အခန်း (၁၃၅၇-၁၃၅၈)
Vol. 136 Ch. 1357-1358
အခန်း (၁၃၅၇) - သံယောဇဉ် တည်ဆောက်ခြင်း
သတ်ဖြတ်ခြင်း နတ်ဆိုးတောင်တန်းအတွင်းမှ လူရိပ်များ တစ်ဦးပြီးတစ်ဦး အစီအရီ ထွက်ခွာလာကြသည်။
ကျင့်ကြံသူ အများစု၏ မျက်နှာထက်တွင် စိတ်ပျက်အားလျော့မှုများ အထင်အသား ပေါ်လွင်နေပြီး၊ အချို့မှာမူ မျက်နှာညှိုးနွမ်းမှောင်မှောက်လျက် တစ်စုံတစ်ယောက်အား ရန်ငြိုးဖွဲ့သော အကြည့်များဖြင့် တစိမ့်စိမ့် ကြည့်နေကြသည်။
အချို့ကလည်း မကျေမနပ် ဒေါသထွက်ကာ အဖော်ဖြစ်သူများကို တတွတ်တွတ် မြည်တွန်တောက်ပန်း ပြောဆိုနေကြပြီး၊ အချို့မှာမူ မည်သည့် ခံစားချက်မျှ မဖော်ပြဘဲ တည်ငြိမ်နေသော်လည်း မျက်ဝန်းအိမ် အနက်ရှိုင်းဆုံး၌ မချိတင်ကဲ ဖြစ်နေသော အငွေ့အသက်များ ရံဖန်ရံခါ ဖြတ်ပြေးသွားတတ်သည်။
ဖန့်ချန်နှင့် ကြာနီနတ်မိမယ်ငယ်တို့၏ ပတ်ဝန်းကျင်တွင်မူ လူသူကင်းမဲ့သော လဟာပြင်ဝိုင်းလေးတစ်ခု ဖြစ်ပေါ်နေသကဲ့သို့ ရှိသည်။
မည်သည့် ကျင့်ကြံသူမှ ထိုသူနှစ်ဦးအနီးသို့ မကပ်ရဲကြချေ။
ကျင့်ကြံသူ အတော်များများကလည်း သူတို့ကို တိတ်တဆိတ် စိုက်ကြည့်နေကြပြီး ထိုသို့ ကြည့်ခြင်းဖြင့် သူတို့၏ မကျေနပ်ချက်များကို ဖွင့်ထုတ်နေကြသည်။
ဖန့်ချန်၏ ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းပြားမှာမူ တောက်ပပြောင်လက်နေသော ကြေးနီရောင် အဆင်းဖြင့် လင်းလက်နေရာ မရေမတွက်နိုင်သော မနာလိုမှု၊ မနာလိုဝန်တိုမှုနှင့် နာကျည်းမှု အကြည့်များကို ဆွဲဆောင်နေတော့သည်။
မုံချင့်လင်၊ လင်းယွမ်နှင့် ယွီဝူရှီး တို့ကဲ့သို့သော သူများသည်လည်း ပထမဆုံး အချိန်မှာပင် ဖန့်ချန်ကို ရှာတွေ့ခဲ့ကြသည်။
သူ၏ ကျောက်စိမ်းပြားမှာ ကြေးနီရောင် သန်းနေပြီ ဖြစ်သည်ကို မြင်လိုက်ရသည့်အခါ အားလုံး၏ မျက်နှာများမှာ တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားကြသည်။
ယွီဝူရှီးသည် မိမိ၏ ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်သည်။
ထိုထဲရှိ ဝိညာဉ်စွမ်းအား ပမာဏမှာ အလွန်သိပ်သည်းလှပြီး တစ်သောင်းကျော်နေပြီ ဖြစ်သော်လည်း၊ နှစ်သောင်းအထိ ရောက်ရန်မှာမူ အလှမ်းဝေးနေဆဲ ဖြစ်သည်။
အသွင်ပြောင်းလဲမှု အဆင့်သို့ မရောက်နိုင်သဖြင့် သဘာဝကျစွာပင် ကြေးနီရောင် အလင်းတန်းကို မရရှိနိုင်ချေ။
ယခုတစ်ကြိမ်တွင် သူသည် ကျွယ်မင်ကျင့်ကြံသူအဖြစ် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လျှင်ပင်၊ များပြားလှသော ကျွယ်မင်ကျင့်ကြံသူများထဲမှ သာမန်ကာလျှံကာ တစ်ဦးသာ ဖြစ်ပေလိမ့်မည်။
ကျောက်စိမ်းပြား အရောင်ပြောင်းလဲနိုင်မှသာ အဆင့်မြင့် ပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကို ရရှိရန် အခွင့်အရေး ရှိပေမည်။
ဤသည်မှာ သူတို့အတွက် အလွန်အရေးကြီးရုံသာမက၊ ထိုကဲ့သို့သော အခွင့်အရေးမျိုးမှာ သာမန် မသေမျိုး များပင် ရရှိရန် ခဲယဉ်းလှသည်။
"ဒီတစ်ခေါက် ကျွယ်မင်နန်းတော်က လာတဲ့ ရှေးဟောင်းမသေမျိုးကြီးက ဒီကောင်လေးကို တကယ်ပဲ သတိထားမိသွားနိုင်တယ်..."
