← Chapters

တီးမိခေါက်မိဖြစ်လာသော

Vol. 11 Ch. 1014

တီးမိခေါက်မိဖြစ်လာသော

Vol. 11 Ch. 1014

သူ၏လက်ကား … လေကိုသာ ဖမ်းဆုပ်မိလိုက်သည်။

" ဟောက်အာ... "

ပိုင်ရှောင်ချန်းသည် ရင်ထဲတွင် ဖော်ပြခြင်းငှာ မစွမ်းသာအောင် ပူပြင်းလှသော ပရိဒေဝမီး တောက်လောက်လာသည့်အလား သတိမေ့မျောနေရာမှ အသိစိတ်ပြန်ဝင်လာတော့သည်။

သူ၏မျက်လုံးများ ဖျတ်ခနဲပွင့်လာပါသော်လည်း မည်သည့်အရာကိုမှ မမြင်လိုက်ရပေ။ နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကား ပိုင်ဟောက်နှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ဤကမ္ဘာထဲတွင် ပိုင်ဟောက် ကျန်ရှိနေကြောင်း ညွှန်ပြနေသည့် တစ်ခုတည်းသော အထောက်အထားဖြစ်သော မီးစလေးတစ်စသာ ကျန်ရစ်ခဲ့တော့သည်။ ထိုမီးစကလေး ပိုင်ရှောင်ချန်း၏ လက်ပေါ်သို့ ကျသွားသောအခါ လောင်ကျွမ်းသွားပြီး မီးကျွမ်းရာလေးတစ်ခု ပေါ်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ တုန်ရီသွားပြီး သူ၏လက်က လေပေါ်တွင် တုတ်တုတ်မျှမလှုပ်ပဲ ရပ်တန့်နေတော့သည်။ သူ၏မျက်ဝန်းများထဲတွင်လည်း မျက်ရည်များဖြင့် ပြည့်လျှံလာတော့သည်။

ပိုင်ဟောက်၏ နောက်ဆုံး အခိုက်အတန့်များကို သူ သေသေချာချာ မမြင်လိုက်ရပါသော်လည်း ဤကမ္ဘာပေါ်တွင် သူ၏တပည့် ရှိမနေတော့ကြောင်းကိုမူ သူလုံးဝ သေချာသွားတော့သည်။

သူ၏ခြောက်ကပ်နေသော အသားအရေနှင့် အောက်ဘက်ရှိမြေပြင်ပေါ်သို့ မျက်ရည်စများစီးကျလာပြီး သောကဗျာပါဒများက သူ့စိတ်ကို ဖိစီးနှိပ်စက်လာတော့သည်။

မိတ်ဆွေတစ်ယောက် သို့တည်းမဟုတ် ချစ်ခင်မြတ်နိုးရသူတစ်ယောက် သေဆုံးသွားသည်ကို မြင်ရသည်မှာ ယခုအကြိမ်သည် ပိုင်ရှောင်ချန်းအတွက် ပထမဆုံးအကြိမ်မဟုတ်ပေ။ သို့သော် ယခုအကြိမ်ကား လုံးဝကွဲပြားနေသည်။ ပိုင်ဟောက်၏ ဆုံးပါးသွားမှုကြောင့် သူ၏အသိစိတ်ထဲတွင် သုဿာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်နေတော့သည်။

ဤကဲ့သို့ ပူဆွေးဝမ်းနည်းမှုမျိုးကား အသံကုန် အော်ဟစ်ကာ ပေါက်ကွဲစေခြင်းမျိုးမဟုတ်ဘဲ တိတ်ဆိတ်ငြိမ်စွာဖြင့် မျက်ရည်များကျလာစေသည့် ပူဆွေးမှုမျိုးဖြစ်ပေသည်။

သူသည် ပိုင်ဟောက်အား ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရသည့်အချိန်ကို ပြန်တွေးလိုက်မိသည်။ သူ၏ဝိညာဥ် နိုးထလာခဲ့သော အချိန်ကိုလည်း ပြန်တွေးမိလိုက်သည်။ မြေရိုင်းဒေသထဲတွင် အသက်ရှင်နိုင်ရန်အတွက် သူတို့နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက် မှီခိုအားထားခဲ့ကြသည့် ပုံရိပ်များကိုလည်း သူက ပြန်တွေးနေမိတော့သည်။

" ပိုင်ဟောက်ရေ... အခုကစပြီး ငါကမင်းရဲ့ ဆရာဖြစ်သွားပြီ "

