← Chapters

ဗဟုိဧကရာဇ်မြို့တော် စိတ်ဓာတ်ကျခြင်း

Vol. 11 Ch. 1018

ဗဟုိဧကရာဇ်မြို့တော် စိတ်ဓာတ်ကျခြင်း

Vol. 11 Ch. 1018

ထာဝရအသက်ရှည်နည်းအတတ်ပြီးမြောက်စေရန် ဆက်လက်ပေါင်းစည်းနေစဥ် အပြင်ဘက်တွင် စစ်ပွဲကြီး ဖြစ်ပွားနေဆဲပင်။

ကောင်းကင်တံတားကျွန်းပေါ်ရှိ ကြောက်မက်ဖွယ် တိုက်ပွဲကြီးမှာလည်း မပြီးဆုံးသေးပေ။

ကမ္ဘာကြီးတစ်ခုလုံးမှာ ရူးသွပ်မှုများ၊ သွေးသံရဲရဲ သတ်ဖြတ်မှုများနှင့် ပြည့်နှက်နေ၏။

ကောင်းကင်တံတားဒေသနှင့် မြေရိုင်းဒေသအကြားရှိ စစ်ပွဲမှာ နှစ်ပေါင်းအနည်းငယ်မျှသာ ကြာမြင့်သေးပါသော်လည်း ၎င်း၏ ရုပ်ဆိုးအကျည်းတန်မှုများမှာ ဤကမ္ဘာကြီး၏ သမိုင်းတစ်လျှောက်တွင် တစ်ကြိမ်မှ မဖြစ်ပွားခဲ့ဖူးပေ။

ကောင်းကင်တံတားတာအို ဗဟိုဧကရာဇ်မင်းဆက်ကို ပုန်ကန်ခဲ့စဥ်က စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုမင်းဆက် ကျဆုံးသွားခဲ့ရပြီး ၎င်း၏အသက်ရှင်ကျန်ရစ်သူများမှာ မြေရိုင်းဒေသထဲသို့ ဆုတ်ခွာခဲ့ရသည်။ သို့သော် ထိုစစ်ပွဲပင်လျှင် ယခုစစ်ပွဲကြီးကို မယှဥ်နိုင်ပေ။

အချိန်တိုလေးအတွင်း ဤကဲ့သို့ ကျင့်ကြံသူ အများအပြား သေဆုံးသွားခဲ့ရသည့် စစ်ပွဲကြီးမျိုး ယခင်က တစ်ခါမှ မဖြစ်ပွားခဲ့ဖူးပေ။ ယခုစစ်ပွဲကြီးမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင်ပင်။

မြေရိုင်းဒေသမှာ စစ်မြေပြင်ဖြစ်နေပြီး ထိုဒေသတစ်ခုလုံး သွေးစက်များ၏စွန်ထင်းမှုကြောင့် ရဲရဲနီနေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ သေခြင်းတရားအငွေ့အသက်များနှင့် သွေးစ၊ အသားစများ၏ အနံ့အသက်များမှာ အလွန်ပြင်းထန်လွန်းလှသဖြင့် အားအပြင်းဆုံးသော လေပြင်းကြီးများပင်လျှင် ၎င်းတို့ကို မပျောက်ပျက်သွားစေနိုင်ပေ။

ကောင်းကင်တံတားနယ်မြေ၏ ဒေသလေးခုမှ ကျင့်ကြံသူတစ်ဝက်ကျော် သေဆုံးသွားခဲ့ပြီဖြစ်သည်။ ကောင်းကင်ဧကရာဇ်သာ တင်းကြပ်စွာ မကန့်သတ်၊ မထိန်းချုပ်ထားပါက ဤကဲ့သို့ မြင့်မားလှသော လူသေနှုန်းမှာ ကောင်းကင်တံတား ကျင့်ကြံသူများ၏ စိတ်ဓာတ်များကို ရိုက်ချိုးပြီးဖြစ်နေမည်သာဖြစ်သည်။

