ကမ္ဘာဂိတ်တံခါးဆိုတာ မရှိဘူး
Vol. 11 Ch. 1016
ပိုင်ရှောင်ချန်း၏ အသိစိတ်ထဲတွင် တဂျိန်းဂျိန်းမြည်ဟည်းသံများ ပြည့်နှက်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်လျှောက် သက်စောင့်အားများ အဆုံးအစမဲ့စွာ အဆက်မပြတ်စီးဆင်းနေသည်ဖြစ်ကြောင်း သိလိုက်ရသည်ဖြစ်၍ သူ၏မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေတော့သည်။
ဤသက်စောင့်အားများမှာ သူ၏ ထာဝရအသက်ရှည်နည်း ပညာရပ်နှင့် ကိုက်ညီမှုရှိ၍ သူ၏ခန္ဓာကိုယ်ထဲတွင် အတားအဆီးမရှိ စီးဆင်းနေကြသည်။ ထိုစွမ်းအားများမှာ သူ၏ကျင့်ကြံခြင်းအခြေခံမှ ထွက်ပေါ်လာသည့်အတိုင်းပင်။ ထို့ကြောင့် သူ၏ ပျက်ဆီးလုနီးပါးဖြစ်နေသော ခြောက်သွေ့နေသည့် ခန္ဓာကိုယ်ကြီးကား တစ်ခဏလေးအတွင်း အကောင်းပတိနီးပါး ပြန်လည်ကောင်းမွန်လာတော့သည်။
ထိုဖြစ်စဥ်အတွင်း သူ၏အပြင်အားမှာ တမုဟုတ်ခြင်း ထိုးတက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ချီစုစည်းမှုအဆင့်မှ အခြေခိုင်မာခြင်းအဆင့်နှင့် အမြုတေအဆင့်အထိ တဟုန်ထိုး ရောက်ရှိသွားသည်။
ထိုအခါ သူ၏ထာဝရအရေပြား၊ ထာဝရကောင်းကင်ဘုရင်နှင့် ထာဝရအရွတ်အကြောများအားလုံး အကောင်းပတိပြန်ဖြစ်သွားကြသည်။ ထို့အပြင် ဤထာဝရအတွဲအမျိုးအစားသည် ယခင်က သူ ကျင့်ကြံခဲ့ဖူးသည့် အမျိုးအစားနှင့် တစ်နည်းတစ်ဖုံ ကွဲပြားနေကြောင်း ပိုင်ရှောင်ချန်း သတိထားမိလိုက်သည်။
ယခု အမျိုးအစားကား ... ပို၍သန်မာနေပေသည်။ သက်စောင့်အားများ ပို၍ မြူးကြွနေကြပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို တုန်ရီသွားစေနိုင်သည့် စွမ်းအင်မျိုးကိုလည်း ပိုင်ဆိုင်ထားသည်။
သူ၏ယခင် အတွေ့အကြုံများကြောင့်သာ မဟုတ်ပါက ထိုအရာများကို အာရုံခံမိရန် ခက်ခဲနေမည်သာဖြစ်သည်။ သို့သော် သူသည် ထာဝရအတွဲကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သဖြင့် ဤစွမ်းအင်အသစ်နှင့် တစ်သားထဲဖြစ်သွားရသည့် ခံစားချက်ကြောင့် သူ အလွန်အမင်း အံ့အားသင့်နေရတော့သည်။
ယခင် သူ ထာဝရအရေပြားကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့စဥ်က သူ၏အတိုက်အခိုက်စွမ်းရည်အဆင့်ကို တစ်ရာ ရာခိုင်နှုန်းထုတ်ပေးနိုင်သည်ဆိုလျှင် ယခုပြန်လည် ကောင်းမွန်လာပြီးနောက် ၎င်းမှာ တစ်ရာ့ငါးဆယ် ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီဖြစ်သည်။