" ဟောက်အာ … ဒီတစ်ခေါက် ဆရာ့ရဲ့လုပ်ရပ်ကိုရော မင်းဘယ်လိုထင်တုံးကွ "

" ဟားဟားဟား။ မပူပါနဲ့ကွ... မင်းရဲ့ဆရာက ဒီလိုကိစ္စတွေနဲ့ပတ်သက်ရင် အတွေ့အကြုံအများကြီး ရှိပြီးသားပါ "

ထိုအမှတ်တရများက သူ၏အတွေးထဲတွင် လှစ်ခနဲ ပြန်ပေါ်လာကြသဖြင့် သူသည် ထိန်းချုပ်၍ မရနိုင်လောက်အောင် တုန်ရီနေတော့သည်။ သူ၏လက်ကိုပင် ပြန်မရုတ်နိုင်သေးဘဲ ပိုင်ဟောက်ကို နောက်ထပ်တစ်ကြိမ် ထပ်၍ ဖမ်းဆုပ်နိုင်ရန်ပင် ကြိုးစားလိုက်သေးသည်။ သူ၏တပည့်မှာ အမှန်တကယ် ပျောက်ကွယ်ပျက်သုဥ်းသွားခဲ့ပြီကို သူက မယုံကြည်နိုင်အောင် ဖြစ်နေဆဲပင်...

" ဟောက်အာ... "

သူ၏ မျက်နှာပေါ်မှ မျက်ရည်များစီးကျလာတော့သည်။ ထို့နောက် သူသည် ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်ဖြစ်၍ ဖြေမဆည်နိုင်အောင် ဖြစ်နေရသော ပူဆွေးသောကများ၊ နာကျင်မှုများနှင့် ပြည့်နှက်နေသည့် အသံကြီးတစ်သံ ပဲ့တင်ထပ်၍ထွက်လာတော့သည်။

" ဘာလို့လဲ ... ဘာလို့လူတွေက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်လိုက်၊ သတ်ဖြတ်လိုက် လုပ်နေကြရတာလဲ ... ဘာကြောင့် လူတွေသေဆုံးနေရတာလဲ... ဘာလို့လဲ.... ကျင့်ကြံတယ်ဆိုတာ ထာဝရအသက်ရှင်နေနိုင်ဖို့ မဟုတ်ဘူးလား ... ဘာလို့လဲ... "

သူသည် မျက်ရည်မျက်ခွက်ဖြစ်ကာ ပူဆွေးသောကရောက်နေစဥ် သူ ကျင့်ကြံခြင်းလမ်းစဥ်ပေါ်သို့ စတင်ရောက်ရှိခဲ့သည့်အချိန်ကတည်းက အဖြေသိချင်ခဲ့သည့် မေးခွန်းများကို သူ့ကိုယ်သူ ပြန်မေးနေမိတော့သည်။ အချိန်များကုန်ဆုံးသွားပြီး သူ၏အသံမှာလည်း ပို၍တိုးကာ အားပျော့လာတော့သည်။

သူ၏ခန္ဓာကိုယ်ထဲတွင် သက်စောင့်အား မြူမှုန်လောက်မျှသာ ကျန်ရှိတော့သည်။ ပိုင်ဟောက်၏ ထွက်ခွာသွားမှုကြောင့် သူသည် မျက်ရည်များကျလိုက်ရုံမျှဖြင့် ပျောက်ပျက်မသွားနိုင်မည့် ပူဆွေးသောကမျိုးကို အလူးအလဲ ခံစားနေရပြီဖြစ်သည်။

ထို့ကြောင့် ထိုပူဆွေးသောကများမှာ တစ်ပူပေါ်တစ်ပူဆင့်သလိုဖြစ်သွားပြီး အေးစက်သောလေပြင်းတစ်ခုအသွင်ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသည့် နောက်ဆုံးသော နွေးထွေးမှု မီးတောက်ကလေးကို ငြှိမ်းသက်လိုက်တော့သည်။ ၎င်းသည်ကား မိုးသက်မုန်တိုင်း တစ်ခုအသွင် ပြောင်းလဲသွားပြီး အရာရာတိုင်းကို ပိတ်ဆို့ချုပ်နှောင်သွားတော့သည်။

ထိုမိုးသက်မုန်တိုင်းကြီးက သူ၏အသက်ကို မပိတ်ဆို့မီ အချိန်ကလေးတွင် ပိုင်ရှောင်ချန်းမှာ သောကများ၊ အမုန်းတရားများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် သင်္ချိုင်းစောင့်ကြီးကို မော့ကြည့်လိုက်တော့သည်။

