အခန်း (၁၄၈)
Vol. 15 Ch. 148
🌹Chapter 148
နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူအများစုတွင် ဂုဏ်သိက္ခာဟူသည် မရှိသလောက် ရှားသည်။ အထူးသဖြင့် ယိုပီလောကဲ့သို့ စွမ်းအားကြီးမားသည့် တဏှာနတ်ဆိုးမများက အချစ်ရေးကိစ္စများနှင့် ပတ်သတ်လာလျှင် အရှက်အကြောက်ကင်းပြီး စည်းဘောင်မထားတတ်ပါ။
၎င်းတို့အတွက် ‘လှေနံနှစ်ဖက်’နင်းခြင်းက အပျော်တမ်းအဆင့်သာ ရှိပြီး လှေနံသုံးလေးဖက် နင်းခြင်းကသာ သာမန်ဖြစ်ပါသည်။
သို့သော်ငြား ယန်ရုန်ရုန့်၏ အရှက်မဲ့မှုမှာ ယိုပီလောကိုပင် အမှန်တကယ် တုန်လှုပ်သွားစေခဲ့သည်။ ဒီလိုသိက္ခာမဲ့သည့် စကားကို သူမမျက်နှာတည်နှင့် ပြောထွက်နိုင်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပါ။
ယိုပီလော စိတ်ထဲမှာ ကျိန်ဆဲနေသော်လည်း အပေါ်ယံမှာတော့ နူးညံ့သိမ်မွေ့သည့် အသွင်ကို ဆက်ဆောင်ထားပြီး သူမနှင့် ဆက်လက်ညှိနှိုင်းဖို့ ကြိုးစားနေရပါသည်။
“တစ်ယောက်ယောက်ကို ချစ်မိပြီဆိုရင် စိတ်ဓာတ်ခိုင်မြဲရတယ်လေ၊ အခုလို စိတ်နှစ်ခွဖြစ်နေတာက အချစ်ကို သစ္စာဖောက်တာပဲ၊ ပြီးတာတွေက ပြီးခဲ့ပါပြီ ရှောင်းရှောင်း၊ နတ်ဆိုးအရှင်သခင်နဲ့ မင်းနဲ့ကြားမှာ ဖြစ်ပျက်ခဲ့တာတွေကို ငါလျစ်လျူရှုပေးလို့ရတယ်၊ ရှေ့လျှောက် မင်းငါ့ကို စစ်မှန်တဲ့ နှလုံးသားနဲ့ ချစ်ပေးနိုင်မယ်လို့ပဲ မျှော်လင့်မိတာပါ၊ ဒီလို ချုပ်နှောင်ခံထားရတာလည်း အရမ်းနေရခက်တယ်၊ ငါ့ကို လွှတ်ပေးနော် ဟုတ်ပြီလား”
သူ့ကိုယ်သူ ဒီလောက်ထိ အောက်ကျို့ပေးနေသဖြင့် ကျုံးရှောင်းရှောင်း ကျိန်းသေပေါက် စိတ်ပျော့သွားလိမ့်မည်ဟု ယိုပီလော တွေးခဲ့ပါသည်။
သို့သော် ထင်မှတ်မထားစွာဖြင့် ယန်ရုန်ရုန်က ဒေါသပိုထွက်သွားလေသည်။
“ကျွန်မကို သစ္စာဖောက်တယ်လို့ စွပ်စွဲရဲတယ်ပေါ့! ရှင့်ကို ချစ်လွန်းလို့ ကျွန်မရဲ့ အဖိုးတန် ‘ပထမဆုံးအကြိမ်လေး’ကိုတောင် ရှင့်ကိုပေးခဲ့တာ၊ ဒါတောင် ကျွန်မကို အဲ့လိုစကားမျိုး ပြောရက်တယ်ပေါ့၊ ရှင်အရမ်းလွန်သွားပြီ!”
ယိုပီလော မှင်သက်သွားသည်။
“ဘာကို ပထမဆုံးအကြိမ်လဲ!”
