တောင်းပန်ပါတယ်၊ ခင်ဗျားတို့ကို ငမွဲ တွေလို့ ခေါ်မိတာ စောသွားတယ်
Vol. 13 Ch. 127
မိမိ၏ ဖူးစာရေးကို တစ်စုံတစ်ယောက်က နောက်ကွယ်မှ ကြိုးကိုင်ကြံစည်ချင်နေသည်ကို လော့ချန်တစ်ယောက် မသိရှာပေ။
သူသည် ကျင့်ကြံသူ အစောင့်အရှောက်အချို့ ခြံရံလျက် မြို့လယ်ခေါင်ရှိ စည်ကားရာလမ်းမထက်သို့ ခန့်ညားထည်ဝါစွာ ပြန်လည်ဝင်ရောက်လာခဲ့သည်။
အချိန်စောနေသေးသည် ဖြစ်၍ လွန်ခဲ့သောလက အရောင်းစာရင်းများကို ရှင်းလင်းရန် ယွမ်မိသားစု၏ နေအိမ်သို့ ဦးစွာ ဝင်လိုက်သည်။
စာရင်းဇယားများကို စစ်ဆေးကြည့်သောအခါ မမျှော်လင့်ထားသည့် ပိုလျှံငွေများကို သူသတိထားမိသွားသည်။ ပုံမှန်ထက် ဝိညာဉ်ကျောက် ၅၀ ပိုနေခြင်းဖြစ်သည်။
"နတ်ပဲစေ့တွေက အရမ်းစားကောင်းလို့ ပိုဝယ်ချင်တယ်ဆိုတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တာ" ဟု ယွမ်ရှောင်ယွဲ့က ရှင်းပြသည်။
"ကျွန်မက ပုံမှန်ဖောက်သည်တွေရှိလို့ အကုန်မရောင်းနိုင်ဘူးလို့ ပြောပေမဲ့ သူက လက်မခံဘူး။ နောက်ဆုံးတော့ သူက ရှိသမျှအကုန်လုံးကို ဈေးပိုပေးပြီး သိမ်းကျုံးဝယ်သွားတာ။ အဲဒီကနေ ဝိညာဉ်ကျောက် ၅၀ ပိုထွက်လာတာပါပဲ"
လော့ချန်၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားသည်။
‘ဒါဆို သူတို့က ငါ့ကို ဓားပြတိုက်ဖို့အတွက် ငါ့ဆီကပစ္စည်းကို ဈေးပိုပေးပြီး အရင်းအနှီးစိုက်ခဲ့ကြတာပေါ့’
ခေတ္တစဉ်းစားပြီးနောက် လော့ချန်သည် အမြတ်ငွေများကို စတင်ခွဲဝေတော့သည်။
စုစုပေါင်းဝင်ငွေမှာ ဝိညာဉ်ကျောက် ခုနစ်ရာ ဖြစ်သည်။
ယခုအခါ သူသည် ပုံသေလစာပေးစနစ် မဟုတ်တော့သဖြင့် ယွမ်ရှောင်ယွဲ့အား သူမ၏ လစာ ဝိညာဉ်ကျောက် ၃၀ အပြင်၊ အရင်းအနှီးများနုတ်ပြီးနောက် ရရှိသည့် အမြတ်ဝေစုကိုပါ ပေးလိုက်သည်။
နတ်ပဲစေ့နှင့် ပြောင်းဖူးပေါက်ပေါက် အရင်းအနှီးမှာ စုစုပေါင်း ဝိညာဉ်ကျောက် တစ်ရာထက်မပိုပေ။
အမြတ်အစွန်းမှာ အတော်လေး များပြားလှသည်။ ထို့ကြောင့်လည်း လူအများအပြားက သူ၏လုပ်ငန်းကို လိုက်လံအတုခိုးနေကြခြင်း ဖြစ်သည်။
အကယ်၍ ဈေးကွက်သာ အကန့်အသတ်မရှိဘဲ ချဲ့ထွင်ရလွယ်ကူမည်ဆိုလျှင် လော့ချန်သည် ဆေးဖော်ဆောင်၏ နောက်ကွယ်တွင် စက်ရုံတစ်ရုံပင် တည်ထောင်ပြီးလောက်ပြီဖြစ်သည်။
သူ ငွေများကို ပေါ့ပေါ့ပါးပါးပင် ကမ်းပေးလိုက်သည်။