တုလင်ဖေးဖြစ်စေ၊ ပိုင်ဟောက်ဖြစ်စေ၊ ယခုကဲ့သို့ ဖြစ်ပျက်သွားခဲ့ရသည့် အရာအားလုံးအတွက် အဓိကအကြောင်းအရင်းမှာ သင်္ချိုင်းစောင့်ကြီးကြောင့်သာဖြစ်ကြောင်း ယခု သူ နားလည်သွားပြီဖြစ်သည်။

သင်္ချိုင်းစောင့်ကြီးက မည်သည့်ရည်ရွယ်ချက်ကြောင့် ယခုကဲ့သို့လုပ်ရသည်ကို သူ မသိပါသော်လည်း အရေးမပါတော့ပေ။ ထိုလူကြီးအား သူ လုံးဝခွင့်လွှတ်နိုင်မည် မဟုတ်ပေ။

ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲရှိ အမုန်းတရားများမှာ ယခင်က တစ်ကြိမ်မှ မပေါ်ထွက်ခဲ့ဖူးသလို သူ၏အသိစိတ်ထဲမှာပင် တည်ရှိမနေခဲ့ဖူးပေ။

သူသည် ပျော်ပျော်နေသေခဲ လူစားမျိုးဖြစ်ပြီး ရိုးရှင်းသော စိတ်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း ယခုတွင် ထိုအရာများအားလုံးကို သူ၏မှတ်ဉာဏ်များထဲတွင် ပိတ်လှောင်နေခဲ့သည့် အမုန်းတရားများက ဖုံးလွှမ်းသွားပြီဖြစ်သည်။

သူသည် ရယ်မောလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်တော့သည်။

သင်္ချိုင်းစောင့်ကြီးသည် ထိုအမုန်းတရားများကို အတိုင်းသားမြင်လိုက်ရပြီး ပိုင်ရှောင်ချန်း၏ သက်စောင့်အားမှာ သူ ခံစားနေရသည့် ပူဆွေးသောကများကြောင့် မပွင့်နိုင်သောပန်းတစ်ပွင့်ကဲ့သို့ ခြောက်သွေ့နေပြီဖြစ်ကြောင်းကိုလည်း အာရုံခံမိလိုက်သည်။ သင်္ချိုင်းစောင့်ကြီးမှာ ပြိုလဲပျက်စီးနေသည့် စေတီတော်ထဲတွင် ထိုင်၍ သက်ပြင်းချလိုက်တော့သည်။

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက သူသည် ပိုင်ဟောက်အား ပျက်သုဥ်းသွားစေမည် မဟုတ်ပေ။ သို့သော် ပိုင်ဟောက်၏ ဝိညာဥ်မှာ နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်အတွက် လောင်စာအဖြစ်ပြောင်းလဲသွားပြီးနောက် သူပင်လျှင် မကယ်တင်နိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်အတွင်းသို့ သက်စောင့်အားအနည်းငယ်ခန့် လျှို့ဝှက်စွာ ထည့်သွင်းနိုင်ပါသော်လည်း ထိုကြိုးစားမှုမှာ အရာလိမ့်ထင်မည်ဟု သူကိုယ်တိုင်ပင် တပ်အပ်မပြောနိုင်ပေ။

" ပိုင်ရှောင်ချန်း ... "

သူ ရေရွတ်လိုက်သောအခါ သူ၏ပတ်ပတ်လည်တွင် ဝန်းရံနေသည့် မြို့တော်ကြီး၏ပျက်စီးနေသော တတိယနယ်မြေတခွင် သူ၏ရှေးဟောင်းအသံကြီး ပဲ့တင်ထပ်သွားတော့သည်။

" ဒီအစီအစဥ်ကို ငါရေးဆွဲခဲ့တယ်ဆိုပေမဲ့ အသေးစိတ်အချက်အလက်တွေ အကုန်လုံးအထိ ငါစီမံခဲ့တာမဟုတ်ဘူးဆိုတာကိုတော့ မင်းသိထားပါ ... "

" ဒီလိုတွေဖြစ်ပျက်နေရတဲ့ အကြောင်းအရင်းက ထာဝရအသက်ရှည်နည်း သိုင်းပညာရပ် ကြောင့်ပဲ... "

" ထာဝရအတွဲက ' ယန် ' နဲ့သက်ဆိုင်ပြီး အသက်ရှည်နည်းအတွဲက ' ယင် ' နဲ့သက်ဆိုင်တယ်... "

