တစ်ရက်လျှင် ဆေး (၁၄) သုတ်
Vol. 13 Ch. 123
မယားထိ ဓားကြည့်ဆိုသည့်အတိုင်း ရွှတ်နောက်နောက် လော့ချန်တစ်ယောက် အရှုံးပေး တောင်းပန်လိုက်တော့မှပင် ချင်လျန်ချန်းနှင့် သူ၏ ကလေးကလားရန်ပွဲလေးမှာ ငြိမ်းအေးစွာ အဆုံးသတ်သွားခဲ့လေသည်။
ချင်လျန်ချန်းမှာ အစပိုင်းတွင် ဒေါပွသွားသော်လည်း လော့ချန်၏ အကျင့်စရိုက်ကို သိရှိပြီးဖြစ်ရာ ဤသည်မှာ နောက်ပြောင်ခြင်း သက်သက်သာဖြစ်ကြောင်း နားလည်သဖြင့် စိတ်ထဲတွင် အငြိုးမထားဘဲ ခွင့်လွှတ်ပေးလိုက်လေသည်။
သို့သော် ထိုဖြစ်ရပ်ပြီးနောက် မုရုံချင်းလျန်သည် လော့ချန်အတွက် ကျင့်ကြံဖော်ဇနီး ရှာပေးမည့် ကိစ္စအား တစ်ခါမျှ စကားမစလာတော့ပေ။
လော့ချန်တစ်ယောက် ဟာသဖြင့် ပါးနပ်စွာ၊ ခိုင်မာစွာ ငြင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သူမ သဘောပေါက်သွားခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် သူမ ခင်ပွန်းနှင့် သီးသန့် စကားပြောဖြစ်သောအခါ သူမ သက်ပြင်းချရင်း “လော့လေးက တာအိုလမ်းစဉ် ပေါ်မှာပဲ စိတ်နှစ်နေတာ” ဟု ပြောလေ့ရှိသည်။
သူမ ပြောသည်မှာလည်း မမှားပေ။
နောက်ပိုင်းရက်များတွင် လော့ချန်သည် အလုပ်ထဲ၌သာ နစ်မွန်းနေခဲ့သည်။
ဆေးလုံးများ ဖော်စပ်လိုက်၊ မနားတမ်း ကျင့်ကြံလိုက်ဖြင့် တိုးတက်မှု တစ်ခုတည်းကိုသာ အာရုံစိုက်ခဲ့သည်။ အပြင်ပန်းမှကြည့်လျှင် နှေးကွေးသည်ဟု ထင်ရသော်လည်း အမှန်မှာမူ ထိုသို့မဟုတ်ပေ။
တည်ငြိမ်သော ရင်းမြစ်များ မရှိသည့် တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက လော့ချန်၏ ကျင့်ကြံမှုနှုန်းမှာ ဓားအလင်းတန်းပေါ်တွင် ပျံသန်းနေသော ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကဲ့သို့ပင် မြန်ဆန်လှသည်။
သူ၏ လက်ရှိ အရှိန်အဟုန်အရ တစ်နေ့လျှင် တိုးတက်မှု အမှတ် တစ်မှတ် ရရှိခြင်းကပင် သုံးလ သို့မဟုတ် လေးလအတွင်း ချီသန့်စင် အဆင့် ၈သို့ ရောက်ရှိစေမည် ဖြစ်သည်။
ဂိုဏ်းကြီးများမှ အထူးချွန်ဆုံး ပါရမီရှင်များပင်လျှင် ထိုထက် များစွာ မမြန်နိုင်ပေ။
ဆေးဖော်စပ်ခြင်းအပိုင်းတွင်လည်း ယခုအခါ လေးရောင်ခြယ်ဆေးအိုးနှင့် အပြည့်အဝ ရင်းနှီးသွားပြီ ဖြစ်သဖြင့် လော့ချန်သည် သူ၏ လက်အောက်ငယ်သားများကို လုပ်ငန်းစဉ်တွင် ပြန်လည် ပါဝင်ခွင့် ပေးခဲ့သည်။
လူတိုင်းက မိမိတို့ တာဝန်ကို အသီးသီး ထမ်းဆောင်ကြသဖြင့် ထုတ်လုပ်မှုမှာ အရှိန်အဟုန် အပြည့် ရရှိလာခဲ့သည်။
