← Chapters

သွေးဘိုးဘေးကြီး ပြန်လည်အသက်ဝင်လာခြင်း

Vol. 11 Ch. 1012

သွေးဘိုးဘေးကြီး ပြန်လည်အသက်ဝင်လာခြင်း

Vol. 11 Ch. 1012

ထိုတရိပ်ရိပ် မြင့်တက်လာသော သွေးချီများနှင့်အတူ သွေးနီရောင် အလင်းတန်းတစ်တန်း ကောင်းကင်တံတားကျွန်းပေါ်ရှိ လေထဲတွင် ပေါ်ပေါက်လာသည်။ ထိုအလင်းတန်းမှာ အရှေ့ဖက်မှ ရောက်လာခြင်းဖြစ်ပြီး လမ်းတစ်လျှောက် လေဟုန်ခွင်း၍ လာခဲ့သောကြောင့် မြေပြင်တစ်ခုလုံး တုန်ခါနေတော့သည်။

ထိုသွေးနီရောင်အလင်းတန်းထဲတွင် ဧရာမသွေးလှံကြီးတစ်ချောင်း ရှိနေသည်။

ထိုလှံကြီးမှာ မီတာသုံးသောင်းအထိ ရှည်လျားပြီး အနီးသို့ ကပ်လာသောအခါ ၎င်း၏ပစ်မှတ်မှာ ကျွန်းမဟုတ်ကြောင်း သိသာထင်ရှားသွားတော့သည်။ ၎င်း၏ပစ်မှတ်ကား မြစ်လေးစင်းနှင့် ကောင်းကင်တံတားပင်လယ်တို့၏ ဝိညာဥ်များမှ ဖြစ်တည်လာသော ဧရာမ ကမ္ဘာလက်ကြီးပင် ဖြစ်ပေသည်။

ထိုလှံကြီး၏ အမြန်နှုန်းမှာ တုန်လှုပ်ဖွယ်ကောင်းလှပြီး ကမ္ဘာလက်ကြီးကို ဝင်တိုက်သွားသောအခါ နားအူသွားစေနိုင်သည့် ဝုန်းခနဲ မြည်ဟည်းသံကြီးတစ်သံ ပေါ်ထွက်လာသည်။

" သွေးဘိုးဘေးကြီး "

ကောင်းကင်ဧကရာဇ်၏မျက်နှာကား ဒေါသကြောင့် ရှုံ့မဲ့နေပြီး အော်ဟစ်လိုက်သည်။

" မင်း မသေသေးဘူးလား "

သို့သော် သူ့အတွက် ကံမကောင်းစွာပင် သူ၏အော်ဟစ်သံမှာ ထိုလှံကြီးက ကမ္ဘာလက်အား စိုက်ဝင်သွားသည်ကို မတားဆီးနိုင်လိုက်ပေ။ ထိုလှံကြီးမှာ စိုက်ဝင်သွားသည်နှင့် အစိတ်စိတ်အမြွှာမြွှာကွဲအက်သွားပါသော်လည်း ထိုထိချက်ကြောင့် လက်ကြီးမှာ ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်ဆီသို့ ဦးတည်နေသည့်လမ်းကြောင်းမှ အနည်းငယ်မျှ ယိမ်းယိုင်သွားရသည်။

ထို တဒင်္ဂ တုံ့ဆိုင်းသွားခြင်းမှာ သူတို့အတွက် လုံလောက်ပေသည်။

နာကျည်းစွာ ပြုံးနေသည့် ပိုင်ဟောက်က ရုတ်တရက် သူ၏ဝိညာဥ်ကို ပို၍အားပြင်းစွာ လောင်ကျွမ်းစေလိုက်သည်ဖြစ်၍ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားများ ချက်ချင်းပင် အားပြည့်သွားတော့သည်။

မီးတောက်အသွင်ရှိနေသော ပိုင်ဟောက်က ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်တွင် ဝန်းရံသွားပြီးနောက် ကောင်းကင်တံတားကျွန်းပေါ်မှ ပျောက်ကွယ်သွားတော့သည်။