၎င်းသည်ကား ကြောက်မက်ဖွယ်ကောင်းလှသည့် အဆင့်တက်သွားခြင်းတစ်ခုဖြစ်ပြီး သူနှင့် ကျင့်ကြံခြင်းအခြေခံအဆင့်တူသော အခြားမည်သူ့ထက်မဆို များစွာပို၍ စွမ်းအားကြီးမားနေမည်သာဖြစ်သည်။ ကောင်းကင်က ချီးမြှင့်သော အခွင့်အရေးတစ်ခုဟူ၍ပင် ဆိုနိုင်သည်။
ထိုအချင်းအရာများအားလုံးသည်ကား ပြာပုံဘဝရောက်သွားခဲ့ပြီး ပြိုင်ဘက်ကင်း ထာဝရအသက်ရှည်ဆေးလုံးတစ်လုံး ဖြစ်သွားခဲ့သော အရိုးစုနှစ်ခုဆီမှ ရရှိခြင်းဖြစ်ပေသည်။
ဤအံ့သြဖွယ်ကောင်းလှသော ဆေးလုံးသည် သူ၏အပြင်ခန္ဓာကိုယ်နှင့် သက်စောင့်အားများကို အကောင်းပတိပြန်ဖြစ်သွားစေရန် စွမ်းဆောင်ပေးနေရုံသာ မကပေ။ သူ့ကို အံ့သြဖွယ်ကောင်းစွာ သန့်စင်ပေးနေသည်လည်းဖြစ်သည်။ ယခုတွင် သူ၏အပြင်အားမှာ ဗဟိုဧကရာဇ်များ၏ စင်ကြယ်သောသွေးများ ပိုင်ဆိုင်ထားသည့် လူတစ်ယောက်နှင့် တူညီမနေတော့ပေ။ ထိုလူများထက်ပင် သာလွန်သွားပြီဖြစ်သည်။
သူ၏ထာဝရအရွတ်ကြောများ ခိုင်မာလာသောအခါ အက်ကွဲသံများ ပေါ်ထွက်လာပြီး သူသည် ထာဝရအရိုးများ၏ အဆင့်များစွာကို လျင်မြန်စွာ ဖြတ်ကျော်သွားတော့သည်။ အချိန်အနည်းငယ် အတွင်း သူသည် မဟာစက်ဝန်းအဆင့်အထိ ရောက်ရှိသွားသည်။
သူ လုံးဝနီးပါး အကောင်းပတိပြန်ဖြစ်နေပြီဖြစ်သည်။ သူ၏ဆံပင်များ ပြန်ပေါက်လာပြီဖြစ်ပြီး ရှည်လျားထူထဲနေပြီဖြစ်သည်။ ထို့အပြင် သူက ပိန်လှီခြောက်ကပ်မနေတော့ပဲ အင်အားအပြည့်ရှိနေပြီဖြစ်သည်။
သူ၏အရေပြားပေါ်ရှိ အက်ကွဲကြောင်းများ ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ တလက်လက်တောက်ပနေသည်။ ယခုအချိန်တွင် သူ့အား မြင်လိုက်ရသည့်လူတိုင်းမှာ သူ ထုတ်လွှတ်နေသည့် မြင့်မြတ်လှသော အငွေ့အသက်တစ်ခုကြောင့် အံ့ဩတုန်လှုပ်နေကြမည် ဖြစ်ပေသည်။
ယခု သူသည် ထာဝရအရိုးများမှ ထာဝရသွေးစက်များဆီသို့ ရောက်ရှိသွားသည်။
သူ၏သွေးစက်များမှာ ထာဝရသွေးစက်များအသွင်ပြောင်းလဲသွားသဖြင့် အက်ကွဲသံများ ထပ်မံပေါ်ထွက်လာကြပြန်သည်။ ထိုသွေးစက်များကြောင့် သူ၏ ပြန်လည်ကုစားနိုင်စွမ်းမှာ ပို၍မြန်ဆန်လာတော့သည်။
သူ၏ပတ်ပတ်လည်ရှိ တတိယနယ်မြေမြို့တော်ကြီးမှာ သွေးရောင်များလွှမ်းနေကြပြီး ထိုသွေးရောင်ထဲတွင် ရွှေရောင်အနည်းငယ် ရောယှက်နေသည်ကိုမြင်နိုင်ပေသည်။
