ဗဟိုဘိုးဘေးကြီး
Vol. 11 Ch. 1019
သူ၏ဘယ်ဘက်မျက်လုံးမှာ ရွှေရောင်လက်နေပြီး ညာဘက်မျက်လုံးမှာ သလင်းကျောက်ရောင် တောက်ပနေသည်။
၎င်းတို့သည် အပြစ်ကင်းစင်ပြီး ဖြူစင်သော မျက်လုံးများ မဟုတ်ကြတော့ပေ။
သူ ထိုမျက်လုံးများကို ဖွင့်လိုက်သောအခါ ၎င်းတို့ထဲတွင် ကိန်းအောင်းနေကြသည့် အမုန်းတရား၏ ပြင်းအားကြောင့်အလား ကောင်းကင်ကြီး မှေးမှိန်သွားပြီး ကမ္ဘာကြီးတစ်ခုလုံး တုန်ရီသွားသည်။
ပိုင်ရှောင်ချန်းက ထိုသို့ မျက်လုံးများဖွင့်လိုက်စဥ် လေပြင်းတစ်ချက်က မြို့တော်၏ တတိယနယ်မြေတွင် တိုက်ခတ်လာပြီး တဖြည်းဖြည်း အပေါ်သို့မြင့်တက်သွားကာ မြေပြင်ပေါ်ထိ တက်လာတော့သည်။
ထိုအငွေ့အသက်များ၏ ပြင်းအားကြောင့် အပြင်ဘက်တွင် ရှိနေသည့်လူတိုင်း အလွန်အမင်း တုန်ရီသွားကြသည်။
ကောင်းကင်တံတားကျွန်းပေါ်တွင် သွေးဘိုးဘေးကြီးသည် ကောင်းကင်ဧကရာဇ်နှင့် တိုက်ခိုက်နေဆဲဖြစ်ပါသော်လည်း အပြင်းအထန် ဒဏ်ရာရထားပြီဖြစ်ပြီး အသက်ပျောက်လုဆဲဆဲ ဖြစ်နေပြီဖြစ်သည်။ သို့သော် ထိုအငွေ့အသက်များကို သူ ခံစားမိလိုက်သောအခါ ရုတ်တရက် အသံဩဩကြီးဖြင့် ရယ်မောလိုက်တော့သည်။
" ခွေးကောင် ကောင်းကင်တံတား။ မင်း အဲဒီအငွေ့အသက်ကို ခံစားမိလား... "
ကောင်းကင်ဧကရာဇ်၏ မျက်နှာမှာ ယခင်ကတည်းက ပြာနှမ်းနေပြီဖြစ်၍ ယခုတွင် ပို၍ ရုပ်ဆိုးအကျည်းတန်သွားတော့သည်။ သူသည် ဗဟိုဧကရာဇ်မြို့တော်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ပြီး အံကြိတ်၍ နာမည်တစ်ခုကို ရေရွတ်လိုက်တော့သည်။
" ပိုင်ရှောင်ချန်းးး "
ဗဟိုဧကရာဇ်မြို့ထဲတွင် သရဲကြီးဘုရင်မှာ တုန်ရီသွား၏။ သူ၏ အမူအရာများမှာ မယုံကြည်နိုင်လောက်အောင် ပြောင်းလဲသွားပြီး မြေပြင်အားငုံ့ကြည့်လိုက်တော့သည်။ သူသည် သင်္ချိူင်းစောင့်ကြီး၏ သေဆုံးခြင်းအကြောင်းကို သိခဲ့ရသည့်အချိန်ကထက်ပင် ပို၍တုန်လှုပ်နေတော့သည်။
သူတစ်ယောက်တည်းသာ ထိုသို့ဖြစ်ပျက်နေသည်မဟုတ်ပေ။ ဝိညာဥ်ခရီးဘုရင်၊ သောကကင်းဝေးကိုးသွယ်ဘုရင်နှင့် စစ်အောင်ဘုရင်တို့အားလုံးမှာလည်း ပင့်သက်များရှိုက်သွားကြပြီး မယုံကြည်နိုင်သော အမူအရာများဖြင့် မြေပြင်အား ငုံ့ကြည့်လိုက်ကြတော့သည်။