နတ်အဆင့်ကျင့်ကြံသူများမှာ တိုက်ပွဲ၏ နေရာတိုင်းတွင် ကျဆုံးနေကြသဖြင့် ကောင်းကင်တံတားတပ်ဖွဲ့ထဲတွင် မူလရှိသော နတ်အဆင့်ကျင့်ကြံသူအရေအတွက်၏ တစ်ဝက်ခန့်သာ ကျန်ရှိတော့သည်... နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးလေးယောက်ထဲမှ မည်သူမှ အသတ်မခံရသေးပေ။ သို့သော် သူတို့အားလုံး ဒဏ်ရာပြင်းထန်စွာ ရရှိထားကြပြီဖြစ်သည်။

ကောင်းကင်တံတားတပ်ဖွဲ့များမှာ ဤမျှလောက် စိတ်ကူးနှင့်ပင် မတွေးနိုင်လောက်သည့် ထိခိုက်နစ်နာဆုံးရှုံးမှုများကို ရရှိထားသည့်တိုင်အောင် အသာစီးရနေသေးသည့် အချက်ကိုကြည့်ပါက ဤစစ်ပွဲကြီးမှာ မြေရိုင်းဒေသအတွက် မည်မျှပင် အထိနာနေနိုင်မည်ဖြစ်ကြောင်းကို မှန်းဆကြည့်ရုံနှင့်ပင် သိနိုင်သည်။

မြေရိုင်းဒေသ၏ တပ်ဖွဲ့အများစုကို ဖန်တီးပေးထားသည့် လူ့ဘီလူးမျိုးနွယ်စုများထဲမှ အများစုမှာ မျိုးသုဥ်းသွားကြပြီဖြစ်သည်။

ကောင်းကင်မြို့စား ခုနစ်ဆယ်ရာခိုင်နှုန်း သေဆုံးသွားကြပြီဖြစ်ပြီး ကောင်းကင်နယ်စားတစ်ဝက်နီးပါး ခန္ဓာသာမက ဝိညာဥ်ပါ ဇီဝိန်ချုပ်သွားကြပြီ ဖြစ်သည်။

ကောင်းကင်ဘုရင်လေးပါး၏ မြို့အားလုံး ပြာကျကုန်ကြပြီဖြစ်သည်။ သရဲကြီးဘုရင်၏ တပ်ဖွဲ့အများစုမှာ အကောင်းပတိ ရှိကြသေးပါသော်လည်း အခြားကောင်းကင်ဘုရင်သုံးပါး၏ တပ်ဖွဲ့များမှာ ရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိ သေကျေပျက်စီးကုန်ကြပြီ ဖြစ်သည်။

သရဲကြီးဘုရင်တပ်ဖွဲ့နှင့် အခြားကောင်းကင်ဘုရင်များ၏တပ်ဖွဲ့များ အကြားရှိ ကြီးမားလှသော ကွာခြားမှုကြီး၏ အကြောင်းအရင်းမှာ ပိုင်ရှောင်ချန်းကြောင့်သာ ဖြစ်သည်။ သူသည် အရှေ့ကောင်းကင်တံတားမြစ် ကျင့်ကြံသူများနှင့် သရဲကြီးမြို့တော်ရှိ မြေရိုင်းသားများအကြားရှိ တိုက်ပွဲကို ရပ်တန့်နိုင်ခဲ့သည်သာမက ကောင်းကင်တံတား လျှို့ဝှက်အစောင့်သုံးယောက်ကိုပါ သတ်ခဲ့ပြီး သူတို့၏ မန္တန်အစီအရင်ကို ဖျက်ဆီးခဲ့သည် မဟုတ်ပါလော။

အခြားမြို့သုံးမြို့ ကျဆုံးသွားကြပြီပြီး ထိုတပ်ဖွဲ့များ၏ ဆုတ်ခွာမှုမှာလည်း မန္တန်အစီအရင်များကြောင့် နှောင့်နှေးခဲ့ရသည်။ထို့ကြောင့် ထိုတိုက်ပွဲများမှာ လူမျိုးတုံးသတ်ဖြတ်မှုများနီးပါး ဖြစ်သွားခဲ့ရခြင်းဖြစ်သည်။