သူ၏စကားသံမှာ ပိုင်ရှောင်ချန်း၏ နားထဲသို့ရောက်သွားပါသော်လည်း သူ၏ပူဆွေးသောကများဖုံးလွှမ်းနေသည့် အသိစိတ်ကိုမူ မဖောက်ထွင်းနိုင်ချေ။

သင်္ချိုင်းစောင့်ကြီးသည် သူ၏စကားများကို ပိုင်ရှောင်ချန်းအတွက်ရည်ရွယ်၍ ပြောနေခြင်းနှင့် မတူပဲ သူ့ကိုယ်သူရေရွတ်နေသည့်ပုံနှင့် ပိုတူနေသည်။ သူ၏ ယုံကြည်ချက်များ၊ ခံယူချက်များကို ပိုမိုခိုင်မာလာစေရန် သူ့ကိုယ်သူ မာန်တင်းနေသည့်အတိုင်းပင်။

" ဗဟိုဧကရာဇ်ပိုင်ဆိုင်တဲ့ မှော်သိုင်းပညာရပ်ရဲ့ အပိုင်းနှစ်ပိုင်းကို နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့တယ်။ သူတို့ရဲ့ တစ်စိတ်တစ်ပိုင်းက ထာဝရတည်မြဲခြင်းဖြစ်ပြီး ကျန်တစ်စိတ်တစ်ပိုင်းက ဆင်းရဲဒုက္ခဖြစ်တယ် ။ နှစ်ခုစလုံးဖြစ်နိုင်သလို ... တစ်ခုမှမဟုတ်တာလည်း ဖြစ်နိုင်တယ်။ သေချာတာက ... သူတို့က မျှော်လင့်ခြင်းဆိုတဲ့အရာကို ကိုယ်စားပြုနေတာပဲ... " ယခုတွင်မူ သင်္ချိုင်းစောင့်ကြီးမှာ ယခင်ကထက် ပို၍ ရှေးဟောင်းဆန်နေတော့သည်။

" ဒါပေမဲ့ တစ်ပိုင်းကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ဖို့ကတောင် အင်မတန် ခက်တာ။ သွေးမျိုးဆက်အားနည်းတဲ့ ဒီဘက်ခေတ်ကလူတွေမပြောနဲ့ ဗဟိုဧကရာဇ်လက်ထက်က သွေးမျိုးဆက်အားကောင်းတဲ့ လူတွေထဲမှာတောင် အောင်မြင်အောင်ကျင့်နိုင်တဲ့ လူဆိုတာ ခပ်ရှားရှားရယ်... တစ်ယောက်ယောက်က အောင်မြင်ခဲ့တယ်ဆိုရင်တောင် ယင်နဲ့ယန်ကို မပေါင်းစည်းနိုင်လို့ နောက်အဆင့်ကို မဖောက်ထွက်နိုင်ခဲ့ကြဘူး။ တစ်ပိုင်းကို ကျွမ်းကျင်တတ်မြောက်ပြီးသွားပြီဆိုရင် နောက်ထပ် တိုးတက်မလာကြတော့ဘူး "

" ထာဝရအပိုင်းပြီးလို့ အသက်ရှည်နည်းအပိုင်းကို ကျင့်ကြံဖို့ဆိုတာ စိတ်ကူးနဲ့မှန်းလို့မရလောက်အောင် ခက်ခဲလွန်းတယ်...ဟိုးရှေးခေတ်ထဲကနေ အခုအထိ ဘယ်သူမှ အဲဒီလိုမကျင့်ကြံနိုင်ခဲ့ဘူး.. အဲဒီလိုကျင့်ကြံဖို့ဆိုတာကလည်း... အရင်ဆုံး သေမှရမှာကိုး... "

" ဘာလို့လဲဆိုတော့ ' ထာဝရ ' ဆိုတဲ့ စကားလုံးရဲ့ဆန့်ကျင်ဘက်က ' သေဆုံးခြင်း ' ဖြစ်နေလို့ပဲ။ ' အသက်ရှည်ခြင်း ' ဆိုတဲ့စကားလုံးရဲ့ ဆန့်ကျင်ဘက်က ' အသက်တိုခြင်း ' ဖြစ်နေလို့ပဲ။ အဲဒီနှစ်ခုစလုံးက သေခြင်းတရားဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပါယ်တူနေတာလေ ... "

