရှင်လည်း အရမ်းပျော်နေမှာပဲ ဟုတ်တယ်မလား”

ယန်ရုန်ရုန့်မျက်နှာက မျှော်လင့်ချက်အပြည့်နှင့် ပိုမိုနီမြန်းသွားခဲ့သည်။

‘သောက်ရူးမ’ဟု ယိုပီလော အော်ဆဲချင်မိပါသည်။

‘တစ္ဆေရုပ်သေးတစ်ကောင် အပြောင်းခံရတာကို ဘယ်သူက ပျော်မှာလဲ!’

သို့သော် သူမစကားကို ယိုပီလော သံသယမဖြစ်ရဲပါ။ ကျုံးရှောင်းရှောင်းက ဝိညာဉ်ဧကရာဇ်နှင့် ဇာတ်လမ်းရှိဖူးမှန်း သူကောင်းကောင်း သိပါသည်။ ထို့ကြောင့် ဝိညာဉ်ဧကရာဇ်ထံမှ အမှောင်ပညာတချို့ သူမ သင်ယူလာနိုင်ချေရှိသည်။

ရင်ဝတည့်တည့်ကို ဓားရောက်နေပြီဖြစ်သဖြင့် ကျုံးရှောင်းရှောင်းကို အတတ်နိုင်ဆုံး ချော့ပြောဖို့သာ ယိုပီလော ဆုံးဖြတ်လိုက်ပါသည်။

“အဲ့လောက် အလုပ်ရှုပ်ခံစရာမလိုပါဘူး၊ တစ္ဆေရုပ်သေးဖြစ်မလာရင်တောင် ငါမင်းနားမှာပဲ တစ်သက်လုံးနေသွားမှာ၊ တစ်သက်လုံး မခွဲဘူးနော်”

ယန်ရုန်ရုန် ခေါင်းခါလိုက်သည်။

“လူ့စိတ်ဆိုတာ ပြောင်းလဲလွယ်တယ်၊ ရှင်အခု သဘောကျတယ်ဆိုတာနဲ့ပဲ တစ်သက်လုံး သဘောကျသွားမယ်လို့ မှတ်ယူလို့မရဘူး၊ ရှင့်ကို တစ္ဆေရုပ်သေးအဖြစ် ပြောင်းလိုက်တာ ပိုကောင်းပါတယ်၊ အဲ့တာဆို ကျွန်မကို သစ္စာဖောက်သွားမှာ၊ စွန့်ပစ်သွားမှာ စိတ်ပူစရာမလိုတော့ဘူး”

ယန်ရုန်ရုန် တခစ်ခစ်ရယ်မောလိုက်သည်။ ယိုပီလောအတွက်တော့ ထိုရယ်သံက သွေးပျက်စရာကောင်းနေပါသည်။

ဒီမိန်းမက ကျင့်ကြံခြင်းအဆင့်နိမ့်သော်လည်း စိတ္တဇမတစ်ယောက်ဖြစ်နေမှန်း ယိုပီလော နားလည်သွားခဲ့ရသည်။

‘အဲ့တာကြောင့်လည်း လင်းယွမ်က သူ့ကိုသဘောကျတာနေမှာပေါ့! စိတ္တဇနှစ်ကောင် လိုက်ဖက်ပါပေတယ်!’

လင်းယွမ်ကို တွေးမိပြီး ယိုပီလော အကြံတစ်ခု ရသွားခဲ့သည်။

“မင်းနဲ့ နတ်ဆိုးအရှင်သခင်တို့အကြောင်း ငါကြားမိတယ်၊ မင်းက သူပိုင်ဆိုင်တဲ့ မိန်းကလေးဆို၊ ငါ့ကိုသဘောကျတယ်လို့ ပြောပေမယ့် မင်းမှာ ပိုင်ရှင်ရှိနေပြီးသားပဲ! မင်းငါ့ကို လှည့်စားခဲ့တာ!”

ထို့နောက် သူမကို အာရုံလွှဲဖို့ အသည်းကွဲသွားသည့်မျက်နှာမျိုး လုပ်ပြလိုက်ပါသည်။

သို့သော် အပြစ်ရှိသည်ဟု ခံစားရမည့်အစား ယန်ရုန်ရုန် ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။

“ကျွန်မ နတ်ဆိုးအရှင်သခင်ကို သဘောကျပါတယ်၊ ဒါပေမယ့် အဲ့တာနဲ့ပဲ ရှင့်ကို သဘောမကျရဘူးလို့ မဆိုလိုဘူးလေ!”

ယိုပီလော ဦးနှောက်ပျက်မတတ် စိတ်ရှုပ်ထွေးသွားသည်။

“လူနှစ်ယောက်ကို တစ်ပြိုင်တည်းသဘောကျတဲ့လူမျိုး ဘယ်မှာရှိလို့လဲ၊ မင်း…မင်း လှေနံနှစ်ဖက်နင်းနေတာပဲ!”

“ရှင်တို့နှစ်ယောက်စလုံးက ကျွန်မကို သဘောကျတယ်၊ ကျွန်မကလည်း ရှင်တို့နှစ်ယောက်စလုံးကို သဘောကျတယ်၊ ရှင်တို့နှစ်ယောက်စလုံးကို ဝမ်းမနည်းစေချင်လို့ နှစ်ယောက်စလုံးကို အနားမှာ ခေါ်ထားမှာလေ၊ အဲ့တာဘာအပြစ်ရှိလို့လဲ”

“ကျွန်မကို ဘာလို့ ဝေဖန်တဲ့အကြည့်မျိုးနဲ့ ကြည့်နေတာလဲ! လင်းယွမ်ကို ထားခဲ့စေချင်တာလား၊ ရှင်ဘာလို့ အဲ့လောက် တစ်ကိုယ်ကောင်းဆန်ရတာလဲ!”

ယိုပီလော ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်ချင်သွားခဲ့သည်။

‘သူ့ကြည့်တော့ စိတ်မမှန်ဘဲ လင်တွေအများကြီးထားချင်ပြီး ငါ့ကို တစ်ကိုယ်ကောင်းဆန်တယ်တဲ့လား!’

All Chapters