ယခုတွင် မြေရိုင်းသားများမှာ အပြီးတိုင် ဝန်းရံခံလိုက်ရပြီဖြစ်ပြီး သူတို့ ပိုင်နက်များ၏ ကိုးဆယ်ရာခိုင်နှုန်းတိတိကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ ဗဟိုဧကရာဇ်မြို့တော်သာ ကျန်ရှိနေတော့သည်။

ဗဟိုဧကရာဇ်မြို့တော်တွင် မြေရိုင်းသားများမှာ နောက်ဆုံးအကြိမ် ခုခံတွန်းလှန်ကြမည်ဖြစ်သည်။ ထိုမြို့တော်သာ ကျဆုံးသွားခဲ့ပါက ဗဟိုဧကရာဇ်များ၏ သွေးမျိုးဆက် ထာဝရပျောက်ကွယ်သွားတော့မည်ဖြစ်သည်။

မြစ်လေးစင်းမှ ကျင့်ကြံသူများမှာ ဗဟိုဧကရာဇ်မြို့တော် ပတ်ပတ်လည်တွင် စခန်းချထားကြသည်။ ကောင်းကင်တံတားကျင့်ကြံသူများမှာ မောပန်းနွမ်းနယ်နေကြပြီး ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေကြသည်သာ ဖြစ်သည်။

ထိုမောပန်းနွမ်းနယ်မှုမှာ ပြင်းထန်းလွန်းလှသဖြင့် အများစုမှာ ဆက်လက် မလှုပ်ရှားနိုင်လောက်အောင်ဖြစ်နေကြပြီး သူတို့၏ အမူအရာများမှာ အသက်မဲ့နေကြသည်။

တိုက်ပွဲကြီးမှာ နှစ်ပေါင်းများစွာ ဖြစ်ပွားနေခဲ့သဖြင့် ကျင့်ကြံသူအားလုံးနီးပါး မိမိတို့၏ မိတ်ဆွေများနှင့် ချစ်ရသူများကို ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ သို့သော် နှစ်ဖက်စလုံးမှ မည်သည့်ကျင့်ကြံသူမှ သတိမထားမိခဲ့သည့် သေဆုံးမှုတစ်ခုလည်း ရှိသေးသည်။ ၎င်းသည်ကား ပိုင်ဟောက်ပင်ဖြစ်သည်... သူ၏သေဆုံးမှုကြောင့် မြေအောက်မြစ် ခန်းခြောက်သွားခဲ့ပြီး ထိုမြစ်ထဲမှ အသက်မရှိတော့သည် ဝိညာဥ်များမှာ ပြန်လည်ဝင်စားခြင်းစက်ဝန်းထဲသို့ ပြန်သွားနိုင်တော့မည်မဟုတ်ပေ။ သူတို့က ကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ခြေဦးတည့်ရာလျှောက်သွားနေရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ... ထိုသို့သော အခြေအနေမျိုးမှာ ကမ္ဘာကြီးအတွက် ကပ်ဘေးကြီးတစ်ခုအဖြစ် အလျင်အမြန်ပြောင်းလဲသွားမည်ကို တွေးကြည့်ရုံနှင့်ပင် သိနိုင်သည်။

ထို့အပြင် ထိုအချင်းအရာမှာ သိသာလွန်းလှသော အတိတ်နမိတ်တစ်ခုလည်း ဖြစ်သွားတော့သည်.... နောက်ဆုံးတွင် မြေရိုင်းသားများမှာ ထိုအတိတ်နမိတ်၏ အဓိပ္ပါယ်ကို နားလည်သဘောပေါက်စ ပြုသွားကြတော့သည်။

" ငရဲဧကရာဇ်အသစ် ... ဇီဝိန်ချုပ်သွားပြီနေမှာ ... "