လင်းယွမ်နှင့် နှစ်ပေါင်းများစွာနေထိုင်ခဲ့သည့်အပြင် မိစ္ဆာဘုရင်၊ ဓားသခင်၊ ဝိညာဉ်ဧကရာဇ်တို့နှင့် ပတ်သတ်ဖူးသည့် ဒီမိန်းမက အပျိုစင်အဖြစ် ရှိနေဦးမည်ဟု ယိုပီလော လုံးဝ မယုံကြည်ပါ။
ယန်ရုန်ရုန် မကျေမနပ်ပြောလိုက်ပါသည်။
“ဘာဖြစ်ရမှာလဲ၊ ကျွန်မ တစ္ဆေရုပ်သေး ပထမဆုံးအကြိမ် ဖန်တီးဖူးတာကို ပြောတာပေါ့! အရင်တုန်းက တစ်ခါမှ မဖန်တီးခဲ့ဖူးဘူး၊ ဒီပထမဆုံးအဖိုးတန် အတွေ့အကြုံကို ရှင်နဲ့ စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့တာ၊ အဲ့တာကို ကြည့်ရုံနဲ့ ရှင့်ကို ဘယ်လောက်ချစ်လဲ မမြင်နိုင်ဘူးလား၊ ကျွန်မကို စိတ်နှစ်ခွဖြစ်ပြီး ဖောက်ပြန်နေတယ်လို့ စွပ်စွဲတယ်ပေါ့၊ ဘာလို့ အဲ့လောက် နှလုံးသားမဲ့ရတာလဲ! ရှင့်ကိုတကယ် စိတ်ပျက်မိတယ်! ရှင့်လိုလူမျိုးကို ဘာလို့ချစ်မိခဲ့ပါလိမ့်၊ ကျွန်မဘဝ အရမ်းခါးသီးသွားပြီ!”
ယန်ရုန်ရုန် ပြောပြောဆိုဆိုနှင့် ဓားမြှောင်ကို ဒေါသတကြီး ရှေ့နောက်ယိမ်းထိုးလိုက်သဖြင့် ယိုပီလော၏ ရင်ဘတ်ထဲ အကြိမ်ကြိမ်စိုက်ဝင်လုနီးပါး ဖြစ်သွားခဲ့ပါသည်။
ယိုပီလော စိတ်ချောက်ချားစွာ အော်ဟစ်တောင်းပန်လိုက်ရသည်။
“ငါတောင်းပန်ပါတယ် ငါမှားပါတယ်! ငါနားလည်မှု လွဲသွားတာပါ! ဓားကို ချထားစမ်းပါ!”
ယိုပီလော စိတ်ရှုပ်လွန်းသဖြင့် အမှန်တကယ် အော်ပစ်ပေါက်ကွဲလိုက်ချင်သည်။ အခြားသူတွေ ‘ပထမဆုံးအကြိမ်’အကြောင်း ပြောသည့်အခါ အချစ်ရေးကိစ္စကို ဆိုလိုခြင်းဖြစ်ကြသော်လည်း ကျုံးရှောင်းရှောင်း၏ ‘ပထမဆုံးအကြိမ်’ဟူသည်ကတော့ လူသတ်ဖို့၊ သွေးဖောက်ထုတ်ဖို့နှင့် တစ္ဆေရုပ်သေး ဖန်တီးဖို့ကို ဆိုလိုခြင်းဖြစ်နေသည်။
‘ဘယ်သူက အဲ့လို ပထမဆုံးအကြိမ်ကို လိုချင်မှာလဲ! ဒီမိန်းမ ဦးနှောက်ပျက်နေတာပဲ! လုံးဝ သေချာတယ်!’
ယန်ရုန်ရုန် အမှန်တကယ် အသည်းကွဲသွားသကဲ့သို့ ပြုမူလိုက်သည်။
“နံစော်လိပ်ခွေးလေး… ရှင်ကျွန်မ နှလုံးသားကို တကယ်ခွဲလိုက်တာပဲ၊ ရှင့်ကို ကျွန်မရဲ့ အဖိုးတန် ပထမဆုံးအကြိမ်လေး မပေးချင်တော့ဘူး”
ယိုပီလော ရင်ထဲက အလုံးကြီးကျသွားခဲ့ပြီး ‘ကျေးဇူးအများကြီးတင်ပါတယ်’ဟု ပြောချင်စိတ်ပင် ပေါက်သွားခဲ့ပါသည်။
သို့သော် သူပြောခွင့်ပင် မရလိုက်ဘဲ ကျုံးရှောင်းရှောင်း၏ ကျောချမ်းစရာ စကားကို ထပ်ကြားလိုက်ရသည်။
“ကျွန်မကို နာကျင်အောင် လုပ်ခဲ့အတွက် အပြစ်ပေးတဲ့အနေနဲ့ ရှင့်ကိုယ်ပေါ်က တစ်ခုခုကို ဖြတ်ပစ်ရမှ ကျေနပ်မယ်”
ယိုပီလောက် သွေးပျက်သွားသည်။
“မင်းဘာလုပ်မလို့လဲ၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်!”
