← Chapters

ကျေးဇူးဥပင်္ကာရ ဦးသုံးကြိမ်

Vol. 11 Ch. 1013

ကျေးဇူးဥပင်္ကာရ ဦးသုံးကြိမ်

Vol. 11 Ch. 1013

သွေးဘိုးဘေးကြီးသည် အံ့ဩတုန်လှုပ်ဖွယ် သွေးချီများကို ထုတ်လွှတ်ကာ လေပေါ်သို့ ခုန်တက်သွားသည်ဖြစ်၍ သက်ရှိအားလုံးကို သွေးရောင်များ လွှမ်းသွားပြီး အဏ္ဏဝါခေါ်သံဂိုဏ်းထဲရှိ လူတိုင်း စကားမပြောနိုင်လောက်အောင် ဆွံ့အသွားကြတော့သည်။

သူ၏မျက်ဝန်းများထဲတွင် ရှေးနှစ်ပေါင်း အသင်္ချေမှအစပြု၍ ဖြစ်တည်လာခဲ့သော ရူးသွပ်မှုများ၊ ကလဲ့စားချေလိုစိတ်များဖြင့် တောက်လောင်နေသည်။ သူသည် စူးရှတောက်ပသောအလင်းတန်းတစ်တန်းအသွင်ဖြင့် လေဟုန်ခွင်း၍ ကောင်းကင်တံတားကျွန်းဆီသို့ ဦးတည်သွားတော့သည်။

သူ၏ လမ်းတစ်လျှောက်တွင် တောင်တန်းများပြိုလဲကုန်ကြပြီး ကောင်းကင်တံတားပင်လယ်မှာလည်း ဧရာမဓားကြီးတစ်ချောင်းဖြင့် လှီးဖြတ်ခံလိုက်ရသည့်အလား ထပ်ခြမ်းကွဲသွားသည်။ အရှေ့မြစ်ဒေသမှ ကောင်းကင်တံတားကျွန်းအထိ ဆန့်တန်းနေသော ဧရာမမျဥ်းကြောင်းကြီးတစ်ကြောင်း ပေါ်ထွက်လာတော့သည်။

ထိုမျဥ်းကြောင်းကြီးမှာ နက်ရှိုင်းလွန်းလှ၍ အောက်ခြေရှိ ပင်လယ်ကြမ်းပြင်ကိုပင် မြင်နေရပြီး တစ်ဖက်တစ်ချက်စီတွင် ရေများမှာ ချောက်ကမ်းပါးများကဲ့သို့ ဖြစ်သွားတော့သည်။

စွမ်းအားကြီးမားလှပါသည်ဆိုသော ကောင်းကင်ဧကရာဇ်ပင်လျှင် တုန်လှုပ်သွားရပြီး ပိုင်ဟောက်နှင့် ပိုင်ရှောင်ချန်းတို့အား လိုက်ဖမ်းနေခြင်းကို ချက်ချင်းပင် ရပ်တန့်လိုက်တော့သည်။

သို့သော် ဤသွေးချီမှာ ပိုင်ရှောင်ချန်း၏ သွေးချီနှင့် အနည်းငယ်ကွဲပြားမှုရှိနေသည်။ သွေးဘိုးဘေးကြီးမှာ ထာဝရအတွဲ၏ မဟာစက်ဝန်းအဆင့်အထိ ရောက်ရှိသွားခဲ့ပါသော်လည်း ယခုတွင် ၎င်းကိုထောက်ပံ့ပေးနိုင်မည့် ကျင့်ကြံခြင်းအခြေခံတစ်ခု ရှိမနေပေ။ သို့သော်လည်း သူ၏သွေးမျိုးဆက်ကြောင့် သူ၏အပြင်ခန္ဓာကိုယ်မှာ ပို၍ပင် အံ့သြဖွယ်ကောင်းနေသည်။ သူသည် မူလဗဟိုဧကရာဇ်၏ မျိုးဆက်တစ်ယောက်ဖြစ်သောကြောင့် ထာဝရအတွဲမှ သူ ထုတ်ဖော်နိုင်သည့် စွမ်းအားမှာ ပိုင်ရှောင်ချန်းထက် များစွာ ပို၍ သာလွန်ပေသည်။