"ရော့... ဒါက မင်းရဲ့ ပုံသေလစာ ၃၀ နဲ့ အမြတ်ဝေစု ၃၀၊ ယူထားလိုက်"’
ယွမ်ရှောင်ယွဲ့သည် ဝိညာဉ်ကျောက်များကို စိတ်လှုပ်ရှားစွာဖြင့် လက်ခံလိုက်သည်။ သူမသည် ယခင်လို ဘာမှမသိသည့် မိန်းကလေးမဟုတ်တော့ပေ။
ကျောက်ဖြူရင်ပြင်တွင် လပေါင်းများစွာ ဖောက်သည်ပေါင်းစုံနှင့် ဆက်ဆံခဲ့ပြီးနောက် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး၏ ပျမ်းမျှဝင်ငွေကို သူမ နားလည်နေပြီဖြစ်သည်။
တစ်လလျှင် ဝိညာဉ်ကျောက် ၆၀ ဆိုသည်မှာ ချီသန့်စင် အစောပိုင်းအဆင့် ကျင့်ကြံသူအများစု၏ ဝင်ငွေထက် များစွာသာလွန်သည်။
အလယ်ပိုင်းအဆင့် ကျင့်ကြံသူအချို့ပင် ထိုထက်နည်း၍ ရတတ်သည်။ ဂိုဏ်းပိုင် အရောင်းဆိုင်များမှ အရောင်းစာရေးများပင် တစ်လလျှင် ပုံသေ ၅၀ သာ ရကြသည်။
ဤဝင်ငွေဖြင့် သူမ၏ ကျင့်ကြံခြင်းအရင်းအနှီးများမှာ အာမခံချက်ရှိသွားပြီး ချီသန့်စင်အဆင့် ၄ သို့ တက်လှမ်းရန်မှာလည်း လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာပြီဖြစ်သည်။
သူမ၏ စိတ်အားထက်သန်မှုကို ကြည့်ကာ လော့ချန် အသာအယာ ပြုံးရင်း မေးလိုက်သည်။
“လလယ်တုန်းက ငါလာပေးသွားတဲ့ နို့လက်ဖက်ရည်ကော ရောင်းရရဲ့လား”
သူမ၏ တောက်ပနေသော မျက်နှာလေးမှာ ချက်ချင်း ညှိုးငယ်သွားသည်။
“သိပ်မရောင်းရဘူးရှင့်.... ဈေးက အရမ်းကြီးနေတာကို၊ ပြီးတော့ ဖောက်သည်အများစုက ဈေးဝယ်ရင်း နာနတ်သီးဝိုင် သောက်ရတာကိုပဲ ပိုကြိုက်ကြတယ်လေ”
လော့ချန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
သူ ဖန်တီးထားသော နို့လက်ဖက်ရည်မှာ သာမန်လက်ဖက်ရည် မဟုတ်ပေ။ ၎င်းတွင် ဆေးဖော်ဆောင်၏ မြင့်မြတ်သော တောင်တန်းများပေါ်မှ နှစ်တစ်ရာသက်တမ်းရှိ လက်ဖက်ရွက်နုများ၊ သားရဲဆောင်မှ နွားမများ၏ နွားနို့လတ်လတ်ဆတ်ဆတ်နှင့် ကျောက်စိမ်းအမြုတေ ဆေးလုံးများ ဖော်စပ်ရာမှ ထွက်ပေါ်လာသည့် ဆန်းကြယ်သော ဝိညာဉ်ဆေးမှုန့်များကိုပါ ထည့်သွင်းထားခြင်း ဖြစ်သည်။
အရသာမှာလည်း ရှယ်ပင်။ သူကိုယ်တိုင် အသုတ်တိုင်းကို စေ့စပ်စွာ မြည်းစမ်းကြည့်ထားသဖြင့် ယုံကြည်ချက် အပြည့်ရှိသည်။
“တစ်ခွက်ကို ဝိညာဉ်ကျောက်တုံး ၅ ခုတောင် ဒီကောင်တွေက မဝယ်ကြဘူးလား၊ တောက်.... အစာကောင်းကို တန်ဖိုးမထားတတ်တဲ့ တောဝက်တွေပဲ ဖြစ်ရမယ်”
