← Chapters

လာအထင်သေးရင် ငရဲကိုဒိုး

Vol. 13 Ch. 125

လာအထင်သေးရင် ငရဲကိုဒိုး

Vol. 13 Ch. 125

“တောက်….သေစမ်းကွာ”

မီးခိုးရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် ကျိုးပဲ့နေသော သစ်ကိုင်းများနှင့် တစ်ဝက်တစ်ပျက် ခဲနေသော သစ်မြစ်များကို ကျော်လွှားကာ မြို့ပြင်အရပ်သို့ အသည်းအသန် ထွက်ပြေးရင်း ကျိန်ဆဲလိုက်သည်။

“ဆေးဖော်စပ်သူတွေဆိုတာ တိုက်ခိုက်ရေးမှာ အားနည်းပြီး အဆင့်တူ ကျင့်ကြံသူတွေထက် အများကြီး နိမ့်ကျရမှာ မဟုတ်ဘူးလား၊ သူက ဘယ်အချိန်ကတည်းက အဲဒီ ဓားအစီအရင်ကို ပြင်ဆင်ထားတာလဲ….”

သူ၏ လက်စွပ်တွင် သွေးများ စွန်းထင်နေပြီး သူ၏ ချီစွမ်းအင်မှာလည်း ထိတ်လန့်မှုကြောင့် မတည်မငြိမ် ဖြစ်နေသည်။

သူ၏ နောက်တွင်မူ ဝတ်စုံဖြူဝတ် လူငယ်တစ်ဦးသည် လေထဲတွင် တည်ငြိမ်စွာ ပျံသန်းနေပြီး လိုက်ပါလာနေသည်။ သူ၏ ဦးခေါင်းပေါ်တွင် တောက်ပသော ရောင်စုံအလင်းတန်းများ ဝန်းရံထားသည့် လေးရောင်ခြယ်ဆေးအိုး ဝဲပျံနေသည်။

ထွက်ပြေးနေသော ကျင့်ကြံသူသည် အံကိုကြိတ်လိုက်ရင်း မျက်နှာပျက်ယွင်းလျက် အသည်းအသန် ဖြစ်လာသည်။ ရုတ်တရက် သူ လေထဲတွင်ပင် ကိုယ်ကို လှည့်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။

“သေပေတော့”

သူ၏ လက်စွပ်ထဲမှ တောက်လောင်နေသော လှံတစ်စင်း ထွက်ပေါ်လာသည်။

၎င်းမှာ အနီရောင် မီးလျှံများ ဝန်းရံထားသည့် အဆင့်မြင့် မှော်လက်နက် တစ်ခု ဖြစ်သည်။ မီးတောက် အရှိန်အဝါများမှာ ပြင်းထန်လှပြီး လေထုထဲတွင် ဒေါသထွက်နေသော နဂါးတစ်ကောင် သားကောင်ထံသို့ တိုးဝင်သွားသည့်အလား အလင်းတန်းတစ်ခုအဖြစ် ပေါ်ထွက်လာသည်။

လော့ချန် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

‘ဆုတ်ခွာရင်း တိုက်စစ်ဆင်တဲ့ လှံချက်လား’

သူ ထိုသို့ စဉ်းစားရုံရှိသေး၊ လက်နက်မှာ သူ့ ရှေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ကျွီ.... ကျွီ….

ဆေးအိုး၏ ဘေးပတ်လည်ရှိ လေးရောင်ခြယ် အလင်းတန်းများသည် လှံ၏ ပြင်းထန်သော အင်အားအောက်တွင် တစ်လွှာပြီးတစ်လွှာ ပျက်စီးသွားတော့သည်။

အကာအကွယ် အလွှာမှာလည်း ဖိအားကြောင့် အသံများ ထွက်ပေါ်လာသည်။ လော့ချန် မျက်မှောင်ကြုတ်သွားခဲ့သည်၊ ဤလှံမှာ သာမန်မဟုတ်ကြောင်း သူ သိလိုက်သည်။ လေးရောင်ခြယ်ဆေးအိုးသည်ပင် ဤအင်အားကို ခက်ခက်ခဲခဲ ခုခံနေရသည်။