ထာဝရအတွဲကား ဗဟိုဧကရာဇ်မျိုးဆက်များ အသုံးပြုနိုင်ရန် ရည်ရွယ်၍ စတင်ဖန်တီးထားခဲ့ခြင်း မဟုတ်ပါလော။

ထို့အပြင် သွေးဘိုးဘေးကြီးသည် နှစ်ပေါင်းများစွာတိုင်အောင် နာမည်ကျော်ကြားခဲ့သည်။ သူသည် ထာဝရအတွဲကို ဆက်လက်ကျင့်ကြံရင်း သွေးချီများစွာကို ထပ်မံ စုဆောင်းခဲ့သည်။ ထို့အပြင် သူ သေဆုံးသွားခဲ့စဥ်က သူ၏သွေးချီများ ပျောက်ကွယ်သွားခဲ့သည်ဟု ထင်ရသော်လည်း အမှန်မှာ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းတွင် ငုပ်လျှိုးနေခဲ့ခြင်းသာဖြစ်သည်။ ယခုမှ ဖောက်ထွက်မှုလုပ်နိုင်ခဲ့သော ပိုင်ရှောင်ချန်းမှာ ထိုအချင်းအရာကို လုံးဝယှဥ်နိုင်မည်မဟုတ်ချေ။

ယခုတွင် ထိုစွမ်းအား အားလုံးမှာ အပြင်သို့ ထွက်ပေါ်လာပြီဖြစ်ပြီး ၎င်းတို့မှာ သာမန်နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားထက် များစွာပို၍ သာလွန်ကြီးမားနေသည်လည်းဖြစ်သည်။ ထိုစွမ်းအားမှာ မဟာစက်ဝန်းအဆင့်နှင့်ပင် အလွန်နီးကပ်နေပြီဖြစ်၍ ကောင်းကင်တံတားတာအိုပင်လျှင် အံ့အားသင့်သွားရသည့် အငွေ့အသက်တစ်ခုကို ဖန်တီးနေတော့သည်။

ထိုမျှသာဆိုပါက ရေးကြီးခွင်ကျယ် ဖြစ်နေမည်မဟုတ်။ သို့သော် သွေးဘိုးဘေးကြီး နိုးထလာသောအခါ သူသည် ပိုင်ရှောင်ချန်း၏ဖြစ်တည်မှုကို အာရုံခံလိုက်နိုင်ပြီး ပိုင်ရှောင်ချန်းသည် ဗဟိုဧကရာဇ်၏ မျိုးဆက်တစ်ယောက်မဟုတ်ကြောင်း သိလိုက်လေသည်။ ထို့ကြောင့် သူသည် သင်္ချိုင်းစောင့်ကြီးကြံစည်နေသော အစီအစဥ်ကို ချက်ချင်းပင် နားလည်သွားတော့သည်။ ယခုအစီအစဥ်မှာ သူ သေခါနီးဆဲဆဲအချိန်က သင်္ချိုင်းစောင့်ကြီး သူ့အားရှင်းပြခဲ့သည့် အစီအစဥ်နှင့် မတူညီပဲ ကွဲပြားနေခဲ့သည်။ သို့သော် သွေးဘိုးဘေးကြီးမှာ ထိုအချက်ကို ဂရုမစိုက်ပေ။

" သင်္ချိုင်းစောင့်ကြီးကမှ သူ့ကိုရွေးချင်တယ်ဆိုလည်း ... ကိစ္စမရှိပါဘူး။ ငါက မူလဘိုးဘေးကြီးကို အရှက်ရစေခဲ့တယ်။ ဒီကမ္ဘာကြီးထဲက လူတွေကို ကောင်းကင်ဘုံကို ဦးဆောင်ပြီးခေါ်သွားဖို့ရာအတွက် ငါ မထိုက်တန်ဘူး။ တည်ထောင်ခဲ့သူကြီးရဲ့ ဆန္ဒကိုဖြည့်စီးပေးဖို့အတွက် ငါမထိုက်တန်ဘူး ... ငါက လင်အာနဲ့ သာမန်ဘဝတစ်ခုကိုပဲ ဖြတ်သန်းချင်ခဲ့တာ ... "