"မဟုတ်သေးပါဘူး၊ ကြေးနီရောင် အလင်းတန်းလောက်နဲ့တော့ ရှေးဟောင်းမသေမျိုးက သတိထားမိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ အဆင့် ၂၊ အဆင့် ၃ စစ်ဆေးရေးမှူးတွေကတော့ ဒီကောင်လေးကို အတော်လေး အရေးတယူ ရှိကြလိမ့်မယ်။ တစ်နေ့မှာ သူက ငါတို့ရဲ့ အထက်လူကြီး ဖြစ်လာနိုင်တယ်"
ဤသို့ တွေးမိသည်နှင့် ယွီဝူရှီးမှာ စိတ်ထဲမှနေ၍ ပြင်းပြင်းထန်ထန် သက်ပြင်းချလိုက်မိသည်။
အကယ်၍သာ ထိုစဉ်က ဤလူနှင့် အမှတ်မထင် မဆုံခဲ့လျှင် သူ၏ ကျောက်စိမ်းပြားထဲမှ ဝိညာဉ်စွမ်းအားများ ဆုံးရှုံးသွားမည် မဟုတ်ချေ။
အကယ်၍သာ ထိုလူသည် တာအိုဂိုဏ်းမှ ဆင်းသက်လာသူ မဟုတ်ဘဲ၊ သူ့ကဲ့သို့ပင် တောက်ပသော နတ်ဘုရားမျက်လုံး ကို မပိုင်ဆိုင်ထားလျှင်၊ သူသည် ဤလူ၏ ဖိနှိပ်ခြင်းကို အလွယ်တကူ ခံရပါ့မလား။
ထိုစဉ်မှာပင် ယွီဝူရှီးသည် မုံချင့်လင်တို့အဖွဲ့ ဖန့်ချန်နှင့် ကြာနီနတ်မိမယ်ငယ်တို့ထံ ချဉ်းကပ်သွားသည်ကို သတိပြုမိသွားသည်။
သူသည် စိတ်ထဲမှ ကျိန်ဆဲလိုက်ရင်း ဖန့်ချန်တို့ဆီသို့ လျှောက်သွားလိုက်တော့သည်။
"ဖန့်မိတ်ဆွေ... နောင်ဆိုရင် ကျမတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာတော့မှာပါ။ သတ်ဖြတ်ခြင်း နတ်ဆိုးတောင်တန်းမှာတုန်းကတော့ စစ်ဆေးပွဲမို့လို့ ကျမတို့ ရန်ဘက်ဖြစ်ခဲ့ကြပေမဲ့၊ လုပ်ဖော်ကိုင်ဖက် ဖြစ်သွားပြီးရင်တော့ တကယ့်ကို တာအိုမိတ်ဆွေ တွေ ဖြစ်သွားပြီပေါ့။ အရင်က စော်ကားမိတာတွေ ရှိရင်လည်း ဖန့်မိတ်ဆွေအနေနဲ့ စိတ်ထဲမထားပါနဲ့ဦးနော်"
မုံချင့်လင်က ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
လင်းယွမ်ကလည်း လိုက်ဖက်ညီစွာ ပြုံး၍
"မုံမိတ်ဆွေ ပြောတာ အမှန်ဆုံးပါပဲ။ ကျုပ်တို့နဲ့ ဖန့်မိတ်ဆွေက မတိုက်ဘဲနဲ့ ခင်လို့မရတဲ့ သူတွေပေါ့။ နောင်ကျရင် အတူတူ သင့်တင့်လျောက်ပတ်စွာ နေထိုင်ကြတာပေါ့၊ သင့်တင့်လျောက်ပတ်စွာပေါ့"
ယွီဝူရှီးသည်လည်း ထိုအုပ်စုထဲသို့ ဝင်ရောက်လာခဲ့သည်။
ထို့အပြင် မိမိကိုယ်မိမိ ကျွယ်မင်ကျင့်ကြံသူ ဖြစ်လာတော့မည်ဟု ယုံကြည်နေကြသော အခြားသူများသည်လည်း ဖန့်ချန်နှင့် ကြာနီနတ်မိမယ်ငယ်တို့ထံ လာရောက် စကားပြောဆိုကာ သံယောဇဉ် တည်ဆောက်ကြတော့သည်။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အကြည့်မှာမူ ပို၍ပင် မနာလိုစရာ ဖြစ်လာခဲ့သည်။
ချင်းယွီမသေမျိုး နှင့် အခြားသူများ၏ အကြည့်မှာ လူအုပ်ထဲသို့ အကြိမ်ကြိမ် ဝေ့ဝဲကာ မိမိတို့ဂိုဏ်းမှ မျိုးဆက်သစ်များကို ရှာဖွေနေကြသည်။
မကြာမီမှာပင် ကြာနီနတ်ဘုရားဂိုဏ်း မှ ပုဂ္ဂိုလ်သည် ကြာနီနတ်မိမယ်ငယ်ကို မြင်တွေ့သွားသည်။
သူမသည် ကြာနီနတ်မိမယ်ငယ်၏ ခါးရှိ ကျောက်စိမ်းပြားထံမှ အလွန်ပင် ကြီးမားလှသော အရှိန်အဝါကို တစ်ချက်တည်းနှင့် ခံစားမိလိုက်သည်။
"အောင်ပြီ"
ထို အဆင့် ၁ မသေမျိုး ၏ မျက်လုံးထဲတွင် ဝမ်းသာအားရ ဖြစ်မှုများ ဖြတ်ပြေးသွားသော်လည်း၊ မကြာမီမှာပင် သူမ၏ အကြည့်မှာ ဖန့်ချန်ထံသို့ ကျရောက်သွားသည်။
ဖန့်ချန်နှင့် ပတ်သက်၍မူ လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း ကြာနီနတ်မိမယ်ငယ်သည် သူ့လက်ထဲတွင် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သည်ကို သူမ သိရှိထားသလို၊ ကြာနီနတ်မိမယ်ငယ်က သူ့နှင့် မဟာမိတ်ဖွဲ့ရန် ဆုံးဖြတ်ခဲ့ခြင်းကိုလည်း အလွန်ပင် သဘောတူခဲ့သည်။
ယခု ကြည့်လိုက်သည့်အခါ သူမ၏ အကြည့်မှာ တောက်ပပြောင်လက်နေသော ကြေးနီရောင် အလင်းတန်းဆီသို့သာ လုံးလုံးလျားလျား ဆွဲဆောင်ခံလိုက်ရတော့သည်။
"ကြေးနီရောင်..."