သတိလစ်နေသော ပိုင်ရှောင်ချန်းမှာ သူ၏မျက်လုံးများကို ဖွင့်နိုင်ရန် ကြိုးစားလိုက်ပါသော်လည်း တဖျတ်ဖျတ် တောက်ပနေသော မီးတောက်များကိုသာ ဝိုးတိုးဝါးတား မြင်တွေ့လိုက်ရသည်။ သို့သော်လည်း သူ၏သွေးချီနှင့် အလွန်တူညီသော သွေးချီတစ်မျိုး တရိပ်ရိပ် မြင့်တက်လာနေသည်ကို သူ အာရုံခံနိုင်သေးသည်။

" ခွေးကောင် သွေးဘိုးဘေးကြီး၊ မင်း ... မင်း မသေသေးပါလား "

ကောင်းကင်ဧကရာဇ်မှာ ဖော်ပြ၍မရနိုင်လောက်အောင် ဒေါသထွက်နေပြီဖြစ်သည်။ သူသည် သူ၏သွေးသားအရင်းအချာကို စတေးခဲ့ပြီး တန်ကြေးအကြီးဆုံးအဖိုးအခများကို ပေးဆပ်ခဲ့ပါသော်လည်း အသက်တမျှ အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိသွားခဲ့သည့် နောက်ဆုံးအချိန်တွင် ကျရှုံးသွားရပြန်ပြီ ဖြစ်သည်။

သူသည် အကြိမ်တိုင်း ကျရှုံးနေရသဖြင့် သွက်သွက်ခါအောင် ရူးသွပ်သွားတော့သည်။

" မင်းတို့အကုန်လုံးက သောက်ကျိုးမပေးတဲ့ ကောင်တွေပဲ။ မင်းတို့တွေ သေစေရမယ်။ ပိုင်ရှောင်ချန်း မင်းမလွတ်စေရဘူး... "

ကောင်းကင်ဧကရာဇ်ကြီး အော်ဟစ်လိုက်သောအခါ ကမ္ဘာလက်ကြီးမှာ ကြီးထွားလာကာ တစ်ပြိုင်နက်ထဲမှာပင် မြေရိုင်းဒေသရှိရာဘက်သို့ အရှိန်ဖြင့် ဦးတည်သွားပြီး ပိုင်ဟောက်အား လိုက်ဖမ်းရန်ပြင်လိုက်တော့သည်။

သို့သော် ထိုအသက်တမျှ အရေးကြီးလှသော အခိုက်အတန့်တွင် အဏ္ဏဝါခေါ်သံဂိုဏ်း၏ ဌာနချုပ်ထဲမှ နောက်ထပ်တစ်ကြိမ် သွေးချီများ မြင့်တက်လာပြန်သည်။ ယခုအကြိမ် စွမ်းအင်အဆင့်အတန်းမှာ ယခင်အကြိမ်ကထက် အဆပေါင်းများစွာ ပို၍ မြင့်မားနေသည်။

တစ်ကမ္ဘာလုံးမှာ သွေးရောင်လွှမ်းသွားပြီး ၎င်း၏ အရင်းအမြစ်သည်ကား ....

အရှေ့ကောင်းကင်တံတားမြစ်ဒေသရှိ အဏ္ဏဝါခေါ်သံဂိုဏ်း၏ ဂိုဏ်းဌာနချုပ်ပင်ဖြစ်ပေသည်။

ဂိုဏ်းထဲတွင် ရှိနေသေးသည့် ဂိုဏ်းသားများအားလုံး အလွန်အမင်း အံ့အားသင့်သွားကြသည်။ သူတို့မှာ မယုံကြည်နိုင်လောက်အောင် တုန်လှုပ်နေသည့် အမူအရာများဖြင့် ထွက်ပြေးသွားကြသည်။ ဂိုဏ်း၏တန်ဖိုးကြီးရတနာတစ်ခုအဖြစ်သတ်မှတ်ထားသော အဏ္ဏဝါခေါ်သံဂိုဏ်း၏ အလယ်ဗဟိုရှိ မိုးထိုးလောက်အောင် မြင့်မားနေသည့်... သွေးဘိုးဘေးကြီး၏ အပြင်ခန္ဓာကိုယ်ပေါ်သို့ သူတို့အားလုံး၏ အကြည့်များ ကျရောက်နေကြတော့သည်။