ယန်ရုန်ရုန် ပိတ်စနက်တစ်ခုကို ထုတ်ကာ သူ့မျက်နှာပေါ် အုပ်လိုက်သည်။ ထို့နောက် သူ့ညာဘက်လက်ကို သေချာ ဖိချုပ် ထားလိုက်ပါသည်။
ထို့နောက် ဓားဖြင့် သူ့လက်သန်းကို ဖြတ်တောက်ပစ်လိုက်သည်။
နာကျင်မှုကြောင့် ယိုပီလော တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သည်။ ပိတ်စကြောင့် ဘာမှ မမြင်ရသည့် အတွက် ပိုမိုနာကျင်နေသည်ဟုပင် ခံစားရပါသည်။
နောက်ဆုံးတော့ ယိုပီလော မထိန်းချုုပ်နိုင်တော့ဘဲ အဆဲစကားများ ဆက်တိုက်ဆိုသလို ပစ်လွှတ်လေတော့သည်။
“သောက်ကောင်မ! ငါ့ကို ဒီလိုလုပ်ရဲတယ်ပေါ့၊ နင့်ကို သေအောင်သတ်ပစ်မယ်!”
ယန်ရုန်ရုန်က ဖြတ်ထားသည့် လက်သန်းကို ပုလင်းတစ်လုံးထဲထည့်လိုက်ပြီး ချန့်ခွင်းအိတ်ထဲ သိမ်းလိုက်ပါသည်။ ထို့နောက် ကျောက်စိမ်းခွက်တစ်ခွက်ကို ထုတ်ကာ ကုတင်အောက်ဘက်တွင် ချထားလိုက်သည်။
ဒီဆိုလို ယိုပီလောလက်မှ စီးကျလာသည့် သွေးစက်များက ကျောက်စိမ်းခွက်ထဲ ကွက်တိကျလာပါလိမ့်မည်။
သာမန်အခြေအနေတွင် ယိုပီလော၏ စွမ်းအားနှင့်သာဆို ဒီလိုဒဏ်ရာလေးက မပြောပလောက်ပါ။ နတ်ဆိုးစွမ်းအင်ဖြင့် ချက်ချင်းကုသနိုင်ပြီး လက်သန်းကို ပြန်ပေါက်လာအောင် ဖန်တီးနိုင်သည်။
သို့သော် ယခု သူ့နတ်ဆိုးစွမ်းအင်ကို ချုပ်နှောင်ခံထားရသဖြင့် ဒဏ်ရာကို မကုသနိုင်တော့ဘဲ သွေးတွေ အဆက်မပြတ် စီးကျနေခဲ့ပါသည်။
ယန်ရုန်ရုန် အလွန်ကျေနပ်သွားခဲ့သည်။ နတ်ဆိုးဘုရင်တစ်ပါး၏ လက်သန်းနှင့် သွေးများက ရှားပါးအဖိုးတန်သည့် ကုန်ကြမ်းပစ္စည်းများဖြစ်ကြသည်။ အဆောင်စက္ကူများဖန်တီးဖို့ဖြစ်စေ၊ အစီအရင်များဆွဲသားဖို့ဖြစ်စေ အလွန်အမင်း အာနိသင်ရှိပါသည်။
အမြင်အာရုံတစ်ခုလုံး အမှောင်ကျနေသဖြင့် သူမ ဘာတွေလုပ်နေသလဲ ယိုပီလော မသိနိုင်ပါ။ ထို့ကြောင့် ပါးစပ်မှ အရူးတစ်ယောက်လိုသာ ဆဲဆိုနေနိုင်သည်။
“မိန်းမယုတ်! မသာမ! ငါနင့်ကို အရှင်လတ်လတ်အရေခွံနွှာပြီး နင့်အသားတွေကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ပြီး ခွေးကျွေးပစ်မယ်! အား!!! နင်အသေဆိုးနဲ့ သေသွားစေရမယ်!”