အသက်ရှူကြိမ်ဆယ်ကြိမ်ခန့် ကုန်ဆုံးသွားသောအခါ သူ၏သွေးကြောများထဲတွင် ထာဝရသွေးစက်များဖြင့် ပြည့်နှက်သွားပြီး သူ တုန်ရီသွားတော့သည်။ ယခု သူ၏ခန္ဓာကိုယ်အတွင်း၌ ရှိနေသည့် အပြင်အားများကြောင့် ဖြစ်ပေါ်လာသော ခံစားချက်ကား ယခင်ကအရာအားလုံးထက် သာလွန်နေပြီဖြစ်သည်။
ဂျိန်းးးးး
အစောပိုင်းနတ်ဘုရားတစ်ပိုင်းအဆင့်၊ အလယ်ပိုင်းအဆင့်၊ နှောင်းပိုင်းအဆင့် ... မဟာစက်ဝန်းအဆင့် …
ထိုအက်ကွဲသံများ အဆက်မပြတ်ပေါ်ထွက်နေစဥ် သူ၏အတိုက်အခိုက်စွမ်းရည်များမှာ စိတ်ကူး၍ပင် မမှန်းဆနိုင်လောက်သည့် အဆင့်အထိ မြင့်သထက် မြင့်တက်လာတော့သည်။
ယခုအချိန်တွင် ပိုင်ရှောင်ချန်းသည် နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေခံ ရှိမနေပါသော်လည်း သူ၏အပြင်အားက ယခင်ကထက် အတိုင်းအဆမဲ့စွာ ပို၍ မြင့်မားနေပြီဖြစ်ကြောင်း တပ်အပ်မပြောနိုင်ပါသော်လည်း အနည်းငယ်တော့ ရိပ်မိလိုက်ပြီဖြစ်သည်။
ထာဝရအတွဲ၏ မဟာစက်ဝန်းအဆင့်သို့ သူ ရောက်ရှိခဲ့သည့် နောက်ဆုံးအချိန်က သူ၏ အပြင်ခန္ဓာကိုယ်သာ နတ်ဘုရားတစ်ပိုင်းအဆင့်ရောက်သွားခဲ့ပြီး အစောပိုင်းအဆင့်ထိသာ တက်လှမ်းနိုင်ခဲ့သည်လည်း ဖြစ်သည်။ သို့သော် ယခုတွင်မူ လုံးဝမတူတော့ချေ။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့အကြား ခြားနားချက်ကဲ့သို့ပင် ဖြစ်နေပြီဖြစ်သည်။
သူ့အပေါ်တွင် သက်ရောက်နေသည့် ကမ္ဘာကြီး၏ဖိအားကို သူခံစားမိပါသော်လည်း သူ့အတွက် အလွန်အမင်း တုန်လှုပ်ဖွယ်ရာ မဟုတ်တော့ပေ။ ထို့အပြင် အကယ်၍ သူသာ ဆန္ဒရှိပါက သူ၏ခန္ဓာကိုယ်အရွယ်အစားအား အံ့သြဖွယ်ကောင်းလောက်အောင် ကြီးထွားသွားစေနိုင်သည်ဟု ခံစားနေရပြီဖြစ်သည်။
မူလသွေးဘိုးဘေးကြီး၏ အရွယ်အစားအထိပင် ကြီးထွားနိုင်စွမ်း ရှိနေပြီဖြစ်သည်။
၎င်းသည်ကား စစ်မှန်သော ထာဝရအတွဲဖြစ်ပေသည်။
၎င်းသည်ကား မူလဗဟိုဧကရာဇ်၏ မျိုးဆက်များ ကျင့်ကြံခဲ့ပြီး သူတို့အား ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့ကိုပင် ထောက်ပံပေးနိုင်လောက်သည့် စွမ်းအားများကို ပေးစွမ်းခဲ့သော မှော်သိုင်းပညာရပ်ပင်ဖြစ်သည်။
