အခန်း (၁၄၉)
Vol. 15 Ch. 149
🌹Chapter 149
ဖုန့်ကျင်းရှား ခန္ဓာကိုယ်ထဲမှ နတ်ဆိုးစွမ်းအင်များစွာ ပြင်းထန်စွာ ထွက်ပေါ်လာပြီး ယန်ရုန်ရုန့်ထံ တန်းတန်း မတ်မတ် လွင့်စင်လာခဲ့သည်။
ယန်ရုန်ရုန်ထိုင်နေသည့် ထိုင်ခုံနှင့် ခြေဖျားအောက်ရှိ ကြမ်းပြင်တို့မှာ သဲပွင့်များအဖြင့် စတင်ပြောင်းလဲလာခဲ့ပါသည်။
သို့သော် ယန်ရုန်ရုန် ဘာမှမဖြစ်သလို ပြုမူရင်း ဖြည်းညှင်းစွာ မတ်တပ်ရပ်ကာ ဝတ်ရုံပေါ်မှ သဲပွင့်များကို ခါချလိုက်ပါသည်။ နတ်ဆိုးစွမ်းအင်က သဲပွင့်များကို ဝဲဂယက်တစ်ခုသဖွယ် အသွင်ပြောင်းသွားစေပြီး သူမကို ဝါးမျိုတော့မည့်အလား ရစ်ပတ်ဝန်းရံထားပါသည်။
သို့သော်…
ရုတ်ခြည်းဆိုသလို အဝါရောင်သဲပွင့်များမှာ အလွန်အား ကောင်းသည့် စွမ်းအားတစ်ခု၏ တွန်းကန်ခြင်းကို ခံလိုက်ရသည်။
ဖုန့်ကျင်းရှား ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးစွမ်းအင်များ ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် မျက်နှာလည်း ဖြူဖပ်သွားခဲ့ပါသည်။ နောက်သို့ ယိမ်းယိုင်သွားပြီး ရင်ဘတ်ကိုဖိလျက် ဖုန့်ကျင်းရှား ထိုင်ခုံပေါ် ပြန်ကျသွားခဲ့သည်။ နှုတ်ခမ်းထောင့်မှလည်း သွေးစအချို့ ထွက်လာပါသည်။
ယန်ရုန်ရုန့်ကို တိုက်ခိုက်မိသဖြင့် သူတန်ပြန်ခံစားလိုက်ရခြင်းဖြစ်မှန်း အားလုံး နားလည်သွားကြသည်။
ယန်ရုန်ရုန်က ဖုန့်ကျင်းရှား၏ သနားစရာအခြေအနေကို အကဲခတ်ရင်း အပြုံးဖြင့် မေးလိုက်ပါသည်။
“ကိုယ့်ကိုယ်ကိုယ် တုံးအတယ်လို့ မခံစားရဘူးလား၊ ကျွန်မတို့ စာချုပ်ချုပ်ထားတယ်လေ၊ သုံးရက်မပြည့်သေးတော့ အလောင်းအစားကာလ မပြီးသေးဘူး၊ ဆိုလိုတာက စာချုပ်အာနိသင်တွေလည်း မပြယ်သေးဘူး၊ အဲ့တာတောင် ကျွန်မကို တိုက်ခိုက်ဖို့ ကြိုးစားရဲတယ်ပေါ့၊ ဦးနှောက်မရှိဘူးလား”
သူတို့စာချုပ်ချုပ်ခဲ့စဉ်က သတ်မှတ်ထားသည့် သုံးရက်မကျော်လွန်မချင်း အချင်းချင်းတိုက်ခိုက်၍မရသလို ပြင်ပအကူအညီ ယူ၍လည်း မရဟု စည်းမျဉ်းသတ်မှတ်ထားပါသည်။
