ထာဝရလိပ်
Vol. 11 Ch. 1015
" မင်းရဲ့ ပေါင်းစည်းမှုက အရေးကြီးတဲ့ အဆင့်တစ်ခုအထိ ရောက်နေပြီ။ မင်းရဲ့ခန္ဓာကိုယ်က သက်စောင့်အားတွေကုန်သွားလည်း ကိစ္စရှိမှာမဟုတ်ဘူး။ အသက်ရှည်နည်းအပိုင်းရဲ့ အငွေ့အသက်အနည်းငယ်က မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတုံးပဲ "
သင်္ချိုင်းစောင့်ကြီး၏မျက်ဝန်းများ ဝေဝါးနေပါသော်လည်း ပိုင်ရှောင်ချန်းကိုကြည့်လိုက်သည့် အချိန်တွင် တောက်ပစွာ လင်းလက်သွားဆဲပင်။ ပိုင်ရှောင်ချန်း၏ ညှိုးခြောက်နေသော အသားအရေနှင့် သွေးစက်များထဲတွင် အသက်ရှည်နည်းအပိုင်း၏ အငွေ့အသက်အနည်းငယ် ကိန်းအောင်းနေသည်။
" အဲဒါ... သစ်စေ့ပဲ။ ငါအဲဒီသစ်စေ့ကို အတက်ပေါက်လာအောင်လုပ်ပြီး အမြင့်မားဆုံး သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲရမယ်"
သင်္ချိုင်းစောင့်ကြီးသည် ထိုသို့ရေရွတ်လိုက်ပြီး ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်တော့သည်။ ထိုအခါ သူ၏မျက်ဝန်းထဲရှိ ဝေဝါးနေမှုများ ပျောက်ကွယ်သွားပြီး ရုတ်တရက် သူ့ထံမှ ကောင်းကင်ကိုတုန်ခါစေကာ ကမ္ဘာမြေကြီးကို အက်ကွဲသွားစေနိုင်သည့် စွမ်းအင်တစ်မျိုး ပေါ်ထွက်လာတော့သည်။
" ငါလုပ်သမျှအရာတိုင်းက ဒီကမ္ဘာကြီးနဲ့ ဒီကမ္ဘာကြီးထဲက လူအားလုံးအတွက်ပဲ။ ပြီးတော့ ငါ့အတွက်နဲ့ ... ပထမမျိုးဆက် ဗဟိုဧကရာဇ်အတွက်ဆိုရင်လည်း ဟုတ်တယ်... "
" ဒါပေမဲ့လည်း ငါဒီလိုလုပ်ရတာ ထာဝရ တည်မြဲနေမဲ့အရာတစ်ခုအတွက်ပဲ... ငါ့ကြောင့် စိတ်ပျက်ရမဲ့ တစ်ယောက်ထဲသောလူက မင်းပဲ ပိုင်ရှောင်ချန်း။ အဲဒါကြောင့် ကောင်းကင်ကိုပါ လွှမ်းမိုးနိုင်လောက်အောင် စွမ်းအားကြီးမားတဲ့ တန်ဖိုးအကြီးဆုံး ဆုလာဒ်တွေကို မင်းဆီငါပေးအပ်ခဲ့မယ်... "
" မင်းဒီကမ္ဘာကြီးထဲက ထွက်သွားပြီဆိုတာနဲ့ အရာအားလုံးကို နားလည်သွားပါလိမ့်မယ် "
သင်္ချိုင်းစောင့်ကြီးသည် မျှော်လင့်ချက်များ၊ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသည့် အာရုံစူးစိုက်များအပြည့်ပါသော အသံကြီးဖြင့် အော်ဟစ်ရယ်မောလိုက်တော့သည်။
သူ၏အငွေ့အသက်များ အင်အားကြီးလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်ထဲမှ စိတ်ကူး၍ပင်မရနိုင်လောက်အောင် စွမ်းအားကြီးမားသော သက်စောင့်အားများသည် ဆည်းဆာနေဝင်ချိန်မှာ ထွက်ပေါ်လာတတ်သည့် နောက်ဆုံးသော ရောင်ခြည်တန်းများအလား ထိုးထွက်လာတော့သည်။ ၎င်းစွမ်းအားမှာ လွန်စွာ အားပြင်းလွန်းလှ၍ သူသည် ကမ္ဘာကြီးကို အချိန်မရွေး မီးမြှိုက်ပစ်တော့မည့်အလားပင်။