သူသည် ညောင်ပင်ကြီး၏ဘေး၌ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး သူ၏စိတ်ဆန္ဒအလျောက် လုံးဝမလှုပ်ရှားခဲ့ဖူးသော နှိုင်းယှဥ်၍မရနိုင်လောက်အောင် မြင့်မားလှသည့် ဘီလူးကြီးတစ်ကောင်ဖြစ်သည်။ အမှန်တကယ်တွင် သူသည် ရုပ်အလောင်းကြီးတစ်ခုဟူ၍ပင် ဆိုနိုင်သည်။

သို့သော် ယခုတွင် သွေးဘိုးဘေးကြီးကား စတင်လှုပ်ရှားနေပြီဖြစ်သည်။ သူ၏အရေပြားပေါ်တွင် နှစ်ပေါင်းများစွာ စုပုံနေခဲ့သည့် မြေကြီးနှင့် အညစ်အကြေးများ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားကြပြီး အောက်ဘက်ရှိ မြေပြင်ပေါ်သို့ ကျဆင်းလာတော့သည်။

ယခင်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အိမ်ဖြစ်ခဲ့ဖူးသော သူ၏လက်ကြီးမှာလည်း တွန့်လိမ်သွားသဖြင့် အညစ်အကြေးများနှင့် မြေကြီးများမှာ မြေပြင်ပေါ်သို့ ထပ်မံကျဆင်းလာကြသည်။

သွေးဘိုးဘေးကြီး၏ ခန္ဓာကိုယ်အတွင်းရှိ ခြောက်သွေ့နေပြီဖြစ်သော နှလုံးသားမှာ ရုတ်တရက် ပြန်လည်ခုန်လာတော့သည်။

ဒုတ်၊ ဒုတ် ... ဒုတ်၊ ဒုတ်

သူ၏ နှလုံးခုန်သံများပဲ့တင်ထွက်လာသောအခါ ထိုနှလုံးသားထဲမှ သွေးရောင်အလင်းရောင်များမှာ သူ၏သွေးကြောများထဲသို့ စီးဝင်သွားကြသည်။ ထို့နောက် သွေးစီးကြောင်းများ သူ၏ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းသွားကြတော့သည်။

သူ၏သွေးကြောများမှာ ပြန်လည်အသက်ဝင်လာနေပြီဖြစ်သည်။

ထိုဖြစ်စဥ်ကြီးမှာ ရူးသွပ်ဖွယ်ကောင်းလောက်အောင် အလွန် လျင်မြန်လွန်းလှသည်။ တခဏအကြာတွင် သူ၏နှလုံးခုန်သံမှာ လွန်စွာ ကျယ်လောင်လာသဖြင့် ခန္ဓာကိုယ်၏ အပြင်ဘက်ကပင် ကြားနေနိုင်တော့သည်။

အဏ္ဏဝါခေါ်သံဂိုဏ်းမှ ကျင့်ကြံသူအားလုံး ပင့်သက်များရှိုက်ကုန်ကြပြီး အလန့်တကြား အော်ဟစ်နေကြတော့သည်။

" သွေးဘိုးဘေးကြီး ... သွေးဘိုးဘေးကြီးက... သူက... "

" ဘုရားရေ ဘာတွေဖြစ်နေတာလဲ "

" သူ...သူက အသက်ရှင်နေသေးတာလား "

သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှာ ပို၍ အံ့အားသင့်နေကြတော့သည်။ ဤသွေးဘိုးဘေးကြီးမှာ သူတို့၏ကျင့်ကြံခြင်းများနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ အထောက်အကူပြုပေးခဲ့သော သူတို့၏ သီးသန့်စွမ်းအားတစ်ခု မဟုတ်ပါလော။ သူတို့သည် သွေးဘိုးဘေးကြီးကို အတုယူခဲ့ကြပြီး နတ်ဘုရားသိုင်း အမျိုးမျိုးဖန်တီးရာတွင် သူ့ကိုအသုံးပြုခဲ့ကြသည်မဟုတ်ပါလော။ ယခုတွင်မူ ... သူက သက်ဝင်လှုပ်ရှားနေပြီဖြစ်သည်။