ထိုသို့သော အသိများမှာ ဝိညာဥ်ကျင့်ကြံသူများကို ဒီရေများအလား ဖုံးလွှမ်းသွားကြသဖြင့် သူတို့မှာ တုန်ရီလာကြပြီး မျှော်လင့်ချက်များပို၍ ပျောက်ဆုံးကာ စိတ်ဓာတ်များ အမှောင်ဖုံးလာကြတော့သည်။ သူတို့အတွက် ကမ္ဘာကြီး ပျက်သုဥ်းတော့မည့်အလား ဖြစ်သွားကြသည်။ မဟာကောင်းကင်သခင်နှင့် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများပင်လျှင် သူတို့၏စိတ်နှလုံးများထဲတွင် စိုးရိမ်ထိတ်လန့်မှုများ၊ ဝမ်းနည်းအားငယ်မှုများနှင့် ဖုံးလွှမ်းသွားသည့်အလား ခံစားလိုက်ရသည်။

ကောင်းကင်ဘုရင်မြို့လေးမြို့ ကျဆုံးသွားပြီဖြစ်သည်။ သူတို့တပ်ဖွဲ့၏ ကိုးဆယ်ရာခိုင်နှုန်းခန့် အသက်ပျောက်သွားကြပြီဖြစ်သည်။ ကောင်းကင်တံတားတပ်ဖွဲ့များမှာ ဗဟိုဧကရာဇ်မြို့တော်ကြီးကို ဝန်းရံထားကြပြီဖြစ်သည်။ ထိုအခြေအနေများအားလုံးမှာ ဗဟိုဧကရာဇ်မင်းဆက်မှ လူများထံတွင် ကျန်ရှိနေသေးသည့် အသက်ရှင်နိုင်မည့်မျှော်လင့်ချက်များကို အပြင်းအထန် ရိုက်ချိုးနေသည်... သို့သော် ငရဲဧကရာဇ်ဆုံးပါးသွားမှုမှာ စိတ်ကူးနှင့်ပင် တွေးတော၍မရနိုင်လောက်အောင် ပြင်းထန်လွန်းလှပေသည်။ သူတို့၏ နှလုံးသားများနှင့် အသိစိတ်များကို တိုက်ရိုက် တိုက်ခိုက်ထိုးနှက်လိုက်သည့် အလားပင်။

ထို ပြင်းထန်လှသော အခြေအနေကြီးနှစ်ရပ်ကြောင့် ဗဟိုဧကရာဇ်မင်းဆက်မှာ ဂယောင်ခြောက်ခြား ဖြစ်နေရပြီဖြစ်သည် ... ကောင်းကင်ဧကရာဇ်သာ သူတို့အား လက်နက်ချအရှုံးပေးခွင့် ပေးလာမည်ဆိုပါက မဟာကောင်းကင်သခင်နှင့် အခြားခေါင်းဆောင်များက ထိုအခွင့်အရေးကို သေချာပေါက် ယူမည်သာဖြစ်သည်။

သို့သော်လည်း ကောင်းကင်ဧကရာဇ်မှာ လူသားများ၏ အသက်ကို အလေးထားသည့်ပုံ မပေါ်ပေ။ သူသည် မြေရိုင်းဒေသတစ်ခုလုံးကို အမြစ်ပါမကျန် ချေမှုန်းပစ်ရန် ဆန္ဒရှိနေသည်သာဖြစ်သည်။

ထိုသို့ချေမှုန်းပစ်ရန် မြစ်ဝဂိုဏ်းလေးဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးများကို ယခင်ကတည်းက အမိန့်များပေးထားခဲ့ပြီးဖြစ်သည်။ ထိုခေါင်းဆောင်ကြီးများမှာလည်း မောပန်းနွမ်းနယ်စွာဖြင့် ရှိသမျှအင်အား အကုန်ထုတ်၍ ဗဟိုဧကရာဇ်မြို့တော်အား သဲကြီးမဲကြီး တိုက်ခိုက်နေကြပြီဖြစ်သည်။ သူတို့၏တာဝန်မှာ ထိုမြို့တော်ကြီးကို အပြီးတိုင် ဖြိုခွင်းဖျက်ဆီးရန်ဖြစ်သည်။