ဘာမှမစွမ်းသာသော သူ့ဒေါသကို ယန်ရုန်ရုန် သဘောကျသွားပြီး ပြုံးလိုက်မိပါသည်။ သို့သော် သူမအသံကတော့ ဝမ်းနည်းညှိုးငယ်နေဆဲပင်။
“ကျွန်မကို အခုထိ ဆဲဆိုနေတုန်းပဲလား…၊ ရှင့်ကို ချစ်ခဲ့မိတာတွေ အလကားပဲ… အဟင့်… ရင်တွေအရမ်းနာတာပဲ၊ ရှင့်ကို ထပ်မမြင်ချင်တော့ဘူး”
ဒီလိုနှင့် ယန်ရုန်ရုန် အခန်းထဲမှ လှည့်ထွက်လာခဲ့တော့သည်။ အခန်းတံခါးကို ပိတ်လိုက်သည့်တိုင်အောင် အခန်းထဲမှ ဆဲဆိုသံများကို သူမ ကြားနေရဆဲပင်။
ယန်ရုန်ရုန် အလွန်စိတ်ရွှင်နေပါသည်။
‘စိတ္တဇလိုနေရတာ တော်တော်ပျော်ဖို့ကောင်းတာပဲ’
ထို့ကြောင့်လည်း လင်းယွမ် အမြဲတမ်း စိတ္တဇလိုနေထိုင်ခြင်း ဖြစ်ပါလိမ့်မည်။ သူ့ဆီမှ ပညာသင်ယူသင့်သည်ဟု ယန်ရုန်ရုန် တွေးလိုက်မိသည်။ စိတ္တဇအဖြစ်နေထိုင်ခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာစေပါသည်။
အိပ်ခန်းထဲမှ ယန်ရုန်ရုန် ပေါ့ပေါ့ပါးပါး ထွက်လာစဉ် ငှက်ပေါက်ကလေး အသည်းအသန် ပျံသန်းလာခဲ့ပါသည်။ ထို့နောက် ကျယ်ကျယ်လောင်လောင် အော်မြည်ရင်း သတိပေးလိုက်သည်။
“တခြားနတ်ဆိုးဘုရင်တွေ ရောက်လာပြီ၊ သူတို့စနစ်ပိုင်ရှင်နဲ့ တွေ့ဖို့ စောင့်နေကြတယ်!”
ယန်ရုန်ရုန် ကျီစယ်သောအပြုံး ပြုံးလိုက်သည်။
“အချိန်ကိုက် ရောက်လာကြာတာပဲ”
ထို့နောက် ယန်ရုန်ရုန် တည်နေရာပြောင်း အဆောင်စက္ကူတစ်ခုကို ဆုတ်ဖြဲလိုက်ရာ နေရာမှာပင် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
သူမအပြုံးကို မြင်လိုက်သည့် ငှက်ပေါက်လေးလည်း ယန်ရုန်ရုန် ပြဿနာရှာတော့မည်ဖြစ်မှန်း သိလိုက်ကာ ပွဲကြီးပွဲကောင်းမလွတ်ချင်သဖြင့် အမြန်ဆုံး လိုက်လာခဲ့တော့သည်။
ရှေ့ခန်းမဆောင်ထဲတွင် နတ်ဆိုးဘုရင် ၅ ပါး စနစ်တကျ ထိုင်စောင့်နေကြပါသည်။ သူတို့အချင်းချင်း တိုးညှင်းစွာ တိုင်ပင် ဆွေးနွေးနေကြသော်လည်း ထိုင်ခုံပေါ်တွင် မိန်းကလေးတစ်ယောက် ဘွားခနဲပေါ်လာသောအခါ စကားသံများ ရုတ်တရက် ရပ်တန့်သွားခဲ့ကြပါသည်။
အားလုံးမော့ကြည့်လိုက်ကြရာ ကျုံးရှောင်းရှောင်းကို မြင်လိုက်ရသည်။ သူမက ခြေချိတ်ကာထိုင်နေပြီး ထိုင်ခုံလက်ရမ်းတွင် လက်တစ်ဖက်ထောက်လျက် အလွန်သက်တောင့်သက်သာ ရှိနေသည့်ပုံပေါ်ပါသည်။