မဟာကောင်းကင်သခင်သည်လည်း တုန်လှုပ်နေပြီး သူက အဆင့်မြင့်မားလှသော စိတ်ဆန္ဒစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည့်တိုင် ထိန်းချုပ်ခြင်းငှာမစွမ်းသာတော့ဘဲ အာမေဋိတ်သံတစ်သံ ပြုမိလိုက်တော့သည်။
" ဒီအငွေ့အသက်... "
ကောင်းကင်ယံတွင် ပြည့်နှက်နေသည့် သေခြင်းတရားအငွေ့အသက်ကြီးက ဧရာမလေပွေကြီးတစ်ခုအသွင် ဝဲဂယက်ထလာသဖြင့် တစ်ကမ္ဘာလုံး တုန်ရီသွားသည်။ ကမ္ဘာကြီးကား ပျက်သုဥ်းတော့မည့်အလား ခံစားနေရသည့် ဝေဒနာကြီးကြောင့် လက်ကျန်စွမ်းအင်ကိုအသုံးချ၍ နောက်ဆုံးတစ်ကြိမ် အော်ဟစ်မြည်တမ်းရန် ပြင်ဆင်နေဟန်တူသည်။
မြစ်ဝဂိုဏ်းလေးဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးနှင့် ကောင်းကင်တံတားကျွန်းမှ နတ်ဘုရားအစောင့်များ စကားမပြောနိုင်လောက်အောင် အံ့အားသင့်သွားကြသည်။ ထို ခြောက်ယောက်စလုံး အလွန်အမင်း စိုးရိမ်ထိတ်လန့်သွားကြပြီး ထိုခံစားချက်ကြီးမှာ အကြောက်တရားများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကြသည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးကား အကြောက်ရွံ့ဆုံး ဖြစ်နေ၏။ သူသည် မြေပြင်အား တအံ့တသြ လှမ်းကြည့်လိုက်သောအခါ အနှီအငွေ့အသက်ကြီးကို သူအလွန်ရင်းနီးနေကြောင်း သိလိုက်တော့သည်။
" ပိုင်…ရှောင်...ချန်း "
ထိုစဥ် ဗဟိုဧကရာဇ်မှာ တော်ဝင်နန်းတော်ထဲတွင် ရှိနေဆဲဖြစ်ပြီး သူ၏မျက်ဝန်းများမှာ အံ့အားသင့်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေဆဲပင်။ မြေပြင်၏အောက်ဘက် နက်ရှိုင်းလှသော နေရာတစ်ခုတွင် သူ့သွေးစက်များ၏ အငွေ့အသက်နှင့် ဆက်စပ်မှုရှိနေသော အခိုးအငွေ့များ တည်ရှိနေကြောင်းကို သူသည် အခြားလူတိုင်းထက် ပို၍သိသာထင်ရှားစွာ အာရုံခံနေနိုင်သည်။
ဤအငွေ့အသက်များ၏ ပြင်းအားသည် သူ့ထက်ပင်ပို၍ သာလွန်နေသေးသည် ... ဗဟိုဧကရာဇ်၏ အတွေးထဲတွင် လုံးဝမဖြစ်ပျက်နိုင်သော ကိစ္စရပ်ကြီးတစ်ခု သူ၏မျက်မှောက်ရှေ့တွင် ယခုချက်ချင်း အမှန်တကယ်ဖြစ်ပျက်လာသကဲ့သို့ ခံစားလိုက်ရသည်။