ကံကြမ္မာကို အဆုံးဖြတ်ပေးမည့် တိုက်ပွဲကြီး စတင်နေပြီဖြစ်သည်။

ဗဟိုဧကရာဇ်မြို့တော်၏ အပြင်ဘက်တွင် တအုန်းအုန်း မြည်ဟည်းသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ ထိုမြို့တော်ကြီးမှာ စွမ်းအားကြီး အကာအကွယ်ဒိုင်းကာများ ပါရှိသော တန်ဖိုးကြီးရတနာတစ်ခု ဖြစ်ပါသော်လည်း ယိုင်နဲ့နေပြီဖြစ်ပြီး ၎င်းတို့ကို ရိုက်ခတ်နေသည့် နတ်ဘုရားစွမ်းအားများနှင့် မှော်သိုင်းများကို ထာဝရတောင့်ခံနေနိုင်မည် မဟုတ်ပေ။

သရဲကြီးတပ်နှင့် အခြားကောင်းကင်ဘုရင်သုံးပါး၏ စစ်တပ်များမှာ ဗဟိုဧကရာဇ်မြို့တော်ထဲတွင် အလိုအလျောက်ရှိနေသည့် ခုခံမှုစွမ်းအားများကို ထောက်ပံ့ပေးနေပြီး နောက်ဆုံးအကြိမ်ခုခံနိုင်စေရန် အားဖြည့်ပေးနေကြသည်။

သွေးပျက်ခြောက်ခြားဖွယ် အော်ဟစ်သံများ ဆူညံပွက်လောရိုက်နေ၏။ မိမိကိုယ်ကို ဖောက်ခွဲရာမှ ထွက်ပေါ်လာသည့် တအုန်းအုန်းမြည်ဟည်းသံများ လေထဲတွင် ပြည့်နှက်နေသည်။ စစ်မြေပြင်တစ်ခွင်လုံးတွင် အော်ဟစ်မြည်တမ်းသံများကို ကြားနေရသည်။

ယခင်က မြေရိုင်းသားများကို ကြောက်ရွံ့စေခဲ့သည့် ရုပ်အလောင်းတပ်သားများအားလုံးကို စစ်မြေပြင်ပေါ်တွင် တပ်ဖြန့်ထားကြပါသော်လည်း သူတို့မှာလည်း တိုက်ပွဲကြီးတစ်ခုလုံးနှင့် နှိုင်းယှဥ်ကြည့်လိုက်ပါက များများစားစား မစွမ်းဆောင်နိုင်ပေ။

အထက်ရှိ လေပေါ်တွင် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများ အပြင်းအထန် တိုက်ခိုက်နေကြသည်။ ကောင်းကင်ဘုရင်လေးပါးနှင့် မဟာကောင်းကင်သခင်တို့မှာ အပြင်းအထန် ဒဏ်ရာရထားကြပြီဖြစ်သော်လည်း အစွမ်းကုန် တိုက်ခိုက်နေဆဲပင်။ ကောင်းကင်တံတားတပ်ဖွဲ့များဘက်တွင် သူတို့၏ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးလေးယောက်နှင့် ကောင်းကင်တံတားကျွန်းပေါ်မှ နတ်ဘုရားအစောင့်နှစ်ယောက် ပါဝင်ပေသည်။

အထက်ကောင်းကင်ယံတွင် စုစုပေါင်း နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ ဆယ့်တစ်ယောက် တိုက်ခိုက်နေကြသဖြင့် ကမ္ဘာကြီးတစ်ခုလုံးမှာ ပြိုကွဲသွားတော့မည့်အလား တုန်ရီနေသည်...

ဗဟိုဧကရာဇ်သည် တော်ဝင်နန်းတော်ထဲရှိ အမြင့်ဆုံး မျှော်စင်ပေါ်တွင်ရပ်၍ တိုက်ပွဲကြီးကို လှမ်းကြည့်နေသည်။ သူ၏မျက်နှာပေါ်တွင် ဝမ်းနည်းအားငယ်နေသည့် အမူအရာတစ်ခုကို မြင်နိုင်ပါသော်လည်း သင်္ချိုင်းစောင့်ကြီးထွက်လာလိမ့်မည်ဟု ယုံကြည်နေသော မျှော်လင့်ချက်များမှာ သူ၏မျက်ဝန်းများထဲတွင် ရှိနေဆဲပင်။