လင်းယွမ်ထံမှ ယန်ရုန်ရုန် အကူအညီတောင်းမည်စိုးသဖြင့် ထိုစည်းမျဉ်းကို နတ်ဆိုးဘုရင်များ ထည့်သွင်းခဲ့ရခြင်းဖြစ် သည်။ နတ်ဆိုးအရှင်သခင် တစ်ချက်လောက် လှုပ်ရှားလိုက်ရုံနှင့် သူတို့ လွတ်လမ်းမရှိနိုင်မှန်း အားလုံး နားလည်ကြပါသည်။
သို့သော် ထိုစည်းမျဉ်းက ယန်ရုန်ရုန့်အတွက် အကာအကွယ်တစ်ခုဖြစ်လာလိမ့်မည်ဟု သူတို့ထင်မထားခဲ့ကြပေ။
စာချုပ်၏ အကာအကွယ် စွမ်းအားကြောင့် နတ်ဆိုးဘုရင်များက သူမထက် စွမ်းအားများစွာ ပိုကြီးမားလျှင်တောင် လက်ဖျားနှင့်ပင် ထိနိုင်မှာ မဟုတ်ပါ။ ထိဖို့ကြိုးစားသူတိုင်း၏ ကံကြမ္မာ ဘယ်လိုဖြစ်သွားမလဲ ဖုန့်ကျင်းရှားက သက်သေပင်။
ဖုန့်ကျင်းရှား မျက်နှာ ဖြူရော်နေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသဖြင့် နဖူးပေါ်မှ သွေးကြောများပင် ထောင်လာပါသည်။ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိလိုက်သည့်အပြင် လူသားတစ်ယောက်၏ လှောင်ပြောင်သရော်မှုကို ခံလိုက်ရသဖြင့် စိတ်တွေလွတ်မတတ် အမျက်ဒေါသကြီးမားသွားခဲ့သည်။
သို့သော် အများအမြင်မှာ သူ့ပုံစံက ဘယ်လောက်သနားစရာကောင်းနေမလဲ တွေးမိကာ ဖုန့်ကျင်းရှား ဒေါသကို မျိုသိပ်ထားလိုက်ရပါသည်။
ကျုံးရှောင်းရှောင်းကို သတ်ချင်ဖြတ်ချင်စိတ် ပြင်းပြနေသော မျက်လုံးများဖြင့် ဖုန့်ကျင်းရှား စိုက်ကြည့်လိုက်သည်။ အကြည့်ဖြင့်သာ လူသတ်နိုင်လျှင် ယန်ရုန်ရုန် အစိတ်စိတ်အမွှာမွှာဖြစ်သွားလောက်ပါပြီ။
သူ့အကြည့်ကို ယန်ရုန်ရုန် လျစ်လျူရှုကာ အခြားသူများကို မေးလိုက်ပါသည်။ “ဖုန့်ကျင်းရှား အရူးတစ်ယောက်လို ပြုမူနေတာကို ကြည့်ဖို့ အားလုံး ဒီအထိလာခဲ့ကြတာလား”
ဖုန့်ကျင်းရှား ဒေါသပိုထွက်သွားခဲ့သည်။
“မင်းစောင့်နေစမ်းပါ! အလောင်းအစားကာလပြီးတာနဲ့ ငါမင်းကို သတ်ပစ်မယ်!”