" ကောင်းကင်ဧကရာဇ်က လင်အာကို ငါ့ရှေ့မှာသတ်ခဲ့တာ။ အခု ငါပြန်ပြီးနိုးထလာခဲ့ပေမဲ့... အချိန်ကြာကြာလည်းနေရမှာ မဟုတ်ဘူး... ဒါပေမဲ့ ကောင်းကင်ဧကရာဇ် သေသွားတာကို ငါ့မျက်လုံးနဲ့ တပ်အပ်မြင်မှရမယ် "

သွေးဘိုးဘေးကြီးမှာ တချိန်ထဲတွင် ငိုလိုက်ရယ်လိုက်ဖြစ်နေပြီး သူ၏မျက်ဝန်းများထဲတွင်လည်း ရူးသွပ်မှုများဖြင့် စူးရှတောက်ပနေတော့သည်။

" ငါသူ့ကို ငါကိုယ်တိုင်သတ်လို့ရချင်မှရမယ် ... ဒါပေမဲ့ သင်္ချိုင်းစောင့်ကြီးရဲ့ အစီအစဥ်ကို သူ ဖျက်ဆီးလို့မရအောင် ငါတားလို့ရတယ်။ လင်အာနဲ့ပေါင်းစည်းနေတဲ့ ကမ္ဘာရတနာကြီးကို သူ ထိန်းချုပ်လို့ မရနိုင်အောင် ငါတားဆီးလို့ရတယ် "

ထို့နောက် တဂျိန်းဂျိန်းမြည်ဟည်းသံများ ပေါ်ထွက်လာပြီး သွေးဘိုးဘေးကြီးကား မီးတောက်များဖြင့် လောင်ကျွမ်းလာတော့သည်။ တုန်လှုပ်ဖွယ်ကောင်းစွာပင် သူကား သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို လောင်ကျွမ်းစေလိုက်ပြီး သူ၏အတိုက်အခိုက်စွမ်းရည်များကို မြှင့်တင်လိုက်ပေသည်။

" ငါ့ရဲ့တစ်ခုထဲသောနောင်တက ... လင်အာရဲ့ ဝိညာဥ်ကိုယ်ပွားက မြောက်ပိုင်းရဲ့ ကမ္ဘာရတနာထဲမှာ အိပ်ပျော်သွားခဲ့တာပဲ ... "

သွေးဘိုးဘေးကြီးမှာ ထိုဘက်သို့တစ်ချက်လှမ်းကြည့်လိုက်ပြီး အရှိန်ထပ်တင်လိုက်ပြန်သည်။

သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်၏ မဟာစက်ဝန်းထက် သာလွန်သော အတိုက်အခိုက်စွမ်းရည်များကို ထုတ်လွှတ်နေသည့် ဘီလူးကြီးတစ်ကောင်ဖြစ်သည်။ သူသည် ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်အနီးသို့ ရောက်ခါနီးနေပြီဖြစ်သည်။

တစ်ခဏလေးအတွင်း သူသည် ကောင်းကင်တံတားကျွန်းကြီးကိုသာမက မြစ်လေးစင်း၏ ဝိညာဥ်များကို အရိုးများအဖြစ်ဖွဲ့စည်းထားပြီး ပင်လယ်ရေများကို အသားစိုင်များအဖြစ်ဖွဲ့စည်းထားသည့် ဧရာမလက်ကြီးတစ်ဖက်ကို မြင်လိုက်ရတော့သည်။ ထိုလက်ကြီး၏ရှေ့တွင်ရှိနေသူကား ….. ကောင်းကင်ဧကရာဇ်ပင်ဖြစ်သည်။

" ကောင်းကင်ဧကရာဇ် "