ပိုင်ရှောင်ချန်းက ဗဟိုဧကရာဇ်မြို့တော်ထဲသို့ ရောက်နေပြီဖြစ်ကြောင်း သူ လုံးဝသတိမထားမိပေ။ သူ၏အတွေးထဲတွင် သင်္ချိုင်းစောင့်ကြီးသာလျှင် ဗဟိုဧကရာဇ်မင်းဆက်၏ တစ်ခုထဲသော မျှော်လင့်ချက်အဖြစ် ရှိနေဆဲပင်။

ဗဟိုဧကရာဇ်တစ်ယောက်ထဲသာ ထိုသို့မျှော်လင့်နေသည် မဟုတ်။ မဟာကောင်းကင်သခင်နှင့် ကောင်းကင်ဘုရင်လေးပါးတို့အပါအဝင် အောက်ဘက်မြေပြင်ပေါ်ရှိ များစွာသော ဝိညာဥ်ကျင့်ကြံသူများမှာလည်း ထိုမျှော်လင့်ချက်ကို ရင်ဝယ်ပိုက်ကာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

ငရဲဧကရာဇ်အသစ်ဖြစ်သော ပိုင်ဟောက်မှာ ဗဟိုဧကရာဇ်မင်းဆက်အတွက် အရေးကြီးပေသည်။ သို့သော် ဝိညာဥ်ကျင့်ကြံသူများအတွက်မူ သူသည် ကမ္ဘာမြေကြီးကဲ့သို့ဖြစ်နေပြီး သင်္ချိုင်းစောင့်ကြီးမှာမူ ကျယ်ပြန့်လှသော ကောင်းကင်ယံကြီးနှင့် တူနေသည်။

သင်္ချိုင်းစောင့်ကြီး ပေါ်ထွက်လာမှသာ တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မည်ဖြစ်သည်။

သို့သော် ဗဟိုဧကရာဇ်မင်းဆက်မှ ကျင့်ကြံသူများက သူတို့၏မျှော်လင့်ချက်များကို သင်္ချိုင်းစောင့်ကြီးထံတွင် ဝကွက်အပ်ထားကြစဥ် ဗဟိုဧကရာဇ်မြို့တော်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ရီသွားကြသည်။ ၎င်း၏ပတ်ပတ်လည်ရှိ မြေပြင်များ တုန်ခါသွားကြပြီး ဧရာမအက်ကွဲကြောင်းကြီးများ အရပ်မျက်နှာပေါင်းစုံသို့ ပြန့်ထွက်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းတွင် သေခြင်းတရားအငွေ့အသက်များ ဗဟိုဧကရာဇ်မြို့တော်ထဲမှ ပြန့်ထွက်လာပြီး မြေရိုင်းဒေသတစ်ခုလုံးတွင် ပြည့်နှက်သွားတော့သည်။

၎င်းသည်ကား အစမျှသာရှိသေးသည်။ ထိုသေခြင်းတရားအငွေ့အသက်ကြီးမှာ ကောင်းကင်တံတားဒေသအထိပါ ဆက်လက်ပျံ့နှံ့သွားတော့သည်...

တောင်တန်းများမှာ သက်စောင့်အားများကုန်ခန်းသွားကြပြီး ပြိုလဲကုန်ကြ၏... သစ်တောများ ခြောက်သွေ့သွားကြပြီး ပြာကျသွားကြ၏...

ကမ္ဘာမြေကြီး၏ မျက်နှာပြင်မှာ ပြိုလဲပျက်စီးနေသည့်အလားပင်။ ကမ္ဘာကြီးမှာ ပေါက်ကွဲသွားခြင်း မဟုတ်ပါသော်လည်း ၎င်းအတွင်း ပြည့်နှက်နေသည့် သေခြင်းတရားအငွေ့အသက်ကြီးကို လူတိုင်း အာရုံခံနိုင်သည်သာဖြစ်သည်။