သင်္ချိုင်းစောင့်ကြီး၏ အငွေ့အသက်များ မြင့်တက်လာသည်နှင့်အမျှ မြို့တော်၏ တတိယနယ်မြေရှိ အပျက်အစီးများကြားတွင် လေပြင်းကြီးတစ်ချက် တိုက်ခတ်လာသည်။ အဆောက်အဦများ၊ အိမ်များ ဗလာကျင်းသွားသည်အထိ ပြိုလဲပျက်စီးကုန်ကြသည်။
နောက်ဆုံးတွင် မြို့တော်၏ တတိယနယ်မြေတစ်ခုလုံး အချိန်မရွေး ပြိုကျတော့မည့်အခြေအနေသို့ ရောက်သွားတော့သည်။ တချိန်တည်းမှာပင် တန်ဖိုးကြီးရတနာတစ်ခုဖြစ်သော ဗဟိုဧကရာဇ်မြို့တော်ကြီး တုန်ရီလာတော့သည်။
" ငါ အားမရှိတော့ဘူး။ ငါ့ခန္ဓာအစစ် ချန်ရစ်ထားခဲ့တဲ့ တန်ဖိုးကြီးရတနာကို ငါအပြည့်အဝ မထိန်းချုပ်နိုင်ပေမဲ့ အဲဒီထဲမှာ သိုလှောင်ထားတဲ့ မှော်စွမ်းအားကိုတော့ ထုတ်ယူလို့ ရသေးတယ် " ထိုသို့ဆိုကာ သင်္ချိုင်းစောင့်ကြီးသည် သူ၏လက်ချောင်းကို အသက်လုံးဝမရှိတော့သည့်ပုံစံပေါ်နေသော ပိုင်ရှောင်ချန်းရှိရာဘက်သို့ ဝှေ့ယမ်းလိုက်သည်။
ပိုင်ရှောင်ချန်းမှာ နောက်ဆုံးကျန်ရှိနေသေးသော အလွန်သေးငယ်လွန်းလှသည့် သက်စောင့်အားမြူမှုန်ကလေး ပျောက်ကွယ်ခါနီးတွင် သင်္ချိုင်းစောင့်ကြီးက သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သောအခါ ဗဟိုဧကရာဇ်မြို့တော် တုန်ရီသွား၏။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ဆန့်ငင်ဆန့်ငင် ဖြစ်လာတော့သည်။
သူ၏နှလုံးသား သေဆုံးကာ ငြိမ်သက်သွားခဲ့ပါသော်လည်း ယခုတွင်မူ ပြန်လည် လှုပ်ခါလာသည်။ ထို့နောက် သူ၏အိတ် အလိုအလျောက်ပွင့်သွားပြီး သရဲမယ်တော်၏ စစ်သင်္ဘောပေါ်မှ သူရယူခဲ့သည့် အရိုးစုနှစ်ခု အပြင်သို့ ပျံထွက်လာကြသည်။
ထိုရွှေရောင်နှင့် သလင်းကျောက်အရောင်အရိုးစုများက မှိတ်တုတ်မှိတ်တုတ် တောက်ပနေကြစဥ် သင်္ချိုင်းစောင့်ကြီးမှာ မိုးခြိမ်သံကဲ့သို့သော အသံကြီးဖြင့် အော်ခေါ်လိုက်သည်။
" ထာဝရလိပ် … မင်းက ထာဝရမယ်တော်ကြီးရဲ့ အဖော်ဝိညာဥ်ပဲ။ အခုချက်ချင်း အပြင်ထွက်လာခဲ့ "
ထိုအခါ လိပ်ကလေးမှာ ပိုင်ရှောင်ချန်း၏အိတ်ထဲမှ ပျံထွက်လာသည်။ သူ၏ စိတ်ဆန္ဒအလျောက် ပျံထွက်လာခြင်း ဟုတ်လား၊ မဟုတ်လားကိုမူ အတိအကျ မသိနိုင်ပေ။
" ဒီအဘိုးကြီးနဲ့တော့ သောက်ကျိုးနည်းပါပဲကွာ။ တစ်ခုခု မူမမှန်တော့ဘူးဆိုတာ ကျုပ်သိနေခဲ့တယ်။ အဲဒါကြောင့် လတ်တလော ကျုပ်ပုန်းနေခဲ့တာ။ ခင်ဗျားက ကျုပ်ကို မျက်မှန်းတမ်းမိလိမ့်မယ်လို့ ဘယ်သူက ထင်လိမ့်မလဲ ... "
လိပ်ကလေးသည် ပိုင်ရှောင်ချန်းအား လှမ်းကြည့်လိုက်သောအခါ သူ၏မျက်ဝန်းများထဲတွင် အပြစ်ရှိသလို ခံစားနေရသည့် အရိပ်အယောင်များကို မြင်နိုင်သည်။