လော့ချန် စိတ်လှုပ်ရှားသွားကာ သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး ကာကွယ်ရေး မှော်စာရွက် ငါးရွက်ခန့်ကို ထုတ်ယူလိုက်သည်။

သူ တွန့်ဆုတ်ခြင်းမရှိဘဲ မှော်စာရွက်များကို အသက်သွင်းရန် ပြင်လိုက်စဉ်မှာပင် သူ၏ အသိစိတ်မှ တစ်ခုခုကို သတိပေးလိုက်သဖြင့် သူ ရပ်တန့်လိုက်သည်။

ရှူး….

ရုတ်တရက် လေပြေတစ်ခု တိုက်ခတ်လာသည်။

ရွှေရောင် အလင်းတန်းမှာ နောက်ဆုံးအကြိမ် ဝေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက်၊ တောက်လောင်နေသော လှံမှာ အရှိန်အားလုံး ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များမှာ လွင့်ပြယ်သွားပြီး ၎င်းမှာ မြေပြင်ပေါ်သို့ အန္တရာယ်မရှိဘဲ ပြုတ်ကျသွားခဲ့သည်။

လော့ချန် ကျွမ်းကျင်စွာဖြင့် လေထဲမှ ကျလာသော ထိုလှံကို ဖမ်းယူလိုက်သည်။

သူ မော့ကြည့်လိုက်သောအခါ မီရှုဟွာသည် သတိမေ့နေသော လူတစ်ယောက်ကို ထမ်းလျက် သူ့အား စိုးရိမ်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“မင်း အဆင်ပြေရဲ့လား….”

လော့ချန် သူ၏ ဝတ်ရုံပေါ်မှ နှင်းစများကို ခါထုတ်ရင်း တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော် အဆင်ပြေပါတယ်၊ ဒါပေမဲ့ ဂိုဏ်းချုပ်သာ နည်းနည်းလောက် နောက်ကျသွားရင် အစောင့်အရှောက်ကြီးနှစ်ယောက်ရဲ့ အလောင်းကိုပဲ လာကောက်ရတော့မှာဗျ”

လေးရောင်ခြယ်ဆေးအိုးမှာ သေးငယ်သွားပြီး လော့ချန်၏ သိုလှောင်အိတ်ထဲသို့ ပျောက်ကွယ်သွားသည်။ မီရှုဟွာသည် ဘာမှ ထပ်မပြောတော့ဘဲ သူ့အား လေပြင်းတစ်ခုနှင့်အတူ မကာ အနောက်တောင်ဘက်သို့ အလင်းတန်းတစ်ခုအလား ပျံသန်းသွားတော့သည်။

ပျံသန်းနေစဉ်အတွင်း သူတို့နှစ်ဦးလုံး စကားမပြောဖြစ်ကြပေ။

တောအုပ်စစ်တလင်းပေါ်မှ ဖြတ်ပျံသွားသောအခါ မီရှုဟွာသည် အောက်ဘက်မှ ပျက်စီးမှုများကို ငုံ့ကြည့်လိုက်သည်။

ပျက်စီးမှု အတိုင်းအတာကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး လော့ချန်အား အံ့သြသလို ကြည့်လိုက်မိသည်။

လော့ချန်ကမူ ဂရုမစိုက်သလို ပုခုံးတစ်ချက် တွန့်ပြလိုက်ပြီး မီရှုဟွာ လက်ထဲမှ သိုလှောင်အိတ်ကိုသာ မျက်စိပစ်ပြလိုက်သည်။

သူ၏ ဆိုလိုရင်းမှာ အလွန်ပင် ရှင်းလင်းလှပေသည်။

‘ရပြီ၊ မင်း ဘာပြောချင်လဲ ငါသိတယ်’ ဟူသော သဘောဖြင့် မီရှုဟွာ၏ မျက်နှာ တစ်ချက် တွန့်သွားပြီး ပြောလိုက်သည်။