" ထာဝရနဲ့ အသက်ရှည်ခြင်းဆိုတဲ့ နှစ်ခုအကြားက အချိတ်အဆက်က.... သေခြင်းတရားပဲ။ ဒါပေမဲ့ အဲဒီသေခြင်းတရားဆိုတာက လုံးဝပျက်သုဥ်းပျောက်ကွယ်သွားတာကို ပြောတာမဟုတ်ဘူး။ ဥပမာပေးရမယ်ဆို သွေးဘိုးဘေးကြီးပေါ့။ သူက ဒီနေ့ဒီလိုအချိန်မှာ နိုးထလာနိုင်ဖို့ ဟိုးယခင်က အသက်ရှူတာ ရပ်တန့်ခဲ့ရတယ် "

သာမန်ဆိုလျှင် သင်္ချိုင်းစောင့်ကြီးမှာ ဤသို့သော စကားများကို ထုတ်ပြောနေမည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ ကျင့်ဝတ်များစောင့်ထိန်းနေရန် မဖြစ်တော့ပေ။ ပိုင်ဟောက် သေဆုံးသွားပြီဖြစ်သဖြင့် ငရဲဧကရာဇ် ဆုံးပါးသွားပြီဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကြီး၏အဆုံးသတ် နီးကပ်နေပြီဖြစ်ကြောင်း သင်္ချိုင်းစောင့်ကြီးက သိသည်။

ယခုမှစ၍ ပြန်လည်မွေးဖွားခြင်းစက်ဝန်း ရှိတော့မည်မဟုတ်ပေ။ ပိုင်ဟောက် သေဆုံးသွားပြီဖြစ်ပြီး မြေအောက်မြစ်မှာ ခန်းခြောက်သွားပြီဖြစ်၍ သေဆုံးသွားသော ဝိညာဥ်များမှာ နယ်မြေအနှံ့အပြားတွင် ခြေဦးတည့်ရာ လှည့်လည်သွားလာနေတော့မည်သာဖြစ်သည်။

မြစ်ထဲတွင် ကျန်ရှိနေသေးသည့် ဝိညာဥ်များမှာမူ ကမ္ဘာထဲသို့ ရောက်ရှိသွားကြမည်ဖြစ်သည်။

" ထာဝရအပိုင်းကို ကျွမ်းကျင်တတ်မြောက်ထားတဲ့ လူတစ်ယောက်က သေခြင်းတရားကို ကြုံတွေ့ပြီးမှသာ အဲဒီအချိတ်အဆက် တံတားကို တည်ဆောက်နိုင်မှာ... အဲဒီအခါမှသာ အဲဒီလူက အသက်ရှည်နည်းအပိုင်းကို ကျင့်ကြံနိုင်စွမ်းရှိမှာ။ ဒါပေမဲ့... အဲဒီအပိုင်းကို ကျွမ်းကျင်တတ်မြောက်ဖို့အတွက်က အချိန်အများကြီးလိုတယ်။ တော်တော်များများများကို လိုတာ... "

သင်္ချိုင်းစောင့်ကြီးက သက်ပြင်းချလိုက်တော့သည်။

သူ့ထံတွင် အချိန်များများစားစား မကျန်တော့ပေ။ သူ၏ အစီအစဥ်နှင့် စိတ်ကူးများကို ဖျက်ဆီးပစ်နိုင်မည့် အခြား မမြင်နိုင်သော အခြေအနေများ ပေါ်ထွက်လာနိုင်ခြေရှိ၊ မရှိကိုလည်း သူကြိုတင်မမှန်းဆနိုင်ပေ။

ပိုင်ရှောင်ချန်း၏ အရှေ့တွင် သွေးဘိုးဘေးကြီး ရှိခဲ့ဖူးသည်။ သင်္ချိုင်းစောင့်ကြီးနှင့် သွေးဘိုးဘေးကြီးတို့မှာ ထိုအကြံကို ဆွေးနွေးရုံသာလုပ်နိုင်ခဲ့ပြီး အထမြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ... သို့သော် ယခုတွင် ပိုင်ရှောင်ချန်းက ထာဝရအပိုင်းကို ကျွမ်းကျင်စွာ တတ်မြောက်ထားပြီဖြစ်၍ အခြေအနေများမှာ မတူညီတော့ပေ။

သူသည် သွေးဘိုးဘေးကြီးကို လက်လျှော့လိုက်ပြီး ပိုင်ရှောင်ချန်းအပေါ်တွင် မျှော်လင့်ချက်အားလုံး ပုံအောခဲ့ခြင်းဖြစ်သည်။