သွေးဘိုးဘေးကြီးက အရှိန်တင်လိုက်ပြီး အော်ဟစ်လိုက်သည်။

ကောင်းကင်ဧကရာဇ်၏မျက်လုံးများမှာ မှေးသွားသော်လည်း သတ်ဖြတ်လိုသော အငွေ့အသက်များကို ထုတ်လွှတ်နေဆဲပင်။ ယခုအချိန်တွင် သင်္ချိုင်းစောင့်ကြီးအပေါ် သူထားရှိသည့် အမုန်းတရားနှင့် ခံပြင်းမှုများမှာ ဖော်ပြ၍ပင် မရနိုင်တော့ချေ။ လတ်တလောနှစ်အနည်းငယ်အတွင်း သင်္ချိုင်းစောင့်ကြီး၏ ကျင့်ကြံခြင်းအခြေခံ ကျဆင်းသွားခဲ့ပါသော်လည်း သူသည် အစီအစဥ်များ ချမှတ်ရေးဆွဲရာတွင် အနည်းငယ်လေးပင် ယုတ်လျော့မသွားသေးပေ။ သင်္ချိုင်းစောင့်ကြီးက အခေါက်တိုင်းအခေါက်တိုင်းတွင် နှာတစ်ဖျားသာနေခဲ့သည့်အချက်ကြောင့် ကောင်းကင်ဧကရာဇ်မှာ ထပ်ခါထပ်ခါ ရှုံးနိမ့်နေရသည်ပင်ဖြစ်သည်။

မျှော်လင့်ချက်များ ထပ်ခါထပ်ခါ ရိုက်ချိုးခံနေရသဖြင့် ကောင်းကင်ဧကရာဇ်မှာ သွက်သွက်ခါအောင် ရူးသွပ်နေပြီဖြစ်သည်။ သူသည် အော်ဟစ်မြည်တမ်းလိုက်ပြီး လက်ကိုဝှေ့ယမ်း၍ ဧရာမကမ္ဘာလက်ကြီးကို သွေးဘိုးဘေးကြီးဆီသို့ ပစ်လွှတ်လိုက်တော့သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က ဤနှစ်ယောက်မှာ အသေအကျေတိုက်ခိုက်ခဲ့ဖူးသည်။ ယခု နှစ်ပေါင်းတစ်သောင်းခန့် ကြာမြင့်ပြီးနောက်တွင်လည်း ထိုစဥ်ကနှင့် တစ်ပုံစံထဲဖြစ်သော တိုက်ခိုက်လိုစိတ်များကို အထင်သားမြင်နေရဆဲပင်။

ဤတိုက်ပွဲကြီးမှာ မြင်ရခဲသည့် တုန်လှုပ်ခြောက်ခြားဖွယ် တိုက်ပွဲကြီးတစ်ခုလည်း ဖြစ်သည်။

တိုက်ပွဲစတင်သောအခါ သင်္ချိုင်းစောင့်ကြီးမှာ တန်ဖိုးကြီး ရတနာဖြစ်သော ဗဟိုဧကရာဇ်မြို့တော်အတွင်း ရောက်ရှိနေခဲ့သည်။ သူသည် ကောင်းကင်တံတားပင်လယ်ဘက်သို့ လှမ်းကြည့်နေခဲ့ပါသော်လည်း ယခုတွင်မူ သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်တို့ကို ကြည့်နေပြီဖြစ်သည်။

ပိုင်ဟောက်မှာ ဤကမ္ဘာကြီးပေါ်ရှိ အခြားမည်သည့်နေရာကိုမှ မထွက်ပြေးနိုင်ပေ။

ကောင်းကင်ဧကရာဇ်၏ အန္တရာယ်ကြီးမားလှသော လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်နိုင်မည့်နေရာ ကား ဤနေရာတစ်ခုတည်းသာရှိသည်ဟု သူကမှတ်ယူထားသည်။

သင်္ချိုင်းစောင့်ကြီးသည် သေမင်းနှုတ်ခမ်းဝသို့ ရောက်နေပြီဖြစ်သော်လည်း ငရဲဧကရာဇ်ဟောင်း မဟုတ်ပါလော။ သူ၏အသက်မှာ ကြီးလွန်းနေပြီဖြစ်သော်လည်း သူသည် တစ်ကမ္ဘာလုံး၏ သင်္ချိုင်းစောင့်ကြီးဖြစ်နေဆဲပင်။