“ဒီလူကို စစ်ဆေးမေးမြန်းပြီးတာနဲ့ သူ့ဆီမှာပါတဲ့ အရာအားလုံးက မင်းအပိုင် ဖြစ်စေရမယ်” ဟု စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်က တကယ်ကို ရက်ရောတာပဲဗျ” ဟုဆိုကာ လော့ချန် လက်မထောင်ပြလိုက်သည်။ သူ၏ ဂိုဏ်းချုပ်မှာ ဤကဲ့သို့ သေးနုပ်သော အရာများကို ဂရုစိုက်မည်မဟုတ်ကြောင်း သူ သိနေသည်။

မကြာမီ သူတို့နှစ်ဦးမှာ စိမ်းလဲ့မှော်ရုံတောသို့ ရောက်ရှိလာခဲ့သည်။ တစ်ချိန်က နှင်းများဖြင့် ဖုံးလွှမ်းနေသော တောအုပ်မှာ ပြင်းထန်သော တိုက်ပွဲကြောင့် မူလပုံစံ ပျောက်ကွယ်နေပြီ ဖြစ်သည်။

ခြောက်သွေ့နေသော သစ်ပင် အပိုင်းအစများမှာ မြေပြင်ပေါ်တွင် ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသည်။ မီတာနှင့်ချီ၍ ကျယ်ဝန်းသော တွင်းနက်ကြီး အချို့မှာလည်း မြေပြင်ပေါ်တွင် ဒဏ်ရာများအလား ရှိနေပြီး၊ အောက်ဘက် ငရဲဘုံသို့ ဦးတည်နေသကဲ့သို့ပင်။

လော့ချန် ကြက်သီးထသွားသည်။

ဒါက ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူတစ်ယောက်ရဲ့ ဖျက်ဆီးနိုင်စွမ်းလား….။

အဆုံးအဖြတ် စင်မြင့်ပေါ်တွင်မူ ပတ်ဝန်းကျင် ကန့်သတ်ချက်များနှင့် အစီအရင် ခင်းကျင်းမှုများကြောင့် အဆင့် ၉ ကျင့်ကြံသူတစ်ဦး၏ အစွမ်းအစအပြည့်ကို မမြင်ခဲ့ရခြင်း ဖြစ်သည်။

ယခုမှပင် ကျိုးယွမ်လီ အဘယ်ကြောင့် မိမိအား ချက်ချင်း ထွက်ပြေးရန် ပြောခဲ့သည်ကို သူ နားလည်သွားတော့သည်။

ဒီလောက် ကြီးမားတဲ့ အစွမ်းနဲ့ ယှဉ်ရင် သူကော ဘယ်နှစ်ချီ တောင့်ခံနိုင်ပါ့မလဲ….။

“ဂိုဏ်းချုပ်"

ကျိုးယွမ်လီ ရှေ့သို့ လှမ်းလာသည်။ သူ၏ ဝတ်စုံတွင် သွေးစွန်းနေသော်လည်း တည်ငြိမ်နေဆဲ ဖြစ်သည်။

“အဟွတ်…. ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"

လျိုချန်းမှာမူ သူ၏ အနောက်တွင် ယိုင်နဲ့နဲ့ ပါလာသည်။ သူ၏ တစ်ကိုယ်လုံးမှာ ဒဏ်ရာများနှင့် အညိုအမည်းများဖြင့် ပြည့်နှက်နေသည်။ သူ၏ နှုတ်ခမ်းများမှာ ဖြူဖျော့နေပြီး ဦးညွှတ်လိုက်စဉ်မှာပင် သူ၏ သွားများမှာ မထိန်းနိုင်အောင် တုန်ခါနေသည်။

မီရှုဟွာသည် ပျက်စီးနေသော တိုက်ပွဲမြေပြင်ကို ကြည့်လိုက်ပြီး သူ၏ အသံမှာ အေးစက်ကာ တိုးညှင်းနေသည်။

“ရန်သူ ခေါင်းဆောင်ကော….”