ယခင်ကဆိုလျှင် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှ ဂိုဏ်းသားများက သူတို့၏စွမ်းအားများကို စုစည်းကာ သွေးဘိုးဘေးကြီးအား ထိန်းချုပ်သည့်အခါမှသာ သူ လှုပ်ရှားနိုင်သည်။ သို့သော် ယခုတွင်မူ ... မည်သူကမှ သူ့အား မထိန်းချုပ်ထားပေ။ သို့ဖြစ်၍ သူ၏နှလုံးခုန်သံများက ဤမြင်ကွင်းကို ရှုစားနေကြသည့် ဂိုဏ်းသားများ၏ ရင်ထဲတွင် အံ့အားသင့်မှုလှိုင်းများကို မြင့်တက်လာစေတော့သည်။

ခဏအကြာတွင် ထိုနှလုံးခုန်သံမှာ ကောင်းကင်ဘုံမှ မိုးခြိမ်းသံများအလား ကျယ်လောင်နေပြီဖြစ်သည်။ ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ သူ၏ ခန္ဓာကိုယ်အတွင်း လောင်ကျွမ်းစပြုလာသည့် ကောင်းကင်ကိုတုန်ရီသွားစေနိုင်ပြီး မြေပြင်ကိုကွဲအက်သွားစေနိုင်သည့် သက်စောင့်အားပင်ဖြစ်သည်။

ထိုသက်စောင့်အားနှင့် တရိပ်ရိပ်မြင့်တက်လာနေသည့် သွေးချီများကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ သွေးရောင်များစွန်းထင်သွားသကဲ့သို့ ဖြစ်နေတော့သည်။ သွေးဘိုးဘေးကြီးကား အသက်ဝင်လာပြီဖြစ်ပေသည်။

သူ့ထံမှ သေခြင်းတရားအငွေ့အသက်တစ်ခု ထွက်မနေတော့ပေ။ အံ့သြမှင်တက်စရာကောင်းသည့် အပြင်အားများသာ ထုတ်လွှတ်နေတော့သည်။

သို့သော် .... သူ၏ အပြင်ခန္ဓာကိုယ်သာ အသက်ပြန်ဝင်လာခြင်းဖြစ်သည်။ သွေးဘိုးဘေးကြီး၏ ခန္ဓာမှာ အသက်ပြန်ဝင်လာခဲ့ပါသော်လည်း သူ့ထံတွင် ဝိညာဥ်လုံးဝရှိမနေပေ။

သို့သော်လည်း သွေးဘိုးဘေးကြီး၏ ခန္ဓာကိုယ်နိုးထလာပြီး သူ၏သက်စောင့်အားများ တိုးပွားလာသောအခါ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲရှိ တောင်တစ်တောင်ပေါ်တွင် မျောက်တစ်ကောင် ပေါ်ပေါက်လာသည်။ ထိုမျောက်ကား လွန်ခဲ့သောနှစ်များစွာက ပိုင်ရှောင်ချန်းတစ်ယောက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲတွင် ဆေးဖော်စပ်ခဲ့စဥ်က ပထမဆုံး ပေါ်ထွက်လာခဲ့သည့် မျောက် ဖြစ်ပေသည်။

သူ၏မျက်နှာမှာ ယခင်ကနှင့် လုံးဝမတူအောင် တည်ကြည်နေပြီး ပြတ်သားမှုများပြည့်နှက်နေသည့် အရိပ်အယောင်တစ်ခုလည်း ထင်ဟပ်နေသည်။

" ငါ သွေးကြွေးပြန်ဆပ်ရမဲ့အချိန် ကျရောက်လာပြီ … အမှန်တကယ် ငါကသေနေရမှာဆိုတော့ ဒီလို နှစ်အနည်းငယ်လောက် အသက်ပြန်ရှင်လာနိုင်တာကပဲ ဆုကြီးတစ်ခု ဖြစ်နေပါပြီ ... သင်္ချိုင်းစောင့်ကြီးက ငါ့ကို မင်းရဲ့ဝိညာဥ်နေရာမှာ ပြန်ဖြည့်စေချင်တာမလား။ မျှတပါတယ် "