တည်နေရာရွှေ့ပြောင်းခြင်း အောင်မြင်သွားသောအခါ ပိုင်ဟောက်မှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တော့သည်။ သူ၏ဝိညာဥ်ကိုလောင်ကျွမ်းစေခြင်းဖြင့် အားဖြည့်ပေးထားသည့် နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်မှာလည်း တဖြည်းဖြည်း မှေးမှိန်စပြုလာတော့သည်။

သူ၏လက်ကျန်အချိန်က အလွန့်အလွန်နည်းပါးနေပြီဖြစ်ကြောင်း ပိုင်ဟောက်က သိလိုက်သည်...

သူ ထွက်မသွားလိုပါသော်လည်း အခြားရွေးချယ်စရာ မရှိတော့ပေ။ အင်အားချည့်နဲ့နေသော သက်စောင့်အား၊ စက္ကူကဲ့သိုရှုံ့တွနေသော အသားအရေတို့နှင့် ဆံပင်များဖားလျားကျနေကာ တင်ပျဥ်ခွေ ထိုင်နေသည့် သူ၏ဆရာကိုကြည့်၍ ပိုင်ဟောက်မှာ ငိုကြွေးနေ၏။

" ဆရာ... "

သူ တတွတ်တွတ် ရွတ်နေတော့သည်။ သူသည် ဝိညာဥ်ခန္ဓာကိုယ်တစ်ခုဖြစ်သည့်အတွက် သာမန်ဆိုလျှင် မျက်ရည်ကျနိုင်မည်မဟုတ်ပေ။ သို့သော် သူ့ဘဝ၏ နောက်ဆုံးလက်ကျန်အချိန်ကလေးတွင် အလွန်အံ့သြဖွယ်ကောင်းသော ဖြစ်ရပ်ကြီးတစ်ခုဖြစ်သွားခဲ့ပြီး သူ၏မျက်နှာပေါ်တွင် မျက်ရည်များစီးကျလာတော့သည်။

ထိုမျက်ရည်များမှာ စီးကျလာပြီးနောက် မီးတောက်များအသွင်ပြောင်းလဲသွားသည်။ သို့သော် ပိုင်ဟောင်၏ နှလုံးသားထဲမှ တဆစ်ဆစ် နာကျင်နေမှုကြောင့် ထိုမျက်ရည်စက်များမှာ ဆက်လက်ကျဆင်းနေဆဲပင်။

နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက သူ့တပည့်၏ငိုသံကို ကြားသွားဟန်တူသည်။ သူသည် အားအင်ချည့်နဲ့စွာ ယိုင်နဲ့နဲ့ဖြစ်နေပါသော်လည်း သူ၏မျက်လုံးများကိုဖွင့်နိုင်ရန် အတော်ကြိုးစားယူလိုက်ရသည်။ ထိုသို့ အားထုတ်မှုလေးသည်ပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ မောပန်းနွမ်းနယ်မှုများအား ပျံ့နှံ့သွားစေသည်။

သူသည် မျက်လုံးများကို ခပ်ရေးရေးသာဖွင့်ထားနိုင်ပါသော်လည်း သူ့ရှေ့တွင်ရပ်နေသည့် သူ၏တပည့်ကို မြင်နိုင်ဆဲပင် ... ပိုင်ရှောင်ချန်းသည် မိန်းမောတွေဝေနေပြီး ဝိညာဥ်မရှိတော့လုနီးပါးဖြစ်နေပါသော်လည်း သူ၏အကြည့်က ပိုင်ဟောက်ထံမှ မခွာပေ။

" ဆရာ "

ပိုင်ဟောက်က စိတ်လှုပ်တရှား ခေါ်လိုက်ပြီး ပိုင်ရှောင်ချန်း၏ရှေ့တွင် ဒူးထောက်ချလိုက်သည်။ ထိုအခါ သူ၏ဝိညာဥ်မှာ ပျောက်ကွယ်စပြုလာပါသော်လည်း သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုမျာ​းဖြင့် ပြည့်နှက်နေသော အပြုံးတစ်ပွင့်ကို မြင်နိုင်ပေသည်။