ယန်ရုန်ရုန် ပြန်ချေပဖို့ ကြံလိုက်စဉ် လင်းယွမ်၏ အသံထွက်ပေါ်လာခဲ့သည်။
“ဘယ်သူက ဘယ်သူ့ကို သတ်မှာလဲ”
ထိုအသံနှင့်အတူ သွေးနီရောင်နတ်ဆိုးစွမ်းအင်များ ရုတ်တရက် စုစည်းလာပြီး အရပ်ရှည်ရှည်လူတစ်ယောက်အဖြစ် အသွင်ပြောင်းသွားခဲ့သည်။ လင်းယွမ်မှအပ အခြားသူမရှိနိုင်ပေ။
နတ်ဆိုးဘုရင် ၅ ပါးလည်း ရွေးချယ်စရာမရှိဘဲ မတ်တပ်ရပ်ကာ ဂါဝရပြုလိုက်ကြရပါသည်။
“နတ်ဆိုးအရှင်သခင်ကို ဂါဝရပြုပါတယ်”
လင်းယွမ်က ထုံးစံအတိုင်း ဝတ်ရုံနီကို ဆင်မြန်းထာသည်။ အသားအရေက နှင်းလိုဖြူပြီး ဇာမဏီမျက်ဝန်းများက အနည်းငယ်မှေးစင်းနေကာ သူ၏ နက်မှောင်လိမ်ကောက်နေသော ဆံနွယ်များကို ဖဲကြိုးတစ်ကြိုးဖြင့် လျော့လျော့လေး စည်းထားလျက် ဘယ်ဘက်ပခုံးပေါ် ချထားပါသည်။
ယန်ရုန်ရုန့်ထံ လျှောက်လှမ်းလာသည့် သူ့ခြေလှမ်းတိုင်းတွင် အနီရောင်မြူခိုးမြူငွေ့အချို့ ဝဲလွင့်နေပြီး စက္ကူဖြူပေါ် မင်စက်နီများ တစ်စက်စက် ကျနေသလား ထင်ရသည်။
ယန်ရုန်ရုန့်ကို သူ့ရင်ထဲ ဆွဲသွင်းကာ တစ်ခုခုပြောဖို့ ကြံလိုက်စဉ် လင်းယွမ် နှာခေါင်းအနည်းငယ် ရှုံ့သွားရသည်။ မျက်မှောင်လည်း တဖြည်းဖြည်း ကြုတ်သွားခဲ့ပါသည်။
“မင်းကိုယ်ပေါ်မှာ တခြားနတ်ဆိုးတစ်ကောင်ရဲ့ ရောင်ဝါအနံ့ဘာလို့ရနေတာလဲ”
ယိုပီလောကို အခန်းထဲ တွဲကူပေးခဲ့စဉ်က သူ့ရနံ့စွဲသွားခဲ့ခြင်းဖြစ်မည်ဟု ယန်ရုန်ရုန် တွေးမိလိုက်သည်။
‘ဒီလောက် ပါးလွှာတဲ့ အနံ့ကိုတောင် သတိထားမိတယ်ဆိုတော့ လင်းယွမ်တော်တော် နှာခေါင်းကောင်းတာပဲ’
ယန်ရုန်ရုန် လိပ်ပြာမလုံမဖြစ်ဘဲ မေးခွန်းတစ်ခုဖြင့် တုန့်ပြန်လိုက်သည်။
“အဲ့တော့ ဘာဖြစ်လဲ”
တစ်ချိန်လုံး ဒေါသတထောင်းထောင်း ထနေသည့် ဖုန့်ကျင်းရှားတစ်ယောက် ရုတ်တရက် အားတက်သွားခဲ့သည်။ ယိုပီလော ယောက်ျားအသွင်ဆောင်ပြီး ကျုံးရှောင်းရှောင်းနှင့် ပတ်သတ်ဖို့ ကြံစည်နေမှန်း သူသိနေပါသည်။
ယိုပီလော၏ ရုပ်ရည်နှင့် စွမ်းရည်တို့ကြောင့် လင်းယွမ်မှအပ ပစ်မှတ်ထားခံရသူတိုင်း အရှုံးပေးရလေ့ရှိသည်။ လင်းယွမ်က နတ်ဆိုးအရှင်သခင်ဖြစ်သဖြင့် ယိုပီလော၏ ပြုစားမှုများ အလုပ်မဖြစ်သည်မှာ အံ့ဩစရာမရှိပါ။