သူမသည် ချင်းယွီမသေမျိုးကို လှည့်ကြည့်လိုက်ရာ သူမ၏ အကြည့်ထဲတွင် မနာလိုမှုများ အနည်းငယ် ပါဝင်နေသည်
"ချင်းယွီမိတ်ဆွေ... ရှင်တို့ရဲ့ ချင်းယွီနတ်ဘုရားဂိုဏ်း အတွက် ဂုဏ်ယူပါတယ်။ နောင်ဆိုရင် ကျုပ်တို့ရဲ့ ဒီနယ်မြေမှာ ဂိုဏ်းအသီးသီးက ရှင်တို့ ချင်းယွီနတ်ဘုရားဂိုဏ်းကိုပဲ ဦးထိပ်ထားကြရတော့မယ် ထင်တယ်"
ချင်းယွီမသေမျိုးမှာ ပထမတွင် ဘာဖြစ်မှန်း မသိသေးသော်လည်း၊ ဖန့်ချန်ကို ရှာတွေ့ကာ သူ၏ ခါးရှိ ကြေးနီရောင် ကျောက်စိမ်းပြားကို မြင်လိုက်ရသည့်အခါတွင်မူ သူ၏ မျက်နှာထက်၌ တောက်ပသော အပြုံးကြီးတစ်ခု ပွင့်လန်းလာတော့သည်။
"ဟားဟားဟားဟား..."
သူက အကျယ်ကြီး ရယ်မောလိုက်ရာ ထိုလှေ ပေါ်ရှိ အဆင့် ၁ မသေမျိုး ပေါင်းများစွာ၏ အကြည့်များကို ဆွဲဆောင်လိုက်တော့သည်။
မကြာမီမှာပင် ချင်းယွီမသေမျိုး ဘာကြောင့် ဤမျှအထိ ပျော်ရွှင်စိတ်လှုပ်ရှားနေရသနည်းဆိုသည်ကို အားလုံး သိသွားကြတော့သည်။
သူတို့၏ အခြေအနေကို ပြန်ကြည့်လိုက်ကြသည့်အခါတွင်မူ...
"ဘိုးဘေး..."
ချင်းကျန်း နှင့် အခြားသူများသည် လှေပေါ်သို့ ပြန်ရောက်လာကြပြီး ခေါင်းငုံ့လျက် စိတ်ဓာတ်ကျနေကြသည်။
ချင်းကျန်း၏ ဘိုးဘေးဖြစ်သူမှာ သူ့မြေး၏ လက်ရှိပုံစံကို မြင်လိုက်ရသည့်အခါ ဒေါသတကြီး ဖြစ်သွားသည်
"ရှုံးရင်လည်း ရှုံးတာပေါ့၊ စစ်ဆေးပွဲ ရှုံးနိမ့်တယ်ဆိုတာ ဖြစ်နေကျပဲ။ ဒါပေမဲ့ မင်းကိုယ်ပေါ်က ဝတ်ရုံက ဘယ်ရောက်သွားတာလဲ"
ချင်းကျန်းမှာ ဒေါသထွက်လွန်းသော်လည်း၊ ဖန့်ချန်၏ နောင်တစ်ချိန် ရာထူးအဆင့်အတန်းကို တွေးမိကာ လေသံနှိမ့်၍သာ ပြောနိုင်တော့သည်
"တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ရင်း အပိုင်းပိုင်းအစစ ဖြစ်သွားလို့ပါ"
"မင်းတို့ကလည်း ကွာ... အားလုံးက တစ်နေရာတည်းက လာကြတဲ့သူတွေပဲကို။ သူ့ဝတ်ရုံ အပိုင်းပိုင်း ဖြစ်သွားရင် မင်းတို့ဆီမှာ ပိုတဲ့ အပိုတစ်ထည်လောက်တောင် ပေးဖို့ စိတ်မကူးကြဘူးလား"
အိမ်တော်အသီးသီးမှ မသေမျိုး များသည် မိမိတို့၏ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများကို စတင် ဆူပူကြတော့သည်။
သို့သော် ထိုသူများမှာမူ ပြောမထွက်နိုင်သော ဆင်းရဲဒုက္ခများ ရှိနေကြသဖြင့် အချို့က အလျင်အမြန်ပင် အသံလွှင့်ကာ အကြောင်းစုံကို တင်ပြလိုက်ကြသည်။
ထိုအခါမှ မသေမျိုးများမှာ အခြေအနေကို သဘောပေါက်သွားကြပြီး ချင်းကျန်းနှင့် သူ၏နောက်ကွယ်မှ အဆင့် ၁ မေသမျိုးတို့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြတော့သည်။
ဖန့်ချန်နှင့် ကြာနီနတ်မိမယ်ငယ်တို့ လှေပေါ်သို့ ပြန်ရောက်လာသည့်အခါ၊ ထို မသေမျိုးအုပ်စု၏ အကြည့်များတွင် မနာလိုမှုနှင့် ဝန်တိုမှုများ မလွဲမသွေ ပါဝင်နေခဲ့ပြီး အချို့မှာမူ မချိတင်ကဲဖြစ်ကာ စောင်းမြောင်း၍ပင် ပြောဆိုလိုက်ကြသည်။
ချင်းယွီမသေမျိုးမှာမူ ပျော်ရွှင်နေသဖြင့် သူတို့ကို ဂရုမစိုက်အားချေ။
မည်သို့ပင်ဖြစ်စေ ယနေ့ပြီးနောက် သူတို့၏ နယ်မြေအခြေအနေမှာ အသစ်တစ်ဖန် ပြန်လည် ပြင်ဆင်ရတော့မည် ဖြစ်ရာ ထိုအချိန်မှသာ စာရင်းရှင်းလျှင်လည်း မနောက်ကျသေးပေ။
"ကောင်းတယ်... ကောင်းတယ်... ဖန့်အကြီးအကဲ၊ ဒီတစ်ခေါက် မင်းက ကျုပ်ကို တကယ်ပဲ အံ့အားသင့်အောင် လုပ်နိုင်ခဲ့တာပဲ။ မင်းရဲ့ ပါရမီက ဒီလောက်အထိ ထူးချွန်ပြီး ကြေးနီရောင် ကျောက်စိမ်းပြားကိုတောင် ရယူနိုင်လိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး"