မြေပြင်များသာ မဟုတ်ပေ။ မြေရိုင်းဒေသနှင့် ကောင်းကင်တံတားဒေသရှိ ကောင်းကင်ကြီးမှာ သက်စောင့်အား လုံးဝမရှိတော့သည့်အလား မီးခိုးရောင်အဖြစ် ပြောင်းလဲသွားတော့သည်။

ကမ္ဘာကြီးတစ်ခုလုံး ပျက်သုဥ်းစပြုနေသည့် ပုံစံပင်။

ကျင့်ကြံသူများ၊ သာမန်လူသားများနှင့် အခြားသက်ရှိများအားလုံးမှာ ရုတ်တရက် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားကြသည်။ ကမ္ဘာကြီးတစ်ခုလုံး ထာဝရပျောက်ကွယ်သွားတော့မည့်အလားပင်...

ဗဟိုဧကရာဇ်မြို့တော်၏အတွင်းနှင့် ၎င်း၏ပတ်ပတ်လည်ရှိ ကျင့်ကြံသူများအားလုံးမှာ အတိုက်အခိုက် ရပ်စဲလိုက်ကြပြီး တုန်လှုပ်ခြောက်ခြားစွာဖြင့် ဘေးဘီဝဲယာကိုကြည့်ရှုနေကြတော့သည်။ ကောင်းကင်တံတားဒေသမှ ကျင့်ကြံသူများမှာ အဖြေရှာမရသည့်ပုံစံဖြစ်နေကြပြီး မြေရိုင်းဒေသမှ ဝိညာဥ်ကျင့်ကြံသူများမှာမူ လုံးဝဆွံ့အနေကြပြီး ဒယိမ်းဒယိုင်ဖြစ်လာကြတော့သည်။ သူတို့၏မျက်ဝန်းများထဲတွင် အကြောက်တရားများ ဖုံးလွှမ်းနေသည့် အရိပ်အယောင်များကိုသာမက ဒေါသများအသွင်ပြောင်းလဲသွားကြသည့် ကြီးမားသော ပူဆွေးသောကများကိုပါ မြင်လိုက်ရသည်။

ဗဟိုဧကရာဇ်မှာ တုန်ရီသွားပြီး သူ၏ မျက်ဝန်းများမှာ မယုံကြည်နိုင်သည့်အလား တောက်ပလာတော့သည်။ ထို့နောက် သူကရေရွတ်လိုက်တော့သည်။

" သင်္ချိုင်းစောင့်ကြီး ... သေဆုံးသွားပြီပဲ။ ကမ္ဘာကြီး ... ပျက်စီးတော့မှာပါလား... "

ထို့နောက် သူသည် တစ်ခဏမျှ နာကျည်းစွာ ရယ်မောလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မောပန်းနွမ်းနယ်မှုများက လှိုင်းလုံးများသဖွယ် လွှမ်းမိုးသွားတော့သည်။ သူသည် နောက်ဘက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားပြီး သွေးတစ်ပွက် အန်ထွက်လာတော့သည်။

" ဗဟိုဧကရာဇ်တွေ ထပ်ရှိတော့မှာ မဟုတ်ဘူး ... ငါတို့တွေက ဒီတော်ဝင်မြို့တော်ကြီးနဲ့အတူ လောင်ကျွမ်းပျောက်ကွယ်သွားတော့မှာပါလား ... "

သူသည် မျက်လုံးများ မှိတ်လိုက်တော့သည်။

မဟာကောင်းကင်သခင်နှင့် ကောင်းကင်ဘုရင်လေးပါးမှာ အသက်မဲ့နေသည့် အမူအရာများ၊ ဟာလာဟင်းလင်းဖြစ်နေသည့် အသိစိတ်များဖြင့် ကြည့်နေကြသည်။ သင်္ချိုင်းစောင့်ကြီး အလွန် အားနည်းနေပြီဖြစ်ကြောင်း သူတို့က သိထားပါသော်လည်း သူ အမှန်တကယ် သေဆုံးသွားပြီဆိုသည့် အသိကြီးကြောင့် သူတို့၏မျှော်လင့်ချက်များ ပျက်သုဥ်းသွားကြတော့သည်။