ကမ္ဘာကြီးတုန်ခါနေပြီး ဗဟိုဧကရာဇ်မြို့တော်၏ အောက်ပိုင်းဒေသများတွင် လေပြင်းများတိုက်ခတ်နေကြစဥ် ပိုင်ရှောင်ချန်းသည် မျက်လုံးများပွင့်လျက်သားဖြင့် မလှုပ်မယှက် တင်ပျဥ်ခွေထိုင်နေသည်။ သူသည် မတ်တတ်ထမရပ်သေးပဲ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ထိုသို့ အသက်ရှူသွင်းလိုက်သောအခါ အသက်ရှည်နည်းအတတ်၏ နောက်ဆုံးကျန်ရှိနေသေးသော ပေါင်းစည်းမှု ပြီးမြောက်သွားတော့သည်။ ယခု သူ၏ကျင့်ကြံခြင်းအခြေခံကား ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ အပြင်ခန္ဓာကိုယ်မှာ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့််သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံက အစောပိုင်း နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထိုစွမ်းအားများ ပေါင်းစည်းသွားသောအခါ သူ၏အငွေ့အသက်သည် လွန်စွာ ရှေးဆန်သွားပြီး စွမ်းအားကြီးမားသွားသည်ဖြစ်၍ တစ်ကမ္ဘာလုံးက သူ၏ အမိန့်ဟူသမျှကို သဘောတူခေါင်းညိတ်ရန် အဆင်သင့်ရှိနေသည့် အလား။
သူသည် ကမ္ဘာကြီး၏ အုပ်ချုပ်သူအဖြစ် ခံစားနေရသည်။ တစ်ကမ္ဘာလုံး သူ့အား သဘောကျ ထောက်ခံနေကြသည့် အလားပင်။
သူ တစ်ချက်မျှ တွေးတောလိုက်ရုံဖြင့် သက်ရှိအားလုံး ပြားပြားဝပ်သွားကြရမည်ဖြစ်သည်။ သူ၏အကြည့်တစ်ချက်ကြောင့် တောင်တန်းများ၊ မြစ်များ အလိုအလျောက် ပေါ်ထွက်လာနိုင်သည့် အလားပင်။
၎င်းသည်ကား ယခင်က ပိုင်ရှောင်ချန်း တစ်ခါမှ မခံစားခဲ့ရဖူးသော စွမ်းအားအဆင့်အတန်းမျိုး ဖြစ်သည်။ သို့သော်လည်း ထိုစွမ်းအားများမှာ သူ့အား မပျော်ရွှင်စေပေ။ သူ၏ ရှုပ်ထွေးနေသော ခံစားချက်များမှာ ပို၍ပင် ဝမ်းနည်းအားငယ်လာကြတော့သည်။
ဤစွမ်းအားသည်ကား တုလင်ဖေးနှင့် ပိုင်ဟောက်တို့၏ စတေးမှုကြောင့်ရရှိလာရခြင်းဖြစ်သည်။ ထို့အပြင် ဤကမ္ဘာထဲရှိ အခြားသော အသက်ပေါင်းများစွာပါ ပေးဆပ်ခဲ့ရသည်။ ပိုင်ရှောင်ချန်းသာ ရွေးချယ်ခွင့်ရှိခဲ့ပါက ဤနည်းလမ်းကို လုံးဝရွေးချယ်ခဲ့မည် မဟုတ်ပေ။
သို့သော် သင်္ချိုင်းစောင့်ကြီးက သူ့အတွက် ရွေးချယ်ပေးသွားခဲ့သည်။ သင်္ချိုင်းစောင့်ကြီးက သူ၏တာဝန် ပြီးမြောက်စေရန်အတွက် မည်သူ့ကိုမဆို စတေးရန် အဆင်သင့်ဖြစ်နေခဲ့သည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ တချိန်ထဲတွင် ကျေးဇူးတင်နေသလို ရင်ထဲတွင်လည်း အမုန်းတရားများဖြင့် ပြည့်နှက်နေတော့သည်။ သူ၏ရင်ထဲရှိ ခံစားချက်များမှာ အလွန်အမင်း ရှုပ်ထွေးကာ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေကြတော့သည်။ သူ၏အသက်အား ကယ်တင်ပေးခဲ့ပြီး သူ့အား ကောင်းမွန်သော အရာများ လက်ဆင့်ကမ်းပေးခဲ့သည့်အတွက် သင်္ချိုင်းစောင့်ကြီးအား သူ ကျေးဇူးတင်ပါသော်လည်း ထိုကျေးဇူးတရားမှာ ပိုင်ဟောက်၏ သေဆုံးသွားခြင်းနှင့် တုလင်ဖေး၏ စိတ်ဒုက္ခများ၏နေရာတွင် မည်သည့်နည်းနှင့်မျှ အစားမထိုးနိုင်ပေ။
ထို့ကြောင့် သူသည် အမုန်းတရားများနှင့် ပြည့်နှက်နေတော့သည်။ သူ ဘာမှ မတတ်နိုင်သဖြင့် လက်ပိုက်ကြည့်ခဲ့ရသည့် အခြေအနေများနှင့် သင်္ချိုင်းစောင့်ကြီး၏ တာဝန်ဟူ၍ဆိုကာ လုပ်ခဲ့သမျှ အရာအားလုံးအတွက် မုန်းတီးနေမိတော့သည်။ သို့သော် ထိုအမုန်းတရားသည်လည်း သူ၏အသက် ကယ်တင်ခံလိုက်ရခြင်းနှင့် ကောင်းမွန်သောအရာများ လက်ဆင့်ပေးကမ်းခံခဲ့ရခြင်းတို့အတွက် ဖြစ်ပေါ်လာသည့် ကျေးဇူးတရားကို မဖျောက်ဖျက်နိုင်ပေ။ နောက်ဆုံးတွင် သူသည် ရှုပ်ထွေးလှသော ခံစားချက်ပေါင်းစုံ၏ ရိုက်ခတ်ခြင်းများကို ခံနေရတော့သည်။
သို့သော် လေ့လာသုံးသပ်ကြည့်လိုက်ပါက ကောင်းကင်တံတားတာအိုသည် အကြီးမားဆုံး ယုတ်မာမှုကြီးကို ကြိုးကိုင်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် သူ့အပေါ်ထားရှိသည့် ပိုင်ရှောင်ချန်း၏ အမုန်းတရားများမှာ ကောင်းကင်ဘုံအထိ မြင့်မားနေတော့သည်။
သင်္ချိုင်းစောင့်ကြီး သေဆုံးသွားပြီဖြစ်၍ မကြာမီ ဤကမ္ဘာကြီးမှာလည်း ပြိုလဲသွားတော့မည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိသည်။ ထိုသို့ပြိုလဲသွားပါက ကမ္ဘာကြီးထဲတွင် နေထိုင်နေသည့် လူအားလုံးအတွက် ကမ္ဘာကြီးက သင်္ချိုင်းဂူကြီးတစ်ခုအသွင် ပြောင်းလဲသွားမည်မှာ အမှန်ပင်။
ကောင်းကင်တံတားကျွန်းပေါ်တွင် ဖြစ်ပွားနေသည့် ခမ်းနားကြီးကျယ်သော တိုက်ပွဲကြီးကို သူလှမ်း၍ အာရုံခံနိုင်၏။ ထို့အပြင် ဗဟိုဧကရာဇ်မြို့တော် အခြေအနေဆိုးရွားနေသည်ကိုလည်း သူ အာရုံခံမိလိုက်သည်။
အချိန်အတော်အတန်ကြာသွားပြီးနောက် သူသည် မိုးခြိမ်းသံထက်ပင် ကျယ်လောင်သော အသံဩဩကြီးဖြင့် ဆိုလိုက်တော့သည်။
" လူတွေအများကြီး သေကျေပျက်စီးကုန်ကြပြီ... ကောင်းကင်တံတားတာအို ... ခင်ဗျားက ဘာလို့ အသက်ရှင်နေရသေးတာတုန်း... "