ချင်းယွီမသေမျိုးမှာ တကယ့်ကို ပျော်ရွှင်လွန်းသဖြင့် ချီးကျူးစကားများကို အကြိမ်ကြိမ် ဆိုလိုက်ပြီးနောက်၊ သိုလှောင်လက်စွပ် တစ်ခုကို ထုတ်ယူကာ ဖန့်ချန်အား ပေးလိုက်သည်
"ဒီထဲမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅၀၀ ပါဝင်တယ်။ နောင်ကျရင် မင်း ကျွယ်မင်နန်းတော်ကို ရောက်သွားတဲ့အခါ နှစ်စဉ် ရရှိမယ့် လစာက ချင်းယွီနတ်ဘုရားဂိုဏ်းထက် သေချာပေါက် ပိုများမှာ မှန်ပေမဲ့၊ ဒီ ဝိညာဉ်ကျောက်တုံး ၅၀၀ ကတော့ မင်းရဲ့ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်နဲ့ တက်လှမ်းခြင်းအဆင့်အထိ ကျင့်ကြံဖို့အတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"ဟိုး... တကယ်ပဲ လက်ကြီးတာပဲ"
မသေမျိုး အတော်များများမှာ စိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်ကြသည်။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅၀၀ ဆိုသည်မှာ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်မှ တက်လှမ်းခြင်းအဆင့်အထိ ကျင့်ကြံရန်အတွက် အမှန်တကယ် လုံလောက်လှသည်။
ဤ ဝိညာဉ်ကျောက်တုံး ၅၀၀ ရှိနေလျှင် ထိုလူသည် တက်လှမ်းခြင်းအဆင့် မရောက်မချင်း ဝိညာဉ်ကျောက်တုံးအတွက် ပူပန်ရန် မလိုတော့ချေ။
"ကျေးဇူးတင်ပါတယ် ဘိုးဘေး"
ဖန့်ချန်က ငြင်းပယ်ခြင်း မပြုဘဲ ပြုံးလျက် သိုလှောင်လက်စွပ်ကို လက်ခံလိုက်သည်။
ချင်းယွီမသေမျိုး၏ မျက်နှာထက်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။
လူမှုရေး နားလည်ပြီး အရာရာကို အစွန်းမထွက်အောင် လုပ်ဆောင်တတ်သဖြင့် ဤတစ်ကြိမ်တွင်မူ ချင်းယွီနတ်ဘုရားဂိုဏ်းမှာ ရတနာတစ်ခုကို ရရှိလိုက်ခြင်းပင် ဖြစ်သည်။
တစ်ဖက်လူက နောင်တစ်ချိန်တွင် ချင်းယွီနတ်ဘုရားဂိုဏ်းအပေါ် မည်သို့သော သဘောထား ရှိမည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ချင်းယွီနတ်ဘုရားဂိုဏ်းသည် ကျွယ်မင်နန်းတော်သို့ ထူးချွန်ထက်မြက်သည့် လူရည်ချွန်တစ်ဦးကို ပေးပို့နိုင်ခဲ့ပြီ ဖြစ်သည်။
ထိုကျေးဇူးတရားကို ကျွယ်မင်နန်းတော်ဘက်မှ သေချာပေါက် မှတ်သားထားပေလိမ့်မည်။
ကြာနီနတ်ဘုရားဂိုဏ်းမှ အဆင့် ၁ မသေမျိုးမှာလည်း ကြာနီနတ်မိမယ်ငယ်ကို ဆုလာဘ်များ ပေးသနားနေသည်။
ဝိညာဉ်ကျောက်တုံးများအပြင် မှော်ရတနာများနှင့် ကြာနီနတ်ဘုရားဂိုဏ်း၏ အချို့သော လျှို့ဝှက်ကျင့်စဉ်များကိုပါ ပေးအပ်နေပုံရသည်။
ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု လှုပ်ရှားသွားသည်။
ချင်းယွီမသေမျိုးတို့ ဤသို့ ပြုမူနေကြခြင်းမှာ ယနေ့တွင်ပင် သူတို့အား ကျွယ်မင်နန်းတော်မှ လာရောက် ခေါ်ဆောင်သွားတော့မည် ဖြစ်ကြောင်းကို ရိပ်မိနေ၍ ဖြစ်နိုင်သည်။
ထိုအချိန်မှာပင် စင်မြင့်ထက်မှ ထိုက်ရွှီမသေမျိုး၏ အသံ ပြန်လည် ထွက်ပေါ်လာသည်။
"အောင်မြင်ဖို့ မျှော်လင့်ချက်ရှိတဲ့ ကျင့်ကြံသူတွေ... ထွက်လာကြလော့"
"မှတ်ထားပါ၊ လိမ်လည်လှည့်ဖြားခြင်း မပြုရ"
"အကယ်၍ ကျောက်စိမ်းပြားကို တခြားသူထံ လွှဲပြောင်းပေးထားခဲ့လျှင်၊ ကာယကံရှင်သာမက သူ့နောက်ကွယ်က ဂိုဏ်းအဖွဲ့အစည်းပါ တစ်ပါတည်း အပြစ်ပေးခြင်း ခံရလိမ့်မည်"
"သွားကြတော့"
ချင်းယွီမသေမျိုးက ဖန့်ချန်၏ ပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်သည်။
၎င်းမှာ မျိုးဆက်သစ်လူငယ်လေးကို ခရီးဝေး ပို့ဆောင်နေသော လူကြီးသူမတစ်ဦးကဲ့သို့ပင်။
ဖန့်ချန်သည် ကြာနီနတ်မိမယ်ငယ်နှင့်အတူ စင်မြင့်ဆီသို့ ပျံသန်းသွားတော့သည်။
