← Chapters

ခင်ဗျားကို ကျုပ် မုန်းနေတုန်းပဲ

Vol. 11 Ch. 1017

ခင်ဗျားကို ကျုပ် မုန်းနေတုန်းပဲ

Vol. 11 Ch. 1017

ထာဝရအတွဲသည် ဤကမ္ဘာပေါ်ရှိ အခြားမည်သည့် အပြင်ခန္ဓာကျင့်စဥ်များထက်မဆို များစွာ သာလွန်ပေသည်။ အသက်ရှည်နည်းအတွဲမှာလည်း ထိုနည်းတူပင်။ အခြားသော နတ်ဘုရားသိုင်းများနှင့် ကျင့်ကြံခြင်း ပညာရပ်များထက် များစွာ သာလွန်ပေသည်။

ကောင်းကင်ဧကရာဇ်ကဲ့သို့သော မိမိကိုယ်ကိုယုံကြည်မှု အပြည့်အဝရှိနေသည့် သူပင်လျှင် အသက်ရှည်နည်းအတွဲ၏ရှေ့တွင် ပါးစပ်ပိတ်နေရမည်ဖြစ်သည်။

ဟန်ဇောင်ခေါင်းဆောင်ကြီးနှင့် တုလင်ဖေးတို့ကိုကြည့်၍ အသက်ရှည်နည်းအတွဲမှာ မည်မျှ တုန်လှုပ်ဖွယ်ခြောက်ခြားဖွယ်ကောင်းကြောင်း သိနိုင်ပေသည်။ ပိုင်ရှောင်ချန်းသည် တုလင်ဖေးနှင့် လုံးဝမတိုက်ခိုက်ဖူးပါသော်လည်း သူမ၏စွမ်းအင်နှင့်စွမ်းအားများကို လွန်စွာ ရင်းနှီးမှုရှိသူ ဖြစ်သည်။

ယခုတွင် အသက်ရှည်နည်းအတွဲ၏ စွမ်းအင်များမှာ သူ၏ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေပြီဖြစ်၍ သူ ပင့်သက်များရှိုက်နေမိတော့သည်။ သင်္ချိုင်းစောင့်ကြီး၏ စကားများမှာ ရိုးတွင်းချဥ်ဆီထဲထိအောင် အံ့အားသင့်ဖွယ်ကောင်းလွန်းလှသည်။ ထို့အပြင် အသက်ရှည်နည်းအတွဲ၏ စွမ်းအားများမှာ သူ၏ခန္ဓာကိုယ်ထဲတွင် ရောက်ရှိနေပြီဖြစ်၍ ဤကမ္ဘာကြီးထဲတွင်ရှိသော ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့၏ စိတ်စွမ်းအင်များသည် သူ၏အမြင်တွင် ရုတ်တရက် အားပျော့သွားတော့သည်။

ပိုင်ရှောင်ချန်းသည် ဤစွမ်းအားကို ပိုင်ဆိုင်လိုက်သောအခါ ဤကမ္ဘာကြီးပေါ်ရှိ လူအားလုံးကို စိုးမိုးခြယ်လှယ်နိုင်သည့် ဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်သွားသည့်အလား ခံစားလိုက်ရသည်။

သူ တစ်ချက်မျှသာ တွေးတောလိုက်ရုံဖြင့် ဤကမ္ဘာကြီးပေါ်ရှိ သက်ရှိအားလုံးမှာ သူတို့၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို သူ့အား ပေးကမ်းကြမည်သာ ဖြစ်ပေသည်။

ထိုအချင်းအရာကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံတိုးပွားသွားမည် မဟုတ်ပါသော်လည်း ပြိုင်ဘက်တိုင်းနီးပါးကို အနိုင်ယူချေမှုန်းနိုင်စွမ်း ရှိသွားမည်ဖြစ်သည်။

တုလင်ဖေးနှင့် ဟန်ဇောင်ခေါင်းဆောင်ကြီးတို့ နှစ်ယောက်စလုံးက အသက်ရှည်နည်းအတွဲကို ယခုကဲ့သို့ နတ်ဘုရားသိုင်းတစ်ခု ထုတ်ဖော်နိုင်သည့် အဆင့်အထိ မကျင့်ကြံခဲ့ဖူးသည်မှာ အမှန်ပင်။ ဤအခြေအနေသို့ရောက်ရန်... ထာဝရအတွဲကို အရင်ဆုံး ကျွမ်းကျင်တတ်မြောက်ထားဖို့ လိုအပ်ပေသည်။