ထိို့နောက် သူသည် တဟုန်းဟုန်း တောက် လောင်နေသည့် စွမ်းအင်များဖြင့် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်တော့သည်။
ထိုအခါ ဗဟိုဧကရာဇ်မြို့တော်၏ အပြင်ဘက်ရှိ ကျင့်ကြံသူများမှာ မြေပြင်အောက်တွင် မြေနဂါးများ တွန့်လိမ်ကွေးကောက်နေကြသည့်အလား ခံစားလိုက်ရသည်။ လူတိုင်း တုန်လှုပ်ခြောက်ခြားသွားကြသဖြင့် ဆက်လက် မတိုက်ခိုက်ရဲကြတော့ပေ။ သူတို့အားလုံး တဖြည်းဖြည်း ဆန့်ကျင်ဘက်သို့ ဆုတ်ခွာသွားကြတော့သည်။
သူတို့အားလုံး မည်သည့်ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားစေကာမူ မသိစိတ်ထဲတွင် အကြောက်တရားကြီးတစ်ခုကို ခံစားလိုက်ရသည်။ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများပင် ထိုနည်းတူ ခံစားနေကြရသည်။
ထို့နောက် မြေပြင်ကြီးတုန်ရီနေစဥ် ပိုင်ရှောင်ချန်းက ရှေ့သို့ တစ်လှမ်းလှမ်းလိုက်တော့သည်။ သူ၏ခြေထောက်မှာ ရှေ့ဘက်ရှိ မြေပြင်ကို ထိတွေ့သွားသည်နှင့် သူသည် ပျောက်ကွယ်သွားပြီး ဗဟိုဧကရာဇ်မြို့တော်အထက်ရှိ လေထုထဲတွင် ပြန်ပေါ်လာ၏။
တပြိုင်နက်ထဲမှာပင် အထက်ကောင်းကင်ယံရှိ လေပွေကြီးထဲမှ ကျယ်လောင်သော တဂျိန်းဂျိန်းမြည်ဟည်းသံများ ပေါ်ထွက်လာတော့သည်။ ကမ္ဘာကြီးတစ်ခုလုံး သေမင်းခံတွင်းဝထဲသို့ ကျဆင်းနေသည့်အလားဖြစ်နေစဥ် ပိုင်ရှောင်ချန်းထံမှ ရောင်စုံအလင်းရောင်များ တောက်ပလာပြီး သူ၏ပတ်ပတ်လည်ရှိ အရာအားလုံးကို လင်းထိန်သွားစေတော့သည်။
ထိုအလင်းရောင်ကြီးက ကမ္ဘာကြီးတစ်ခုလုံးတွင် ပြည့်နှက်သွားသဖြင့် ကျင့်ကြံသူအားလုံး အလွန်အမင်း တုန်လှုပ်သွားကြသည်။ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာကြပြီး ကျင့်ကြံခြင်းအခြေခံများ၊ ဝိညာဥ်များ တုန်ရီနေကြသည့် လူတိုင်း ပိုင်ရှောင်ချန်းအား မော့ကြည့်လိုက်ကြသည်။ ရှိရှိသမျှ လူတိုင်းသည် သူတို့၏ခန္ဓာကိုယ်ထဲရှိ သွေးစက်များက သူတို့အား ဆွဲဆောင့်နေကြသည့်အလား ခံစားလိုက်ရသည်။
၎င်းသည်ကား ... ပထမမျိုးဆက် ဗဟိုဧကရာဇ်အပေါ်ထားရှိသည့် ရိုသေကျိုးနွံမှုကို ဖော်ပြနေခြင်းဖြစ်သည်။