ကျိုးယွမ်လီက ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး “ခုလေးတင် ထွက်ပြေးသွားပါတယ်” ဟု ပြန်ဖြေသည်။

မီရှုဟွာ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

“ဟင်”

ကျိုးယွမ်လီက အံကြိတ်ရင်း ရှင်းပြသည်။

“ကျွန်တော်တို့ သူ့ကို အတတ်နိုင်ဆုံးတားပါသေးတယ်၊ သူ့မှာ ဒုတိယအဆင့် ရေရှောင်မှော်စာရွက် ရှိနေတယ်၊ သူက လျိုချန်းကို အထိနာအောင် တိုက်ပြီး အဲဒီ အချိန်‌ကိုအခွင့်‌ကောင်း ယူပြီး အကာအကွယ်ကို ဖောက် ပြေးသွားတာပါ”

မီရှုဟွာ၏ အကြည့်မှာ လျိုချန်းထံသို့ ရောက်သွားသည်။

လျိုချန်း၏ တစ်ကိုယ်လုံးမှာ ထိုပြင်းထန်သော အပြန်အလှန် တိုက်ခိုက်မှု၏ ဒဏ်ရာများဖြင့် ပြည့်နေသည်။

ဂိုဏ်းချုပ်သည် သက်ပြင်းကို ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးကို မှိတ်လိုက်သည်။ ခဏအကြာတွင် ကြီးမားလှသော ဝိညာဉ်အာရုံမှာ ဒီရေလှိုင်းအလား ပေါက်ကွဲထွက်ပေါ်လာပြီး နှင်းဖုံးနေသော ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

သူ့၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။

“ထွက်‌ပြေးသွားတာ ဒီဘက်လမ်းပဲ”

သူသည် အတည်ပြုချက်ကို စောင့်မနေတော့ပေ။ သူ၏ ဝတ်ရုံလက်ကို ခါလိုက်ပြီး သတိမေ့နေသော မီးခိုးရောင်ဝတ်စုံဝတ် ကျင့်ကြံသူကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

“သူ့ကို စောင့်ကြည့်ထား၊ ကျန်းဝမ်က တပ်ကူတွေခေါ်ပြီး လာနေပြီ၊ သူ လော့ချန်ကို ဂိုဏ်းဌာနချုပ်ဆီ ပြန်ပို့ပေးလိမ့်မယ်” ဟု မှာကြားလိုက်သည်။

ထို့နောက် သူသည် လေထဲတွင် လခြမ်းပုံသဏ္ဌာန် အလင်းတန်းတစ်ခုကိုသာ ချန်ထားရစ်ရင်း ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။ သူ၏ အရှိန်မှာ ကောင်းကင်ယံကို ဖြတ်ပြေးသွားသော ဥက္ကာခဲတစ်ခုအလား အသက်ရှူမှားလောက်စရာပင် ဖြစ်သည်။

မီရှုဟွာ ထွက်သွားပြီးနောက် ကျိုးယွမ်လီမှာ ကင်းစောင့်နေပြီး လျိုချန်းကမူ ဒဏ်ရာ ကုသရန်အတွက် ချက်ချင်း ထိုင်ချလိုက်သည်။

လော့ချန်မှာမူ အချိန်မဖြုန်းပေ။ သူသည် သတိမေ့နေသော ကျင့်ကြံသူ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ၏ ပစ္စည်းများကို စတင် ရှာဖွေတော့သည်။

“သိုလှောင်အိတ်၊ ယူပြီကွာ၊ ဝတ်စုံကလည်း အဆင့်မြင့်မှော်ဝတ်ရုံပဲ၊ အဲ့ဒါကြောင့် ငါ့လက်က‌နေ လွတ်တာကို၊ ဒါလည်း ချွတ်ယူထားမှ….”