တစ်ချိန်တည်းမှာပင် ယွီဝူရှီးနှင့် အခြားသူများလည်း ပျံထွက်လာကြရာ စုစုပေါင်း လူဦးရေ ၅၀ ခန့် ရှိနေလေသည်။
အခန်း (၁၃၅၈) - ဘေးဒုက္ခဖြတ်ကျော်ခြင်း နိမိတ်လက္ခဏာ
ယခင်က ထိုက်ရွှီမသေမျိုး နှင့်အတူ ဝေဝါးသော တောင်ကြီးအနီးတွင် ဖြတ်သန်းသွားခဲ့သည့် အမျိုးသမီးမှာ ယခုနေရာတွင် ရှိမနေသည်ကို ဖန့်ချန် သတိပြုမိပြီးသား ဖြစ်သည်။
သူမ ထိုနေရာသို့ ပေါ်လာခြင်းမှာ အထက်သုံးနယ်မြေသို့ ခုလေးတင် ပြန်ရောက်လာပြီး ထိုက်ရွှီမသေမျိုးအား အခြေအနေများ လာရောက်တင်ပြခြင်း ဖြစ်နိုင်သည်။
သူမ ရှိမနေခြင်းက အလုပ်လုပ်ရသည်ကို ပို၍ လွယ်ကူစေသည်။
ထိုစဉ်က နန်ချင်းကြယ်တာရာနယ်မြေ တွင် ဖန့်ချန်၏ အစစ်အမှန်ကိုယ်ထည်မှာ တစ်ကြိမ်တစ်ခါမျှ လူလုံးထွက်ပြခဲ့ခြင်း မရှိချေ။
ဟွမ်ချင်းကျွဲ တို့နှင့် သွားရောက်တွေ့ဆုံရာတွင်ပင် သူ၏ကိုယ်ပွားဖြစ်သော ဖန့်ထျန်းဇွန် ကိုသာ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုက်ရွှီမသေမျိုးသည် သူ့ကို တစ်ခါမျှ မြင်ဖူးစရာ အကြောင်းမရှိသလို၊ သူ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း သဘာဝကျစွာပင် သိရှိနိုင်မည် မဟုတ်ချေ။
ဖန့်ချန်၏ ကိုယ်ပေါ်တွင် ကြေးနီရောင်သန်းနေသော ကျောက်စိမ်းပြားကြောင့် စင်မြင့်ထက်ရှိ မသေမျိုးများ၏ အကြည့်မှာ တစ်ပြိုင်နက်တည်း ကျရောက်လာတော့သည်။
ယွီဝူရှီး နှင့် အခြားသူများမှာ ပြင်းထန်သော ဖိအားများကို ရုတ်တရက် ခံစားလိုက်ရသည်။
ထိုအကြည့်များ၏ ပိုင်ရှင်များမှာ အနိမ့်ဆုံး အဆင့် ၃ မသေမျိုးနှင့် အဆင့် ၄ မသေမျိုးများ ဖြစ်ကြသည်။
အချို့မှာ အဆင့် ၅၊ အဆင့် ၆ နှင့် အဆင့် ၇ ရှေးဟောင်းမသေမျိုးများပင် ပါဝင်နေသည်။
အကြည့်တစ်ချက်စီတိုင်းသည် ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများအတွက် တောင်ကြီးတစ်လုံး ရင်ဘတ်ပေါ်သို့ ဖိချလိုက်သကဲ့သို့ အသက်ရှူရပင် ခက်ခဲစေသည်။
ယခု ထွက်လာသော လူ ၅၀ ကျော်မှာ မိမိကိုယ်မိမိ အောင်မြင်နိုင်ခြေရှိသည်ဟု ယူဆထားကြသူများ ဖြစ်သည်။
သို့သော် ကျွယ်မင်နန်းတော် သည် လင်းကွေ့ကြယ်တာရာနယ်မြေမှ လူ ၂၀ သာ လက်ခံမည်ဖြစ်ပြီး၊ ထိုအထဲတွင် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ၂ ဦးနှင့် တာအိုပေါင်းစပ်ခြင်းအဆင့် ၁၈ ဦးတို့ ပါဝင်သည်။
လူအများစုမှာ အရွေးမခံရဘဲ ဖယ်ထုတ်ခြင်း ခံကြရမည်ဖြစ်ရာ၊ သူတို့သည် တိတ်တဆိတ်ပင် တစ်ဦးနှင့်တစ်ဦး၏ ကျောက်စိမ်းပြားရှိ အရှိန်အဝါ အတိမ်အနက်ကို နှိုင်းယှဉ်နေကြတော့သည်။
အချို့မှာ စင်မြင့်ထက်မှ ရလဒ်ကို မကြေညာမီကပင် မျက်ဝန်းများ အရောင်မှိန်သွားကြပြီး မျှော်လင့်ချက် မရှိတော့ဟု ခံစားနေကြရသည်။
ထိုစဉ် စင်မြင့်ထက်မှ လူရိပ်တစ်ခု ပျံသန်းထွက်ပေါ်လာသည်။
၎င်းမှာ ထိုက်ရွှီမသေမျိုး၏ တပည့်ဖြစ်သူ ကျိကန်း ပင် ဖြစ်သည်။
ထို အဆင့် ၅ မသေမျိုးသည် သူ၏ အရှိန်အဝါ အတော်များများကို ရုပ်သိမ်းထားသော်လည်း တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ အသက်ရှူရပ်မတတ် ထိတ်လန့်စရာ ကောင်းနေဆဲ ဖြစ်သည်။
ကံကောင်းသည်မှာ ကျိကန်းသည် လူတိုင်း၏ ကျောက်စိမ်းပြားများကို လိုက်လံသိမ်းဆည်းရန်သာ တာဝန်ရှိသဖြင့် စင်မြင့်ထက်သို့ အမြန်ပြန်သွားရာ အားလုံးမှာ သက်ပြင်းအရှည်ကြီး ချနိုင်တော့သည်။
"ချင်းယွီနတ်ဘုရားဂိုဏ်း ဖန့်ချန်"
"ကြာနီနတ်ဘုရားဂိုဏ်း ဟုန်ကျစ် (ကြာနီနတ်မိမယ်ငယ်)"
"ယန့်ကွမ်းတာအိုဂိုဏ်း ယွီဝူရှီး"
"..."
အမည်များကို တစ်ဦးပြီးတစ်ဦး ကြေညာနေစဉ်တွင် အချို့မှာ ဝမ်းသာအားရ ပြုံးပျော်သွားကြပြီး၊ အချို့မှာ စိတ်အေးသွားကာ၊ အချို့မှာမူ အလွန်အမင်း စိတ်ပျက်သွားကြသည်။
ထူးဆန်းသည်မှာ ရွေးချယ်ခံရသော အမည် ၂၀ ထဲတွင် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ ပါဝင်မနေခြင်းပင်။
"ဒီနှစ် စစ်ဆေးပွဲမှာ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်တွေရဲ့ စွမ်းဆောင်ရည်က အနည်းငယ် စိတ်ပျက်စရာ ကောင်းနေတယ်။ နောက်တစ်ခါမှပဲ ပြန်ကြိုးစားကြတာပေါ့"
ကျိကန်းက အေးစက်စွာ ပြောလိုက်သည်။
ထိုနေရာရှိ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခါးသီးစွာ ပြုံးလိုက်ကြတော့သည်။
သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ စစ်ဆေးပွဲ သတ်မှတ်ချက်ကို မပြည့်မီခဲ့သည်မှာ ထင်ရှားလှသည်။
"ဒီကျွယ်မင်နန်းတော်က အပြင်စည်းကျင့်ကြံသူတွေကို ရွေးချယ်တာတောင် ဒီလောက် တင်းကျပ်နေတာကြည့်ရင် သူတို့က ထူးချွန်တဲ့ လူရည်ချွန်တွေကိုပဲ ရွေးတဲ့လမ်းစဉ်ကို သုံးတာပဲ။ နှစ်တွေ ကြာလာတဲ့အခါမှာတော့ ကျွယ်မင် ဆိုတဲ့ ဘွဲ့တံဆိပ်ကို ရရှိထားတဲ့ ကျင့်ကြံသူတွေဟာ တစ်ယောက်ချင်းစီတိုင်းက ပါရမီရှင်တွေပဲ ဖြစ်နေလိမ့်မယ်"
ဟု ဖန့်ချန် စိတ်ထဲမှ ရေရွတ်မိသည်။
ဤကဲ့သို့သော အင်အားစုနှင့် နှိုင်းယှဉ်လျှင် ဖူထူလောက ဖြစ်စေ၊ ယင်လောငယ် ဖြစ်စေ ယခုအချိန်တွင် သူတို့၏ တစ်သောင်းပုံတစ်ပုံကိုပင် မမီနိုင်ချေ။
ထို့ပြင် မှတ်ဥာဏ်အတားအဆီးများကြောင့် လူသားများ သေဆုံးပြီးနောက် ဝင်စား၍ မရတော့သည့် အမှန်တရားကို မသိရှိနိုင်ကြသဖြင့်၊ ထိုအင်အားကြီး အဖွဲ့အစည်းများသည် ယင်လောကအပေါ် စိတ်ဝင်စားမှု အလွန်ပင် နည်းပါးလှသည်။
ဝိညာဥ်နတ်ဘုရားဂိုဏ်း တစ်ခုတည်းသာလျှင် ယင်လောငယ်အတွင်း၌ အစီအစဉ်အချို့ကို ပြုလုပ်ထားခြင်း ဖြစ်သည်။
ကျွယ်မင်နန်းတော်၊ ထိုက်ယီမသေမျိုးဂိုဏ်း နှင့် ဝမ်ရှင်းနန်းတော် တို့ကဲ့သို့သော အင်အားစုများသည် သူတို့၏ အကြည့်များကို အလွန်ဆုံး ဖူထူလောက ပေါ်တွင်သာ ထားရှိကြပေလိမ့်မည်။
"ငရဲမင်းနန်းတော်က လောကနှစ်ခုကြားက အတားအဆီး နောက်ကွယ်က တည်ရှိမှုတွေဟာ ဒီအင်အားစုတွေဆီက မဟုတ်ဘူးလား သူတို့က ယင်လောငယ်ထဲကို ဘာကြောင့် ဝင်ချင်ရတာလဲ အဲဒီကောင်တွေက မိစ္ဆာတွေ ဖြစ်နေနိုင်မလား..."
ဖန့်ချန် စဉ်းစားနေစဉ်မှာပင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ စတင်ထွက်ခွာနေကြပြီ ဖြစ်သည်။
"မင်းတို့ ၂၀ ထဲမှာ မင်းတစ်ယောက်တည်းပဲ ကြေးနီရောင် ကျောက်စိမ်းပြားကို ရခဲ့တာ။ ဒါဟာ လွန်ခဲ့တဲ့ နှစ် ၃၀၀၊ ၄၀၀ အတွင်းမှာ လင်းကွေ့ကြယ်တာရာနယ်မြေရဲ့ အကောင်းဆုံးရလဒ်ပဲ။ အခုကစပြီး မင်းတို့က အဖွဲ့ငယ်တစ်ဖွဲ့ ဖြစ်သွားပြီ၊ မင်းက ဒီအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ပဲ"
သန်မာထွားကျိုင်းသော ခန္ဓာကိုယ်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဖန့်ချန်တို့ရှေ့သို့ ရောက်လာပြီး ပြုံး၍ ပြောလိုက်သည်။
"တကယ်ပဲ..."