ထိုသို့ရေရွတ်လိုက်ပြီးနောက် မျောက်ကလေးမှာ ရယ်မောလိုက်တော့သည်။ ထိုအခါ သူ၏ခန္ဓာကိုယ် ခြောက်သွေ့သွားကာ ပြာကျသွားပြီးနောက် ဝိညာဥ်တစ်ခု ပေါ်ထွက်လာတော့သည်။

၎င်းမှာ ထိုမျောက်၏ ဝိညာဥ်မဟုတ်ပဲ အမည်မသိ သတ္တဝါတစ်ကောင်၏ ခန္ဓာမရှိသောဝိညာဥ်တစ်ခု ဖြ စ်နေသည်။ ထိုဝိညာဥ်မှာ ချက်ချင်းပင် သွေးဘိုးဘေးကြီးဆီသို့ ပျံသန်းသွားတော့သည်။

အဏ္ဏဝါခေါ်သံဂိုဏ်း၏ အခြားတစ်နေရာတွင် ယုန်တစ်ကောင်ရှိနေသည်။ သူ၏မျက်နှာပေါ်တွင် ကြေကွဲဖွယ်အပြုံးတစ်စပေါ်ထွက်လာပြီး မျက်လုံးများကို မှိတ်လိုက်သောအခါ သူသည်လည်း ပြာကျသွားပြီး ဝိညာဥ်တစ်ခုအသွင်ပြောင်း၍ သွေးဘိုးဘေးကြီးဆီသို့ ပျံသန်းသွားပြန်သည်။

ထိုမျောက်နှင့်ယုန်သာ ထိုသို့ဖြစ်သွားကြသည်မဟုတ်။ ကောင်းကင်တံတားနယ်မြေ၏ အခြားတစ်နေရာတွင် တောင်ပံပေါက်နေသည့်ကျားတစ်ကောင်မှာ တောင်တန်းထူထပ်သော တောင်ကြားတစ်ခုတွင် ဝပ်နေသည်။ ၎င်းမှာ ထိုသို့ဝပ်နေရင်း တုန်ရီသွားပြီး ခေါင်းကိုနောက်ပစ်၍ အော်ဟစ်မြည်တမ်းလိုက်လေသည်။ ထိုအခါ ၎င်းမှာ ပြာကျသွားပြီး ခန္ဓာမရှိသောဝိညာဥ်တစ်ခု ပျံထွက်လာတော့သည်။

ငှက်တစ်အုပ်၊ ပုရွတ်ဆိတ်အုံတစ်အုံနှင့် ငန်းအုပ်တစ်အုပ်တို့မှာလည်း ထိုနည်းတူပင်။ ပိုင်ရှောင်ချန်း၏ ဆေးဖော်စပ်ခြင်းအကျိုးကျေးဇူးကြောင့် အသက်ဝင်လာခဲ့သည့် ထူးဆန်းသော သတ္တဝါများအားလုံး ပြာကျသွားကြသည်သာ ဖြစ်သည်...

ထိုသို့ပြာကျသွားပြီးနောက် သူတို့၏ခန္ဓာကိုယ်ထဲတွင် ရှိနေခဲ့သည့် ဝိညာဥ်များမှာ လေပေါ်သို့ ပျံတက်သွားကြပြီး အဏ္ဏဝါခေါ်သံဂိုဏ်းဆီသို့ ဦးတည်သွားကြတော့သည်။

မရေမတွက်နိုင်သော ခန္ဓာမဲ့ဝိညာဥ်များစွာ အဏ္ဏဝါခေါ်သံဂိုဏ်းဆီသို့ ပျံသန်းသွားကြပြီး သွေးဘိုးဘေးကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြသည်။ နောက်ဆုံးဝိညာဥ်တစ်ခု ဝင်သွားသောအချိန်တွင် သွေးဘိုးဘေးကြီးမှာ တုန်ရီသွားတော့သည်။