သင်္ချိုင်းစောင့်ကြီး ပြောခဲ့သည့်အတိုင်း ပိုင်ရှောင်ချန်း၏အရှေ့တွင် ဤအတတ်ကိုကျင့်ကြံခဲ့ဖူးသူများမှာ ဗဟိုဧကရာဇ်များသာ ရှိပေသည်။

ပိုင်ရှောင်ချန်းမှာ မည်သည့်စကားမှ မပြောနိုင်လောက်အောင် ဆွံ့အနေစဥ် သင်္ချိုင်းစောင့်ကြီးက အားအင်ချည့်နဲ့ကာ ကွဲအက်နေသည့် လေသံဖြင့် ဆက်ပြောလိုက်သည်။

" ဒီကမ္ဘာကနေ ထွက်သွားနိုင်ဖို့ နောက်ထပ်နည်းလမ်းတစ်ခု ရှိသေးတယ် "

" အဲဒါက ... ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အတိုက်အခိုက်စွမ်းရည်ကို သုံးဖို့ပဲ။ စစ်မှန်တဲ့ ကောင်းကင်ဧကရာဇ်အဆင့်ထိ ရောက်စရာမလိုဘူး။ အဲဒီအဆင့်မှာရှိတဲ့ စွမ်းအားကိုပိုင်ဆိုင်ထားရင်ရပြီ။ အဲဒီလောက်အထိ စွမ်းအားကြီးတဲ့သူဆိုရင် ဒီကမ္ဘာကြီးကို ဖျက်ဆီးပြီးတော့ ထွက်ခွာသွားနိုင်တယ် "

ပိုင်ရှောင်ချန်းမှာ အချိန်နှင့်အမျှ ပိုမို တုန်လှုပ်လာသဖြင့် အသက်ရှည်ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်ကိုပင် သတိမထားမိအောင် ဖြစ်သွားတော့သည်။

ထိုအချိန်တွင် ယခင်က အချုပ်အနှောင်များထက် များစွာပို၍ ခုခံအားကောင်းသည့် တတိယအချုပ်အနှောင် ပေါ်ပေါက်လာသည်။ သို့သော် ၎င်းသည်လည်း မပျက်စီးသွားစေရန် ထိန်းမထားနိုင်ခဲ့ပေ။

ပိုင်ရှောင်ချန်းသည် သူ၏ကျင့်ကြံခြင်းအခြေခံ ဆက်လက်၍ အဆင့်မြင့်တက်လာသည်နှင့်အမျှ သူ တစ်ချက်တွေးလိုက်ရုံမျှဖြင့် လေပြင်းများတိုက်ခတ်လာစေနိုင်ပြီး ကောင်းကင်ကြီးကိုပင် မှေးမှိန်သွားစေနိုင်ကြောင်း သိလိုက်သည်။

သင်္ချိုင်းစောင့်ကြီးမှာ သူ၏စွမ်းအင်များ လျော့ပါးလာသည်နှင့်အမျှ တဖြည်းဖြည်း ပျောက်ကွယ်စပြုလာသည်။ သူ၏မျက်ဝန်းများမှာ ပို၍ဝေဝါးလာပြီး သူ၏အသက်ရှူသံများမှာလည်း ပို၍မြန်ဆန်လာသည်။ သို့သော်လည်း သူသည် သူ့ထံတွင်ရှိနေသော စွမ်းအင်အားလုံးကို ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းကာ သူ့ကျင့်ကြံခြင်းအခြေခံကို ဆက်လက်၍ အဆင့်မြှင်ပေးနေဆဲပင်။

ပိုင်ရှောင်ချန်း၏ အသက်ရှည်ယင်ယန်ဝိညာဥ်အဆင့်မှာ အသက်ရှည်နတ်အဆင့်ဆီသို့ တက်လှမ်းစပြုလာပြီး တဂျိန်းဂျိန်းထစ်ခြုန်းသံများ မြည်ဟည်းလာတော့သည်။

" နည်းလမ်းနှစ်ခုစလုံးကတော့ ကမ္ဘာကြီးကို ဖျက်ဆီးရမှာပဲ။ ဒီကမ္ဘာကြီးထဲက သက်ရှိတွေကတော့ ကျယ်ပြောတဲ့ ပြင်ပကမ္ဘာထဲ ရောက်သွားကြမှာပေါ့... "