ယွီဝူရှီးနှင့် အခြားသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
စိတ်ထဲတွင် အနည်းငယ် မကျေနပ်သော်လည်း၊ ဤအဖွဲ့ခေါင်းဆောင်မှာ ကြေးနီရောင် ကျောက်စိမ်းပြားကို ရရှိထားသူဖြစ်သဖြင့် ထိုကဲ့သို့သော စွမ်းအားမျိုးမှာ သူတို့ကို ဦးဆောင်ရန် အရည်အချင်း ပြည့်မီကြောင်း သူတို့ ဝန်ခံကြရမည်ဖြစ်သည်။
ထိုက်ရွှီမသေမျိုးတို့သည် လှေကြီးဖြင့် အဝေးသို့ ပျံသန်းသွားကြသည်ကို သတိပြုမိသဖြင့် ဖန့်ချန်က မေးလိုက်သည်
"စီနီယာ... ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်ရမလဲ"
ထိုအမျိုးသားက လှေငယ်တစ်စင်းကို ထုတ်ယူကာ လူတိုင်းကို တင်ဆောင်၍ ထိုက်ရွှီမသေမျိုးတို့ နောက်သို့ လိုက်ပါသွားရင်း
"ဘာလုပ်ရမလဲ လောလောဆယ်တော့ ဘာမှလုပ်ဖို့ မလိုသေးပါဘူး။ မင်းတို့က အခုမှ တာအိုပေါပ်စပ်ခြင်းအဆင့်ပဲ ရှိသေးတယ်၊ ကျွယ်မင်နန်းတော်အတွက် လုပ်ပေးနိုင်တာ သိပ်မရှိသေးဘူး။ မင်းတို့ မသေမျိုးအဆင့်ကို တက်လှမ်းပြီးမှသာ ကျွယ်မင်နန်းတော်ရဲ့ အလုပ်တွေကို လုပ်ဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်"
လူတိုင်း အံ့အားသင့်သွားကြသည်။
မသေမျိုးအဆင့် ရောက်မှလား စဉ်းစားကြည့်လျှင်လည်း သဘာဝကျလှသည်။
ကျွယ်မင်နန်းတော်၏ အရှိန်အဝါမှာ စိတ်ဝိညာဥ်နယ်မြေအတွင်း၌ အလွန်ပင် ကျယ်ပြန့်လှပြီး ကြယ်တာရာစု ၈ ခုကို ထိန်းချုပ်ထားသည်။
လက်အောက်ခံ ကျင့်ကြံသူများမှာ မရေမတွက်နိုင်အောင် ရှိရာ၊ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ လုပ်နိုင်သော အလုပ်များကို ကျွယ်မင်နန်းတော်အတွက် လုပ်ပေးချင်သည့်သူများမှာ တန်းစီနေကြမည် ဖြစ်သည်။
သူတို့မှာမူ စစ်ဆေးပွဲမှတစ်ဆင့် ရွေးချယ်ခံရသည့် အပြင်စည်းကျင့်ကြံသူများ ဖြစ်သဖြင့် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းမှာ ပို၍ မြင့်မားကာ၊ လုပ်ဆောင်ရမည့် အလုပ်များမှာလည်း ပို၍ အရေးကြီးပေလိမ့်မည်။
"မင်းတို့ သဘောပေါက်သင့်တာက ကျွယ်မင်နန်းတော်က မင်းတို့ရဲ့ ပါရမီကို တန်ဖိုးထားတာပဲ။ မင်းတို့ဟာ နောင်တစ်ချိန်မှာ မသေမျိုး ဖြစ်လာဖို့၊ အဆင့် ၂၊ အဆင့် ၃ ဒါမှမဟုတ် အဆင့် ၄ အထိ တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် ရှိကြတယ်။ ဒါကြောင့်ပဲ မင်းတို့ ဒီလှေပေါ်ကို ရောက်လာတာ "
ထိုလူက ဆက်လက် ပြုံးရယ်ကာ
"မသေမျိုး မဖြစ်ခင်အထိ မင်းတို့ လုပ်ရမယ့် အလုပ်ကတော့ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ပဲ။ ကျွယ်မင်နန်းတော်က မင်းတို့ရဲ့ အစွမ်းအစကို မြင်အောင်ပြပြီး အရင်းအမြစ်တွေ ပိုရအောင် ကြိုးစားရမယ်။ လွန်ခဲ့တဲ့ အကြာကြီးက ကျုပ်လည်း မင်းတို့လိုပဲ စစ်ဆေးပွဲကနေ တက်လာတဲ့ ကျွယ်မင်ကျင့်ကြံသူပဲ၊ လင်းကွေ့ကြယ်တာရာနယ်မြေကပဲ ဆင်းသက်လာတာ"
"မရေမတွက်နိုင်တဲ့ ပြိုင်ဆိုင်မှုတွေကို ဖြတ်ကျော်ပြီးမှ အခု ကျုပ်က အဆင့် ၃ မသေမျိုး ဖြစ်လာပြီး ချင်းမင် ရှေ့ပြေးအဖွဲ့ တစ်ဖွဲ့ကို အုပ်ချုပ်နေရတာ။ မင်းတို့ မသေမျိုး မဖြစ်ခင်အထိ ကျုပ်နဲ့ပဲ အတူတူ နေကြရဦးမှာပဲ"
"စီနီယာ... ကျမတို့ အခု ကျွယ်မင်နန်းတော်ကို သွားကြမှာလား"
မုံချင့်လင်က စပ်စုကာ မေးလိုက်သည်။
ထိုလူက သူမကို ကြည့်ကာ
"မင်းတို့ ဟိုမှာ မရေမတွက်နိုင်တဲ့ လှေကြီးတွေကို မြင်လား "
ထိုက်ရွှီမသေမျိုး၏ လှေနောက်တွင် ရာနှင့်ချီသော လှေများ လိုက်ပါနေကြသည်။