ယခုအခါ ပိုင်ရှောင်ချန်းသည် သွေးဘိုးဘေးကြီးထက်ပင် ပိုမို သန်မာနေပြီဟူ၍ သူ့ကိုယ်သူ အနည်းငယ် ယုံကြည်စပြုလာတော့သည်။ သာမန်အခြေအနေဆိုလျှင် ယခုကဲ့သို့ တိုးတက်မှုများမှာ သူ့အား ကျေနပ်အားရစေလိမ့်မည်။ သို့သော် ယခုတွင် သူ၏နှလုံးသားမှာ ရေခဲတမျှအေးစက်နေသည်။ ပိုင်ဟောက် ဆုံးပါးသွားခြင်းကြောင့် သူ၏ရင်ထဲတွင် ဖျောက်ဖျက်၍မရနိုင်မည့် နာကျင်မှုများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
" ဒီလောက်နဲ့ မပြီးသေးဘူး "
သင်္ချိုင်းစောင့်ကြီးက တိုးတိုးလေးဆိုလိုက်သည်။
“ ထာဝရအတွဲပြီးရင်... အသက်ရှည်နည်းအတွဲ လာမယ်... "
သူ၏နှုတ်မှ ထိုစကားများထွက်လာသည်နှင့် ပိုင်ရှောင်ချန်းမှာ ဆန့်ငင်ဆန့်ငင်ဖြစ်သွားသည်။ ဆေးလုံး၏ ရှစ်ဆယ်ရာခိုင်နှုန်းတိတိကို စုပ်ယူပြီးဖြစ်ပါသော်လည်း ထာဝရအတွဲနှင့်မဆိုင်သော စွမ်းအင်များပါဝင်နေသည့် နှစ်ဆယ်ရာခိုင်နှုန်းကျန်ရှိနေသေးသည်။ ယခုတွင် ထိုစွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။
၎င်းသည်ကား အသက်ရှည်နည်းအတွဲ၏ စွမ်းအင်များဖြစ်ပေသည်။
ထိုစွမ်းအားများက သူ၏ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားချိန်တွင် ၎င်းတို့နှင့် ရင်းနှီးနေသည့်အလား သူ ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ ခေတ္တမျှ စူးခနဲ နာကျင်သွားရသည်။ ထိုနာကျင်မှု၏ ဇာတ်မြစ်သည်ကား အသက်ရှည်နည်းအတွဲ၏ စွမ်းအားအပိုင်းအစလေးတစ်ခုထံမှ ဖြစ်သည်။
" တုတုလေး ... "
သူရေရွတ်လိုက်သည်။ အသက်ရှည်နည်းအတွဲမှ သက်စောင့်အားများမှာ သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အပိုင်းအစထဲသို့ စီးဝင်သွားပြီးနောက် စတင်ကြီးထွားလာတော့သည်။
အသက်ရှူကြိမ်အနည်းငယ်အတွင်း အသက်ရှည်စွမ်းအားများကြောင့် သူ၏စွမ်းအင်လမ်းကြောင်းများမှာ တဒိန်းဒိန်းခုန်လာပြီး သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အခြေခိုင်မာခြင်းအဆင့်သို့ မြင့်တက်သွားသည်။
ဤ အခြေခိုင်မာခြင်းအဆင့်အမျိုးအစားမှာ ယခင်က သူ၏ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်ထက် သာလွန်၏။ ယခုအမျိုးအစားကား ... အသက်ရှည် အခြေခိုင်မာခြင်းအဆင့်ပင် ဖြစ်ပေသည်။
အသက်ရှည် အခြေခိုင်မာခြင်းအဆင့်သို့ သူ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် သူသည် လူသားခန္ဓာကိုယ်၏ အချုပ်အနှောင်ငါးခုကို အာရုံခံမိလိုက်သည်။