တော်ဝင်နန်းတော်ထဲရှိ လက်ရှိ ဗဟိုဧကရာဇ်မှာ တုန်ရီသွားပြီး သူ၏မျက်လုံးများ တောက်ပလာတော့သည်။ ယခုမြင်နေရသည်မှာ အတိတ်က ပိုင်ရှောင်ချန်း မဟုတ်ကြောင်း သူက အခြားလူတိုင်းထက် ပို၍ သိနားလည်ပေသည်။ ယခုမြင်နေရသည့် ပိုင်ရှောင်ချန်းသည်ကား ... ပထမမျိုးဆက် ဗဟိုဧကရာဇ်ကြီးနှင့် ဆင်တူနေပြီဖြစ်သည်။
" ဗဟိုဘိုးဘေးကြီး... "
ထိုရိုသေးကျိုးနွံမှုမှာ သူ၏သွေးထဲမှထွက်လာသည့် ရိုသေကျိုးနွံမှုမျိုးဖြစ်သည်။ ထို့ကြောင့် လက်ရှိဗဟိုဧကရာဇ်မှာ ချက်ချင်းပင် ဒူးထောက်ချလိုက်တော့သည်။
သူသည် မဟာကောင်းကင်သခင်ကြောင့် ရုပ်သေးရုပ်ခေါင်းဆောင်တစ်ယောက်အသွင် ဖြစ်နေရပြီး ထိုလူအား လုံးဝဒူးထောက်မည်မဟုတ်ပါသော်လည်း ယခုတွင်မူ ပိုင်ရှောင်ချန်းအား ဒူးထောက်အရိုအသေပေးနေပြီဖြစ်သည်။ အတိတ်က ဤကဲ့သို့ သူ ဒူးထောက်အရိုအသေပေးခဲ့ဖူးသူမှာ... သင်္ချိုင်းစောင့်ကြီးသာ ရှိသည်။
" ကွေ့အန်တောက် ဂါဝရပြုပါတယ် ဗဟိုဘိုးဘေးကြီး ခဗျား "
( ' ကွေ့ ' ဆိုသည့် စကားလုံးမှာ ဗဟိုဧကရာဇ်ဆိုသောစကားလုံးထဲတွင် ' ဗဟို ' ဟုအဓိပ္ပါယ်ရသည်။ သာမန်ဆိုလျှင် နာမည်တစ်ခု ဖြစ်ရမည်သာဖြစ်သည်။ နာမည်အဖြစ်အသုံးပြုပါက ' ဗဟို ' ဟု ပြန်ဆိုလျှင် အဓိပ္ပါယ်ရှိမည်မဟုတ်။ သို့သော် ခြုံငုံလိုက်ပါက အစိုးရနှင့်ဆိုင်သောအမည်နှင့် ခေါင်းစဥ်တွင် နာမည်အဖြစ် အသုံးပြုလျှင် မသင့်တော်ပေ။ ထိုသို့မဟုတ်ပဲ ' ကွေ့ဧကရာဇ် ' ဟုသုံးပါက အဓိပ္ပါယ်ရှိမည်မဟုတ်။ ဤ နာမည်၏ အဓိပ္ပါယ်မှာ အရေးပါပြီး နာမည်အဖြစ်အသုံးပြုသည့် အကြိမ်အရေအတွက် မရှိသလောက်နည်းသဖြင့် ရှေ့အပိုင်းများတွင် ' ဗဟို ' ဟူ၍ ပြန်ဆိုခဲ့ခြင်းဖြစ်သည် )
ဗဟိုဧကရာဇ် ဒူးထောက်ချလိုက်သောအခါ အခြားသော ဗဟိုဧကရာဇ်သွေးမျိုးဆက်၏ သားစဥ်မြေးဆက်များမှ လူများစွာ လေပေါ်သို့ပျံတက်သွားကြပြီး စိတ်အားထက်သန်စွာ နှုတ်ခွန်းဆက်သလိုက်ကြတော့သည်။
သူတို့၏ အော်ဟစ်နေသံများ ဗဟိုဧကရာဇ်မြို့တော်တစ်ခွင် ပျံ့နှံ့သွားကြသဖြင့် ဝိညာဥ်ကျင့်ကြံသူများ၊ ကောင်းကင်မြို့စားများနှင့် ကောင်းကင်နယ်စားများ အတိုင်းသားကြားလိုက်ရတော့သည်။ သူတို့သည်လည်း သူတို့၏ စိတ်ဝိညာဥ်များထဲမှ အလိုအလျောက်ပေါ်ထွက်လာသည့် တိုက်တွန်းချက်များအတိုင်း ဒူးများထောက်လိုက်ကြပြီး ပိုင်ရှောင်ချန်းအား ဦးချ၍ အရိုအသေပေးလိုက်ကြသည်။