ထို့နောက် သူ၏လည်မျိုမှ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည့် မာန်ဖီသံကြီးမှာ တစ်ကမ္ဘာလုံးတွင် ပြည့်နှက်သွားတော့သည်။

" မနေ့က အသက်အောင့်ခဲ့တာ ဒီနေ့နိုးထလာနိုင်အောင်လို့ကွ ... နောက်ဆုံးတော့ ငါပြန်လာနိုင်ခဲ့ပြီပဲ "

ထိုအချိန်တွင် သွေးဘိုးဘေးကြီးကား သူ၏မျက်လုံးများကို ဖွင့်လိုက်တော့သည်။

ထိုအခါ အငြှိုးအတေးကြီးသော အမုန်းတရားများနှင့် ပြည့်နှက်နေသည့် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်တစ်ခု မိုးသက်မုန်တိုင်းတစ်ခုအသွင် ပေါ်ထွက်လာသည်။

" ကျုပ်ခင်ဗျားကြီးအတွက် ပြန်ရောက်လာခဲ့ပြီ ကောင်းကင်ဧကရာဇ်ရေ "

သွေးဘိုးဘေးကြီးပေါ်တွင် ယခင်ကရှိနေခဲ့သည့် မြေကြီးများနှင့် အညစ်အကြေးများအားလုံး လွင့်ပါးပျောက်ကွယ်သွားပြီဖြစ်ပြီး သူသည် စစ်နတ်ဘုရားတစ်ပါးအသွင် လေပေါ်သို့ခုန်တက်လိုက်ကာ အမုန်းတရားများ၊ ရူးသွပ်မှုများ ပြည့်နှက်နေသည့်အမူအရာဖြင့် ကောင်းကင်တံတားကျွန်းဆီသို့ ပျံသန်းသွားတော့သည်။

ထိုအချိန်တွင် ဗဟိုဧကရာဇ်မြို့ရှိ တော်ဝင်နန်းတော်ထဲတွင် ဗဟိုဧကရာဇ်သည် ကျဆုံးသွားပြီဖြစ်၍ မြေပြင်ပေါ်သို့ လောင်ကျွမ်းပြာကျနေပြီဖြစ်သည့် ဝိညာဥ်ခရီးမြို့ရှိရာဘက်သို့ လှမ်းကြည့်နေသည်။ ထိုမြို့မှ ကျင့်ကြံသူများမှာ စမ်းချောင်းတစ်ခုကဲ့သို့ ဗဟိုဧကရာဇ်မြို့တော်ထဲသို့ ဒလဟော ဆုတ်ခွာလာနေကြပြီ ဖြစ်သည်။

ရုတ်တရက် ဗဟိုဧကရာဇ်မှာ ဒဏ္ဍာရီများထဲတွင်သာရှိသည့် သွေးချီအမျိုးအစားတစ်ခုကို အာရုံခံမိလိုက်သည့်အလား တုန်ရီသွားတော့သည်။

" ဒါ... ဒါ... "

ဗဟိုဧကရာဇ်မှာ အလွန်တုန်လှုပ်သွားရသဖြင့် စကားပင်မပြောနိုင်လောက်အောင် ဆွံ့အသွားတော့သည်။

မြေပြင်အောက်အဝေးတစ်နေရာ၊ ဗဟိုဧကရာဇ်မြို့တော်တတိယအဆင့်ထဲရှိ ပျက်စီးပြိုလဲနေပြီဖြစ်သော စေတီတော်ထဲတွင် သင်္ချိုင်းစောင့်ကြီးမှာ တင်ပျဥ်ခွေထိုင်၍ တရားမှတ်နေသည်။ သို့သော် သူသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သူ၏ရှေ့တွင် တဖြည်းဖြည်း ပေါ်ပေါက်လာနေသည့် မီးတောက်များဝန်းရံနေသော ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်တို့အား ကြည့်လိုက်သည်။

" အခု အစီအစဥ်ရဲ့ နောက်ဆုံးအဆင့်ကို ... စလို့ရပြီ "

All Chapters