ပို၍ဆိုးဝါးသည်မှာ သင်္ချိုင်းစောင့်ကြီး၏ သေဆုံးမှုနှင့်အတူ ကမ္ဘာကြီးမှာလည်း ပြိုလဲပျက်စီးတော့မည့်ပုံ ပေါ်နေခြင်းဖြစ်သည်။

မြစ်ဝဂိုဏ်းလေးဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးများမှာ အလွန်အမင်း တုန်ရီသွားကြသည်။ သို့သော် သူတို့သည် ဘေးဘီဝဲယာသို့ တစ်ခဏမျှ ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် သူတို့၏မျက်လုံးများထဲတွင် ပြတ်သားမှု အရိပ်အယောင်များဖြင့် တောက်ပလာကြသည်။ မြေရိုင်းသားများ ရုတ်တရက် စိတ်ဓာတ်ပျက်ပြားသွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သူတို့သည် အင်အားများကို နောက်ဆုံးအကြိမ် ပေါင်းစည်းလိုက်ပြီး မြို့တော်ကြီးကို ဖျက်စီးရန် ကြိုးစားလိုက်ကြသည်။

တစ်ခဏလေးအတွင်း ကြောက်မက်ဖွယ် တိုက်ခိုက်မှုကြီးများ ထပ်မံဖြစ်ပွားလာပြန်သည် ... တောင်များကိုပြိုလဲစေနိုင်ပြီး ပင်လယ်များကိုခန်းခြောက်သွားစေနိုင်သည့် အားကြီးက ဗဟိုဧကရာဇ်မြို့တော်ကို ရိုက်ခတ်နေတော့သည်။

မြို့တော်၏ အကာအကွယ် ဒိုင်းကာများ ပျက်စီးကုန်ကြပြီး မြို့ရိုးများ ပြိုလဲကုန်ကြသည်။ မြေရိုင်းသားများမှာ ဆက်တိုက် အရေးနိမ့်ကာ နောက်သို့ ဆုတ်ခွာနေရသည်။ ကောင်းကင်တံတားကျင့်ကြံသူ အများစုမှာ တိုက်ပွဲကြီးကို ပြီးဆုံးစေချင်ပြီဖြစ်၍ သူတို့၏ ထုံကျဥ်နေသော အသိစိတ်များနှင့် နှလုံးသားများထဲတွင် သတ်ဖြတ်လိုစိတ်များထပ်၍ ပေါ်ထွက်လာပြန်သည်။

နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးလေးယောက်နှင့် နတ်အစောင့်နှစ်ယောက်မှာလည်း ထိုနည်းတူပင်။ ကောင်းကင်ဘုရင်လေးပါးသာမက မဟာကောင်းကင်သခင်ပင်လျှင် ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။

မြေရိုင်းသားများအတွက် မျှော်လင့်ချက် မရှိတော့ပေ။ မျှော်လင့်ချက်အားလုံး ပျက်သုဥ်းသွားပြီဖြစ်သည်။ ဤ ရက်စက်ကြမ်းကြုတ်လှသော တိုက်ခိုက်မှုကြီးထံမှ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည်မဟုတ်။ ယခုတွင် သူတို့၏ အသိစိတ်များ ပြိုလဲပျက်စီးစပြုလာကြပြီး သူတို့မှာ ရူးသွပ်စွာ အော်ဟစ်မြည်တမ်းနေကြတော့သည်။

ဗဟိုဧကရာဇ်မြို့တော်ပြီး ကျဆုံးလုဆဲဆဲတွင် မြို့တော်ထဲမှ အငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး လျင်မြန်စွာပျံနှံ့နေသော သေခြင်းတရားအခိုးအငွေ့ကြီးအပေါ် အကျိုးသက်ရောက်မှုတစ်ခု ရှိသွားဟန်တူသည်။

အောက်ဘက်ရှိ မြို့တော်ကြီး၏ တတိယအပိုင်းထဲတွင် ပိုင်ရှောင်ချန်းသည်ကား … ဖျတ်ခနဲ မျက်လုံးများ ပွင့်လာတော့သည်။

All Chapters