" နှုတ်ခွန်းဆက်သပါတယ် ဗဟိုဘိုးဘေးကြီး "
" နှုတ်ခွန်းဆက်သပါတယ် .. ဗဟိုဘိုးဘေးကြီးခင်ဗျား "
ဝိညာဥ်ကျင့်ကြံသူများ၏ အရူးတစ်ပိုင်း အော်ဟစ်သံများ လေထဲ ပြည့်နှက်သွားစဥ် သရဲကြီးဘုရင်နှင့် သူ၏အပေါင်းအပါ နတ်ဘုရားတစ်ပိုင်းအဆင့် ကောင်းကင်ဘုရင်များသာမက ကောင်းကင်တံတားဒေသမှ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူခြောက်ယောက်သည်ပင်လျှင် အလွန်အမင်း အံ့အားသင့်သွားကြတော့သည်။ ဘုန်းတန်ခိုးမြင့်မားလှပါသည်ဆိုသော သူတို့လို နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများပင်လျှင် သူတို့၏ဝိညာဥ်များမှာ သူတို့အားဆောင့်ဆွဲ၍ မြေပြင်ပေါ်ရှိ အခြားကျင့်ကြံသူများ လုပ်နေသည့်အတိုင်း လိုက်လုပ်ရန် တွန်းအားပေးနေသကဲ့သို့ ခံစားနေရသည်။
ထိုအချင်းအရာသည်ကား ဤကမ္ဘာကြီးထဲရှိ လူတိုင်း စတင်မွေးဖွားလာခဲ့သည့် အချိန်ကတည်းက သူတို့၏ ဝိညာဥ်များအပေါ်တွင် တံဆိပ်ခတ်ခဲ့သည့် အမှတ်အသားတစ်ခုကြောင့် ဖြစ်ပေသည်။ ယခုတွင် ထိုအမှတ်အသားမှာ သူတို့အား ပိုင်ရှောင်ချန်းသည် သူတို့၏ ဧကရာဇ်ဖြစ်ကြောင်း ပြောပြနေပြီဖြစ်သည်။
ပိုင်ရှောင်ချန်း၏ သွေးမှ ထွက်ပေါ်နေသည့် စွမ်းအားကြောင့် သူတို့၏ စိတ်နှလုံးများထဲတွင် ရိုသေကျိုးနွံမှုများဖြင့် ပြည့်နှက်နေပြီး သူ့ထံမှ သက်ရောက်နေသည့် နှိုင်းယှဥ်၍မရနိုင်လောက်အောင် စွမ်းအားကြီးမားသည့် ဖိအားကြီးကြောင့် အလွန်အမင်း တုန်လှုပ်နေကြတော့သည်။
သရဲကြီးဘုရင်မှာ ပထမဆုံး တုံ့ပြန်လိုက်သည်။ သူသည် တရိုတသေဦးညွှတ်၍ ဆိုလိုက်သည်။
" နှုတ်ခွန်းဆက်သပါတယ် ဗဟိုဘိုးဘေးကြီး "
ထို့နောက် ဝိညာဥ်ခရီးဘုရင်၊ သောကကင်းဝေးကိုးသွယ်ဘုရင်နှင့် စစ်အောင်ဘုရင်တို့မှာလည်း ထိုနည်းတူပင်။ သူတို့၏နောက်တွင် မဟာကောင်းကင်သခင်မှာလည်း အဓိပ္ပါယ်ပါသော ခံစားချက်များနှင့် ရိုသေလေးစားမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဦးညွှတ်လိုက်ပြန်သည်။
ကောင်းကင်တံတားဒေသမှ ထိပ်သီးခြောက်ယောက်အပေါ်ရှိ ဖိအားကြီးမှာ ပို၍ပင် အားပြင်းပေသည်။ သူတို့သည် ကောင်းကင်ဧကရာဇ်ထံမှ ဖိအားများကြောင့်သာမက သူတို့၏ဝိညာဥ်များမှ အလိုအလျောက်ပေါ်ထွက်လာသည့် ရိုသေကျိုးနွံမှုကြောင့် တုန်ရီနေကြတော့သည်။ သူတို့ခြောက်ဦးစလုံး ချက်ချင်းပင် ခံစားချက်ပေါင်းစုံ လွှမ်းမိုးသွားကြတော့သည်။