လေးရောင်ခြယ်ဆေးအိုးသည် ဆေးအမယ် လေးသုတ်ကို တစ်ပြိုင်နက် ဖော်စပ်နိုင်သည်။
အခန်းငယ်တစ်ခုသို့ ရွှေ့ထားသော တိမ်စုပ်ဆေးအိုးမှာ နှစ်သုတ်စာကို ကိုင်တွယ်နိုင်သည်။ ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုမှာ တစ်သုတ်စာ လုပ်နိုင်သည်။
အားလုံးပေါင်းလိုက်လျှင် နံနက်တိုင်းတွင် ဆေး ခုနစ်သုတ်နှင့် မွန်းလွဲပိုင်းတွင် ခုနစ်သုတ် ဖော်စပ်နိုင်သည်။
တစ်ရက်လျှင် ဆေး (၁၄) သုတ် ဖြင့် ရရှိလာသော ၄၀% ဆေးအောင်မြင်မှု နှုန်း ဖြင့်ပင် တစ်ရက်လျှင် ကျောက်စိမ်းအမြုတေဆေးလုံး ၁၀၀ ကျော် ထွက်ရှိနေခြင်း ဖြစ်သည်။
အဘယ်ကြောင့် ၁၀၀ ကျော်သာ ထွက်ရှိသနည်းဟု မေးစရာရှိသည်။
အကြောင်းမှာ လော့ချန် ထုံးစံအတိုင်း ကြားထဲမှနေ၍ အချို့ကို အသာလေး ဖယ်ထုတ်ထားလိုက်သောကြောင့်ပင်။
သူသည် အဆင့်လတ်ဆေးလုံးများ ထွက်ရှိမှုကို ရည်ရွယ်ချက်ရှိရှိ လျှော့ပြထားသော်လည်း သူ၏ ဆေးဖော်စပ်မှုစွမ်းရည်မှာ ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိပြီး ငါးရက်အကြာတွင်ပင် ပါရမီရှင်အဆင့်သို့ တိတ်တဆိတ် ကူးပြောင်းသွားခဲ့ပြီဖြစ်သည်။
ပါရမီရှင်အဆင့်တွင် အောင်မြင်မှုနှုန်းမှာ ၅၀ ရာခိုင်နှုန်းသို့ တိုးတက်လာရုံတင်မကဘဲ၊ သာမန် အဆင့်နိမ့် ချီစွမ်းအင်ဖြည့်ဆေးလုံးများ၏ အာနိသင်နှင့် ယှဉ်နိုင်သော ထိပ်တန်းအဆင့် ကျောက်စိမ်းအမြုတေဆေးလုံးများကိုပင် သူ ဖော်စပ်နိုင်လာခဲ့ပြီ ဖြစ်သည်။
သို့သော် သတိကြီးလှသော လော့ချန်ကမူ ဤလျှို့ဝှက်ချက်ကို မည်သူမျှမသိအောင် သိမ်းဆည်းထားသည်။ ကျန်ရှိသော ဆေးလုံးများကို မစုဆောင်းမီနှင့် မှတ်တမ်းမတင်မီ ထိပ်တန်းအဆင့် ဆေးလုံးတိုင်းကို သူ တိတ်တဆိတ် သိမ်းဆည်းလိုက်သည်။
ပါရမီရှင်အဆင့် ရောက်ရှိသွားခြင်း၏ အကျိုးကျေးဇူးမှာ ဤမျှတင် မကသေးပေ။
သူ၏ ဆေးဖော်စပ်မှု နည်းစနစ်များမှာ သိသိသာသာ ထက်မြက်လာပြီး ဆေးလုံးအရည်အသွေးကို ထိန်းချုပ်နိုင်စွမ်းမှာလည်း အံ့ဖွယ်တစ်သောင်းဆေးလုံးတွင် သူ ရရှိခဲ့သော အောင်မြင်မှုများနှင့် တူညီလာသည်။
သူ၏ အလုပ်သင်များနှင့် မီးထိန်းသူများကို အခြေခံ နည်းစနစ်အချို့ သင်ကြားပေးခြင်းဖြင့် လော့ချန်သည် သူ၏ အလုပ်တာဝန်များကို သိသိသာသာ လျှော့ချနိုင်ခဲ့ပြီး လုပ်ငန်းစဉ်မှာ ပိုမို ချောမွေ့ကာ ပင်ပန်းမှုလည်း များစွာ သက်သာသွားခဲ့သည်။
….