ထိုအကြောင်းအရင်းနှင့် အခြားအရေးပါသည့်အချက်အနည်းငယ်ကြောင့် သင်္ချိုင်းစောင့်ကြီးက သူ၏အစီအစဥ်ကို အနည်းငယ်ပြောင်းလဲခဲ့ရသဖြင့် ယခုတွင် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေခြင်း ဖြစ်သည်။

" အင်း ... ကောင်းကင်တံတားတာအို... သူ့ရဲ့ မိစ္ဆာစိတ်ဓာတ်တွေကိုသာ မင်းခဏဖယ်ကြည့်လိုက်မယ်ဆိုရင် သူ့အရည်အချင်းက တကယ့်ကို ရင်သက်ရှုမောစရာကောင်းတာ။ ထာဝရအသက်ရှည်ဆေးလုံးတစ်လုံး ဖော်စပ်ဖို့ သူ ကြံစည်လိမ့်မယ်လို့ ငါလုံးဝ မတွေးမိခဲ့ဘူး... "

သင်္ချိုင်းစောင့်ကြီးက မျက်လုံးများ မှိတ်လိုက်တော့သည်။

သူသည် ပိုင်ရှောင်ချန်းအား သွေးဘိုးဘေးကြီး၏ နေရာကို ယူ၍ မျှော်လင့်ချက်အသစ်တစ်ခုအသွင် ပြောင်းလဲသွားစေလိုသည်။ သူသည် ပိုင်ရှောင်ချန်းအား အသက်ရှည်နည်းအပိုင်းကို ကျင့်ကြံစေမည်ဖြစ်သည်။

သာမန်နည်းလမ်းဖြင့် ကျင့်ကြံစေမည်မဟုတ်သော်လည်း … အောင်မြင်မှာတော့ အမှန်ပင်။

ကောင်းကင်တံတားတာအို၏ ထာဝရအသက်ရှည်ဆေးလုံး ဖန်တီးမည့်အကြံအစည်မှာ သင်္ချိုင်းစောင့်ကြီးပင် အံ့သြချီးမွမ်းရလောက်အောင် လက်ဖျားခါလောက်ပေသည်။ သူသည် ထိုနည်းလမ်းကို လေ့လာ၍ အနည်းငယ် ပြုပြင်မွမ်းမံခဲ့သည်။ သူသည် အသက်ရှည်နည်းအပိုင်းမှ အငွေ့အသက် အနည်းငယ်ကို ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းရန် ကြံစည်နေခဲ့ခြင်းဖြစ်သည်။

သင်္ချိုင်းစောင့်ကြီးသည် ထိုအငွေ့အသက်ကို သစ်စေ့တစ်ခုအဖြစ်အသုံးချပြီး အခြားသော နည်းလမ်းများကို ဓာတ်ကူပစ္စည်းတစ်ခုအဖြစ် အသုံးပြုကာ သာမန်ထက် ပို၍လျင်မြန်စွာ ပြီးစီးသွားစေရန် အရှိန်တင်လိုက်မည်ဖြစ်သည်။

သင်္ချိုင်းစောင့်ကြီးက မျက်လုံးများကိုပြန်ဖွင့်လိုက်ပြီး ပိုင်ရှောင်ချန်းအား ကြည့်လိုက်တော့သည်။

" နောက်ဆုံးတော့လည်း ... "

သူက ရေရွတ်လိုက်သည်။

" ကောင်းကင်တံတားတာအိုရဲ့ ဒီကမ္ဘာကြီးကနေ ထွက်ခွာသွားလိုတဲ့ဆန္ဒနဲ့ သူ့အားထုတ်မှုတွေကို ငါလိုက်နှောင့်ယှက်ခဲ့တဲ့အတွက်ကြောင့် သူက နောက်ဆုံးအကြံအစည်ကို မသုံးချင်ပဲ ထုတ်သုံးလိုက်ရတယ်... "

" သူက သူ့သွေးသားအရင်းအချာကို စတေးရလောက်တဲ့အထိ ရူးသွပ်ခဲ့တာပဲ... ငါက... ကောင်းကင်ဧကရာဇ်နဲ့ တုလင်ဖေးကိုအသုံးချပြီး... အသက်ရှည်နည်းအပိုင်းရဲ့ အငွေ့အသက်အနည်းငယ်ကို ပိုင်ရှောင်ချန်းရဲ့ခန္ဓာကိုယ်ထဲ ထည့်လိုက်ရတာပေါ့.... "

All Chapters