သူတို့သည် အချိန်အတော်အတန် ကြာအောင် ရုန်းကန်နေပါသော်လည်း ပိုင်ရှောင်ချန်းက သူတို့အား လှမ်းကြည့်လိုက်ပြီး သူတို့၏ဝိညာဥ်များနှင့် ချိတ်ဆက်လိုက်သကဲ့သို့ဖြစ်သွားသောအခါ သူတို့၏အသိစိတ်များ တုန်လှုပ်ခြောက်ခြားကာ ဂယောင်ခြောက်ခြားဖြစ်သွားကြတော့သည်။
ထိုအချိန်တွင် ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီး အပါအဝင် သူတို့အားလုံး အကြည့်များလွှဲလိုက်ကြပြီး တရိုတသေ ဦးညွှတ်၍ ဂါဝရပြုလိုက်ကြသည်။
ထိုအခါ ကောင်းကင်တံတားဒေသမှ ကျင့်ကြံသူများအားလုံးသည်လည်း သူတို့၏ ဝိညာဥ်များထဲမှ အလားတူလှုံ့ဆော်မှုများကို ခံစားလိုက်ရပြီး စတင် ဦးညွှတ်လာကြတော့သည်။ ကြောက်မက်ဖွယ် အသံလှိုင်းကြီးများကား မြေရိုင်းဒေသတစ်ခွင် ပြည့်နှက်သွားတော့သည်။
" နှုတ်ခွန်းဆက်သပါတယ် ဗဟိုဘိုးဘေးကြီးခင်ဗျား "
ပိုင်ရှောင်ချန်းသည် သူ့အား လူအများက ဝိုင်းကြည့်နေပြီး သူ၏ဂုဏ်ကျက်သရေကို ကြည်ညိုကိုးကွယ်နေကြသည့် အခြေအနေသို့ရောက်ရန် ဟိုးယခင်တည်းက စိတ်ကူးခဲ့သည်။ သို့သော် ယခုတွင် ထိုအချင်းအရာများမှာ သူ့အား ပျော်ရွှင်မှုများ မပေးစွမ်းနိုင်တော့ပေ။ သူသည် ပတ်ပတ်လည်ရှိ ခယဝပ်တွားနေကြသော လူအုပ်ကြီးကို ခေတ္တမျှကြည့်လိုက်ပြီး ကောင်းကင်တံတားကျွန်းဆီသို့ အာရုံလွှဲလိုက်တော့သည်။
ထိုအခါ သူ၏မျက်ဝန်းများမှာ ချက်ချင်းပင် နီမြန်းသွားပြီး သတ်ဖြတ်လိုသော အခိုးအငွေ့များ စတင် ထွက်ပေါ်လာတော့သည်။ သူသည် လူတိုင်းကို လျစ်လျူရှုလိုက်ပြီး လှစ်ခနဲလှုပ်ရှားကာ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများကိုပင် တုန်ရီသွားစေနိုင်သည့် လေပြင်းတစ်ခုအသွင်ပြောင်းလဲကာ ကောင်းကင်တံတားကျွန်းဆီသို့ ဦးတည်သွားတော့သည်။
ထိုအနီးသို့ ရောက်သွားသောအခါ သူသည် အမုန်းတရားများ၊ ဒေါသများဖြင့်ပြည့်နှက်နေပြီး ဤကမ္ဘာထဲရှိ လူတိုင်း၏နားထဲတွင် ရိုက်ခတ်သွားစေသည့်အသံကြီးဖြင့် ဆိုလိုက်တော့သည်။
" ကောင်းကင်တံတားတာအို ... ခင်ဗျားကြီးဘာလို့ အသက်ရှင်နေရသေးတာတုန်း... "