တစ်လ ကြာပြီးနောက်….။
ဆေးဖော်ဆောင်၏ ဆေးသိုလှောင်ခန်းအတွင်း စီကုန်းရှိုးကျားနှင့် ကူချိုင်ယီ တို့သည် စနစ်တကျ တံဆိပ်ကပ်ထားသော စင်တန်းများဘေးတွင် ရပ်လျက် ကျောက်စိမ်းအမြုတေဆေးလုံးများ ရေတွက်ခြင်းကို ကြီးကြပ်နေကြသည်။
ကျောက်စိမ်းအမြုတေဆေးလုံး အသုတ်တိုင်းကို ဆေးထိန်းသိမ်းသူများက ဂရုတစိုက် မှတ်တမ်းတင်ထားပြီး၊ အဆင့်နှင့် ထုတ်လုပ်သည့် အချိန်အလိုက် ပုလင်းများထဲ ထည့်ကာ သိုလှောင်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ရေတွက်ခြင်း လုပ်ငန်းစဉ်မှာ အထူးပင် ချောမွေ့နေသည်။
မိနစ်အနည်းငယ်အတွင်းမှာပင် စီကုန်းရှို့ကျား၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်လျက် ထွက်ပေါ်လာသည်။
“အဆင့်နိမ့် ကျောက်စိမ်းအမြုတေဆေးလုံး ၂၈၀ ပုလင်း"
“အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံး ၁၂၀ ပုလင်း"
ဖိုရှန်းဂိုဏ်းတွင် အဆင့်နိမ့်ဆေးလုံးတစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး (၁၀) တုံး၊ အဆင့်လတ်တစ်ပုလင်းလျှင် (၅၀) တုံးဖြင့် ရောင်းချခြင်း ဖြစ်သည်။ တွက်ချက်ကြည့်ပါက ဤဆေးလုံးများမှ ရရှိမည့် ဝင်ငွေမှာ ဝိညာဉ်ကျောက်တုံးပေါင်း ၈၈၀၀ ခန့်ရှိပေမည်။
နောက်ဆုံး အရေအတွက်ကို သိရပြီးနောက် စီကုန်းရှို့ကျားသည် နံရံကိုမှီ၍ အေးအေးလူလူ ရပ်နေသော လော့ချန်အား မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။
လော့ချန်၏ ပုံစံမှာ တည်ငြိမ်လွန်းနေသဖြင့် စီကုန်းရှို့ကျား၏ မျက်လုံးများထဲတွင် လေးစားမှုများ အထင်းသား ပေါ်လာတော့သည်။
ဘေးနားရှိ ကုချိုင်ယီဆိုလျှင်လည်း တံတွေးကို အနိုင်နိုင် မျိုချနေရသည်။ လော့ချန် ဤမျှများပြားသော ဝိညာဉ်ကျောက်တုံးများ ရှာဖွေနိုင်သည်ကို သူမ အံ့အားသင့်နေမိသည်။
သူတို့နှစ်ဦး စကားမဟနိုင်ခင်မှာပင် လော့ချန် သူတို့အား စိတ်ဝင်တစား မရှိဟန်ဖြင့် လှမ်းကြည့်လိုက်သည်။