သင်္ချိုင်းစောင့်ကြီးကမူ လိပ်ကလေး၏စကားများကို လျစ်လျူရှုလိုက်ပြီး သူ၏ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ထိုအခါ လိပ်ကလေးက အော်ဟစ်မြည်တမ်းလိုက်ပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
" မင်းရဲ့ကံကြမ္မာလည်း အခုကိစ္စအပေါ် မူတည်နေတာနော် ထာဝရလိပ် "
သင်္ချိုင်းစောင့်ကြီးက ဆိုလိုက်သည်။
“ မင်းစောစောက အိပ်ပျော်နေတာမဟုတ်ဘူးဆိုရင် ဘာလို့ တန်းပြီး ထွက်မလာရတာလဲ "
လိပ်ကလေးမှာ မည်သို့လုပ်ရမည်မှန်း ဝေခွဲမရလောက်အောင် ဖြစ်နေသည့်ပုံပေါ်နေသော်လည်း တဒင်္ဂအကြာတွင် သူ၏ကံကြမ္မာကို ဝန်ခံလိုက်သည့်အလား သက်ပြင်းချလိုက်တော့သည်။
" ကောင်းပြီ။ ကောင်းပြီဗျာ "
သူက အော်ပြောလိုက်တော့သည်။
" ခင်ဗျားကြီး ကျုပ်ဆီက ဘာလိုချင်တာလဲ…ပြော "
" မင်းရဲ့သွေးကို လိုချင်တာ "
သင်္ချိုင်းစောင့်ကြီးက စူးရှတောက်ပသောအကြည့်ဖြင့် ပြန်ဖြေလိုက်သည်။ လိပ်ကလေးမှာ အံကြိတ်၍ သူ၏ဦးခေါင်းကို အခွံထဲမှ အပြင်သို့ တတ်နိုင်သမျှ ဆန့်ထုတ်လိုက်ပြီး နောက်သို့လှည့်၍ သူ၏လည်ပင်းကို အားပါပါ ကိုက်ချလိုက်တော့သည်။
သူ၏ ကိုက်ချက်မှာ အားပါလွန်းလှ၍ သူ၏ဦးခေါင်းပင်လျှင် ဘေးဘက်သို့ လွင့်စင်သွားရပြီး ထိုဟပြဲနေသော ဒဏ်ရာထဲမှ သွေးများ ဒလဟောပန်းထွက်လာတော့သည်။ သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် မည်းနက်သွားပြီးနောက် သူ၏ဦးခေါင်းမှာ ပြန်၍ပျံသန်းလာပြီး သူ၏လည်ပင်းနှင့် ပြန်လည်ချိတ်ဆက်သွားတော့သည်။ တစ်ခဏလေးအတွင်း မည်သည့်ဒဏ်ရာ အရိပ်အယောင်တစ်ခုမှ မကျန်ရစ်ခဲ့ပေ။
" အဲဒီမှာ ရော့… မျိုးမစစ်အဘိုးကြီး "
သူက အားအင်ချည့်နဲ့စွာ မြည်တွန်တောက်တီးလိုက်သည်။ ထို့နောက် သူသည် အဖြူရောင်အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲသွားပြီး သင်္ချိုင်းစောင့်ကြီးအား လျစ်လျူရှု၍ ပိုင်ရှောင်ချန်း၏ အိတ်ထဲသို့ ပျံသန်းသွားတော့သည်။ တခဏအကြာတွင် သူ၏ ဦးခေါင်း ပြူကနဲပြန်ထွက်လာပြီး ဆိုလိုက်တော့သည်။
“ ခင်ဗျားသိလား မျိုးမစစ်အဘိုးကြီး။ ပိုင်ရှောင်ချန်းကို ကျုပ်သိသလောက်ဆိုရင် လူတစ်ယောက်ကို သူ မုန်းတီးဖို့ဆိုတာ ခပ်ရှားရှားရယ်။ ဒါပေမဲ့ သူ မုန်းပြီဟေ့ဆိုရင်လည်း တစ်သက်လုံး မုန်းတဲ့ လူစားမျိုး... "