“အလောင်းအစားကိစ္စကြောင့် ကျွန်မကို လာတွေ့ကြတာလား”
အလောင်းအစားဟူသည့် စကားလုံးကို ကြားလိုက်ရသည်နှင့် နတ်ဆိုးဘုရင် ၅ ပါး၏ မျက်နှာများ မှောင်မိုကပ်သွားခဲ့ပါသည်။
စိတ်ဆတ်လွယ်သည့် ဖုန့်ကျင်းရှားက မတ်တပ်ရပ်ကာ တဲ့တိုးမေးလိုက်သည်။
“အချိန်တိုအတွင်း ဝိညာဉ်ကျောက်တုံးတွေ အဲ့လောက်အများကြီးရအောင် မင်းဘယ်လို ကောက်ကျစ်တဲ့ နည်းလမ်းတွေ သုံးခဲ့တာလဲ၊ ဒါမှမဟုတ် နတ်ဆိုးအရှင်သခင် ကူညီပေးခဲ့တာလား”
စမ့်ရှန်းမင်လည်း ဝင်ပြောလိုက်သည်။ “သခင်မလေးကျုံး၊ ကျုပ်တို့ သဘောတူညီထားတာာ ရှိတယ်နော်၊ ဒီအလောင်း အစားက ကျုပ်တို့ကြားထဲမှာပဲ ရှိသင့်တာ၊ အပြင်လူတွေ ဝင်စွက်ဖက်လို့ မရဘူး”
ယန်ရုန်ရုန် အဖြေချက်ချင်း ပြန်မပေးဘဲ မေးခွန်းဖြင့်သာ တုန့်ပြန်ခဲ့သည်။
“ရှင်တို့မှာ သက်သေရှိလား”
နတ်ဆိုးဘုရင် ၅ ပါး နှုတ်ဆိတ်သွားခဲ့ကြသည်။ သူတို့မှာ သက်သေသာရှိလျှင် ကျုံးရှောင်းရှောင်းကို ပြဿနာရှာခဲ့သည်မှာ ကြာပါပြီ။ ဒီမှာလာထိုင်နေပြီး လေကုန်ခံနေစရာမလိုပါ။
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ဟိုက်မင်က ဝင်ပြောလိုက်သည်။
“ငါတို့မှာ သက်သေတော့ မရှိဘူး၊ ဒါပေမယ့် မင်းဘယ်လိုလုပ်ခဲ့တာလဲဆိုတာ သေချာရှင်းပြဖို့လိုတယ်၊ မဟုတ်ရင် ငါတို့ ယုံကြည်နိုင်မှာ မဟုတ်ဘူး”
စမ့်ရှန်းမင်က ထောက်ခံသည်။
“ကျုပ်တို့တောင် မယုံကြည်နိုင်ဘူးဆိုရင် ညမဲ့မြို့တော်က နတ်ဆိုးတွေလည်း ယုံကြည်ကြမှာ မဟုတ်ဘူး”
ယန်ရုန်ရုန် မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
‘ဒီကောင်တွေ ငါ့ကို လာခြိမ်းခြောက်နေကြတာလား’
ယန်ရုန်ရုန် ဂရုမစိုက်သည့်ဟန်ဖြင့် ပေါ့ပျက်ပျက် ပြောလိုက်ပါသည်။
“မယုံတဲ့သူတွေ ညမဲ့မြို့ကနေ ချက်ချင်း ထွက်သွားလို့ရတယ်၊ မြို့တံခါးတွေကို အမြဲဖွင့်ပေးထားလို့ သွားချင်တဲ့သူသွားကြ၊ ကျွန်မ မတားဘူး”
ဖုန့်ကျင်းရှား ဒေါသ ထောင်းခနဲထွက်သွားခဲ့သည်။
“ရွှေအမြုတေအဆင့်သာသာရှိတဲ့ လူသားကျင့်ကြံသူတစ်ယောက်က လာပြီး မောက်မာနေတာလား၊ ငါမင်းကို အခုချက်ချင်း မသတ်နိုင်ဘူးလို့ ထင်နေတာလား”