သူတို့သည် ဤမျှအဆင့်မြင့်လှသော ဖျော်ရည်ကိုမှ တန်ဖိုးမထားလျှင် သူလည်း ဗျူဟာပြောင်းကာ ပေါပေါပဲပဲထုတ်ကုန်များဖြင့်သာ ဈေးကွက် ထိုးဖောက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုအတွေးမှာ ချက်ချင်းပင် အမြစ်တွယ်သွားသည်။ သူသည် ဆေးဖော်ဆောင်ရှိ ကျင့်ကြံသူများ ပြင်ဆင်ထားသည့် နတ်ပဲစေ့များ၊ ပြောင်းဖူးပေါက်ပေါက်များနှင့် အမဲသားခြောက်များ ပြည့်နေသော သိုလှောင်အိတ်အချို့ကို ထုတ်ပေးလိုက်သည်။
လော့ချန် ပြောလိုက်သည်။
“ဒါက နောက်လအတွက် ပစ္စည်းတွေ၊ နောက်ဆို ငါ အလုပ်များနေမှာဆိုတော့ လာပို့နိုင်မှာ မဟုတ်တော့ဘူး၊ ပြီးတော့…. ဒီအဘိုးကြီးရဲ့ မျက်နှာကို မှတ်ထားလိုက်ဦး၊ ဟေ့ ခင်ဗျား နာမည် ဘယ်သူလဲ” ဟု ဘေးတွင် မတ်တပ်ရပ်နေသော အစောင့်အရှောက်သစ်ဘက်သို့ လှည့်မေးလိုက်သည်။
ထိုလူမှာ သိသိသာသာ တုန်လှုပ်သွားပြီး မျက်နှာကြီး နီရဲတက်လာသည်။
“ကျွန်တော့်နာမည်က တုန်းဖန်းလျန် ပါ၊ ကြည့်ရတာ အသက်ကြီးတယ်လို့ ထင်ရပေမဲ့ ကျွန်တော့်အသက်က ၅၀ ကျော်ပဲ ရှိပါသေးတယ်”
လော့ချန်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ထိုလူ၏ ပုခုံးကို ပုတ်လိုက်သည်။
"ခင်ဗျား နောက်ဆို ပစ္စည်းပို့တဲ့ တာဝန်ကို ယူရမယ်၊ ဒါက ယွမ်ရှောင်ယွဲ့၊ ခင်ဗျား သူ့ကို သိလောက်မှာပါ၊ ဆေးဖော်ဆောင် ခေါင်းဆောင်ဟောင်း ခုန်ပျံကျားရဲ့ သမီးပဲ၊ သူမက ကျွန်တော့်ရဲ့ စီးပွားဖက်နဲ့ ချန်ယွဲ့ မုန့်ဆိုင်ရဲ့ တာဝန်ခံပဲ၊ ကျွန်တော့်ကို ဆက်ဆံသလိုမျိုး သူ့ကို ဆက်ဆံပေးပါ၊ နားလည်လား"
တုန်းဖန်းလျန်၏ မျက်နှာမှာ ပို၍ နီမြန်းသွားပြီး အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့ပါ ခေါင်းဆောင်လော့”
လော့ချန် မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ကျောကို အသာအယာ ပုတ်လိုက်သည်။
"မျက်နှာကြီး စူပုတ်မနေပါနဲ့၊ ကျွန်တော့်နောက်လိုက်လို့ ခင်ဗျားအတွက် အရှုံးမရှိစေရဘူး"
သူပြောသည်မှာ အမှန်ပင် ဖြစ်သည်။
လျိုချန်းမှာ သေလုမျောပါး ဒဏ်ရာများကြောင့် အိမ်တွင် နားနေရဆဲဖြစ်သည်။ ကျန်ရှိသော အစောင့်အရှောက်များမှာလည်း ဂိုဏ်းချုပ်ကိုယ်တိုင် လော့ချန်အား အသက်နှင့်ရင်း၍ ကာကွယ်ရန် အမိန့်ပေးထားသဖြင့် မည်သူမျှ မငြင်းရဲကြပေ။