"ဘာလို့ ကျွန်တော့်ကို စိုက်ကြည့်နေကြတာလဲ၊ ဆေးသယ်ယူရေးအဖွဲ့ကို အသင့်ပြင်ပြီး ဆိုင်တွေကို ပို့ဖို့လုပ်တော့လေ" ဟု ဆိုရင်း ဝတ်စုံလက်အင်္ကျီကို ခါထုတ်လိုက်ကာ ချက်ချင်းပင် လှည့်ထွက်သွားလေသည်။ သူရှာဖွေပေးခဲ့သော မယုံနိုင်စရာ အမြတ်အစွန်းများအပေါ် စိုးစဉ်းမျှ စိတ်လှုပ်ရှားပုံမပေါ်ပေ။
သူ ထွက်သွားပြီးနောက် စီကုန်းရှိုးကျားနှင့် ကူချိုင်ယီတို့မှာ ကြောင်တောင်တောင်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကျန်ရစ်ခဲ့သည်။
ဘယ်တုန်းကတည်းက လော့ချန်က ဝိညာဉ်ကျောက်တွေအပေါ် စိတ်မဝင်စားတော့တာလဲ….။
လော့ချန် တကယ်ပဲ စိတ်မဝင်စားတာလား….။
ထိုသို့မဟုတ်ပေ။ လော့ချန်သည် ဤရောင်းရငွေ၏၂၀% ကို ရရှိမည်ဖြစ်သည်။ သို့သော် သူ စိတ်မပါသလို ဖြစ်နေရသည့် အကြောင်းရင်းမှာကား နောင်တရနေသောကြောင့်ဖြစ်သည်။
သူ့ကိုယ်ပိုင်လုပ်ငန်းသာဖြစ်ပါက သူ့အနေဖြင့် ဆေးဖော်စပ်မှုနှုန်းကို တမင်သက်သက် လျှော့ချနေစရာမလိုပဲ အစွမ်းကုန် ဆေးဖော်စပ်နိုင်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ယနေ့ သိုလှောင်ခန်းထဲ၌ အဆင့်နိမ့်၊ အဆင့်လတ်ဆေးလုံး ပုလင်းလေးရာခန့်သာ ရှိနေမည်မဟုတ်ပေ။
သူသာ အားမနာတမ်း ဖော်စပ်ပါက အကုန်လုံးနီးပါးအား ထိပ်တန်းအဆင့် ဆေးလုံးများ ဖြစ်အောင် ဖန်တီးနိုင်ပေသည်။
ထိပ်တန်းအဆင့် ဆေးလုံးများ၏ တန်ဖိုးမှာ ဝိညာဉ်ဆေးနန်းဆောင်၏ ချီစွမ်းအင်ဖြည့်ဆေးလုံးများနှင့် ရင်ပေါင်တန်းနိုင်ကြောင်း လော့ချန် သိရှိနေသည်။
ဤသည်မှာ ဝိညာဉ်ကျောက်တုံးပေါင်း သောင်းနှင့်ချီ၍ ရရှိနိုင်သည်ဟု ဆိုလိုခြင်းပင်။
လော့ချန် သက်ပြင်းချလိုက်သည်။
“ငါ့ရဲ့ ကျွမ်းကျင်မှုကို ဆက်ပြီး ဖုံးကွယ်ထားမှ ဖြစ်မယ်၊ မဟုတ်ရင် မီရှုဟွာတောင် ငါ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
နောင်တမှာ ခဏသာဖြစ်သည်။ ထိပ်တန်းအဆင့်ဆေးလုံးများအား ပေါ်တင်မရောင်းနိုင်သော်လည်း သူကိုယ်တိုင် သုံးစွဲရန်အတွက်မူ တိတ်တဆိတ် သိမ်းဆည်းထားနိုင်သည် မဟုတ်ပါလော။
သူ့၏ ကျင့်ကြံမှုမှာ ဆေးယဉ်ပါးမှုကြောင့် ချီစွမ်းအင်ဖြည့်ဆေးလုံးများ သုံး၍မရသည့် အခြေအနေသို့ ရောက်နေသော်လည်း၊ ကျောက်စိမ်းအမြုတေဆေးလုံးကမူ ဆေးယဉ်ပါးမှု မရှိသေးပေ။