သင်္ချိုင်းစောင့်ကြီးမှာ ဖော်ပြ၍ မရနိုင်လောက်အောင် အားနည်းနေပြီဖြစ်သော်လည်း အံကိုကြိတ်၍ သူ၏ဘဝတွင် လုပ်ခဲ့သမျှ လုပ်ရပ်တိုင်းကို ကာကွယ်ပေးနေသည့်အလား ဆက်လက်ရှင်းပြနေဆဲပင်။

" ရွေးချယ်စရာ နှစ်ခုပဲရှိတယ် ပိုင်ရှောင်ချန်း။ အဲဒီတော့ ငါ့ကိုပြောစမ်း... ငါက ကောင်းကင်ဧကရာဇ် လွတ်မြောက်စေဖို့အတွက် ဒီကမ္ဘာကြီးကို ဖျက်ဆီးလိုက်ရမှာလား ... သရဲမယ်တော်က ဒီကမ္ဘာကြီးရဲ့ အမှတ်သေင်္ကတတွေကို သိထားလို့သာ ထွက်ခွာသွားနိုင်တာလေ။ ကောင်းကင်ဧကရာဇ်လို စွမ်းအားကြီးမားတဲ့လူတစ်ယောက်ကို ကမ္ဘာပိုက်ကွန်ကြီးကို ဖြတ်ပြီး သူ လုံးဝခေါ်သွားနိုင်မှာမဟုတ်ဘူး "

" ငါ့တာဝန်က မပြီးဆုံးသေးဘူး။ ထာဝရအသက်ရှည်နည်း မှော်သိုင်းကို အသုံးပြုပြီး ကောင်းကင်ဧကရာဇ်အဆင့် ... ဒါမှမဟုတ် ... နတ်ဘုရားတစ်ပိုင်းအထွတ်အထိပ်အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို ငါဖန်တီးပေးရဦးမယ်။ အဲဒီကျင့်ကြံသူမပါပဲနဲ့ ဒီကမ္ဘာကြီးကို ဖျက်ဆီးဖို့ ငါဘယ်လိုနည်းနဲ့ သဘောတူပေးရမှာလဲ "

သူ၏စကားသံများ ပဲ့တင်ထွက်လာပြီး သူသည်လည်း ပျောက်ကွယ်စပြုလာတော့သည်။ သူ၏စွမ်းအင်များမှာ လုံးဝညှိုးနွမ်းနေပြီဖြစ်သော်လည်း သူသည်အံကြိတ်၍ သူ့ထံတွင်ကျန်ရှိနေသေးသော ကျင့်ကြံခြင်းအခြေခံနှင့် သက်စောင့်အားများကိုသာမက တန်ဖိုးကြီးရတနာတစ်ခုဖြစ်သည့် ဗဟိုဧကရာဇ်မြို့တော်ကြီး၏ စွမ်းအားများကိုပါ ထုတ်ယူလိုက်ပြီး သူ၏ကိုယ်ပိုင်စွမ်းအင်ကို ပိုင်ရှောင်ချန်း စုပ်ယူနိုင်မည့် အသက်ရှည်စွမ်းအားအဖြစ် ပြောင်းလဲလိုက်သည်။

ထို့ကြောင့် ပိုင်ရှောင်ချန်းသည် အသက်ရှည်နတ်အဆင့်ထဲသို့ ဖောက်ထွက်သွားနိုင်တော့သည်။ ၎င်းမှာ သူ၏ယခင်က ကောင်းကင်တာအိုနတ်အဆင့်ထက် များစွာပို၍ သာလွန်နေသည်။

ထိုအချိန်တွင် အသက်ရှည်နည်းအတွဲ၏ စတုတ္ထမြောက်အချုပ်အနှောင် ပေါ်ထွက်လာပြီး ပျက်ဆီးသွားပြန်သည်။

သူ ဖောက်ထွက်သွားပြီးနောက် သူ၏ခန္ဓာကိုယ်ထဲရှိ အသက်ရှည်စွမ်းအားများမှာ ဆက်လက်၍ တိုးပွားလာပြန်သည်။

နောက်တစ်ဆင့်သည်ကား အသက်ရှည် နတ်ဘုရားတစ်ပိုင်းအဆင့်ပင် ဖြစ်သည်။

" အသက်ရှည်နတ်ဘုရားတစ်ပိုင်းအဆင့်... အသက်ရှည် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်... "