၎င်းမှာ လူငယ်တစ်ယောက်က သူ၏ဘဝတွင် အရေးပါဆုံးသောလူတစ်ယောက်ကို ကြည့်နေရင်း အပြစ်ကင်းစင်စွာပြုံးနေသည့် အပြုံးမျိုးဖြစ်သည်။ သူ၏ခန္ဓာကိုယ်နှင့်ဝိညာဥ်ထဲမှ မြစ်ဖျားခံလာသည့် ရိုသေလေးစားမှုများ ​ပြည့်နှက်နေသော အပြုံးမျိုးဖြစ်သည်။ သူသည် ထိုသို့ပြုံးရင်း သူ၏လက်များကို မြေပြင်ပေါ်သို့ချ၍ ဒူးထောက်ကာ ကန်တော့လိုက်တော့သည်။

ပထမအကြိမ်...

" ကျွန်တော့်ရဲ့ ဝိညာဥ်ကိုကယ်တင်ပေးခဲ့တဲ့အတွက်... ကျေးဇူးတင်ပါတယ်ဆရာ "

သူက ထိုသို့ဆိုလိုက်ပြီး သူ၏ဦးခေါင်းကိုမြေပြင်နှင့် ထိလိုက်သောအခါ သူသတိပြန်ရလာခဲ့ပြီး ပိုင်ရှောင်ချန်းမတ်တတ်ရပ်နေခဲ့သည်ကို မြင်ခဲ့ရသည့် အခိုက်အတန့်ကို ပြန်လည်အမှတ်ရသွားတော့သည်။ ထိုစဥ်က သူသည် " ငါက မင်းရဲ့ဆရာပဲ " ဟု ပြောခဲ့ပေသည်။

၎င်းသည်ကား ပိုင်ဟောင်အတွက် ထာဝရအမှတ်တရတစ်ခု ဖြစ်နေမည်ဖြစ်​ေပသည်။

ပိုင်ရှောင်ချန်းမှာ တုန်ရီသွားပြီး တစ်ခုခု ထူးဆန်းနေကြောင်း သတိထားမိသွားသည်။ သူသည် မိန်းမောတွေဝေနေသည့် စိတ်အခြေအနေထဲတွင် ရုန်းကန်နေရပြီး ရှင်းရှင်းလင်းလင်းတွေးတောနိုင်ရန်နှင့် သူ၏မျက်လုံးများကို ထပ်၍ဖွင့်နိုင်ရန် ဆုတောင်းနေမိတော့သည်။

ပိုင်ဟောက်သည် အရိုအသေပေးနေရာမှ ပြန်ထလာပြီး ပိုင်ရှောင်ချန်းအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။ သူ၏အပြုံးမှာ ​ကြည်လင်တောက်ပနေပါသော်လည်း တချိန်ထဲမှာပင် ခွဲခွာခြင်းနှင့် ဝမ်းနည်းမှုများ ရောယှက်နေသည်။ ထို့နောက် သူက နောက်တစ်ကြိမ်ထပ်၍ ဂါရဝပြုလိုက်ပြန်သည်။

ဒုတိယအကြိမ်....

" ကျွန်တော့်ကို အဖော်ပြုပေးခဲ့တဲ့အတွက် ... ကျေးဇူးတင်ပါတယ်ဆရာ "

ယခု ပိုင်ဟောက်၏အသံကား အားပျော့နေပြီဖြစ်ပြီး သူ၏ဝိညာဥ်မှာလည်း လုံးဝပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။

သူ၏စိတ်ထဲတွင် ဗဟိုဧကရာဇ်မြို့တော်ရှိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင်ကလေးကို ပြန်လည်မြင်ယောင်လာတော့သည်။ ထိုဆိုင်ကလေးတွင် သူနှင့် ပိုင်ရှောင်ချန်းတို့ ပြုလုပ်ခဲ့သမျှအရာအားလုံးကို ပြန်တွေးနေမိတော့သည်။ ၎င်းတို့မှာ သူ၏ခေါင်းထဲမှ လုံးဝပျောက်ကွယ်မသွားမည့် အမှတ်တရများဖြစ်သည်။