လော့ချန်နှင့် အဖွဲ့ ထွက်ခွာသွားပြီးနောက် ယွမ်ရှောင်ယွဲ့သည် ဆိုင်ဖွင့်ရန် ပြင်ဆင်လိုက်သည်။
သို့သော် လမ်းကြားကျဉ်းလေးတစ်ခုကို ဖြတ်သွားစဉ် စူးရှသော အကြည့်ရှိသည့် အဘွားအိုတစ်ဦးက သူမအား တားလိုက်သည်။
“ရှောင်ယွဲ့၊ ဒီရက်ပိုင်း အလုပ်သွားအလုပ်ပြန် သတိထားဦးနော်၊ ခုနတုန်းက ကျင့်ကြံသူ လူငယ်တချို့ စကားပြောနေတာကို ငါ ကြားလိုက်မိတယ်”
အဘွားအိုက အသံကို နှိမ့်ကာ သတိပေးလာသည်။
“သူတို့ထဲက တစ်ယောက်က နင့်ဘေးက ရုပ်ချောချောကောင်လေးကို လက်ညှိုးထိုးပြီး အဲ့အကောင်က နင့်ကို စိတ်ဝင်စားနေတာလားလို့ မေးနေကြတာ”
ယွမ်ရှောင်ယွဲ့မှာ နေရာတွင်ပင် တန့်သွားပြီး ပါးပြင်များ ချက်ချင်း နီမြန်းသွားတော့သည်။
"အဒေါ်၊ အဲဒီလို မပြောပါနဲ့၊ သူက ကျွန်မရဲ့ သူဌေးပါ"
“ဟေ အဲဒါ နင့်သူဌေးလား”
အဘွားအိုမှာ အံ့သြသွားပြီးနောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။
“ထားပါတော့၊ နင့်အဖိုးကို သူ့ကို သေချာစောင့်ကြည့်ခိုင်းထားဦး၊ ရုပ်ကတော့ ချောပါရဲ့၊ ဒါပေမဲ့ သူ့မှာ ကောက်ကျစ်တဲ့ အတွေးရှိနေမလားဆိုတာ ဘယ်သူသိမှာလဲ”
‘အစ်ကိုလော့က ကောက်ကျစ်တဲ့သူမဟုတ်ပါဘူး အဘွားရယ်’
ယွမ်ရှောင်ယွဲ့ တစ်ယောက်တည်း ကျိတ်စဥ်းစားကာ ခပ်တိုးတိုး ရယ်မိသည်။သို့သော် ဉာဏ်နီဉာဏ်နက်များသည်ကမူ အမှန်ပင်ဖြစ်သည်။
ထိုစဉ် လော့ချန်သည်လည်း အလားတူ မေးခွန်းမေးခြင်း ခံနေရသည်။
“ဘာ…. ကျွန်တော်က သူ့ကို စိတ်ဝင်စားနေတယ် ဟုတ်လား၊ ယွမ်ရှောင်ယွဲ့က အရွယ်တောင် မရောက်သေးပါဘူးဗျာ၊ ပေါက်ကရတွေ မပြောစမ်းပါနဲ့”
တုန်းဖန်းလျန်က “ဒါပေမဲ့ ခန်းမခေါင်းဆောင်၊ မိန်းကလေးတွေက ၁၅ နှစ်ဆိုရင် အရွယ်ရောက်ပြီပဲလေ….” ဟု ခပ်တိုးတိုး ပြန်ပြောသည်။
“ခင်ဗျားက ကျွန်တော့်ကို ပြန်ပြောနေတာလား”
လော့ချန် ဝုန်းခနဲ ထရပ်လိုက်ပြီး တုန်းဖန်းလျန်၏ ပုခုံးကို ထုလိုက်သည်။ ဤလူမှာ သက်လတ်ပိုင်း ဦးလေးကြီးပုံစံ ပေါက်နေသော်လည်း အရပ်ကမူ ဝမ်ယွမ်ကဲ့သို့ပင် ခြောက်ပေကျော် မြင့်သည်။
“သူက ကျွန်တော့် စီးပွားဖက်၊ စီးပွားရေးအရ ပတ်သက် နေတာဗျ၊ နားလည်လား၊ စီးပွားရေးထဲမှာ ဘာဖြစ်လို့ ခံစားချက်တွေကို လာရောနေတာလဲ”
ထို့နောက် လော့ချန်၏ အသံမှာ နည်းနည်း ပျော့ပြောင်းသွားသည်။