သို့သော် ကျုံးရှောင်းရှောင်းကမူ ရွှေအမြုတေအဆင့်ရှိသည့် သာမန်လူသားကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ယိုပီလောအတွက် ပစ်မှတ်ထားဖို့ အလွန်လွယ်ကူနိုင်ပါသည်။
သို့သော် ဖုန့်ကျင်းရှား ပါးစပ်မဟနိုင်ခင် လင်းယွမ်က ယန်ရုန်ရုန်ကို စိုက်ကြည့်ရင်း မေးလိုက်ပါသည်။
“မင်းကိုတစ်ယောက်ယောက် မြှူဆွယ်ခဲ့တာလား”
ယန်ရုန်ရုန် အမှန်အတိုင်းပြန်ဖြေလိုက်သည်။
“ဟုတ်တယ်”
“ဘယ်သူလဲ”
“သူ့နာမည်က နံစော်လိပ်ခွေးလေးတဲ့၊ ရုပ်ရည်ကတော့ မဆိုးပါဘူး”
ဖုန့်ကျင်းရှား ဆွံ့အသွားခဲ့သည်။ အခြေအနေကို ရှင်းပင် မရှင်းလင်းရသေးသော်လည်း ကျုံးရှောင်းရှောင်းကို တစ်ဖက်လူ မြှူဆွယ်ခဲ့ခြင်းသာ ဖြစ်မည်ဟု လင်းယွမ် ကောက်ချက် ချလိုက်ပါသည်။
‘သာမန်ယောက်ျားတစ်ယောက်သာဆို သူ့မိန်းကလေးက ဘာလို့ဖောက်ပြန်တာလဲလို့ အရင်ဆုံး မေးခွန်းထုတ်သင့်တာ မဟုတ်ဘူးလား!’
အံ့အားသင့်ဖို့ ပိုကောင်းသည်က ကျုံးရှောင်းရှောင်းကို လင်းယွမ် အမှန်တကယ် ယုံကြည်နေသည့်ပုံစံပင်။
‘ပြီးတော့ နံစော်လိပ်ခွေးဆိုတာ ဘာနာမည်ကြီးလဲ! စိတ်မှန်တဲ့ ဘယ်လိုလူမျိုးက အဲ့နာမည်အတပ်ခံမှာလဲ!’
လင်းယွမ်မျက်မှောင်ကြုတ်သွားပြီး အတော်လေး စိတ်မကြည်မလင်ဖြစ်သွားခဲ့သည်။ သူဒေါသပေါက်ကွဲတော့မည်ဟု ဖုန့်ကျင်းရှား မျှော်လင့်ထားခဲ့သော်လည်း လင်းယွမ်က ရုတ်တရက် မေးလိုက်ပါသည်။
“သူက ကိုယ့်ထက် ပိုကြည့်ကောင်းလို့လား”
ယခု ဖုန့်ကျင်းရှားသာမကဘဲ ကျန်နတ်ဆိုးဘုရင် ၄ ပါးစလုံး ဆွံ့အသွားခဲ့ကြပါပြီ။ သူ့မိန်းကလေး ဖောက်ပြန်နေသည့် ကိစ္စကို ခရေစေ့တွင်းကျ စုံစမ်းရမည့်အစား တစ်ဖက်လူက သူ့ထက် ပိုကြည့်ကောင်းရဲ့လားဟူသည့်အချက်ကို အလေး ထား မေးမြန်းနေလေသည်။
‘အဲ့တာက အရေးကြီးလို့လား!!!’
လင်းယွမ်၏ ရုပ်ရည်ကို သေချာအကဲခတ်လိုက်ပြီး ယန်ရုန်ရုန် ရိုးရိုးသားသား ပြန်ဖြေလိုက်ပါသည်။
“ရှင်က ပိုကြည့်ကောင်းပါတယ်”
လင်းယွမ်မျက်ခုံးများ ချက်ချင်းဆိုသလို ပြေလျော့သွားကာ ပျော်ပျော်ကြီး ပြုံးလိုက်လေသည်။
“ရှောင်းရှောင်းကို လာမြှူဆွယ်တဲ့ကောင် ဘယ်မှာလဲ”
ယန်ရုန်ရုန် အမှန်အတိုင်း ပြောလိုက်သည်။
“သူက သိပ်မလိမ္မာလို့ ဖမ်းချုပ်ပြီး သင်ခန်းစာပေးထားတယ်”
ထိုစကားကိုကြားပြီး ဖုန့်ကျင်းရှား ဝင်မေးလိုက်ပါသည်။
“သူ့ကို ဘယ်မှာချုပ်ထားတာလဲ!”