“တခြား ဘာရှိသေးပါလိမ့်” စသဖြင့် တစ်ယောက်တည်း ရေရွတ်နေသည်။

ပြီးနောက် မတ်တတ်ရပ်လိုက်ပြီး မြေပြင်ပေါ်သို့ ရွံရှာစွာဖြင့် တံတွေးတစ်ချက် ထွေးလိုက်သည်။

“တောက်.... ငမွဲပဲ”

ကျိုးယွမ်လီ မနေနိုင်ဘဲ မေးလိုက်သည်။

“ခေါင်းဆောင်လော့.... ကျန်တဲ့ ရန်သူနှစ်ယောက်ကော”

“သေပြီလေ”

လော့ချန် တွန့်ဆုတ်ခြင်းမရှိဘဲ ဖြေလိုက်သည်။

“တစ်ယောက်ကတော့ ခန္ဓာကိုယ်ပါ အစအနမကျန် ပျောက်ကွယ်သွားပြီး၊ ကျန်တဲ့တစ်ယောက်ကတော့ ပြာဖြစ်သွားပြီ။ သူတို့ကလည်း ငမွဲတွေပဲ၊ သိုလှောင်အိတ်လည်း မရှိ၊ မှော်ဝတ်ရုံလည်း မပါ၊ အဝတ်အစားကောင်းကောင်းတောင် ချန်မထားဘူး”

သူသည် သတိမေ့နေသော လူအား ခြေထောက်ဖြင့် အသာအယာ ကန်လိုက်ပြီး ဆိုသည်။

“ဘယ်လို လူမျိုးတွေလဲ၊ နေ့ခင်းကြောင်တောင်ကြီးမှာ လာပြီး ဓားပြတိုက်နေကြတာ၊ ငါက ငါ့အဆင့်တူတွေထဲမှာ အနိုင်မရနိုင်တဲ့သူဆိုတာ သူတို့ မသိကြဘူးလား”

ကျိုးယွမ်လီနှင့် လျိုချန်းတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာတွင် ဖော်ပြရခက်သော အမူအရာများ ရှိနေသည်။

‘ဟမ်…. တိုက်ပွဲစတာနဲ့ သူက ပျောက်သွားတာ မဟုတ်ဘူးလား’ ဟု သူတို့နှစ်ဦးလုံး စိတ်ထဲ တွေးလိုက်မိကြသည်။

လော့ချန်ကမူ ပြုံးရုံသာ ပြုံးပြပြီး ရှင်းပြမနေတော့ပေ။ သူသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် သူ ရရှိထားသော ဆုလာဘ်သစ်များကို စစ်ဆေးကြည့်ရှုတော့သည်။

“အဆင့်မြင့်မှော်လှံတစ်လက်.... ဒါက တကယ့် ရှားပါးပစ္စည်းပဲ”

မီးဓာတ်ခံဖြစ်ပြီး လက်ရာမှာလည်း အလွန်ပင် လှပသည်။ လှံရိုးပေါ်တွင် ထွင်းထုထားသော အစီအရင်များသည် တိုက်ပွဲကြောင့် အထိအတွေ့၌ နွေးနေဆဲပင်။

ဤသည်မှာ သူ၏ နွေဦးကျင့်စဉ်နှင့် အပြည့်အဝ မကိုက်ညီသော်လည်း၊ သူ၏ ဝိညာဉ်အမြစ် ငါးခုပါသော ခန္ဓာကိုယ်ကြောင့် အနည်းငယ်တော့ အသုံးပြုနိုင်သည်။