သူတို့ အခု စီးနေသော လှေမှာလည်း ထိုအထဲမှ တစ်စင်းသာ ဖြစ်သည်။
"ဒီလူတွေ အားလုံးဟာ စစ်ဆေးပွဲ အောင်မြင်ထားတဲ့ သူတွေပဲ။ မင်းတို့က ထိုက်ရွှီမသေမျိုးနဲ့အတူ ကျန်ရှိနေတဲ့ တခြား စစ်ဆေးရေး နယ်မြေတွေကို ဆက်ပြီး သွားကြရဦးမယ်"
သူက စကားကို ခဏရပ်ကာ ဖန့်ချန်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး
"ဒီလှေတွေထဲမှာ ကြေးနီရောင် ကျောက်စိမ်းပြား ရထားတဲ့သူ အနည်းငယ် ရှိသလို၊ ငွေရောင် ရထားတဲ့သူတွေတောင် ရှိတယ်။ မင်းတို့အသုတ်ကတော့ ပါရမီရှင်တွေ အတော်လေး ပေါများတယ်လို့ ပြောရမယ်"
"ဘာ ငွေရောင်တောင် ရှိသေးတာလား "
လူတိုင်း အံ့သြတုန်လှုပ်စွာဖြင့် ဖန့်ချန်ကို ကြည့်လိုက်ကြသည်။
သူတို့အမြင်တွင် ဖန့်ချန်၏ အစွမ်းများမှာ သူတို့ကို စိတ်ပျက်အားလျော့စေလောက်အောင် အစွမ်းထက်လှပြီး ဖြစ်သည်။
သို့သော် ဖန့်ချန်ပင်လျှင် ကြေးနီရောင်သာ ရရှိခဲ့ရာ၊ ငွေရောင်ကျောက်စိမ်းပြားကို ရရှိထားသူမှာ မည်မျှအထိ အစွမ်းထက်နေမည်နည်း။
"ဒါနဲ့... ကျုပ်နဲ့ ချင်းယွီမသေမျိုးက သူငယ်ချင်းတွေပါ။ အရင်က သူ အောက်ခြေ ၆ နယ်မြေက ကျင့်ကြံသူတွေကို လက်ခံစောင့်ကြပ်ခွင့် ရခဲ့တာဟာ ကျုပ်ရဲ့ အဆက်အသွယ်ကြောင့်ပဲ "
အမျိုးသားက ဖန့်ချန်ကို ပြုံးပြကာ
"မင်းရဲ့ နောက်ခံကိုလည်း ကျုပ် သိပြီးပြီ။ ကျုပ်ရဲ့ တပည့်အဖြစ် ခံယူဖို့ စိတ်ဝင်စားလား "
"တပည့်က ဆရာ့ကို ဂါရဝပြုပါတယ်"
ဖန့်ချန်က လက်အုပ်ချီ ဦးညွှတ်လိုက်သည်။
ထိုအမျိုးသားသည် ဖန့်ချန် ဒူးထောက် အလေးမပြုသည်ကို မြင်သည့်အခါ မျက်လုံးထဲတွင် အနည်းငယ်မျှ မကျေနပ်မှု ဖြတ်ပြေးသွားသော်လည်း အလေးအနက်တော့ မထားချေ။
လူငယ်တွေရဲ့ မာနပေါ့၊ သူလည်း တစ်ချိန်က လူငယ်ဖြစ်ခဲ့ဖူးတာပဲ။
အခက်အခဲလေးတွေနဲ့ ကြုံတွေ့ပြီး အချောသတ်ခံရရင်တော့ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူဆိုတာ မသေမျိုးတွေရဲ့ ရှေ့မှာ ဘာမှမဟုတ်ဘူးဆိုတာ သိသွားမှာပါ။
ငွေရောင်၊ ရွှေရောင် သို့မဟုတ် ခရမ်းရောင် ကျောက်စိမ်းပြား ရထားတဲ့သူတွေတောင်မှ လုံလောက်တဲ့ အချိန်မပေးရင် ကြီးထွားမလာနိုင်သရွေ့ အဆင့် ၃ မသေမျိုးတွေကတော့ သိပ်ပြီး ဂရုစိုက်နေမှာ မဟုတ်ပါဘူး။
ယွီဝူရှီးနှင့် အခြားသူများမှာမူ အလွန်ပင် မနာလိုဖြစ်သွားကြသည်။
ဤသည်မှာ အဆင့် ၃ မသေမျိုး ဖြစ်သည်။
သူတို့၏ ဂိုဏ်းများမှာ လင်းကွေ့ကြယ်တာရာနယ်မြေတွင် ထိပ်တန်းဖြစ်ပြီး အဆင့် ၃ မသေမျိုးများ ရှိသော်လည်း၊ တာအိုပေါင်းစပ်ခြင်းအဆင့်သာ ရှိသေးသော သူတို့အတွက် အဆင့် ၃ မသေမျိုး၏ တိုက်ရိုက်တပည့် ဖြစ်ရန်မှာ လုံးဝ အခွင့်အရေး မရှိချေ။
တက်လှမ်းခြင်းအဆင့် ရောက်မှသာ အဆင့် ၃ မသေမျိုး၏ အရေးတယူ ရှိခြင်းကို ခံရမည် ဖြစ်သည်။
"ကျုပ်နာမည်က လင်းတုန်း ပါ။ လင်းကွေ့ကြယ်တာရာနယ်မြေက အညတရ ဂိုဏ်းငယ်လေးတစ်ခုကနေ ဆင်းသက်လာတာ။ မင်းက အောက်ခြေ ၆ နယ်မြေက လာတယ်ဆိုပေမဲ့ မင်းရဲ့ အခု လက်ရှိ အခြေအနေနဲ့ဆိုရင်..."
လင်းတုန်း၏ စကားမဆုံးမီမှာပင် ဖန့်ချန်၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ ရုတ်တရက် အဟုန်အရှိန်ဖြင့် တိုးတက်လာသည်ကို မြင်လိုက်ရသည်။
ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများမှာ သူ့ဆီသို့ အရူးအမူး စီးဝင်လာတော့သည်။
ဤသည်မှာ... ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် သို့ တက်လှမ်းတော့မည့် နိမိတ်လက္ခဏာပင် ဖြစ်သည်။