ထိုအခိုက်အတန့်ကား မိသားစုတစ်ခုဆီမှရသော ကြင်နာနွေးထွေးမှုများကို သူ ပထမဆုံး အကြိမ်ခံစားခဲ့ဖူးသည့် အခိုက်အတန့်ဖြစ်သည်။ ထိုစဥ်က သူ ခံစားခဲ့ရသည့် နွေးထွေးမှုများမှာ သူ၏တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲရှိနေမည်ဖြစ်သည်။

ပိုင်ရှောင်ချန်း တုန်ရီသွားသည်။ သူ့ခန္ဓာကိုယ်အတွင်း နက်ရှိုင်းသောတစ်နေရာရှိ သူ၏အသိစိတ်များမှာ လွတ်မြောက်နိုင်ရန် ရုန်းကန်နေသည့်အလားပင်။ သူ အလွန် တန်ဖိုးထားရသော အရာတစ်ခု ပျောက်ကွယ်သွားလုဆဲဆဲ ဖြစ်နေကြောင်း သိလိုက်ရသည့်အလား သူ၏တစ်ကိုယ်လုံးတွင် စိုးရိမ်ပူပန်မှုများ ဖုံးလွှမ်းသွားတော့သည်။ ပိုင်ရှောင်ချန်းမှာ အလွန်တရာအားအင်ချည့်နဲ့နေပြီး အသိစိတ်များ ရှုပ်ထွေးဝေဝါးနေပါသော်လည်း သတိပြန်လည်စ ပြုလာတော့သည်။

ပိုင်ဟောက်က ပိုင်ရှောင်ချန်းအား နောက်ဆုံးတစ်ကြိမ်ကြည့်လိုက်သည်။ သူ၏အကြည့်မှာ အလွန်စူးရှလှပြီး ဤပုံရိပ်ကို သူ၏စိတ်ထဲတွင် ထာဝရမှတ်မိနေစေရန် တောင့်တနေသည့်အလားပင်။ သူ ထွက်မသွားချင်ပါသော်လည်း သူ၏အချိန်မှာ ပြည့်နေပြီဖြစ်သည်။ သူ၏ဝိညာဥ်မှာ ထာဝရပျောက်ကွယ်သွားတော့မည့်အချိန်တွင် သူက နောက်ဆုံးတစ်ကြိမ် ဦးချလိုက်တော့သည်။

တတိယအကြိမ်...

" ကျေးဇူးတင်ပါတယ် ဆရာ.... "

သူ ရေရွတ်လိုက်သည်။ သို့သော် စကားကိုပင်ဆုံးအောင် မပြောနိုင်လိုက်ပေ။ သူ အရိုအသေပေးနေစဥ်တွင် ပျောက်ကွယ်သွားတော့သည်။ သူ၏ ခြေဖဝါးမှစ၍ ပျောက်ကွယ်သွားပြီးနောက်...သူ၏ခြေထောက်များ...ထို့နောက် သူ၏ ခန္ဓာကိုယ်တို့ ပျောက်ကွယ်သွားတော့သည်။ နောက်ဆုံးတွင် သူ၏ ဦးခေါင်းပါ ပျောက်ကွယ်သွားတော့သည်။

ကျေးဇူးဥပင်္ကာရ ဦးသုံးကြိမ်...

သူ နောက်ဆုံးပြောလိုသော စကားသည်ကား သူ၏အတွေးထဲတွင်သာ ကျန်ရစ်ခဲ့တော့မည်ဖြစ်​ေပသည်။

` ဒီဘဝကူးလို့ နောက်ဘဝသာ ရှိခဲ့မယ်ဆိုရင် … ကျွန်တော် ဆရာ့တပည့်ပဲ ဖြစ်ချင်ပါတယ်... ‘

ပိုင်ဟောက် ပျောက်ကွယ်သွားသည့်အချိန်တွင် ပိုင်ရှောင်ချန်းသည် ရုတ်တရက် သူ၏ အရိုးပေါ်အရေတင်ဖြစ်နေသော လက်ကို ဆန့်ထုတ်လိုက်လေသည်။

All Chapters