ကံမကောင်းစွာဖြင့်ပင် စောစောက ပြင်းထန်သော တိုက်ပွဲတွင် ကျောက်စိမ်းဓားသွားများကို အသက်သွင်းခြင်း၊ လေးရောင်ခြယ်ဆေးအိုးကို အသုံးပြုခြင်း၊ အတိုင်းအတာကြီးမားသော နွယ်ရှင်နှောင်ကြိုးမှော်အတတ် အသုံးပြုခြင်းနှင့် မီးလျှံပိုးအိမ်အတတ်များကို ထုတ်ဖော်ခဲ့ခြင်းကြောင့် သူ၏ ချီစွမ်းအားမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေသည်။ မဟုတ်ပါက သူ ဤမှော်လှံအား သေချာပေါက် စမ်းသပ်ကြည့်ဦးမည် ဖြစ်မည်။

စောစောက သူသည် ရေခဲဓာတ်ပါသော ပျံသန်းဓားတစ်စင်းကိုလည်း ရရှိခဲ့ပြီး၊ ၎င်းမှာလည်း ထိပ်တန်းအဆင့် ဖြစ်ပုံရသည်။ ခွန်အားမှာလည်း စွဲမက်ဖွယ်ကောင်းပြီး လှံထက် အနည်းငယ်သာ နိမ့်ကျသည်။ ကံကောင်းထောက်မစွာဖြင့် သူ ကြိုတင်ပြင်ဆင်ထားပြီး လေးရောင်ခြယ်ဆေးအိုးဖြင့် ပိတ်ဆို့နိုင်ခဲ့ခြင်း ဖြစ်သည်။

လော့ချန် ကျေနပ်စွာ တွေးလိုက်မိသည်။

“အင်း…. ဒီ‌နေ့ကတော့ တကယ် အမြတ်ထွက်တာပဲ၊ အဆင့်မြင့် တိုက်ခိုက်ရေး မှော်လက်နက် နှစ်ခု၊ အဆင့်မြင့် မှော်ဝတ်ရုံ တစ်ခု၊ ပြီးတော့ မဖွင့်ရသေးတဲ့ သိုလှောင်အိတ် တစ်လုံး၊ အထဲမှာ ဘာကောင်းတာတွေ ရှိဦးမလဲ မသိဘူး”

မကြာမီ အဝေးမှနေ၍ ခြေသံများနှင့် အဝတ်အစားများ လွင့်ခတ်သံများမှာ တစ်စက္ကန့်ထက် တစ်စက္ကန့် ပိုမို ကျယ်လောင်လာခဲ့သည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အခြားသူမဟုတ်ဘဲ သူ၏ မိတ်ဆွေကြီး ကျန်းဝမ် ဖြစ်သည်။

ကျန်ဝင်သည် အသည်းအသန် ပြေးလာခဲ့သဖြင့် မျက်နှာမှာ နီရဲနေသည်။ နှင်းဖုံးနေသော တောအုပ်ထဲသို့ ဆင်းသက်လိုက်သည်နှင့် လော့ချန်ထံသို့ စိုးရိမ်တကြီး ပြေးလာတော့သည်။

“မင်း အဆင်ပြေရဲ့လား၊ ဘယ်နားမှာ ဒဏ်ရာရသွားသေးလဲ၊ ဆေးလုံးတွေတော့ ဆက်ဖော်နိုင်ဦးမှာ မဟုတ်လား”

“အော်…. နောက်ဆုံးမေးခွန်းကို အဓိကသိချင်တာမလား” ဟု လော့ချန် ပြန်နောက်ကာ

မျက်လုံးတစ်ချက် ဝေ့လိုက်သည်။

“ကျွန်တော့် ကြည့်ရတာ ဒဏ်ရာရနေတဲ့ ပုံပေါက်လို့လား၊ တအား မစိုးရိမ်ပါနဲ့၊ လျိုချန်းကို နားဖို့အတွက် ပြန်ခေါ်သွားဖို့ လူတစ်ယောက် လွှတ်လိုက်ပါဦး”

ထို့နောက် သူသည် ဝတ်ရုံကို တစ်ချက်လှုပ်လိုက်ပြီး ဖိုရှန်းဂိုဏ်း၏ ဌာနချုပ်ဆီသို့ ပြန်လည် ပျံသန်းသွားတော့သည်။