သင်္ချိုင်းစောင့်ကြီးက ခပ်ယဲ့ယဲ့ ရယ်မောလိုက်သည်။ သူသည် ပျောက်ကွယ်သွားလုမတတ် မှေးမှိန်နေပြီဖြစ်ပါသော်လည်း သူ၏ရယ်သံထဲရှိ ပျော်ရွှင်မှုနှင့်ကျေနပ်အားရမှုများကြောင့် ဇွဲမလျှော့သေးကြောင်း သိနိုင်ပေသည်။

" ပိုင်ရှောင်ချန်း... ငါ့ရဲ့နောက်ဆုံးလက်ကျန် စွမ်းအင်တွေကို အသုံးပြုပြီးတော့ မင်းကို အသက်ရှည် နတ်ဘုရားတစ်ပိုင်းအဆင့်အထိ ရောက်အောင် တွန်းပို့ပေးမယ် "

" ငါဘာကိုနောင်တရလဲဆိုတော့ ဒီကမ္ဘာကြီးရဲ့ စွမ်းအားကိုသုံးပြီး မင်းရဲ့ ထာဝရအသက်ရှည်နည်း မှော်သိုင်းကို စစ်မှန်တဲ့ ကောင်းကင်ဧကရာဇ်အဆင့်အထိ ရောက်အောင် မပို့ပေးနိုင်တာပဲ ... ဒါပေမဲ့ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်ထိပဲဆိုလည်း အဆင်တော့ပြေပါသေးတယ်... "

သူသည် အားပါးတရ ရယ်မောလိုက်ပြီး ဘယ်ဖက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး ညွှန်ပြလိုက်တော့သည်။

" ဗဟိုဧကရာဇ် ရတနာ "

ထိုအခါ ဗဟိုဧကရာဇ်မြို့တော်ကြီးတစ်ခုလုံး တုန်ခါသွားပြီး ထိုမြို့ထဲတွင် ရှိနေသောလူများ၏ စိတ်နှလုံးများ တုန်ရီသွားကြတော့သည်။ ထိုလူများထဲတွင် မဟာကောင်းကင်သခင်၊ ဗဟိုဧကရာဇ်နှင့် ကောင်းကင်ဘုရင်လေးပါးသာမက ကောင်းကင်နယ်စားများနှင့် မြို့စားများပင် အပါအဝင်ဖြစ်သည်။

ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ ကောင်းကင်မြို့စားစေတီတော်အားလုံးနှင့် ကောင်းကင်နယ်စားစေတီတော်အားလုံး တစ်ပြိုင်နက်ထဲ လဲပြိုသွားကြခြင်းပင်ဖြစ်သည်။

အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအင်ကြီးတစ်ခု မြို့တော်၏ တတိယနယ်မြေထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး သင်္ချိုင်းစောင့်ကြီးထဲသို့ စီးဝင်သွားပြီးနောက် သူ့ထံမှတစ်ဆင့် ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။

ပိုင်ရှောင်ချန်းသည် သူ၏အသိစိတ်ကို မိုးကြိုးများပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး အသက်ပင်ကောင်းကောင်း မရှူနိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်ထဲသို့ ကြီးမားလှသော စွမ်းအင်ပမာဏကြီးတစ်ခု စီးဝင်လာသဖြင့် သူ၏အသက်ရှည်စွမ်းအားများ ပို၍မြင့်မားလာသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် အစောပိုင်းနတ်အဆင့်မှနေ၍ မဟာစက်ဝန်းအဆင့်အထိ ရောက်ရှိသွားသည်။

ထို့နောက် ထိုအသက်ရှည်စွမ်းအားများမှာ နောက်ဆုံးတစ်ကြိမ် တိုက်စစ်ဆင်ရန် စုစည်းသွားကြသည်။

ဝုန်းးးးး

ပိုင်ရှောင်ချန်းသည် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေသည့်အလား ခံစားနေရသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံ ထပ်မံဖောက်ထွက်သွားသဖြင့် သူ၏ အသိစိတ်ထဲတွင် ကောင်းကင်ကိုဖျက်ဆီးကာ ကမ္ဘာမြေကြီးကိုချေမှုန်းနိုင်လောက်သည့် တအုန်းအုန်းမြည်ဟည်းသံကြီးများဖြင့် ပြည့်နှက်သွားတော့သည်။

သူကား အသက်ရှည် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူဖြစ်သွားပြီ ဖြစ်ပေသည်။