သင်္ချိုင်းစောင့်ကြီးက လိပ်ကလေးအား အေးစက်စက်ကြည့်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ မကြာသေးမီက ပန်းထွက်လာခဲ့သည့် သွေးများမှာ သွေးစက်လုံးတစ်လုံးအသွင် စုစည်းသွားကြသည်။ ထို့နောက် သူသည် ထိုစက်လုံးကို အရိုးစုနှစ်ခုဆီသို့ စေလွှတ်လိုက်သည်။ ၎င်းတို့နှစ်ခု ပေါင်းစည်းသွားကြသောအခါ ရွှေရောင်နှင့် သလင်းကျောက်ရောင်များ ပို၍တောက်ပစွာ လင်းလက်လာတော့သည်။
တချိန်တည်းမှာပင် ထာဝရအပိုင်းနှင့် အသက်ရှည်နည်းအပိုင်း နှစ်ပိုင်းစလုံး အသက်ဝင်လာတော့သည်။
ဤအရိုးစုနှစ်ခုထံတွင် အလွန်တမူထူးခြားသော နောက်ကြောင်းများရှိနေသည်။ သရဲမယ်တော်ကြီး ကောင်းကင်တံတားနယ်မြေသို့ စရောက်လာခဲ့စဥ်က သူမသည် သေမင်းနွံတောထဲတွင် ပိတ်မိသွားခဲ့သဖြင့် သင်္ချိုင်းစောင့်ကြီးနှင့် အပေးအယူတစ်ခု ပြုလုပ်ခဲ့သည်။
ထိုအပေးအယူမှာ တစ်နေ့တွင် သင်္ချိုင်းစောင့်ကြီးသည် သရဲမယ်တော်အား ဤကမ္ဘာမှထွက်ခွာနိုင်စေရန် ကူညီပေးရမည် ဟူ၍ဖြစ်သည်။
အပြန်အလှန်အနေဖြင့် သရဲမယ်တော်သည် သူမ၏ စစ်သင်္ဘောပေါ်ရှိ ကုန်းပတ်နံပါတ်နှစ်ပေါ်တွင် ထိုအရိုးစုနှစ်ခုကို သိမ်းဆည်းထားပေးရန် သဘောတူခဲ့သည်။ ထိုနေရာတွင် ထိုအရိုးစုနှစ်ခုသည် သင်္ဘောထဲရှိ ပြင်ပကမ္ဘာမှဖြစ်သော စိတ်စွမ်းအင်များကို စုပ်ယူနိုင်မည်ဖြစ်သည်။
ထိုစိတ်စွမ်းအင်ကြောင့်် ထိုအရိုးစုနှစ်ခုမှာ သာမန်ထက် များစွာပို၍ အင်အားကြီးမားလာခဲ့သည်။ တစ်နည်းတစ်ဖုံဆိုရမည်ဆိုလျှင် သူတို့ကား သန့်စင်ခံလိုက်ရခြင်း ဖြစ်သည်။ သင်္ချိုင်းစောင့်ကြီးနှင့် သရဲမယ်တော်အကြားရှိ အပေးအယူ၏ နောက်ထပ် ကဏ္ဍတစ်ခုမှာ သူမသည် ရံခါဖန်ခါတွင် သူမ၏ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံကို အသုံးပြု၍ ထိုအရိုးစုနှစ်ခု၏ ပေါင်းစည်းခြင်းနှုန်းကို သူမကိုယ်တိုင် မြှင့်တင်ပေးရမည် ဟူ၍ပင် ဖြစ်သည်။
နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည့် အတောအတွင်း မည်သည့်ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကိုမှ အာရုံမခံနိုင်ပါသော်လည်း ထိုအရိုးစုနှစ်ခုမှာ အမှန်တကယ်ပင် ပေါင်းစည်းသွားကြပြီး ပြိုင်ဘက်ကင်း အဆင့်မြင့် ဆေးတစ်မျိုးအသွင် ပြောင်းလဲသွားခဲ့သည်။
သင်္ချိုင်းစောင့်ကြီး၏ ရှုပ်ထွေးလွန်းလှသော အကြံအစည်၏ အကြောင်းအရင်းသည်ကား ကောင်းကင်ဧကရာဇ် ကြိုးစား အားထုတ်နိုင်သည့် လုပ်ရပ်ကို အရိပ်အမြွက် ကြိုတင်သိနေသောကြောင့်လည်း ဖြစ်သည်။ ထို့အပြင် ထာဝရအသက်ရှည်ဆေးလုံးနှင့်ပတ်သက်၍ သင်္ချိုင်းစောင့်ကြီး၏ နားလည်နိုင်စွမ်းမှာ ကောင်းကင်ဧကရာဇ်ထက် များစွာ သာလွန်နေသည်။