ထို ‘နံစော်လိပ်ခွေး’ဟူသည်မှာ ယိုပီလောဖြစ်မည်ဟု ဖုန့်ကျင်းရှား သံသယဖြစ်မိပါသည်။ ယိုပီလောသာ အမှန်တကယ် အဖမ်းခံထားရလျှင် သူ့သရုပ်မှန် ပေါ်သွားသည့်သဘောပင်။
ယန်ရုန်ရုန် သူ့ကို ကျီစယ်သော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။
“ရှင့်ကြည့်ရတာ နံစော်လိပ်ခွေးလေအတွက် အရမ်းစိတ်ပူနေသလိုပဲ၊ သူနဲ့သိလို့လား”
ဖုန့်ကျင်းရှား ချက်ချင်း ငြင်းလိုက်သည်။
“မသိပါဘူး! ဒီတိုင်း မေးကြည့်တာ”
ယန်ရုန်ရုန် တစ်ခုခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် နတ်ဆိုးဘုရင် ၅ ပါးကို ဝေ့ကြည့်လိုက်ရင်း မေးလိုက်ပါသည်။
“စကားမစပ် ယိုပီလောကို မတွေ့မိသလိုပဲနော်”
ဖုန့်ကျင်းရှား စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
‘အခုထိ ရူးချင်ယောင် ဆောင်နေတုန်းပဲလား၊ မင်းပဲ သူ့ကို ဖမ်းချုပ်ထားတာမဟုတ်ဘူးလား!’
စမ့်ရှန်းမင် မျက်တောင်မခတ် လိမ်ညာလိုက်ပါသည်။
“သူဖျားနေလို့ အိမ်မှာ အနားယူနေတယ်”
ယန်ရုန်ရုန် မျက်မှောင်အနည်းငယ်ကြုတ်သွားခဲ့သည်။
“ဒါပေမယ့် အလောင်းအစားက ပြီးတော့မှာလေ၊ သူဒီမှာ မရှိရင် ကျွန်မလောင်းကြေးကို ဘယ်လိုတောင်းရမလဲ”
ယန်ရုန်ရုန်နိုင်သွားလျှင် နတ်ဆိုးဘုရင် ၆ ပါးထံမှ ပစ္စည်းတစ်ခုစီ တောင်းယူမည်ဟု သဘောတူထားခဲ့ကြသည်။ ထိုကိစ္စကို စမ့်ရှန်းမင် အလွန်စိတ်ပူနေခဲ့ပါသည်။
သူတို့အသက်အန္တရာယ်ကို ထိခိုက်စေမည့် ပစ္စည်းမျိုး မတောင်းဟု ကျုံးရှောင်းရှောင်း ကတိပေးထားသော်လည်း သူ့စိတ်ထဲ ဘဝင်မကျဖြစ်မိဆဲပင်။
ယခု သူတို့ ဒီကိုလာခဲ့ရခြင်းကလည်း ထျန်အဆင့်ရှိ နတ်ရတနာအကြောင်းနှင့် သူတို့ထံမှ သူမ တောင်းယူဖို့ ကြံရွယ်ထားသည့် အရာကို သိချင်ခြင်းကြောင့် ဖြစ်ပါသည်။
ယခု အခွင့်အရေးရလာပြီဖြစ်သဖြင့် စမ့်ရှန်းမင် မေးမြန်းလိုက်သည်။
“သခင်မလေးကျုံး ကျုပ်တို့ဆီက ဘာများတောင်းဖို့ ရည်ရွယ်ထားတာလဲမသိဘူး”
ယန်ရုန်ရုန် ပျင်းရိပျင်းတွဲ ပြောလိုက်သည်။
“ရှင်းပါတယ်၊ ရှင်တို့ရဲ့ နှလုံးသွေးကို လိုချင်တာ၊ အရမ်းမများဘူး၊ တစ်ယောက်ကို သုံးစက်ဆိုရပြီ”