ဤသည်ကား အသက်ရှည်နည်းအတွဲ၏ နောက်ဆုံးအဆင့်ပင်ဖြစ်သည်။

ထိုအခါ အသက်ရှည်နည်းအတွဲ၏ နောက်ဆုံး အချုပ်အနှောင် အမှတ်အသား ပေါ်ထွက်လာပြီး လုံးဝဥဿုဥ် ပျက်ဆီးသွားတော့သည်။ ပိုင်ရှောင်ချန်းသည် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးက တစ်ခုနှင့်တစ်ခု ဟန်ချက်ညီစွာ ချိတ်ဆက်သွားကြသဖြင့် တုန်ရီသွားသည်။

သင်္ချိုင်းစောင့်ကြီးကား သူ၏အဆုံးသတ်ကို ရင်ဆိုင်ရမည့်အချိန် ရောက်လာပြီဖြစ်သည်။ သူ၏ညာလက်မှာ ပြာကျစပင် ပြုနေပြီဖြစ်သည်။ ဗဟိုဧကရာဇ်မင်းဆက်၏ မှော်စွမ်းအားများက အသက်ရှည်စွမ်းအားအဖြစ်သို့ အပြည့်အဝ မပြောင်းလဲသွားနိုင်ခဲ့သည့်ပုံပင်...

ပိုင်ရှောင်ချန်း၏ အသက်ရှည်နည်းအတွဲမှာ အစောပိုင်း နတ်တစ်ပိုင်းအဆင့်တွင်သာရှိနေသေးသည်ဖြစ်ပြီး ဆက်လက် မတိုးတက်နိုင်တော့သည့်ပုံပင်။ သို့သော် ထိုမျှနှင့် မပြီးသေးချေ။ ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံမှာ သူ၏ထာဝရအတွဲ အပြင်ခန္ဓာကိုယ်နှင့် ပေါင်းစည်းစပြုလာတော့သည်။

ထိုပေါင်းစည်းခြင်း ပြီးဆုံးသွားသောအခါ ထာဝရအသက်ရှည်နည်း မှော်သိုင်းမှာ ပြီးပြည့်စုံသွားမည်ဖြစ်သည်။

ဤအချင်းအရာများအားလုံးကို သူ သာမန်ကျင့်ကြံခြင်းနည်းလမ်းဖြင့် ရရှိခဲ့ပါက ထိုအတွဲနှစ်တွဲကို ပေါင်းစည်းနေရန် လိုအပ်မည်မဟုတ်ပေ။ ၎င်းတို့မှာ အလိုအလျောက် ပေါင်းစည်းသွားခဲ့မည်သာဖြစ်သည်။ သို့သော် ယခုတွင်... မှန်မှန်ကန်ကန် ပေါင်းစည်းနိုင်ရန် အရေးကြီးပေသည်။

ပိုင်ရှောင်ချန်းသည် မလှုပ်မယှက် တင်ပျဥ်ခွေထိုင်နေစဥ် အပြင်းအထန် တုန်ရီသွားပြီး သူ၏မျက်နှာပေါ်တွင် အကြောက်တရားများ ဖုံးလွှမ်းနေသည့် အမူအရာတစ်ခု ရိပ်ခနဲ ပေါ်ထွက်လာသည်။ သူသည် ပြီးမြောက်နေပြီဖြစ်သည့် ထာဝရအသက်ရှည်နည်း မှော်သိုင်းကို ပေါင်းစည်းရာတွင် အာရုံအပြည့်စိုက်ထားသဖြင့် သူ၏အသိစိတ်များပင် ပျောက်ကွယ်လုမတတ် ဖြစ်လာတော့သည်။ ထာဝရအသက်ရှည်နည်း ပညာရပ်မှာ လေပွေတစ်ခုကဲ့သို့ ဖြစ်သွားပြီး သူ့အား အတွင်းထဲသို့ရောက်အောင် စုပ်ယူ၍ သူ့အား ထာဝရအသက်ရှည်နည်း ပညာရပ်၏ ထိပ်ဆုံးအဆင့် ဆက်ခံသူတစ်ယောက်အသွင်သို့ရောက်အောင် လုံးဝပြောင်းလဲပေးရန် ကြိုးစားနေတော့သည်။

သူသည် ဗဟိုဧကရာဇ်တစ်ပါး မဟုတ်တော့ပေ။ သူသည် ဗဟိုဧကရာဇ်များထက်ပင် ပို၍သာလွန်နေပြီဖြစ်သည်။