ပို၍ ထူးခြားသည်မှာ လွန်ခဲ့သည့် ရက်ဝက်ခန့်မှစ၍ ထိပ်တန်းအဆင့် ဆေးလုံးများသည် ဘေးထွက်ဆိုးကျိုးဖြစ်သော ဒန်တျန် ကျောက်စိမ်းအသွင်ပြောင်းလဲခြင်းကိုပင် မဖြစ်စေတော့ကြောင်း လော့ချန် ရှာဖွေတွေ့ရှိခဲ့သည်။
ဤသည်မှာ ဆေးလုံးများအား စိတ်ကြိုက်မှီဝဲကာ အရှိန်အဟုန်ဖြင့် ပြန်လည်ကျင့်ကြံနိုင်ပြီဟု ဆိုလိုခြင်းပင်။ ချီသန့်စင် အဆင့် (၈) မှာ လက်တစ်ကမ်းသို့ ရောက်ရှိလာပြီ ဖြစ်သည်။
….
နေမဝင်မီ လော့ချန်သည် ဆေးဖော်ဆောင်၏ အတွင်းပိုင်း ကျင့်ကြံသူ အားလုံးကို စုဝေးလိုက်သည်။
လူပေါင်း ဒါဇင်နှင့်ချီ၍ သူ့ရှေ့တွင် ရပ်နေကြပြီး၊ သူတို့၏ မျက်နှာများတွင် စိုးရိမ်စိတ်မှ စပ်စုလိုစိတ်အထိ အမူအရာမျိုးစုံ ရှိနေသည်။
သို့သော် လော့ချန်မှာမူ လက်နှစ်ဖက်ကို နောက်ပစ်လျက်၊ သူတို့ရှေ့တွင် ဖြည်းညှင်းစွာ လမ်းလျှောက်နေစဉ် အလွန်ပင် တည်ငြိမ်နေပုံရသည်။
"ဒီလရဲ့ ထုတ်လုပ်မှုပမာဏကို မင်းတို့အားလုံး ကြားသိပြီးလောက်ပြီထင်တယ်" ဟု သူ ခပ်အေးအေးပင် ဆိုလိုက်သည်။
"ငါ တစ်ခု ရှင်းရှင်းလင်းလင်း ပြောပါရစေ၊ ဒါဟာ ငါတစ်ယောက်တည်းရဲ့ အောင်မြင်မှုမဟုတ်ဘဲ မင်းတို့အားလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ ဖြစ်တယ်"
သူ လမ်းလျှောက်ခြင်းကို ရပ်လိုက်ကာ အသံကို ပိုမိုပြတ်သားအောင် လုပ်လိုက်သည်။
"ငါ ကတိပေးတယ်၊ ငါတို့တွေ အခုလို စည်းစည်းလုံးလုံးနဲ့ ဆက်လက်လုပ်ဆောင်သွားပြီး ထုတ်လုပ်မှုတွေ တိုးတက်နေသမျှ ကာလပတ်လုံး၊ မင်းတို့ရဲ့ ခံစားခွင့်တွေ တိုးမြှင့်ပေးဖို့အတွက် ဂိုဏ်းချုပ်ဆီ ငါကိုယ်တိုင် တင်ပြတောင်းဆိုပေးသွားမယ်၊ ဒါ ငါ့ရဲ့ ကတိပဲ"
ထို့နောက် ဝတ်ရုံလက်ကို တစ်ချက်ခါလိုက်ကာ ကျောခိုင်းလိုက်တော့သည်။
"ကဲ…. ဒါပါပဲ၊ အလုပ်ဆင်းလို့ရပြီ"
လော့ချန် စင်္ကြံလမ်းအတိုင်း ထွက်ခွာသွားစဉ် သူ့နောက်မှနေ၍ အော်ဟစ်သံများ ဆူညံသွားလေသည်။
အားလုံး၏ ရှေ့ဆုံးမှနေ၍ အသံအကျယ်ဆုံး အော်ဟစ်နေသူမှာ အဘိုးကြီး ချွီဟန်ချန်း ဖြစ်သည်။
“ဆေးဖော်ဆောင် ခေါင်းဆောင်လော့ သက်တော်ရာကျော် ရှည်ပါစေ"