ထို့အပြင် သူ၏အကြံအစည်တွင် အသုံးပြုမည့် အရိုးစုနှစ်ခုကို သေသေချာချာ ရွေးချယ်ထားခဲ့သည်။ သူသည် တစ်နည်းနည်းဖြင့် ဗဟိုဧကရာဇ်နှစ်ပါး၏ အရိုးစုနှစ်ခုကို ရယူနိုင်ခဲ့ပြီး ထိုအချင်းအရာကို ကောင်းကင်ဧကရာဇ် မသိအောင် လျှို့ဝှက်ထားနိုင်ခဲ့သည်။
သို့သော်လည်း အသက်ရှည်ခြင်းအရိုးများပါရှိသည့် အရိုးစုမှာ လိုအပ်သောစွမ်းအင်များ ရှိမနေခဲ့သဖြင့် သူက သရဲမယ်တော်ထံမှ အကူအညီတောင်းခံခဲ့ရခြင်းဖြစ်သည်။
ယခုတွင်မူ သင်္ချိုင်းစောင့်ကြီးသည် လိပ်ကလေး၏သွေးစက်များက အရိုးစုနှစ်ခုနှင့် ပေါင်းစည်းသွားနေသည်ကိုကြည့်ကာ လက်နှစ်ဖက်သုံး၍ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။ သူသည် စူးရှတောက်ပသော မျက်ဝန်းများဖြင့် လက်များကိုဆန့်ထုတ်လိုက်ပြီး အရိုးစုများအပေါ်သို့ ဖိချလိုက်သည်။
" ပေါင်းစည်းစေ "
သူအော်ဟစ်လိုက်သည်။ ထိုအခါ လိပ်ကလေး၏သွေးမှာ မီးများတောက်လောင်လာပြီး ထိုအရိုးစုနှစ်ခု၏ အတွင်းပိုင်းများကိုပါ အပြီးတိုင် ပေါင်းစည်းပေးလိုက်တော့သည်။ အညစ်အကြေးများ လွင့်စင်ထွက်လာပြီးနောက် အရိုးစုများမှာ ပြာကျသွားတော့သည် ...
ထာဝရအသက်ရှည်နည်း ပညာရပ်၏ စွမ်းအားသီးသန့်သာ ကျန်ရစ်ခဲ့တော့သည်။
၎င်းစွမ်းအားမှာ ရွှေရောင်နှင့် သလင်းကျောက်အရောင်ရှိသော မီးခိုးမျှင်တန်းများအသွင်ရှိပြီး တွန့်လိမ် ကွေးကောက်နေကြသည်။ ဆေးလုံးတစ်လုံး ဖော်စပ်သည့်အချိန်တွင် ဖြစ်ပေါ်လာသည့် ပုံရိပ်နှင့် တစ်ထပ်ထဲနီးပါး တူညီနေသည်။ ထိုမီးခိုးများ ရစ်ပတ်ထွေးယှက်နေစဥ်တွင် သွေးစက်များ ပျောက်ကွယ်သွားပြီး ... ပုံရိပ်ယောင်နှင့် ဒြပ်ထုရှိသောအခြေအနေနှစ်ခု၏ အလယ်ဗဟိုတွင်ရှိသော ဆေးလုံးတစ်လုံး ပေါ်ထွက်လာသည်။
ထိုဆေးလုံးမှာ တချိန်ထဲမှာပင် ရွှေရောင်နှင့်သလင်းကျောက်ရောင် နှစ်မျိုးစလုံးရှိနေပြီး ၎င်း၏အငွေ့အသက်မှာလည်း ထာဝရအပိုင်းနှင့် အသက်ရှည်နည်းအပိုင်းနှစ်မျိုးစလုံး၏ အငွေ့အသက်များ ပါဝင်နေသည်။
ဤဆေးလုံးသည်ကား ... ကောင်းကင်ဧကရာဇ်ကြီး လိုချင်တပ်မက်နေခဲ့သည့် ဆေးလုံးပင်ဖြစ်သည်။ ထာဝရအသက်ရှည်ဆေးလုံးတစ်လုံးပင် ဖြစ်သည်။
ကောင်းကင်ဧကရာဇ်ကြီးက ထိုဆေးလုံးကိုဖန်တီးရာတွင် မအောင်မြင်ခဲ့ပါသော်လည်း သင်္ချိုင်းစောင့်ကြီးမှာမူ သူ၏ အံ့အားသင့်ဖွယ် ကောင်းလွန်းလှသော အစီအစဥ်များနှင့် ပြင်ဆင်မှုများကြောင့် အောင်မြင်ခဲ့ပေသည်။