“ဘာပဲဖြစ်ဖြစ်.... နောက်ဆိုရင် သူ့ကို ပိုပြီး စောင့်ရှောက်ပေးလိုက်ပါ၊ သူ့အဖေက ဆုံးသွားပြီ၊ အဘိုးကလည်း မသန်စွမ်းရှာဘူး၊ သူ့အတွက် မလွယ်ဘူးလေ”
“အော်.... ဟုတ်ကဲ့ပါဗျာ” ဟု တုန်းဖန်းလျန်က သနားစဖွယ် ပြန်ဖြေသည်။
ဘာလို့ ငါ့ကိုပဲ အမြဲ နှိပ်စက်ပြီး အနိုင်ကျင့်နေရတာလဲ….။
အကြောင်းမှာ အစောင့်အရှောက်အားလုံးထဲတွင် တုန်းဖန်းလျန် တစ်ဦးတည်းသာ လော့ချန်နှင့် အဆင့်တူသည့် ချီသန့်စင်အဆင့် ၇ တွင် ရှိနေ၍ ဖြစ်သည်။
သဘာဝကျစွာပင် အနိုင်ကျင့်ရန် အလွယ်ကူဆုံးသူ ဖြစ်နေတော့သည်။
“ကဲ၊ တော်ပြီ၊ ခင်ဗျားတို့အားလုံး အခု ပြန်လို့ရပြီ”
အခြား အစောင့်အရှောက်များသည် ထိုအခွင့်အရေးကို အသုံးချကာ အမြန် လူစုခွဲလိုက်ကြသည်။
သို့သော် တုန်းဖန်းလျန် ထိုနေရာမှာပင် ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ လော့ချန် မျက်ခုံးပင့်လိုက်သည်။
“ခင်ဗျားက ဘာလို့ မပြန်သေးတာလဲ"
တုန်းဖန်းလျန်မှာ ပို၍ သနားစဖွယ် ကြည့်လိုက်သည်။
“ကျွန်တော်က ဒီနားတင် နေတာပါ၊ ဟိုရှေ့က အိမ်တန်းလျားကြီးထဲမှာ”
ဤအရပ်မှာ များသောအားဖြင့် ကျင့်ကြံသူ အမျိုးသမီးများနှင့် ဆင်းရဲသော တစ်ကိုယ်တော်ကျင့်ကြံသူများသာ နေထိုင်ကြသည် မဟုတ်ပါလော။
တုန်းဖန်းလျန်အား သေချာကြည့်ပြီးနောက် လော့ချန် သက်ပြင်းချလိုက်မိသည်။
ဒါဆို မင်းလည်း သိပ်ပြီး အခြေအနေ မကောင်းရှာဘူးပေါ့လေ….။
….
လော့ချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရှေ့မှ လမ်းကြားထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။
သူနေထိုင်သည့် ခြံဝင်းဆီသို့ ပြန်ရောက်သောအခါ နေ့လယ်ခင်းအချိန် ဖြစ်နေသည်။ အားလုံးမှာ ကျင့်ကြံနေချိန် သို့မဟုတ် အလုပ်သွားနေချိန် ဖြစ်သည်။
လော့ချန် အသက် ဝဝရှူလိုက်သောအခါ လေထဲတွင် ဆေးဖက်ဝင် အပင်များ၏ သင်းပျံ့သော ရနံ့လေးကို ခံစားလိုက်ရသည်။
“မနေ့က ငါ ချုံခိုတိုက်ခိုက်ခံရတာကို ကြားလို့ ဒေါ်လေးက ငါ့အတွက် ဆေးတစ်ခုခု ဖော်စပ်ပေးထားတာများလား”
အတွေးမျိုးစုံဖြင့် သူသည် အခန်းထဲသို့ ဝင်ကာ တံခါးပိတ်လိုက်သည်။ သူ အိပ်မငိုက်သော်လည်း သူ၏ ပစ္စည်းများကို စာရင်းစစ်ရန် စိတ်အားထက်သန်နေမိသည်။
“သိုလှောင်အိတ်”
သူ့အိတ်မဟုတ်ဘဲ လုဟွိုက်ပင်းဆီက ရခဲ့သော အိတ်ဖြစ်သည်။ ပစ္စည်းများစွာ မြေပြင်ပေါ်သို့ ပြန့်ကျဲကျလာသည်။ လော့ချန် ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။
ခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူ ရေရွတ်လိုက်သည်။
“တောင်းပန်ပါတယ်၊ ခင်ဗျားတို့ကို ငမွဲ တွေလို့ ခေါ်မိတာ စောသွားတယ်”
ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် ဝိညာဉ်ကျောက်တုံးများမှာ အနည်းဆုံး တစ်ထောင်ခန့် ရှိပေလိမ့်မည်။ တောက်ပနေသော ကျောက်တုံးပုံကြီးကို မြင်လိုက်ရသောအခါ လော့ချန်၏ လည်ချောင်းများ ခြောက်ကပ် သွားရသည်။ သူ ထိုအပုံကြီးကို ခဏမျှ စိုက်ကြည့်နေပြီးနောက် လေသံခပ်တိုးတိုးဖြင့် လေချွန်လိုက်မိသည်။
“ဒါက.... တကယ် အမြတ်ထွက်တာပဲ” ဟု သူ တီးတိုးရေရွတ်ရင်း ရလာသော ပစ္စည်းများကို စစ်ဆေးရန် ဒူးထောက်ထိုင်ချလိုက်သည်။
ဝိညာဉ်ကျောက်တုံးများအပြင် မှော်လက်နက် ၅ ခုလည်း ပါဝင်သည်။
အများစုမှာ တစ်ကိုယ်တော်ကျင့်ကြံသူများ ကိုင်ဆောင်လေ့ရှိသည့် အဆင့်နိမ့် လက်နက်များပင်။ သို့သော် နှစ်ခုမှာမူ ထင်ထင်ရှားရှား ရှိနေသည်။ တစ်ခုမှာ လက်မဝက်ခန့်ရှိသော အဖြူရောင် ပျဉ်ပြားချပ်ဖြစ်ပြီး နောက်တစ်ခုမှာ ငွေရောင် ခေါင်းလောင်းလေး တစ်စုံဖြစ်သည်။
ပစ္စည်းပုံထဲတွင် ထပ်မံရှာဖွေကြည့်သောအခါ လော့ချန်၏ လက်မှာ အဝတ်ဖြင့် ထုပ်ထားသော ရင်းနှီးနေသည့် အရာတစ်ခုနှင့် ထိမိသွားသည်။ သူ ဂရုတစိုက် ဖြေကြည့်လိုက်သောအခါ ပြန့်ကျဲနေသော အစီအရင်အလံ အချို့ကို တွေ့လိုက်ရသည်။
အလံများမှာ ပြန့်ကျဲနေပြီး တစ်စုံစာ မပြည့်စုံသဖြင့် သူ သတိမထားမိခြင်း ဖြစ်သည်။ ယခု အစီအရင်ဗန်း နှင့် ပေါင်းစပ်ကြည့်လိုက်သောအခါ ၎င်းမှာ ချီဖုံးကွယ် အစီအရင်ဟု ခေါ်သော ကိုယ်ပျောက်အမျိုးအစား အစီအရင်တစ်ခု ဖြစ်နေသည်ကို သူ သိလိုက်ရသည်။
ထို့ကြောင့်လည်း အစပိုင်းတွင် လုဟွိုက်ပင်းတို့ အဖွဲ့အား သူစောစော မရိပ်မိသွားခြင်း ဖြစ်နိုင်သည်။ သူတို့အဖွဲ့ အတော်လေး နီးကပ်လာတော့မှသာ ထူးခြားသော ဝိညာဉ်အခြေခံနှင့် နတ်မျက်စိတို့ကြောင့် တစ်ခုခု မှားနေသည်ကို လော့ချန် သတိထားမိခဲ့ခြင်း ဖြစ်သည်။
“ဓားပြတွေမှာ ကိုယ်ပျောက်အစီအရင် ရှိတာကတော့ သဘာဝကျပါတယ်၊ ပစ္စည်းကောင်းပဲ၊ ဒါက ဝိညာဉ်ကြောဂူကို ဖုံးကွယ်ဖို့အတွက် အကောင်းဆုံးပဲ၊ ဟဲဟဲ... ဒါက အိပ်ချင်နေတုန်း ခေါင်းအုံး လာပေးသလိုပဲ”