မီးထိန်းသူ တစ်စုကလည်း နှလုံးသားထဲမှလာသော ကျေးဇူးတင်မှုများနှင့်အတူ ထပ်ဆင့် အော်ဟစ်လိုက်ကြသည်။ ကျန်ရှိသူများကလည်း လော့ချန်အား ချီးမွမ်းထောပနာပြုသည့် သီချင်းများ ဝိုင်းဝန်းသီဆိုကြတော့သည်။
လော့ချန်သည် ရက်ရောသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
သူသည် သူ့နောက်လိုက်များအား ကြင်နာစွာ ဆက်ဆံရုံတင်မက ထိုသူတို့၏ စားဝတ်နေရေးကိုလည်း အမြဲကြည့်ပေးတတ်သည်။
ကျင့်ကြံသူအချို့အား အကျိုးခံစားခွင့်များ ကြိုတင်ပေးထားဖူးရာ ယခုကဲ့သို့ ပေါ်တင်ကတိပေးလိုက်ခြင်းက သူတို့အား ရေရှည်တွင် ပိုမိုသစ္စာရှိလာအောင် လုပ်ပေးလိုက်သလို ဖြစ်သွားသည်။
…..
လော့ချန်သည် သူပေးခဲ့သော ကတိအပေါ်တွင် အကြာကြီး စဉ်းစားမနေပေ။
အမှန်စင်စစ် ကျင့်ကြံသူများ၏ အကျိုးခံစားခွင့် တိုးမြှင့်ပေးခြင်းမှာ သူ၏ ကိုယ်ပိုင်အိတ်ထဲမှ ထွက်သည်မဟုတ်ဘဲ ဖိုရှန်းဂိုဏ်းထံမှ ထွက်ခြင်း ဖြစ်သည်။
အသက်ကြီးသူများနှင့် အမျိုးသမီး ကျင့်ကြံသူများအား ကောင်းကောင်း ဆက်ဆံခြင်းမှာ ရေရှည်တွင် သူတို့အား ပိုမို ကြိုးစားအားထုတ်စေခြင်းသာ ဖြစ်သည်။ ထိုနည်းအားဖြင့် သူ၏ အလုပ်တာဝန်များလည်း ပေါ့ပါးသွားမည် ဖြစ်သည်။
ယနေ့တွင် သူသည် ကျင့်ကြံရန်အတွက် ဆေးဖော်ဆောင်၌ မနေတော့ပေ။ အချိန်အကြာကြီး နေပါက သံသယ ဖြစ်စေနိုင်သည်။
အမှန်စင်စစ် မြို့တွင်းပိုင်းသည်သာ ကျင့်ကြံရန်အတွက် သတ်မှတ်ထားသော နေရာဖြစ်သည်မဟုတ်ပါလော။
ထို့အပြင် စိတ်ငြိမ်အမွှေးတိုင်များ ကုန်ခမ်းနေပြီ ဖြစ်သဖြင့် အသစ်ဝယ်ရန်နှင့် အခြား ကိစ္စများအတွက် မြို့ထဲသို့ သွားရန် ရှိနေသည်။ ရှောင်ယွဲ့၏ လစဉ် အမြတ်ဝေစု ခွဲဝေရန် အချိန်လည်း ရောက်ပြီ ဖြစ်သဖြင့် နောက်လအတွက် ပစ္စည်းများကိုလည်း ပို့ဆောင်ပေးရမည် ဖြစ်သည်။
လော့ချန်သည် လေခွင်းအတတ်ကို အသုံးပြု ပျံသန်းရင်း သူ၏ အစောင့်အရှောက် နှစ်ဦးနှင့် စကားပြောကာ ရယ်မောနေခဲ့သည်။
“လွန်ခဲ့တဲ့ ငါးရက်က မြို့ပြင်ရပ်ကွက်မှာ ကျင့်ကြံသူတွေကြား ရန်ပွဲဖြစ်ပြီး အိမ်တန်းကြီးတစ်ခုလုံးကို မီးရှို့လိုက်တယ်လို့ ကြားတယ်၊ ဟုတ်လား….”