သူ၏အသိစိတ်များ မှေးမှိန်ပျောက်ကွယ်သွားသောအခါ သူ့စိတ်နှလုံးထဲတွင် ရှုပ်ထွေးသောခံစားချက်များ ပေါ်ထွက်လာသည်။ ထိုအချိန်တွင် သူက သင်္ချိုင်းစောင့်ကြီးကို လှမ်း၍ကြည့်လိုက်သောအခါ ထိုလူကြီးကား ပြုံးနေသည်ကို မြင်လိုက်ရသည်။

သင်္ချိုင်းစောင့်ကြီးက ထိုသို့ပြုံးနေရင်း ဧရာမလက်ကြီးတစ်ဖက်က သူ့အား သက်ရှိလောကမှ ဆွဲခေါ်နေသည့်အလား ပျောက်ကွယ်စပြုလာတော့သည်။

" တာဝန်...ပြီးဆုံးပြီ.... "

သူ ရေရွတ်လိုက်သည်။ ထို့နောက် သူသည် ပိုင်ရှောင်ချန်းအား နောက်ဆုံးတစ်ကြိမ် ကြည့်၍ တရိုတသေလက်ယှက်လိုက်တော့သည်။

သူသည် ပိုင်ရှောင်ချန်းအပေါ် လုပ်ခဲ့မိသည့် လုပ်ရပ်အတွက် နောင်တရပါသော်လည်း သူ၏အောင်မြင်မှုအားလုံးအတွက်မူ နောင်တရမနေပေ။ ကောင်းကင်တံတားတာအို ဤကမ္ဘာကြီးမှ ထွက်ခွာနိုင်မည့် နည်းလမ်းအစစ်အမှန်ကို သိရှိသွားမည့်နေ့မှာ မကြာမီရောက်လာတော့မည်ဖြစ်ကြောင်း သူက သိသည်။ ထိုအချိန်တွင် ကြောက်မက်ဖွယ် တိုက်ပွဲကြီးတစ်ခု ဧကန်ဖြစ်ပွားမည်ဖြစ်ပြီး ကမ္ဘာကြီးပျက်သုဥ်းသွားမည်ဖြစ်သည်။

သင်္ချိိုင်းစောင့်ကြီး၏ တာဝန်ကား ကမ္ဘာကြီး မပျက်သုဥ်းသွားမီ ထာဝရအသက်ရှည်နည်း ပညာရပ်ကို ပြီးမြောက်သည်အထိ ကျင့်ကြံထားသော ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာစေရန် ဖြစ်သည်။ ကောင်းကင်ဧကရာဇ်အဆင့်မရှိလျှင်တောင်... အနိမ့်ဆုံး နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်တွင် ရှိနေရမည်ဖြစ်ပေသည်...

သူသည် ကောင်းကင်တံတားတာအိုအား တားဆီးနိုင်မည် မဟုတ်သော်လည်း ကမ္ဘာကြီးမပျက်သုဥ်းမီ ထိုသို့သော နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်ရောက်နေသည့် ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာစေရန် စွမ်းဆောင်နိုင်ပေသည်။ သူ၏တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ရန်သာဖြစ်ပေသည်။

ထိုသို့အောင်မြင်ဖို့ရန် သူသည် ဤကမ္ဘာထဲရှိ မည်သူ့ကိုမဆို ရရာနည်းလမ်းဖြင့် အသုံးချမည်သာဖြစ်သည်။

သူသည် တရိုတသေလက်ယှက်လိုက်ပြီး ဦးညွှတ်လိုက်တော့သည်။ ထိုသို့ ဦးညွှတ်နေရာမှ သူ လုံးဝ ပြန်မထလာတော့ပေ။ သူ၏တစ်ကိုယ်လုံး ပြာကျသွားသည်ကို ပိုင်ရှောင်ချန်း ငေးကြည့်နေတော့သည်။

အချိန်အတော်ကြာ ကုန်ဆုံးသွားသည်။ ပိုင်ရှောင်ချန်းမှာ ထာဝရအသက်ရှည်နည်း မှော်သိုင်းပညာရပ်ထဲတွင် နစ်မျောနေဆဲဖြစ်သော်လည်း နှုတ်မှ ရေရွတ်လိုက်နိုင်သေးသည်။

" ခင်ဗျားကို ... ကျုပ် မုန်းနေတုံးပဲ "

All Chapters