ကျန်းဝမ်သည် ဒဏ်ရာရနေသော လျိုချန်းအား စောင့်ရှောက်ရန် ကျင့်ကြံသူနှစ်ဦးကို အမိန့်ပေးလိုက်သည်။ ထို့နောက် အချိန်မဖြုန်းတော့ဘဲ လေထဲသို့ ပျံတက်ပြီး လော့ချန်နောက်သို့ အမှီလိုက်လာလေသည်။

သူတို့နှစ်ဦး ဘေးချင်းယှဉ် ပျံသန်းနေစဉ် ကျန်းဝမ် အနားတိုးကာ ခပ်တိုးတိုး မေးသည်။

“ဟေ့…. မင်း ပြီးခဲ့တဲ့လက ဘာလို့ အံ့ဖွယ်တစ်သောင်းဆေးလုံးတွေ ဖော်တာ ရပ်လိုက်တာလဲ၊ ငါ့မှာ အနံ့လေးတောင် မရှူ ရဘူး”

“ဘာပြောတယ်”

လော့ချန် ခေါင်းကို သိသိသာသာ စောင်းလိုက်သည်။

“မကြားရဘူးဗျ၊ လေတွေ အရမ်းတိုက်နေတယ်”

“ငါက အံ့ဖော်တစ်သောင်းဆေးလုံးတွေ အကြောင်း ပြောနေတာ"

“မိတ်ဆွေကျန်း စိတ်မရှိပါနဲ့ဗျာ၊ ဘာပြောလိုက်တာလဲ၊ တကယ်မကြားရဘူးဗျ”

“အေး ဒီကောင်စုတ်…. နောက်တစ်ခါ မင်းကို လာမကယ်တော့ဘူး”

လော့ချန် ခပ်တိုးတိုး ရယ်မောလိုက်သည်။

“အော်... တကယ်တော့ ကျွန်တော့်ဆီမှာ အံ့ဖွယ်တစ်သောင်းဆေးလုံး အချို့ ပိုနေတာ ရှိတယ်ဗျ၊ ခင်ဗျားကို ပေးဖို့ စိတ်ကူးထားတာ၊ အဲဒါတွေက ထိပ်တန်းအဆင့်တွေ၊ အခုတော့ နှမြောစရာပဲဗျာ....”

“မိတ်ဆွေလော့ ဒီဘက်ကို ကြွပါခင်ဗျာ”

ဖိုရှန်းဂိုဏ်း ဌာနချုပ်သို့ ရောက်ရှိလာသည်နှင့် ကျန်းဝမ် စတင် အော်ဟစ်တော့သည်။

“လူတွေ ဘယ်ရောက်ကုန်လဲ၊ အားလုံး သေကုန်ကြပြီလား၊ မီးဖိုမှာ မီးမွှေးကြစမ်း၊ လက်ဖက်ရည်ပူပူ ပြင်ကြ၊ ဝိညာဉ်အားဖြည့်ဆေးတွေနဲ့ ဆေးကုသအဖွဲ့ကို အခုချက်ချင်း ခေါ်ခဲ့၊ ငါတို့ရဲ့ အဖိုးတန် ဆေးဖော်ခန်းမခေါင်းဆောင် လော့ချန် ဒီနေ့ လုပ်ကြံခံရလုနီးပါး ဖြစ်ခဲ့တာကို မင်းတို့ မသိကြဘူးလား”

လော့ချန်ကမူ ပျာပျာသလဲ ဖြစ်နေသည့် အလုပ်သမားများကြားမှ ရယ်ချင်ပတ်ကျိ အမူအရာနှင့် ဖြတ်လျှောက်သွားသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် ပေါ်လာသော ကျေနပ်သည့် အပြုံးကို သူ ဖုံးကွယ်ထားလိုက်သည်။

အရေးပါတဲ့သူ ဖြစ်ရတာကလည်း ကောင်းသားပဲ….။

All Chapters