“ဟုတ်တယ်ဗျ….”
လျိုချန်းက အတင်းအဖျင်း ပြောရတော့မည်ဖြစ်၍ မျက်လုံးများ တောက်ပရင်း ပြန်ဖြေသည်။
“ဘယ်သူမှတော့ မသေပါဘူး၊ ဒါပေမဲ့ မီးရှို့တာက ကိစ္စသေးသေးလေး မဟုတ်ဘူးနော်….”
လျိုချန်းသည် အတင်းအဖျင်း ပြောရသည်ကို ဝါသနာပါပြီး သူ သိသမျှကို လော့ချန်နှင့် အမြဲ မျှဝေတတ်သည်။
သူ၏ အမြင်အရ လူသတ်မှုမှာ အဆောက်အအုံ မီးရှို့ခြင်းလောက် အရေးမကြီးပေ။ ပိုင်ဆိုင်မှုများကို မီးရှို့ခြင်းမှာ ကျောက်စိမ်းအိုးဓားနန်းဆောင်၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အနေဖြင့် သည်းမခံနိုင်သော ကိစ္စဖြစ်သည်။
သူ အားရပါးရ ဆက်ပြောသည်။
“မြို့တွင်းပိုင်းက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကပါ ပါဝင်လာတာ၊ ပြစ်ဒဏ်ကတော့ တော်တော်ပြင်းတယ်ဗျ၊ ပျက်စီးဆုံးရှုံးမှုတွေကို လျော်ပေးရမယ့်အပြင်၊ အိမ်တွေကို ပြန်ဆောက်ပေးရတယ်၊ ပြီးတော့ တိုင်နီအကျဉ်းထောင် မှာ နှစ်ပတ်လောက် အကျဉ်းကျခံရသေးတယ်….”
"အဲဒီနောက် လူအုပ်ကြီးရှေ့ အဆုံးအဖြတ် စင်မြင့်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ပြန်တိုက်ခိုက်ရတာ၊ အနိုင်ရတဲ့သူကို လွှတ်ပေးပြီး၊ အရှုံးသမားကတော့ နောက်ထပ် လဝက်လောက် ဆက်ပြီး နေရပြန်ရော…."
လော့ချန် ဤအကြောင်းကို ကြားသောအခါ သဘောကျ၍ လက်ခုပ်တီးလိုက်မိသည်။
"ဒီလို ရာဇဝတ်သားတွေကို ဖမ်းပြီး သူတို့လုပ်ရပ်အတွက် ပင်ပင်ပန်းပန်း အလုပ်ပြန်လုပ်ခိုင်းသင့်တာ အမှန်ပဲ၊ စင်ပေါ်မှာ တိုက်ခိုက်ခိုင်းတာကလည်း ဖျော်ဖြေရေးဖြစ်သလို လူမှုအဖွဲ့အစည်းအတွက်လည်း အကျိုးပြုတာပဲ…."