ထို့နောက် အုန်းခနဲအသံတစ်သံ ပဲ့တင်ထွက်လာပြီး ပထမဆုံး အချုပ်အနှောင် ပျက်စီးသွားသည်။
ထိုအခါ ဆေးလုံးထဲတွင် ကျန်ရှိနေသေးသော စွမ်းအားနှစ်ဆယ်ရာခိုင်နှုန်းမှာ သူ၏ခန္ဓာကိုယ်တစ်လျှောက် ဆက်လက်စီးဆင်းသွားပြီး သူ့အား အသက်ရှည်အမြုတေအဆင့်ထိ တွန်းတင်ပေးလိုက်တော့သည်။
" ငါပြောတာ သေချာနားထောင် ပိုင်ရှောင်ချန်း " သင်္ချိုင်းစောင့်ကြီးက သူ၏ကျင့်ကြံခြင်းအခြေခံ၊ သက်စောင့်အားနှင့် သူ့ထံတွင်ရှိသောအရာအားလုံးကို ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းပေးရင်း ဆိုလိုက်သည်။ မှော်ရတနာတစ်ခုဖြစ်သော ဗဟိုဧကရာဇ်မြို့တော်ကြီး၏အစွမ်းကြောင့် သူသည် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံအား ဆေးလုံးစွမ်းဆောင်နိုင်သည်ထက်ပို၍ အဆင့်မြင့်မားအောင် တွန်းတင်ပေးနိုင်ခြင်း ဖြစ်သည်။
ထို့နောက် သူသည် အာရုံစူးစိုက်မှု၊ ပြတ်သားမှုအပြည့်ဖြင့် သူ၏နောက်ဆုံးစကားများကို ဆိုလိုက်တော့သည်။
" မင်းဆီမှာ မေးခွန်းတွေအများကြီးရှိနေမှာ ငါသိပါတယ်။ မင်းငါ့ကို မုန်းနေမယ်ဆိုတာလည်း ငါသိပါတယ်။ ပြီးတော့ ငါ ကောင်းကင်ဧကရာဇ်ရဲ့ ဆန္ဒကိုလိုက်လျောပေးပြီး သူ့ကိုဒီကမ္ဘာကြီးကနေ ထွက်ခွာခွင့် မပေးခဲ့တဲ့ အကြောင်းအရင်းကိုလည်း မင်းသိချင်နေမှာပေါ့ ... "
" ဘာလို့လဲဆိုတော့ ... ဒီကမ္ဘာကြီးမှာ... ဘာ ကမ္ဘာတံခါးမှမရှိလို့ပဲကွ "
" ဒီ ကမ္ဘာတံခါးဆိုတဲ့ အရာကြီးက ... ကောင်းကင်ဧကရာဇ်အတွက် ငါရည်စူးပြီးတီထွင်ထားတဲ့ လုပ်ဇာတ်ကြီးတစ်ခုထက် မပိုဘူး "
သူ၏စကားသံများကား ပိုင်ရှောင်ချန်း၏အသိစိတ်ထဲတွင် မိုးခြိမ်းသံများကဲ့သို့ ပဲ့တင်ထပ်သွားတော့သည်။
" ဘာ... "
သူ၏ကျင့်ကြံခြင်းအခြေခံ လျင်မြန်စွာ မြင့်တက်နေပါသော်လည်း သူ၏အသိစိတ်ကား ရှုပ်ထွေးနေဆဲပင်။
" ကမ္ဘာတံခါးဆိုတာကြီးသာ ရှိနေခဲ့ရင် " သင်္ချိုင်းစောင့်ကြီးက ဆက်ပြောလိုက်သည်။
" ငါအဲဒီတံခါးကို ဟိုးအရင်ထဲက ဖွင့်ပြီး ကောင်းကင်ဧကရာဇ်ကို ထွက်သွားခွင့်ပေးခဲ့မှာပေါ့။ အဲဒါဆို ငါလည်း အခုလို ရှုပ်ယှက်ခတ်နေတဲ့ လျှို့ဝှက်အစီအစဥ်တွေ ချမှတ်နေစရာ လိုမှာမဟုတ်ဘူး "
" အခုဖြစ်ရပ်တွေအားလုံးရဲ့ အကြောင်းပြချက်က ကမ္ဘာတံခါး မရှိလို့ပဲ "