သိုသော် ခဏအကြာတွင်မူ လော့ချန်သည် မှော်လက်နက်များ ဘေးရှိ ပစ္စည်းပုံကြီးကို ကြည့်ရင်း စိတ်ရှုပ်သွားသည်။
တောင်ပုံရာပုံ ဖြစ်နေသည်မှာ လော့ချန် အလွန်ရင်းနှီးနေသည့် အရာတစ်ခု ဖြစ်သည်။
နတ်ပဲစေ့များ….။
"ဒီကောင်တွေက သူတို့ဝယ်ထားတဲ့ ပဲစေ့တွေကိုတောင် ကုန်အောင် မစားသွားကြဘူးပဲ" ဟု လော့ချန်က ရယ်ရခက် ငိုရခက် ရေရွတ်လိုက်သည်။
သူတို့သည် ဝိညာဉ်ကျောက်များကို သုံး၍ မိမိထံမှ မုန့်များကို ဝယ်ခဲ့ကြသည်၊ ယွမ်ရှောင်ယွဲ့မှတစ်ဆင့် မိမိ၏ သွားလာမှုဇယားကို စုံစမ်းခဲ့ကြသည်၊ မှော်လက်နက်များဖြင့် လက်နက်တပ်ဆင်ခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင် အရာအားလုံးမှာ မိမိထံသို့ ပြန်ရောက်လာခဲ့သည်။
လော့ချန် အလွန် စိတ်လှုပ်ရှားသွားသည်။
“ဒါတွေက ကျင့်ကြံခြင်းလောကမှာ ဘယ်လိုမျိုး ကြည်နူးစရာကောင်းတဲ့ လုပ်ရပ်တွေလဲ၊ ကဲ ဒါဆို အခု ဘာလုပ်ရမလဲ၊ ပြန်ရောင်းမှာပေါ့၊ ဒါပေမဲ့ ဒါကိုတော့ လျှို့ဝှက်ထားရမယ်၊ မဟုတ်ရင် လူတွေက ချန်ယွဲ့ မုန့်ဆိုင်ကို ပစ္စည်းဟောင်း ပြန်ရောင်းတဲ့ ဆိုင်လို့ ထင်ကုန်ကြဦးမယ်”
သူသည် ပစ္စည်းများကို သေသေသပ်သပ် စတင် အမျိုးအစား ခွဲခြားတော့သည်။
ခေါင်းလောင်းလေးများမှာ အသံလှိုင်းသုံး လက်နက်များ ဖြစ်ပုံရသည်။ အိမ်တွင် စမ်းသပ်ရန် မသင့်တော်ပေ။
သို့သော် အဖြူရောင် ပျဉ်ပြားမှာမူ ပျံသန်းရေး မှော်လက်နက်တစ်ခုနှင့် ဆင်တူသည်။ သို့သော် လုဟွိုက်ပင်း ထွက်ပြေးစဉ်က အသုံးမပြုခဲ့ခြင်းကို ကြည့်လျှင် အခြေအနေဟန်ပုံမပေါ်။ အခြား အဆင့်နိမ့် မှော်လက်နက် သုံးခုမှာမူ ပျံသန်း ဓားနှစ်စင်းနှင့် အိုးလေး တစ်လုံး ဖြစ်သည်။
“ဒါတွေကတော့ ခိုးလာတာတွေ ဖြစ်ရမယ်၊ ဘယ်လို ချီသန့်စင် နောက်ဆုံးအဆင့် ကျင့်ကြံသူကမှ ဒီလို အနိမ့်စား လက်နက်တွေကို ကိုင်မနေဘူး၊ နောက်မှပဲ ဒါတွေကို ကုသိုလ်တော်ခန်မမှာ သွားရောင်းလိုက်မယ်"
သို့သော် အိုးငယ်လေးက သူ့အား တန့်သွားစေသည်။
"ဒါက ဘာလို့ ရင်းနှီးနေရတာလဲ…."
လော့ချန်၏ မှတ်ဉာဏ်ထဲတွင် သူ ရတနာနန်းဆောင်သို့ ခဲခဲယဉ်ယဉ် သွားခဲ့စဉ်က မြင်ကွင်းတစ်ခု ပေါ်လာသည်။ အမွှေးနံ့သာတိုင်များ ဘေးတွင် ဤကဲ့သို့သော အိုးများကို ပြသထားသည်ကို သူ မှတ်မိသည်။
“အဲဒါကို ဘယ်လို ခေါ်ပါလိမ့်….”