သူ ခေတ္တရပ်လိုက်ပြီးမှ မေးလိုက်သည်။
“ဒါနဲ့ ရွှမ်ယီအဖွဲ့ကော ဘာဖြစ်သွားလဲ…. မကြာသေးခင်က လော့ဝူတီရဲ့ လူတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြတယ် မဟုတ်လား”
လျိုချန်းက ပြုံးစိစိဖြင့် "အဲဒါက တောင်ပေါ်မှာ ပထမအဆင့် မိစ္ဆာသားရဲတစ်ကောင်ကို နှစ်ဖက်လုံးက ပြိုင်တူတွေ့သွားလို့ ပြဿနာတက်ကြတာပါ” ဟု ဆိုသည်။
“ဘယ်လို အဆုံးသတ်သွားလဲ"
“တစ်ဖက်ကို သုံးယောက်စီ စေလွှတ်ပြီး ယှဉ်ပြိုင်ခဲ့ကြတာ၊ ရွှမ်ယီအဖွဲ့က သုံးပွဲမှာ နှစ်ပွဲနိုင်ပြီး အမဲလိုက်ခွင့် ရသွားတယ်၊ ဒါပေမဲ့ သူတို့က သားရဲကို သတ်ပြီးတဲ့နောက်မှာ လော့ဝူတီ ကိုယ်တိုင် ပါဝင်လာပြီး....”
လော့ချန်၏ မျက်လုံးများ တောက်ပသွားသည်။
"သူ အကုန်လုံးကို သတ်ပစ်လိုက်တာလား"
“မဟုတ်ဘူး” ဟု လျိုချန်းက ပြုံးရင်း ပြောသည်။
“သူက အဲဒီ သားရဲရဲ့ အလောင်းကို သူတို့ဆီကနေ ဝယ်လိုက်တယ်၊ ပြီးတော့ အဲဒါကို ဆေးဝါးဆောင်နဲ့ သားရဲဆောင်ဆီ ပို့ပြီး ပြုပြင်ခိုင်းတယ်၊ ပြီးတော့ အမြတ်အများကြီးနဲ့ ပြန်ရောင်းလိုက်တာ”
‘တောက်…. အားလုံးက လော့ဝူတီ ဘယ်လောက် ရဲရင့်ကြောင်း ပြောနေကြတာ၊ တကယ်တော့ သူက လူလည်တစ်ယောက်ပဲ ဖြစ်နေတာပဲ….’
လော့ချန် နှုတ်ခမ်းကို မဲ့လိုက်သော်လည်း၊ ထို့နောက်တွင်မူ သူ၏ မျက်မှောင်များ ကြုတ်သွားပြီး သူ၏ အကြည့်မှာ အောက်ဘက်ရှိ အရိပ်ကျနေသော သစ်တောအုပ်တစ်ခုဆီသို့ ရောက်သွားသည်။
လျိုချန်းနှင့် ကျိုးယွမ်လီ နှစ်ဦးလုံးမှာ ရုတ်တရက် တင်းမာမှုကို သတိထားမိပြီး အသင့်အနေအထား ဖြစ်သွားကြသည်။ သူတို့၏ မျက်နှာများမှာ မှောင်ကျသွားသည်။
စက္ကန့်ပိုင်းအတွင်းမှာပင်….။
ဝုန်း….
တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အဆင့်မြင့် ကာကွယ်ရေး မှော်လက်နက်တစ်ခုမှာ အစွမ်းကုန် အသက်ဝင်လာခဲ့သည်။
လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသော အနက်ရောင် အလင်းတန်းတစ်ခုသည် လေထုအား ခွင်းကာ ပြေးဝင်လာလေသည်။
အောက်ဘက် တောအုပ်အတွင်း၌မူ အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူတစ်ဦးက လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ရပ်နေသည်။
သူသည် ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် အပေါ်သို့ မော့ကြည့်လိုက်ပြီး ဆိုလိုက်သည်။
“ထိပ်တန်းအဆင့် မှော်လက်နက်လား၊ ဒါကတော့ နည်းနည်း လက်ဝင်တော့မယ်ထင်တယ်”