ထိုဆေးလုံး ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ သင်္ချိုင်းစောင့်ကြီးက ကွဲအက်နေသော အသံကြီးဖြင့် ရယ်မောလိုက်တော့သည်။ သူ၏ ရှေးဆန်လွန်းလှသော မျက်ဝန်းများထဲတွင် ထင်ဟပ်နေသော အရိပ်အယောင်များအရ သူသည် သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးကိုနှုတ်ဆက်စကားဆိုရန် အဆင်သင့်ပြင်နေသည့်ပုံပင်။ သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ထိုဆေးလုံးအား ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းသွားစေလိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ အနှီကိစ္စနှင့် ပတ်သတ်၍ မည်သည့်နည်းနှင့်မျှ မထိန်းချုပ်နိုင်ပေ။ ထိုဆေးလုံးက သူ၏နဖူးကိုထိသွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားသောအခါ သူ၏အသိစိတ်ထဲတွင် ကျယ်လောင်လွန်းလှသော တဂျိန်းဂျိန်း မြည်သံများ ပေါ်ထွက်လာတော့သည်။
သူ၏ထာဝရအသက်ရှည်နည်း ပညာရပ်နှင့် အလွန်ဆင်တူသည့် သက်စောင့်အားများက သူ၏ခန္ဓာကိုယ်တစ်လျှောက် စီးဝင်သွားကြသဖြင့် သူ တုန်ရီသွားရတော့သည်။
မကြာသေးမီက သူသည် ချုပ်နှောင်ခံထားရသည့်အလား လှုပ်ရှား၍မရနိုင်လောက်အောင် ဖြစ်နေခဲ့ရသည်။ သို့သော် ယခုတွင် ထိုအချုပ်အနှောင်မှာ ကျိုးပျက်သွားပြီး သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာတော့သည်။ ထို့နောက် သူသည် ပင့်သက်များရှိုက်၍ သင်္ချိုင်းစောင့်ကြီးအား လှမ်းကြည့်ကာ မေးလိုက်တော့သည်။
" ဘာလို့လဲ "
" မင်းငါ့ကို မုန်းလို့ရတယ် ပိုင်ရှောင်ချန်း "
သင်္ချိုင်းစောင့်ကြီးက ပြန်ဖြေလိုက်သည်။
" ဒါပေမဲ့ မင်းဒီကမ္ဘာထဲကနေ ထွက်ခွာလိုက်တာနဲ့ အရာအားလုံးကို မင်းနားလည်သွားလိမ့်မယ်... ငါ့အတွက်ကတော့ ငါ့တာဝန်ထက် ပိုပြီးတော့ အရေးကြီးတဲ့အရာမရှိဘူး "
သင်္ချိုင်းစောင့်ကြီးက ထိုသို့ရှင်းပြလိုက်ပြီး သူ၏လက်ကိုဆန့်ထုတ်၍ ပိုင်ရှောင်ချန်း၏ ဦးခေါင်းပေါ်သို့ တင်လိုက်တော့သည်။
သူ၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအားများထွက်လာပြီး သူ့ထံတွင် ကျန်ရှိနေသည့် သက်စောင့်အားများနှင့် ကိန်းအောင်းနေခဲ့သည့် စွမ်းအင်များအားလုံး သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားတော့သည်။ ဗဟိုဧကရာဇ်မြို့တော်ကြီး တစ်ခုလုံး တုန်ရီသွားပြီး သင်္ချိုင်းစောင့်ကြီး၏ခန္ဓာကိုယ်ထဲရှိ အရာအားလုံး ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြလေပြီ။
သင်္ချိုင်းစောင့်ကြီးသည် သူ၏အသက်ကိုစတေး၍ ပိုင်ရှောင်ချန်း၏ ဒဏ်ရာများကို ကုသပေးနေရုံသာမက သူ၏ခန္ဓာကိုယ်ထဲရှိ အသက်ရှင်ခြင်းသစ်စေ့ကိုလည်း ဓာတ်ကူပေးနေပေသည်။