“သမုဒ္ဒရာမြှုပ်အိုး”
နာမည် ခန့်ညားလှသော်လည်း လုပ်ဆောင်ချက််မှာမူ သာမန်မျှသာ ဖြစ်သည်။ အရည်များကို သိုလှောင်နိုင်ပြီး အများဆုံး ပိဿာ ရာဂဏန်းခန့်သာ ဆံ့သည်။
သိမ်းဆည်းရန် ခက်ခဲသော အရည်များ၊ ဥပမာ - အချို့သော ဆေးဖော်စပ်သည့် အရည်များ သို့မဟုတ် မိစ္ဆာဂိုဏ်းလောကတွင်ဆိုလျှင် ကျင့်ကြံသူတို့၏ အနှစ်သာရသွေးများ သိုလှောင်ရန် အသုံးပြုကြခြင်း ဖြစ်သည်။
ရတနာနန်းဆောင်၏ ထုံးစံမှာ မှော်လက်နက် အဆင့်နိမ့်လေလေ နာမည်ကို ပို၍ ခမ်းနားအောင် ပေးလေလေ ဖြစ်သည်။
မြူငြိမ်မိုးဖွဲနံ့သာဆိုသည်မှာ အမှန်စင်စစ် အနံ့ဆိုးစုပ်စက် တစ်မျိုးမျှသာ ဖြစ်သလို ကြာပန်းတိမ်တိုက် ပျံသန်းမှုဗန်း ဆိုသည်မှာလည်း ခရုတစ်ကောင်ပမာ နှေးကွေးလှသည့် အနိမ့်စား ပျံသန်းရေးလက်နက်တစ်ခုသာ ဖြစ်သည်။
ဤ သမုဒ္ဒရာမြှုပ်အိုးကမူ သိမ်းဆည်းရန် ခက်ခဲသော အရည်များကို သိုလှောင်ရန်အတွက်သာ အဓိက ထုတ်ထားခြင်း ဖြစ်သည်။ ဥပမာ ကျင့်ကြံသူ၏ အနှစ်သာရသွေးများနှင့် အခြားအရည်များကို သိမ်းဆည်းထားနိုင်သည်။
ဘာကြောင့်မှန်း မသိသော်လည်း လော့ချန်သည် သွေးမိစ္ဆာဆေးလုံး၏ အဓိက ပါဝင်ပစ္စည်း တစ်ခုကို ပြေးမြင်မိသွားသည်။ သူ ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်ပြီး ထိုအန္တရာယ်ရှိသော အတွေးကို ဖယ်ထုတ်လိုက်သည်။
“ဒါကို ငါ့ရဲ့ နို့လက်ဖက်ရည် လုပ်ငန်း ချဲ့ထွင်တဲ့ နေရာမှာ သုံးလို့ရတာပဲ"
လော့ချန်သည် ဖြောင့်မတ်သော လမ်းစဉ်ကိုသာ လျှောက်လှမ်းရန် ဆုံးဖြတ်ထားသူ ဖြစ်သဖြင့် သူ၏ စီးပွားရေး လုပ်ငန်းများမှာလည်း ရိုးသားဖြောင့်မတ်ရပေမည်။
မှော်လက်နက်များကို သိမ်းဆည်းပြီးနောက် လော့ချန်သည် ဆေးပုလင်း အနည်းငယ်ကို စစ်ဆေးကြည့်လိုက်သည်။ ၎င်းတို့မှာ တာဟဲဈေးမြို့တော်မှ ဆေးလုံးများနှင့် မတူဘဲ နှင်းကြာပန်းဈေးကွက်၏ အထူးထုတ် ဆေးလုံးများ ဖြစ်ပုံရသည်။
အသေအချာ မသိဘဲနှင့် စမ်းသောက်ရန် မသင့်တော်ပေ။
ထို့နောက် လော့ချန်သည် သူ၏ လက်များကို ပွတ်သပ်ရင်း စိတ်လှုပ်ရှားသော အမူအရာနှင့် ပြောလိုက်သည်။
“ကဲ.... အခုတော့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အပိုင်းကို ရောက်ပြီ၊ ဝိညာဉ်ကျောက်တုံးတွေ ရေတွက်ကြစို့”
“တစ်လလုံး ဆေးဖော်စပ်ပီး ကျွန်ခံရတာတောင် ဝိညာဉ်ကျောက်တုံး တစ်ထောင်လောက်ပဲ ရတာ၊ ဒီလိုမျိုး တစ်ညတည်းနဲ့ ချမ်းသာသွားတာကိုတော့ ဘာမှ မယှဉ်နိုင်ဘူး၊ တစ်တုံး…. နှစ်တုံး….”