" ဒီကမ္ဘာထဲက သက်ရှိတွေ ဒီကမ္ဘာထဲကနေ ထွက်နိုင်ဖို့ဆိုတာကတော့ လုံးဝဖြစ်နိုင်တယ်။ တကယ်တမ်းပြောရရင် အဲဒီလိုထွက်ဖို့ နည်းလမ်းနှစ်ခုတောင်ရှိတယ် "
" ပထမနည်းလမ်းက ဗဟိုဧကရာဇ်ရဲ့သွေးတွေ စီးဆင်းနေတဲ့ လူတစ်ယောက်က ထာဝရအသက်ရှည်နည်း ပညာရပ်ကို မဟာယနအဆင့်ထိ ကျင့်ကြံပြီး ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်လာဖို့ပဲ။ ဒီကမ္ဘာကြီးကို ချုပ်နှောင်ထားတဲ့ ကမ္ဘာပိုက်ကွန်ကြီးက ကောင်းကင်ဧကရာဇ်အစစ်တစ်ယောက်ကို ခုခံနိုင်မှာမဟုတ်ပဲ ပြိုကွဲသွားလိမ့်မယ် "
" ဒါပေမဲ့ အဲဒါဆိုရင် ... ငါတို့နေထိုင်နေတဲ့ ကမ္ဘာကြီးကပါ ပြိုကွဲသွားမှာ။ တောင်တန်းတွေ၊ မြစ်တွေ၊ ကောင်းကင်တွေ၊ ကမ္ဘာမြေကြီးတွေအားလုံးပေါ့ "
" အဲဒီအချိန်ရောက်ရင် ကောင်းကင်ဧကရာဇ်အဆင့်ရောက်နေတဲ့ ဗဟိုဧကရာဇ်က ကမ္ဘာပျက်ကြီးထဲက သက်ရှိတွေအားလုံးနဲ့ လူသားအားလုံးကိုစုစည်းပြီးတော့ သူနဲ့အတူ ခေါ်ဆောင်သွားရမှာ.. "
" အဲဒါဆို အခုထက် ပိုပြီးကျယ်ပြောတဲ့ ပြင်ပကမ္ဘာမှာ ဗဟိုဧကရာဇ်မင်းဆက်က ဆက်ပြီးတော့ ဂုဏ်အရှိန်အဝါ ပိုမိုကြီးမားတိုးတက်လာလိမ့်မယ် "
သင်္ချိုင်းစောင့်ကြီး၏ စကားများမှာ အလွန်လျင်မြန်လှပြီး ပိုင်ရှောင်ချန်း၏အသိစိတ်ကို မရပ်မနား ရိုက်ခတ်နေတော့သည်။
ထို့အပြင် ထိုစကားများ၏အဓိပ္ပါယ်ကား အလွန်နက်ရှိုင်းလှပြီး မည်သူမှမသိသော လျှို့ဝှက်ချက်တစ်ခုကို ဖော်ပြနေသည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံသည် အသက်ရှည် အခြေခိုင်မာခြင်းအဆင့်မှ ဖောက်ထွက်သွားသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲတွင် ပစ္စည်းအသစ်တစ်ခု ပေါ်ထွက်လာသည်။ ၎င်းသည်ကား... အသက်ရှည်အမြုတေတစ်ခုပင်ဖြစ်သည်။
သူ၏ အသက်ရှည်အမြုတေ ရုပ်လုံးပေါ်လာသောအခါ ဒုတိယအချုပ်အနှောင် ပေါ်ထွက်လာပြီး ပျက်စီးသွားတော့သည်။
ထိုအချိန်တွင် ဆေးလုံး၏အစွမ်းများမှာ ကျဆင်းလာတော့သည်။ ထိုဆေးလုံးမှာ သူ့အား အသက်ရှည်ယင်ယန်ဝိညာဥ်အဆင့်အထိ မတွန်းပို့ပေးနိုင်တော့သည်မှာ အထင်အရှားပင်။
သို့ဖြစ်၍ ယခုတွင် သင်္ချိုင်းစောင့်ကြီး၏ ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားများထွက်လာပြီး သူ၏ခန္ဓာကိုယ်ထဲရှိ အသက်ရှည်စွမ်းအားများကို ဆက်၍ ထောက်ပံ့ပေးနေတော့သည်။